မာတိကာသို့ ခုန်သွားရန်

အာရှဓနဘဏ်

ဝီကီပီးဒီးယား မှ
အာရှဓနဘဏ်
လုပ်ငန်းဘဏ်လုပ်ငန်း
Fateဖျက်သိမ်းပြီး
တည်ထောင်သူများအိုက်ထွန်း
ဖျက်သိမ်းမတ် ၂၀၀၅၊ ၃၁ (၃၁-၀၃-၂၀၀၅)
မိခင်ကုမ္ပဏီအိုလံပစ် ဆောက်လုပ်ရေး ကုမ္ပဏီအုပ်စု

အာရှဓနဘဏ် (အင်္ဂလိပ်: Asia Wealth Bank) သည် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေကြေးခဝါချမှု အဓိကစိုးရိမ်ရသည့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သော မြန်မာနိုင်ငံရှိ ဘဏ်တစ်ခု ဖြစ်သည်။[၁] ဤဘဏ်၏ လုပ်ငန်းလိုင်စင်ကို ၂၀၀၃ ခုနှစ် ဘဏ်လုပ်ငန်း အကျပ်အတည်း ကာလပြီးနောက် မြန်မာအစိုးရက ၂၀၀၅ ခုနှစ်၊မတ်လ ၃၁ ရက်နေ့မှစ၍ ရုပ်သိမ်းခဲ့သည်။ ဤဘဏ်သည် ယခင် အိုလံပစ် ဆောက်လုပ်ရေး ကုမ္ပဏီအုပ်စု၏ ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ဘဏ်လုပ်ငန်းဆိုင်ရာ ဖောက်ဖျက်မှုများ ဖြစ်ပွားပြီးနောက် ၂၀၀၄ ခုနှစ်တွင် ရွှေတောင် ကုမ္ပဏီအုပ်စု အဖြစ်သို့ အမည်ပြောင်းလဲခဲ့သည်။[၂][၃]

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အာရှဓနဘဏ်ကို ငွေကြေးခဝါချမှု အဓိကစိုးရိမ်ရသည့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး[၄] ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် အာရှဓနဘဏ်သည် အရှေ့တောင်အာရှရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့် အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေကြောင်း ဖော်ပြခဲ့သည်။[၅][၆]

ဒါရိုက်တာများ

[ပြင်ဆင်ရန်]

ဦးအိုက်ထွန်း သည် ထင်ရှားသော မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး၊ ၂၀၀၃ ခုနှစ် ဘဏ်လုပ်ငန်းအကျပ်အတည်း ဖြစ်ပွားလာသည်အထိ မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်ခဲ့သည့် အာရှဓနဘဏ်နှင့် အိုလံပစ်ဆောက်လုပ်ရေး ကုမ္ပဏီတို့၏ မန်နေဂျင်းဒါရိုက်တာနှင့် ဒုဥက္ကဋ္ဌအဖြစ် အထင်ရှားဆုံး လူသိများခဲ့သူ ဖြစ်သည်။[၇][၈]

အိုက်ထွန်းသည် ရန်ကုန်မြို့တွင် လူနေအိမ်နှင့် ဟိုတယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သည့် ၁၉၉၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သော နိုင်ငံ၏အကြီးဆုံး ဆောက်လုပ်ရေးလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် အိုလံပစ် ဆောက်လုပ်ရေး ကုမ္ပဏီကိုလည်း လုပ်ကိုင်ခဲ့သည်။[၉][၁၀] သူနှင့် သူ၏ မိသားစုဝင်များသည် ယခင်စစ်အစိုးရဖြစ်သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ရင်းနှီးသောဆက်ဆံရေးမှ အကျိုးအမြတ်ရရှိခဲ့မှုကြောင့် ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုခံရသူများ ဖြစ်ကြသည်။[၁၁] အိုလံပစ်ဆောက်လုပ်ရေး ကုမ္ပဏီသည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ၎င်း၏ တွဲဖက်လုပ်ငန်းဖြစ်သော အာရှဓနဘဏ်အပေါ် ငွေကြေးခဝါချမှု စွပ်စွဲချက်များနှင့် မူးယစ်ဆေးဝါး ဆက်နွှယ်မှုများရှိကြောင်း ထုတ်ပြန်ပြီးနောက် ၂၀၀၄ ခုနှစ်တွင် ရွှေတောင်အုပ်စု အဖြစ်သို့ အမည်ပြောင်းလဲခဲ့သည်။ ဦးအိုက်ထွန်းသည် ရွှေတောင်အုပ်စု စီးပွားရေးလုပ်ငန်းစု၏ ဥက္ကဋ္ဌအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သည်။[၁၂]

ဘဏ်လုပ်ငန်း ရုတ်သိမ်းခံရခြင်း

[ပြင်ဆင်ရန်]

