အိမ်​ရှေ့ဝန်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အိမ်ရှေ့ဝန်[ပြင်ဆင်ရန်]

အိမ်ရှေ့ဝန် ရာထူးမှာ အိမ်ရှေ့မင်းအရာခန့်အပ်စဉ် အိမ်ရှေ့ ဥပရာဇာနှင့်ပတ်သက်၍ လုပ်ငန်းဆောင်တာဟူသမျှကို လုပ်ဆောင်ရန် ခန့်အပ်ခံရသူ ဖြစ်သည်။ အိမ်ရှေ့ဝန် ရာထူးကို ညောင်ရမ်းခေတ်ကပင် အထင်အရှားတွေ့ရှိရပါသည်။ ညောင်ရမ်းမင်းလက်ထက် ၁ ဩဂုတ် ၁၆၀၃ ခုနှစ် ရက်စွဲပါ အမိန့်တော်တွင် အိမ်ရှေ့ဝန် ဟူသော ဝေါဟာရပါရှိသည်။

ညောင်ရမ်းခေတ် အိမ်ရှေ့ဥပရာဇာများ[ပြင်ဆင်ရန်]

ညောင်ရမ်းခေတ်တွင် အိမ်ရှေ့ဥပရာဇာအရာခန့်အပ်ခံခဲ့ရသူများ ရှာဖွေတွေ့ရှိရသ၍ အောက်ပါအတိုင်း ဖြစ်ပါသည်။

  1. ညောင်ရမ်းမင်း (၁၆ဝဝ-၁၆ဝ၆) - သားတော် ဒီပဲယင်းမင်းသားမောင်လတ် (၁၆ဝဝ-၁၆ဝ၆)
  2. အနောက်ဘက်လွန် (၁၆၀၆-၁၆၈၂) - မရှိ
  3. သာလွန်မင်း (၁၆၂၉-၁၆၄၈) - ညီတော်စလင်းစား မင်းရဲကျော်စွာ (၁၆၃၅-၁၆၄၇)
  4. ပင်းတလဲမင်း (၁၆၄၈-၁၆⁠၆၁) - ညီတော်ပြင်စည်မြို့စား မောင်မင်းဖြူ (၁၆၄၈-၁၆⁠၆၁)
  5. ပြည်မင်း (၁၆⁠၆၁-၁၆၇၂) - သားတော် နရာဝရ (၁၆⁠၆၄-၁၆၇၂)
  6. နရာဝရ (၁၆၇၂-၁၆၇၃) - မရှိ
  7. မင်းရဲကျော်စွာ (၁၆၇၃-၁၆၉၈) - သားတော် မဟာသီဟသူရဘွဲ့ခံ ဒီပဲယင်းမင်းသား မောင်သက်ရှည် (၁၆၈၈-၁၆၉၈)
  8. စနေမင်း(၁၆၉၈-၁၇၁၄) - သားတော်ကြီး မောင်အောင်(၁၇၁၁-၁၇၁၄)
  9. တနင်္ဂနွေမင်း(၁၇၁၄-၁၃၃) - သားတော်စဉ့်ကူးမင်းသား မောင်ဖြူ (၁၇၃ဝ-၁၇၃၃)
  10. မဟာဓမ္မရာဇာဓိပတိ (၁၇၃၃-၁၇၅၂) - မရှိ ဟူ၍ ဖြစ်ပါသည်။

ညောင်ရမ်းခေတ် အိမ်ရှေ့ဝန်[ပြင်ဆင်ရန်]

