မာတိကာသို့ ခုန်သွားရန်

အိခဲဘန

ဝီကီပီးဒီးယား မှ
Shōka arrangement by the 40th headmaster Ikenobō Senjō, drawing from the Sōka Hyakki by the Shijō school, 1820

အိခဲဘန (生け花, 活け花, 'ပန်းအလှဆင်ခြင်း' သို့မဟုတ် 'ပန်းများကို အသက်သွင်းခြင်း') သည် ဂျပန်ရိုးရာပန်းအလှဆင်သည့် အနုပညာတစ်ခု ဖြစ်သည်။ ခဒိုး (花道, 'ပန်းပညာ') ဟုလည်း ခေါ်ကြသည်။ အိခဲဘန၏ မူလအစသည် ရှေးခတ်ကာလကတည်းကရှိခဲ့သည့် ထုံးတမ်းအစဉ်အလာများမှ စတင်ခဲ့သည်။ ဂျပန်တို့သည် နတ်ဘုရားများကို ဖိတ်ကြားရာတွင် အမြဲတမ်းစိမ်းနေ့သည့် အပင်များကို ထောင်မတ်နေအောင်ပြုလုပ်ကြသည်။ ထို့နောက် ထိုအပင်များတွင် ပန်းများဖြင့် အလှဆင်သည်။ ၎င်းကို "ယောရိုရှိရို" ဟုခေါ်ကာ နတ်များကို ဖိတ်ကြားရာတွင်အသုံးပြုသည်။ [][]

နောက်ပိုင်းတွင် အိခဲဘနကို ပုံမှန်ဂျပန်လူမျိုးများ၏ အိမ်များ၏ အတွင်းပိုင်းတွင် အလှဆင်ရာတွင် အသုံးပြုလာကြသည်။

"ခိုးဒိုး" ဟုခေါ်သည့် အမွှေးနံ့သာထွန်းညှိခြင်း၊ "ချဒိုး" ဟုခေါ်သည့် လက်ဖက်ရည်ပွဲတို့နှင့်အတူ "အိခဲဘန" သည်လည်း ဂျပန်တို့၏ ရိုးရာစင်ကြယ်သန့်စင်သည့်အနုပညာသုံးခုထဲတွင် ပါဝင်သည်။

အမည်ဝေါဟာရ

[ပြင်ဆင်ရန်]

အိခဲဘန ဟူသည့် စကားလုံးသည် ဂျပန်ဘာသာစကား "အိခဲရု" နှင့် "ဟန" ကို ပေါင်းစပ်ထားသည်။ အိခဲရု (生ける) သည် (ပန်းများကို) စီစဉ်သည်၊ အသက်ရှိသည်၊ ရှင်သန်သည်) ဟုအဓိပ္ပါယ်ရှိသည်။ ဟန (花) သည် ပန်း ဖြစ်သည်။ ထို့အတွက်ကြောင့် အိခဲဘန သည် "ပန်းများကို အသက်ဝင်အောင် အလှဆင်ခြင်း" ဟု အဓိပ္ပါယ်ရသည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]
A drawing of mitsu-gusoku, from the Senden-shō (15th–18th century)
Illustration from the Kaō irai no Kadensho, believed to be the oldest extant manuscript of ikebana teaching, dating from a time shortly after that of Ikenobō Senkei. It shows various arranging styles of tatebana (ogibana) wide-mouth (right) and upright styles.
Ikebana arrangement with cart, at the Kyoto State Guest House

ရှေးခေတ်ကာလကတည်းက ဂျပန်လူမျိုးများသည် ရာသီအလိုက်ပွင့်ဖူးကြသည့် ပန်းများကို ကြည့်ရှုခံစားသည့် ယဉ်ကျေးမှုရှိခဲ့ကြသည်။ ဟဲအိအန်ခေတ် (၇၉၄ - ၁၁၈၅) မှစ၍ ဝခကဗျာဆရာများဖြစ်သည့် မန်းယောရှူးနှင့် ခိုခင်ဝခရှူးတို့၏ ကဗျာများတွင်လည်း ပန်းများနှင့်ပတ်သက်သည့်ကဗျာများစွာကို မြင်တွေ့နိုင်သည်။ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်လာပြီးနောက်တွင် ဂျပန်တို့သည် ဗုဒ္ဓဘာသာဘုရားကျောင်းဆောင်များတွင် ပန်းများကို အလှဆင်ကြသည့်ဓလေ့လည်း ထွန်းကားလာခဲ့သည်။ ဗုဒ္ဓဘာသာစတင်ခဲ့သည့် အိန္ဒိယတွင် ကြာပန်းကို ကျယ်ပြန့်စွာ အသုံးပြုကြသော်လည်း ဂျပန်လူမျိုးတို့သည် ရာသီတစ်ခုချင်းစီတိုင်းတွင် ပွင့်လေ့ရှိသည့် ပန်းများကို အသုံးပြုခဲ့ကြသည်။[][]

