အာရူနာချယ် ပရာဒေ့ရှ် ပြည်နယ်
အာရူနာချယ် ပရာဒေ့ရှ် (အင်္ဂလိပ်: Arunachal Pradesh) (ဟင်ဒီ: अरुणाचल प्रदेश) သို့မဟုတ် တောင်ပိုင်းတိဗက် (တရုတ်: 藏南) သည် ဟိမဝန္တာတောင်တန်း၏ အရှေ့ဘက်အစွန်းတွင် တည်ရှိသော အငြင်းပွားဖွယ်ရာ နယ်မြေတစ်ခု ဖြစ်သည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံက ပြည်နယ်တစ်ခုအဖြစ် အပြည့်အဝ ထိန်းချုပ်အုပ်ချုပ်ထားသော်လည်း တရုတ်နိုင်ငံက ၎င်းတို့၏ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အစိတ်အပိုင်းအဖြစ် အခိုင်အမာ တောင်းဆိုထားသည်။ တောင်ဘက်တွင် အာသံပြည်နယ်နှင့် နာဂလန်ပြည်နယ်၊ အနောက်ဘက်တွင် ဘူတန်နိုင်ငံ၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ နှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံ (တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ အီတာနာဂါမြို့သည် ပြည်နယ်၏ မြို့တော်ဖြစ်သည်။
| အာရူနာချယ် ပရာဒေ့ရှ် | |
|---|---|
| ပြည်နယ် | |
| Arunachal Pradesh | |
တာဝမ်ဘုန်းတော်ကြီးကျောင်း (Tawang Monastery) | |
| နာမည်ပြောင်(များ): အရုဏ်ဦးနေခြည် ထွန်းလင်းရာပြည် (Land of the Dawn-Lit Mountains) | |
အိန္ဒိယနိုင်ငံအတွင်းရှိ အာရူနာချယ် ပရာဒေ့ရှ်၏ တည်နေရာ | |
| နိုင်ငံ | |
| အခိုင်အမာတောင်းဆိုသူ | |
| ဧရိယာ | |
| • စုစုပေါင်း | ၈၃၇၄၃ စတုရန်းကီလိုမီတာ (၃၂၃၃၃ စတုရန်းမိုင်) |
| လူဦးရေ (၂၀၁၁) | |
| • စုစုပေါင်း | ၁၃၈၃၇၂၇ |
| ဝဘ်ဆိုက် | arunachalpradesh.gov.in |
အာရူနာချယ် ပရာဒေ့ရှ်သည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ပြည်နယ်အတွင်းရှိ ခန္တီးရှမ်းလူမျိုး၊ တန်ဆာ နှင့် လော်ဝေါ် (နောင်မွန်) မျိုးနွယ်စုများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများနှင့် မျိုးနွယ်စုချင်း တိုက်ရိုက်တော်စပ်ကာ ယဉ်ကျေးမှုနှင့် ဘာသာစကားချင်း နီးစပ်ကြသည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]အာရူနာချယ် ပရာဒေ့ရှ်ရှိ မျိုးနွယ်စုအများစုသည် ၎င်းတို့၏ သမိုင်းကြောင်းကို စာဖြင့်မှတ်တမ်းတင်ထားခြင်း မရှိဘဲ မျိုးဆက်တစ်ခုမှတစ်ခုသို့ ပါးစပ်ရာဇဝင်များ၊ ရိုးရာတေးကဗျာများနှင့် ပုံပြင်များဖြင့်သာ လက်ဆင့်ကမ်းခဲ့ကြသည်။
အာရူနာချယ် ပရာဒေ့ရှ်သို့ လူမျိုးစုများ ရွှေ့ပြောင်းဝင်ရောက်လာပုံကို အဓိက လမ်းကြောင်း သတ်မှတ်နိုင်သည်။မွန်ပါ (Monpa) နှင့် ရှာဒုက်ပင် (Sherdukpen) မျိုးနွယ်စုများသည် မြောက်ဘက် တိဗက်ကုန်းပြင်မြင့်မှ ဟိမဝန္တာတောင်ကြားလမ်းများအတိုင်း ဆင်းသက်လာကြသူများ ဖြစ်သည်။ ၎င်းတို့သည် တိဗက်ယဉ်ကျေးမှုနှင့် ဘာသာစကား အနွယ်အတော်များများကို ယူဆောင်လာခဲ့ကြသည်။ဒုတိယမှာ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းမှတစ်ဆင့် ဝင်ရောက်လာသော လမ်းကြောင်း