ညောင်ရမ်းမင်းလက်ထက် ၁၄ ဖေဖော်ဝါရီ ၁၆၀ဝ ပြည့်နှစ်တွင် သားတော် မောင်လတ်အား အိမ်ရှေ့ဥပရာဇာအရာခန့်အပ်ခဲ့ပါသည်။ သို့သော် အိမ်ရှေ့ဝန်အဖြစ် ခန့်အပ်ခံရသူ အမည်ကို မသိရပေ။ သာလွန်မင်း လက်ထက်တွင် ညီတော် မင်းရဲကျော်စွာအား အိမ်ရှေ့မင်းအရာ ခန့်အပ်ခဲ့သော်လည်း သာလွန်မင်း နတ်ရွာမစံမီ အိမ်ရှေ့မင်းသား ကွယ်လွန်သွားခဲ့ပါသည်။ အိမ်ရှေ့ဝန်၏ ဘွဲ့အမည်ကိုလည်း မသိရပေ။ ပြည်မင်းလက်ထက် ၂၂ ဧပြီ ၁၆⁠၆၄ ခုနှစ်တွင် သားတော်နုရာဝရမင်းသား အိမ်ရှေ့ဥပရာဇာအရာ ပေးအပ်ခဲ့ပါသည်။ ထို့ပြင် အိမ်ရှေ့ဝန်အဖြစ် တုရင်ယော်ဓာနှင့် ဒေဝယော်ဓာတို့အား ခန့်အပ်ခဲ့ပါသည်။ မင်းရဲကျော်ထင်လက်ထက် ၂၉ ဩဂုတ်လ ၁၆၈၈ ခုနှစ်တွင် သားတော် ဒီပဲယင်းမင်းသား မောင်သက်ရှည်အား အိမ်ရှေ့အရာ ပေးစဉ်မူ အိမ်ရှေ့ဝန်အဖြစ် ဓမ္မသိင်္ဂနှင့် ဇေယတမန်တို့အား ခန့်အပ်ခဲ့သည်။ စနေမင်း လက်ထက် ၂၂ အောက်တိုဘာ ၁၇၁၁ ခုနှစ်တွင် သား မောင်အောင်အား ခန့်အပ်ခဲ့ပါသည်။ ညောင်ရမ်းခေတ်၏ နောက်ဆုံးအိမ်ရှေ့မင်းသားဟု ဆိုရမည့် တနင်္ဂနွေမင်းလက်ထက် သားတော်စဉ့်ကူးမင်းသား မောင်ဖြူကို ၂၀ ဧပြီ ၁၇၃၀ ပြည့်နှစ်တွင် အိမ်ရှေ့အရာခန့်အပ်စဉ်၌မူ ဒေဝယော်ဓာနှင့် ဒေဝသီဟတို့အား အိမ်ရှေ့ဝန်အရာ ခန့်အပ်ခဲ့ကြောင်း သိရှိရပါသည်။ ညောင်ရမ်းခေတ် အိမ်ရှေ့ဝန်များကို လေ့လာကြည့်ပါက အများအားဖြင့် နှစ်ဦးစီ ခန့်အပ်ခဲ့ကြောင်းတွေ့ရှိရ၏။ အိမ်ရှေ့ဝန်ရာထူးအပြင် အိမ်ရှေ့ အတွင်းဝန် အိမ်ရှေ့ဝင်းမှူး အိမ်ရှေ့အနောက်ဝန်ရာထူးများလည်း ရှိကြရာ အိမ်ရှေ့ဝန်ကပင် ကြီးကြပ်အုပ်ချုပ်ရဟန် ရှိပါသည်။

ကုန်းဘောင်ခေတ် အိမ်ရှေ့ဥပရာဇာများ[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်တွင် အိမ်ရှေ့ဥပရာဇာအဖြစ် ခန့်အပ်ခြင်းခံရသူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  1. အလောင်းမင်းတရား (၁၇၅၂-၁၇၆ဝ) - သားတော် ဒီပဲယင်းမင်းသား မောင်လှောက် (၁၇၅၄-၁၇၆ဝ)
  2. ဒီပဲယင်းမင်း (၁၇၆ဝ-၁၇၆၃) - ညီတော် မြေဒူးမင်းသား မောင်ရှ (၁၇၆၃)
  3. မြေဒူးမင်း (၁၇၆၃-၁၇⁠၇၆) - သားတော်စဉ့်ကူးမင်းသား မောင်ရဲလှ (၁၇⁠၇၄-၁၇⁠၇၆)
  4. စဉ့်ကူးမင်း (၁၇⁠၇၆-၁၇၈၂) - မရှိ
  5. ဖောင်းကားစားမောင်မောင် (၁၇၈၂) - မရှိ
  6. ဗဒုံမင်း (၁၇၈၂-၁၈၁၉) -
  • (၁) သားတော် ရွှေတောင်မင်းသား မောင်ပေါ် (၁၇၈၃-၁၈ဝ၉)
  • (၂) မြေးတော်စစ်ကိုင်းမင်းသား မောင်ဇင်(၁၈ဝ၉-၁၈၁၉)
  1. စစ်ကိုင်းမင်း (၁၈၁၉-၁၈၃၇) - မရှိ (စကြာမင်းသားလေးအား အိမ်ရှေ့ ဥပရာဇာဟုလည်း ဆိုကြသည်။)
  2. သာယာဝတီမင်း (၁၈၃၇-၁၈၄၆) - ပုဂံမင်းသား မောင်လူကလေး (၁၈၄၅-၁၈၄၆)
  3. ပုဂံမင်း (၁၈၄၆-၁၈၅၂) - လှိုင်မင်းသား (၁၈၅၂-)
  4. မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) - ညီတော်ကနောင်မင်းသား မောင်ကောက်(၁၈၅၃-၁၈⁠၈၆)
  5. သီပေါမင်း - မရှိ