ကျောင်းတော်များတွင် ပန်းများကို အလှဆင်လှူဒါန်းခြင်းနှင့် နတ်ကျောင်းများတွင် ပန်းများကို လှူဒါန်းခြင်းဟူသည့် လုပ်ရိုးလုပ်စဉ်သာ ရှိခဲ့ပြီး၊ အချိန်ကာလကြာမြင့်စွာ ပန်းအလှဆင်ခြင်းနှင့်ပတ်သက်၍ ထိုထက်ပိုသည့် မည်သည့်အဓိပ္ပါယ်မှ မရှိခဲ့ပေ။ ပန်းအလှဆင်ရာတွင် တိကျသည့်စနစ်နှင့် အဓိပ္ပါယ်ကို ရည်စူးဖော်ပြသည့် ပုံစံများလည်း မရှိခဲ့ပေ။ ပထမဆုံးပန်းအလှဆင်သည့် စနစ်ကို "ရှင်းနိုဟန" ဟုခေါ်သည်။ အဓိပ္ပါယ်မှာ "ပန်းဗဟိုပြု အလှဆင်ခြင်း" ဟု အဓိပ္ပါယ်ရသည်။ ကြီးမားသည့် ထင်းရှူးအပင်ကိုင်းကို အလယ်တွင်ထောင်ထားကာ ရာသီအလိုက်ပွင့်သည့် ပန်း သုံးပွင့်မှ ငါးပွင့်အထိအသုံးပြု၍ ပတ်လည်တွင်ထားသည့် အလှဆင်နည်း ဖြစ်သည်။ ထိုကဲ့သို့ အလှဆင်သည့်ပုံစံသည် ၁၄ ရာစုခေတ် ယုံကြည်ကိုးကွယ်မှုဆိုင်ရာရုပ်ပုံများတွင် တွေ့ရသည်။ ဤအလှဆင်သည့်ပုံစံသည် ပထမဆုံးသော သဘာဝအလှတရားကို ဖော်ပြနိုင်ရန် ကြိုးပမ်းအလှဆင်မှုလည်း ဖြစ်ခဲ့သည်။[]

နောက်ပိုင်းတွင် "မိဆွတ် - ဂိုဆိုခု" ဟူသည့် ပန်းအလှဆင်သည့် နည်းလမ်းပေါ်ထွက်လာခဲ့သည်။ ကမာကူရခေတ် (၁၁၈၅ - ၁၃၃၃) နှင့် နန်းဘိုခု - ချောခေတ်ကာလ (၁၃၃၆ - ၁၃၉၂) ခုများတွင် ဗုဒ္ဓအားဆက်ကပ်လှူဒါန်းသည့်နေရာများတွင် ဤအလှဆင်သည့် ပုံစံကို သုံးခဲ့ကြသည်။ များစွာသော ဗုဒ္ဓစာပေများတွင်လည်း ပန်းများ၏ အမည်များပါဝင်သည့် သုတ္တန်များ ပါဝင်ခဲ့သည်။ ဥပမာအားဖြင့် "ခဲဂွန်း - ခယော" နှင့် "ဟော့ခဲ - ခယော" (ကြာသုတ္တန်) တို့ ဖြစ်ကြသည်။ "ချောဂျူး - ဂျင်းဘုဆွတ် - ဂိဂ" ဟူသည့် သုတ္တန်တွင် မျောက်တစ်ကောင်သည် ဗုဒ္ဓအား ကြာပန်းလှူဒါန်းသည့်အကြောင်းကို ဖော်ပြထားသည်။[][]

မုရိုမချိခေတ်ကာလ (၁၃၃၆ - ၁၅၇၃) တွင် ရှောအင်း-ဖုခုရိဗိသုကာစတိုင်သည် တိုးတက်ထွန်းကားလာခဲ့သည်။ ၎င်းဗိသုကာပုံစံတွင် ခခဲမိုနို (လိပ်တင်ရသည့်ရုပ်ပုံများ)၊ ပစ္စည်းထည့်သည့် ထည့်စရာများနှင့် အဆင့်နှစ်ခုပါသည့် စင်များ စသည်တို့ကို အလှဆင်အသုံးပြုခဲ့ကြသည်။ ထို့အပြင် ထိုနေရာများတွင် ပန်းများကို အတွင်းပိုင်းအလှဆင်မှုအဖြစ် အသုံးပြုလာကြသည်။ ထိုသို့ အိမ်တွင်းတွင် ပန်းများကို အလှဆင်အသုံးပြုလာကြသဖြင့် ပိုမိုရိုးစင်းပြီး လှပလာခဲ့သည်။ ထိုကဲ့သို့သော အလှဆင်မှုမျိုးကို "ဇရှိခိခဇရိ" (座敷飾) ဟု ခေါ်သည်။ ဘုရားကျောင်းဆောင်များတွင် "မိဆွတ်ဂုဆိုခု" ဟုခေါ်သည့် ပစ္စည်းသုံးမျိုးကို တွေ့ရမည် ဖြစ်သည်။ ထိုသုံးမျိုးမှာ ဖယောင်းတိုင်မီးထွန်းညှိရာတွင်အသုံးပြုသည့် ခွက်၊ အမွှေးတိုင်ခွက်နှင့် ပန်းထည့်သည့် အိုးတို့ ဖြစ်ကြသည်။ ပန်းအိုးထဲတွင် ပန်းထည့်သည့်အခါတွင် အစောဆုံးပုံစံဖြစ်သည့် "တတဲဘန" သို့မဟုတ် "တတဲဟန" (立花, 'ပန်းများကို ထောင်လျက်အနေအထား ထားရှိခြင်း')ပုံစံကို အသုံးပြုခဲ့ကြသည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် သမိုင်းကြောင်းသုတေသနပြုမှုများတွင် တတဲဘနပန်းအလှဆင်ခြင်းကို အသုံးပြုမှုသည် ဗုဒ္ဓဘာသာနှင့် ရှင်းတိုးယောရှိရိုယုံကြည်မှုများကို ပေါင်းစပ်ယုံကြည်မှုမှ ဆင်းသက်ဖြစ်ပေါ်လာသည်ကို တွေ့ခဲ့ရသည်။ ထိုပေါင်းစပ်အသုံးပြုသည့်ပုံစံသည်ပင် လက်ရှိခေတ်ကာလ ဂျပန်တို့၏ အိခဲဘန၏ မူလရင်းမြစ် ဖြစ်ခဲ့သည်။