ဖြစ်သည်။ခမ်းတီးရှမ်း (Khampti) များသည် ၁၈ ရာစုနှောင်းပိုင်းတွင် မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ဖျားရှိ ခမ်းတီးလုံ (ပူတာအို) ဒေသမှ ရွှေ့ပြောင်းလာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ကိုယ်ပိုင်စာပေနှင့် ဗုဒ္ဓဘာသာကိုပါ ယူဆောင်လာခဲ့သည်။[၂] တန်ဆာ (Tangsa) နှင့် ဂျိန်းဖော (Singpho) မျိုးနွယ်စုများသည်လည်း မြန်မာနိုင်ငံရှိ ပတ်ကွိုင်တောင်တန်း (Patkai Hills) ကို ဖြတ်ကျော်ကာ ရွှေ့ပြောင်းဝင်ရောက်လာခဲ့ကြပြီး မြန်မာနိုင်ငံရှိ ၎င်းတို့၏ မျိုးနွယ်စုများနှင့် ယနေ့တိုင် နီးကပ်စွာ ဆက်ဆံလျက်ရှိသည်။မစ်ရှ်မီ (Mishmi) မျိုးနွယ်စုများသည် တရုတ်နှင့် မြန်မာနိုင်ငံ နယ်စပ်ရှိ တောင်တန်းဒေသများမှ ဆင်းသက်လာကြသူများဖြစ်ပြီး ၎င်းတို့၏ ဘာသာစကားသည် တိဗက်-ဗမာနွယ်ဝင် အုပ်စုကွဲတစ်ခု ဖြစ်သည်။ခေတ်သစ်သမိုင်းတွင် ဤဒေသသည် ဗြိတိသျှအိန္ဒိယ အစိုးရ၏ လက်အောက်ခံဖြစ်ခဲ့ပြီး ၁၉၁၄ ခုနှစ်တွင် အိန္ဒိယနှင့် တိဗက်အကြား နယ်နိမိတ်အဖြစ် မက်မဟွန်မျဉ်း (McMahon Line) ကို သတ်မှတ်ခဲ့သည်။ တရုတ်နိုင်ငံသည် ၁၉၁၄ ခုနှစ်တွင် ဗြိတိသျှအိန္ဒိယနှင့် တိဗက်ကိုယ်စားလှယ်များအကြား သတ်မှတ်ခဲ့သည့် မက်မဟွန်မျဉ်း (McMahon Line) နယ်နိမိတ်ကို တရားမဝင် ဖြစ်ပြီး ထိုစဉ်က တိဗက်သည် သီးခြားလွတ်လပ်သော နိုင်ငံမဟုတ်ဘဲ တရုတ်နိုင်ငံ၏ အစိတ်အပိုင်းသာ ဖြစ်သဖြင့် နယ်နိမိတ်ဆိုင်ရာ စာချုပ်များကို သီးခြားချုပ်ဆိုပိုင်ခွင့် မရှိဟု ဆိုသည်။[၃]
၁၉၅၄ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ဤဒေသကို "အရှေ့မြောက် နယ်ခြားဒေသ" (North-East Frontier Agency - NEFA) ဟု ခေါ်ဆိုခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တရုတ်-အိန္ဒိယ စစ်ပွဲအတွင်း တရုတ်တပ်မတော်သည် ဤဒေသ၏ အစိတ်အပိုင်းအတော်များများကို ခေတ္တသိမ်းပိုက်ခဲ့ဖူးသည်။ ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ (၂၄) ခုမြောက် ပြည်နယ်အဖြစ် တရားဝင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။[၄]
တရုတ်အစိုးရက ဤဒေသ (အထူးသဖြင့် တာဝမ်ဒေသ) သည် တိဗက်ယဉ်ကျေးမှု၊ ဘာသာရေးနှင့် အုပ်ချုပ်ရေးတို့၏ ခွဲခြား၍မရသော အစိတ်အပိုင်းဖြစ်သည်ဟု အခိုင်အမာ ဆိုသည်။တာဝမ်ဘုန်းတော်ကြီးကျောင်းမှာ ဆဌမမြောက် တလိုင်းလားမား (Tsangyang Gyatso) မွေးဖွားရာဒေသဖြစ်ခြင်းကြောင့် တိဗက်ဗုဒ္ဓဘာသာအရ အလွန်အရေးပါသော နယ်မြေအဖြစ် ရှုမြင်သည်။ ရှေးယခင်က ဤဒေသရှိ မျိုးနွယ်စုများသည် တိဗက်အစိုးရ (လာဆာ) ထံသို့ အခွန်ဆက်သခဲ့သည့် မှတ်တမ်းများ ရှိခဲ့သည်။
တရုတ်နိုင်ငံ၏ ပိုင်နက်ဖြစ်ကြောင်း ကမ္ဘာကို ပြသရန်အတွက် ၂၀၁၇ ခုနှစ်မှစ၍ အာရူနာချယ် ပရာဒေ့ရှ်အတွင်းရှိ တောင်တန်းများ၊ မြစ်များနှင့် မြို့ရွာပေါင်း မြောက်မြားစွာကို တရုတ်ဘာသာစကားဖြင့် အမည်သစ်များ ပုံမှန်ထုတ်ပြန်လေ့ရှိသည်။[၅]