ကုန်းဘောင်ခေတ်ဦးကာလ အိမ်ရှေ့ဝန်[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်ဦးကာလ အိမ်ရှေ့ဝန်များအနက် မြေဒူးမင်း (ဆင်ဖြူရှင်) (၁၇၆၃-၁၇⁠၇၆) လက်ထက် သားတော်အိမ်ရှေ့ မင်းသား မောင်ရဲလှအတွက် ခန့်အပ်ခံရသော အိမ်ရှေ့ဝန်မှာ နေမျိုးကျော်စွာဖြစ်ကြောင်း သိရှိရပါသည်။ အိမ်ရှေ့ဝန် နေမျိုးကျော်စွာ၏ သားမောင်မြတ်မှာ အလောင်းမင်းတရား၏ ခယ်မ မယ်လွန်းစံ သမီးနှင့် လက်ဆက်ခဲ့သူ ဖြစ်၏။

အိမ်ရှေ့မင်း ဦးပေါ်၏ အိမ်ရှေ့ဝန်များ[ပြင်ဆင်ရန်]

ဗဒုံမင်း (ဘိုးတော်ဘုရား) နန်းတက်စ ၁၀ ဇူလိုင် ၁၇၈၃ ခုနှစ်တွင် သားတော်ဦးပေါ်အား အိမ်ရှေ့ဥပရာဇာအရာ ခန့်အပ်ခဲ့ပါသည်။ ထိုစဉ်က အိမ်ရှေ့ဝန်များအဖြစ် နေမျိုးကျော်ထင်သီဟသူ ၊ နေမျိုးသီရိဇေယစည်သူတို့ကို ခန့်အပ်ခဲ့ပါသည်။ အိမ်ရှေ့ဝန်နေမျိုးကျော်သီဟသူဘွဲ့ခံ ဦးတာသည် ၁၇၈၄ ခုနှစ်တွင် အိမ်ရှေ့မင်း ရခိုင်သို့ ချီတက်စဉ်က စစ်ကဲအဖြစ်လိုက်ပါခဲ့ဖူး၏။ ထို့ပြင် ၁၇၉၂ တွင် ယိုးဒယားသို့ စစ်ချီစဉ်ကလည်း လိုက်ပါ စစ်မှုထမ်းခဲ့ရသည်။ သူ၏သမီး ရှင်ရွှေမိမှာလည်း အိမ်ရှေ့မင်း ဦးပေါ်၏ ကိုယ်လုပ်တော်တစ်ပါးဖြစ်၏။ ၂၉ မတ်လ ၁၈၀၉ ခုနှစ်တွင် အိမ်ရှေ့မင်းဦးပေါ် ကွယ်လွန်သွားပါသည်။

အိမ်ရှေ့မင်း ဦးဇင်၏ အိမ်ရှေ့ဝန်များ[ပြင်ဆင်ရန်]