၁၅ ရာစုခေတ်ကာလအကုန် ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည့်အချိန်တွင် ပန်းအလှဆင်သည့်အနုပညာကျောင်းများနှင့်အတူ အိခဲဘနသည်လည်း တိုးတက်လာခဲ့သည်။ ရှစ်ယောက်မြောက် "ရှောဂွန်း" ဖြစ်သည့် အရှိခဂယောရှိမဆ (၁၄၃၆ - ၁၄၉၀) သည် အိခဲဘနနှင့် ချနိုယုလက်ဖက်ရည်ပွဲတော်များကို အားပေးအားမြှောက်ပြုခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင် အရှိခဂယောရှိမဆသည် သူ၏ ဘဝကို အနုပညာလုပ်ငန်းများတွင် စူးစိုက်ရန်အတွက် ရာထူးကို စွန့်ခွာခဲ့သည်။ သူသည် "အိခဲဘန" တွင်ရှိရမည့် စည်းမျည်းစည်းကမ်းများကို တီထွင်ခဲ့သည်။

ယောရှိမဆသည် ပန်းအလှဆင်သည့်အနုပညာ တိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သည်။ သူသည် ပန်းအလှဆင်ခြင်းသည် ကောင်းကင်ဘုံ၊ လူသားနှင့် ကမ္ဘာမြေတို့ကို ကိုယ်စားပြုဖော်ပြသင့်သည်ဟု ဆိုခဲ့သည်။ လက်ရှိအချိန်အထိ အချို့သော အိခဲဘနကို သင်ကြားပေးသည့် ကျောင်းများတွင် သူ၏ ထိုအယူအဆကို အခြေခံစည်းကမ်းအနေဖြင့် သင်ကြားပေးလျက်ရှိသည်။

ခနိုးကျောင်းမှ အနုပညာရှင်များဖြစ်ကြသည့် ဆက်ရှူးတိုးယော (၁၄၂၀ - ၁၅၀၆)၊ ဆက်အွန်း၊ ခနိုးမဆနိုဘု၊ ခနိုးမိုတိုနိုဘု (၁၄၇၆ - ၁၅၅၉)နှင့် ၁၆ ရာစုခေတ်ကာလ ရှုဂဲဆွတ်တို့သည် သဘာဝတရားကို ချစ်မြတ်နိုးသူများ ဖြစ်ကြသည်။ သူတို့သည် အိခဲဘနအနုပညာကို ထိုကာလတွင် ကျောင်းတော်များနှင့် အခန်းတွင်းအလှဆင်မှုများကို အခြားတစ်ဆင့်သို့ ရောက်စေခဲ့သည်။ သူတို့သည် ပိုမိုကောင်းမွန်သည့် သဘာဝပန်းအလှဆင်သည့်အနုပညာများကို စဉ်းစားတွေးခေါ်ခဲ့ကြသည်။ ထိုကာလတွင် "အိခဲဘန" ကို "ရစ်ခ" ဟူ၍ သိကြသည်။

အလှဆင်သူများ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Ikebana International 12 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. Definition of IKEBANA 9 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. The Modern Reader's Japanese-English Character Dictionary, Charles E. Tuttle Company, ISBN 0-8048-0408-7
  4. 1 2 3 ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named "ikenobo.jp".
  5. Averill၊ Mary။ "Chapter I"Japanese flower arrangement။ 1 အောက်တိုဘာ 2017 တွင် မူရင်းမှ မော်ကွန်းတင်ပြီး via Wikisource။
  6. Sojo၊ Toba။ English: A drawing of priests caricatured as animals. 8 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။