၂၀၀၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့စွဲဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-[၁၃] [၁၄]

၁၉၉ဝ ပြည့်နှစ်၊ မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်တို့အား ၁၉၉၄ ခုနှစ်နှင့် ၁၉၉၅ ခုနှစ်တို့တွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို အသီးသီးထုတ်ပေး၍ | ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ပါသည်။

ယခုအခါ ယင်းဘဏ်နှစ်ဘဏ်တို့သည် မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ နည်းဥပဒေ များကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ ရှိရသဖြင့် ၂ဝဝ၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှစ၍ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်မပြုတော့ဘဲ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ပြန်လည်ရုပ်သိမ်းလိုက်ပါသည်။

ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းပြီးနောက် ယင်းဘဏ်နှစ်ဘဏ်နှင့် ၎င်းတို့၏ ဘဏ်ခွဲများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အုပ်ချုပ်ရေးမှူးများ ခန့်အပ်တာဝန်ပေး၍ ယင်းဘဏ်နှစ်ဘဏ်နှင့် ဘဏ်ခွဲများတွင် အပ်နှံ ထားသောအပ်ငွေများ (Deposits)ကို တာဝန်ယူထုတ်ပေးသွားမည်ဖြစ်ပါသည်။ အပ်ငွေများ ပြန်လည်ထုတ်ပေးရာတွင် မိမိတို့အပ်နှံထားသော သက်ဆိုင်ရာ ဘဏ်များ/ဘဏ်ခွဲများတွင် ထုတ်ပေးသွားမည် ဖြစ်ပါသည်။ ငွေများပြန်လည် ထုတ်ပေးရာတွင်လွယ်ကူစွာနှင့် နှောင့်နှေးကြန့်ကြာမှုမရှိစေရန် မိမိအပ်နှံထားသော ဘဏ်/ဘဏ်ခွဲများ၌ ဘဏ်စာရင်း နံပါတ်များ/ငွေထုတ်ယူရမည့်နေ့ရက်များကို ကြေညာထားရှိမည် ဖြစ်ပါသည်။ အပ်နှံငွေများကို ၂၀၀၅ခုနှစ် ဧပြီလ ၄ ရက် (တနင်္လာနေ့)မှစ၍ ထုတ်ပေးသွားမည်ဖြစ်ပါသည်။

မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်များမှ ချေးယူငွေ၊ အကြွေးဝယ်ကတ် ကြွေးကျန်ငွေနှင့် အခြား ရန်တာဝန်ရှိသူများသည် သက်ဆိုင်ရာဘဏ်/ဘဏ်ခွဲများတွင် အမြန်ဆက်သွယ်ပေးဆပ်ကြရန် ဖြစ်ပါသည်။ ချေးငွေများ၊ အကြွေးဝယ်ကတ် ကြွေးကျန်ငွေများနှင့် အခြားပေးရန် တာဝန်ရှိသူများသည် အချိန်မီပေးဆပ်ခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်တို့ကိုသာ မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေအရ အထက်ပါအတိုင်း အရေးယူဆောင်ရွက်ခြင်းဖြစ်ပြီး ဘဏ်လုပ်ငန်းများဆောင်ရွက်လျက်ရှိသောအခြားပုဂ္ဂလိကဘဏ်များနှင့် သက်ဆိုင်ခြင်းမရှိပါ။

နိုင်ငံတော်ဘဏ်များနှင့် အခြားပုဂ္ဂလိကဘဏ်များအနေဖြင့် ဘဏ်လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နေမည်ဖြစ်ပါသည်။

တားမြစ်ချက် ရုပ်သိမ်းခြင်း

[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကွန်ရက် (FinCEN) သည် မြန်မာနိုင်ငံ၏ တစ်ချိန်က အကြီးဆုံးဘဏ်များဖြစ်သော မြန်မာမေဖလားဝါးဘဏ် နှင့် အာရှဓနဘဏ် တို့အပေါ် အမေရိကန်ဘဏ္ဍာရေး အဖွဲ့အစည်းများအနေဖြင့် အထူးအစီအမံများ ဆောင်ရွက်ရန် ၂၀၀၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က အတည်ပြုခဲ့သည့် နောက်ဆုံးပြဌာန်းချက်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ ထို့အပြင် ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က အဆိုပါဘဏ်များကို ငွေကြေးခဝါချမှု အဓိကစိုးရိမ်ရသည့် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခဲ့မှုကိုလည်း ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။[၁၅]