အိမ်ရှေ့မင်း ဦးပေါ် ကွယ်လွန်သွားသောအခါ ဗဒုံမင်းက ဦးပေါ်၏သား (မြေးတော်) စစ်ကိုင်းမင်းသာ ဦးဇင်အား ၆ ဧပြီ ၁၈၀၉ ခုနှစ်တွင် အိမ်ရှေ့ဥပရာဇာအဖြစ် ခန့်အပ်လိုက်ပါသည်။ ထိုစဉ် အိမ်ရှေ့ဝန်ဟောင်း ဦးတာအား အိမ်ရှေ့ဝန်အရာ ဆက်လက်ခန့်အပ်ခဲ့သည့်အပြင် မကြာမီ ဝန်ကြီးရာထူးအရာ ဆက်လက်ခန့်အပ်ခံခဲ့ရ၏။ သို့သော် ၃၀ ဩဂုတ်လ ၁၈၁၂ ခုနှစ်တွင် မသင့်မတင့် ကြံစည်၍ စီရင်ခံခဲ့ရပါသည်။ ၁၅ ဖေဖော်ဝါရီ ၁၈၁၄ ခုနှစ်တွင် မဏိပူရသို့ စစ်ချီတက်လာသောအခါ အိမ်ရှေ့မင်းနေမျိုးဇေယသူ ဖြစ်နေပြီး စစ်ကဲအဖြစ်လိုက်ပါ စစ်မှုထမ်းခဲ့ရ၏။ ၁၄ ဧပြီ ၁၈၁၅ ခုနှစ်တွင် ဂင်္ဂါမြစ်ရေသယ်ယူသည့် အခမ်းအနားကျင်းပရာ၌မူ အိမ်ရှေ့ဝန်နေမျိုးကျော်စွာ နှင့် နေမျိုးသီဟသူဘွဲ့ခံ ဦးနဲတို့ တက်ရောက်ခဲ့ကြပါသည်။ ရန်တမိတ်ကျော်ထင်ဘွဲ့ခံ ဦးမှိုင်း (ရေစကြိုခုံတော်)သည်လည်း အိမ်ရှေ့စံ စစ်ကိုင်းမင်းသား၏ ဝန်ဖြစ်ခဲ့ဖူးပါသည်။

ကနောင်မင်းသားကြီး၏ အိမ်ရှေ့ဝန်များ[ပြင်ဆင်ရန်]

၁၇ ဖေဖော်ဝါရီ ၁၈၅၃ ခုနှစ်တွင် မင်းတုန်းမင်းနန်းတက်လာစဉ် ညီတော်ကနောင်မင်းသားကြီး ဦးကောက်အား အိမ်ရှေ့ဥပရာဇာအရာခန့်အပ်ခဲ့ပါသည်။ အိမ်ရှေ့ဝန်အဖြစ် ခန့်အပ်ခံရသူမှာ မင်းကြီးမဟာကျော်ထင်ဘွဲ့ခံ နတ်မောက်မြို့စား ဦးသင် ဖြစ်ပါသည်။ အိမ်ရှေ့ဝန်ဦးသင်သည် ၁၈၅၃ ခုနှစ်တွင် တောင်ပြုန်းကြီးကို နှောင့်ယှက်တိုက်ခိုက်သည့် ဗိုလ်လန်းနှင့် အဖွဲ့အားသွားရောက် နှိမ်နင်းခဲ့ရသည်။ ၁၈၅၅ ခုနှစ် မေလတွင် မိုးတားမြို့ စားမင်းကြီး မဟာမင်းခေါင်ကို အိမ်ရှေ့ဝန်အရာထပ်မံခန့်အပ်လိုက်ရာ အိမ်ရှေ့ဝန်နှစ်ဦး ဖြစ်လာပါသည်။ ၁၈၅၅ ခုနှစ် ဩဂုတ်လတွင် ဟင်နရီယူးလ်၏ သံအဖွဲ့လာရောက်စဉ် အိမ်ရှေ့ဝန် မိုးတားမြို့စား ကြိုဆိုရေးအဖွဲ့၌ ပါဝင်ခဲ့၏။ ၁၈၅၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျွဲဆင်းကန်ကျိုးပေါက်ရာ အိမ်ရှေ့ဝန် နတ်မောက်မြို့စား ဦးသင်ဦးဆောင်၍ မြင်းမြေတောင်ဘက်ကျေးရွာ နေသူများနှင့် သွားရောက်ပြုပြင်ခဲ့ရသည်။ ၄ ဩဂုတ်လ ၁၈၆၆ ခုနှစ်တွင်လည်း အိမ်ရှေ့ဝန် ဦးသင် တောင်တွင်းကြီးသို့ သွားရောက်ခဲ့ရသည်။ မြင်ကွန်း မြင်းခုံတိုင် အရေးအားသွားရောက်နှိမ်နင်းရန် အမိန့်တော်အရ ချီတက်ခဲ့ရခြင်းဖြစ်ပါသည်။ အိမ်ရှေ့စံ ကနောင်မင်းသားကြီးလက်ထက်၌ပင် စုန်းမြို့စားမင်းကြီး မဟာတရဖျားကို အိမ်ရှေ့ဝန်အရာခန့်အပ်ခဲ့ပါသည်။ သူ၏ သမီးခင်ငွေမှာ အိမ်ရှေ့စံကနောင် မင်းသားကြီး၏ အဆောင်ရအိမ်ရှေ့မိဖုရား စုန်းမြို့စား ဖြစ်ပါသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