ဤကဲ့သို့ ရုပ်သိမ်းခဲ့ခြင်းမှာ မြန်မာအစိုးရက ထိုဘဏ်များ၏ လုပ်ငန်းလိုင်စင်များကို ပြန်လည်ရုပ်သိမ်းခဲ့ပြီးဖြစ်သောကြောင့် ယင်းလုပ်ငန်းများသည် ဘဏ္ဍာရေးစနစ်အပေါ် ခြိမ်းခြောက်မှုအဖြစ် ဆက်လက်မရှိတော့သည့်အတွက် တားမြစ်ချက်ကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြခဲ့သည်။ဤကြေညာချက် မထွက်ပေါ်မီကလည်း အမေရိကန်ပြည်ထောင်စုတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်နှင့် ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့် တားမြစ်ခံရသူများစာရင်းမှ သမ္မတ ဦးသိန်းစိန် အပေါ် ကန့်သတ်ထားမှုများကို ဘဏ္ဍာရေးဝန်ကြီးဌာနက ပယ်ဖျက်ပေးခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိလာမည့် ခရီးစဉ်မတိုင်မီတွင်ပင် သမ္မတဦးသိန်းစိန်အပေါ် ချမှတ်ထားသော နိုင်ငံတွင်း ခရီးသွားလာခွင့် တားမြစ်ချက်များကိုလည်း သမ္မတ ဘရက်ခ် အိုဘားမားက ရုပ်သိမ်းပေးခဲ့သည်။[၁၆]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ USA Patriot Act: Section 311။ Fincen.gov။ 2013-10-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-10-07 တွင် ပြန်စစ်ပြီး။
  2. ↑ Burmese Tycoons Part I။ .irrawaddy.org။ 2011-05-17 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-10-07 တွင် ပြန်စစ်ပြီး။
  3. ↑ Aung Din, U.S. Campaign for Burma (June 2011)။ Partial List of Cronies Who Provide Political and Financial Support for Burma's Ruling Regime။ October 4, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-06-16 တွင် ပြန်စစ်ပြီး။
  4. ↑ Archived copy။ 2013-10-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-10-01 တွင် ပြန်စစ်ပြီး။
  5. ↑ Money Laundering in Burma။ .irrawaddy.org။ 2015-04-17 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-10-07 တွင် ပြန်စစ်ပြီး။
  6. ↑ Archived copy။ 2013-10-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-10-01 တွင် ပြန်စစ်ပြီး။
  7. ↑ "U AIK HTUN"၊ AFG Venture Group။ 29 October 2012 တွင် ပြန်စစ်ပြီး။
  8. ↑ "Burma's Private Banking Crisis"။
  9. ↑ "Burmese Tycoons Part I"၊ The Irrawaddy၊ 1 June 2000။ 14 March 2012 တွင် ပြန်စစ်ပြီး။
  10. ↑ Eike Htun။ "Tycoon Turf"၊ The Irrawaddy၊ September 2005။ 15 May 2013 တွင် ပြန်စစ်ပြီး။
  11. ↑ CONSOLIDATED LIST OF FINANCIAL SANCTIONS TARGETS IN THE UK။ Her Majesty's Treasury။ UK Government (20 April 2011)။ 29 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 July 2011 တွင် ပြန်စစ်ပြီး။
  12. ↑ Management Team။ Shwetaunggroup.com။ 2013-10-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-10-07 တွင် ပြန်စစ်ပြီး။
  13. ↑ "Licences of Myanmar May Flower Bank,Asia Wealth Bank withdrawn Refunding of deposits will be commenced beginning 4 April State-owned banks, other private banks conduct banking business as usual"၊ The New Light of Myanmar၊ 2005-04-02၊ စာ- 9။
  14. ↑ မြန်မာမေဖလားဝါးဘဏ်နှင့် အာရှနဘဏ်တို့အား ဘဏ်လုပ်ငန်းလိုင်စင် ပြန်လည်ရုပ်သိမ်း ယင်းဘဏ်များ၌ အပ်နှံထားသောအပ်ငွေများကို ဧပြီ၄ရက်မှစ၍ ထုတ်ပေးသွားမည် နိုင်ငံတော်ဘဏ်များနှင့် အခြားပုဂ္ဂလိကဘဏ်များ၌ ဘဏ်လုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိ။ ၂၀၀၅ ခုနှစ် ဧပြီ ၂ ရက်နေ့ထုတ်,မြန်မာ့အလင်းသတင်းစာ,စာမျက်နှာ (၇) (၂ ဧပြီ ၂၀၀၅)။ ၁၀ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  15. ↑ Treasury Withdraws Actions Against Two Burmese Banks (in en-us) (2012-09-26)။ 2026-09-10 တွင် ပြန်စစ်ပြီး။
  16. ↑ အာရှဓနနဲ့ မေဖလားဝါး ဘဏ်တွေပေါ်ပိတ်ပင်မှု အမေရိကန်ပယ်ဖျက် (in my) (2012-09-27)။ 2026-09-10 တွင် ပြန်စစ်ပြီး။