ယဉ်ကျေးမှုနှင့် ဘာသာစကား
[ပြင်ဆင်ရန်]အာရူနာချယ်ပြည်နယ်ရှိ မွန်ပါ (Monpa) နှင့် ရှာဒုက်ပင် (Sherdukpen) လူမျိုးစုများသည် တိဗက်ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး ဘုန်းတော်ကြီးကျောင်း များသည် တိဗက်နိုင်ငံရှိ လာဆာမြို့ (Lhasa) မှ ဗိသုကာလက်ရာများနှင့် တူညီသည်။ အထူးသဖြင့် တာဝမ်ဘုန်းတော်ကြီးကျောင်း (Tawang Monastery) သည် တိဗက်နိုင်ငံပြင်ပတွင် ဒုတိယအကြီးဆုံး တိဗက်ဗုဒ္ဓဘာသာကျောင်း ဖြစ်ပြီး တိဗက်ယဉ်ကျေးမှု၏ ဗဟိုချက်တစ်ခု ဖြစ်သည်။[၆]
ဤပြည်နယ်ရှိ မျိုးနွယ်စုအများစုသည် တိဗက်-ဗမာဘာသာစကားများ ကို ပြောဆိုကြသူများ ဖြစ်သည်။ မျိုးရိုးဗီဇ နှင့် ရုပ်သွင်ပြင်လက္ခဏာများသည် အိန္ဒိယပြည်မကြီးရှိ အင်ဒို-အာရိယန် နွယ်ဝင်များနှင့် ကွာခြားပြီး တိဗက်၊ တရုတ်၊ မြန်မာ လူမျိုးတို့ ပိုမိုဆင်တူသည်။[၇]၁၉၁၄ ခုနှစ် မတိုင်မီအထိ ဤဒေသ၏ အစိတ်အပိုင်းအတော်များများသည် တိဗက်အစိုးရ၏ ဩဇာလွှမ်းမိုးမှုအောက်တွင် ရှိခဲ့ပြီး တိဗက်ဘာသာစကားမှာ ပညာတတ်များအကြား အဓိက သုံးစွဲသော ဘာသာစကား ဖြစ်ခဲ့သည်။
အာရူနာချယ် ပရာဒေ့ရှ်သည် ဘာသာစကားအရ ကမ္ဘာ့အစုံလင်ဆုံး ဒေသများထဲမှ တစ်ခုဖြစ်သည်။ ပြည်နယ်အတွင်း နေထိုင်ကြသော မျိုးနွယ်စုများသည် အဓိကအားဖြင့် တိဗက်-ဗမာ မျိုးနွယ်စုဝင် ဘာသာစကားများ (Tibeto-Burman languages) ကို ပြောဆိုကြသည်။နီရှီ (Nyishi)ဘာသာစကားသည် ပြည်နယ်အတွင်း လူပြောအများဆုံး ဘာသာစကား ဖြစ်သည်။
ပြည်နယ်အတွင်း မျိုးနွယ်စုများစွာ ကွဲပြားနေသဖြင့် အချင်းချင်း ဆက်သွယ်ရန်အတွက် အင်္ဂလိပ်ဘာသာစကား ကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားသည်။ ထို့ပြင် ဟိန္ဒီဘာသာစကားကိုလည်း လူအများအပြား နားလည်ပြောဆိုကြသည်။[၈]
မြန်မာနိုင်ငံနှင့် ဆက်စပ်မှု
[ပြင်ဆင်ရန်]အာရူနာချယ် ပရာဒေ့ရှ်ရှိ မျိုးနွယ်စုအများစုသည် သမိုင်းကြောင်းအရ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ရွှေ့ပြောင်းသွားကြသူများ ဖြစ်သည်။ အထူးသဖြင့် ခမ်းတီးရှမ်း၊ တန်ဆာ နှင့် ဂျိန်းဖော (Kachin/Singpho) မျိုးနွယ်စုများသည် မြန်မာနိုင်ငံရှိ ၎င်းတို့၏ ဆွေမျိုးစုများနှင့် ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ တစ်ထေရာတည်း တူညီကြသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- ↑ Cultural Ties between Myanmar and Arunachal, 2024.
- ↑ Barpujari, S. K., "The Khamptis of Arunachal Pradesh", 1996.
- ↑ "China's Sovereignty over South Tibet", Ministry of Foreign Affairs of the PRC.
- ↑ "History of Arunachal Pradesh", Government of Arunachal Pradesh Official Portal.
- ↑ "Why China is renaming places in Arunachal Pradesh", Al Jazeera, 2023.
- ↑ Aris, M., "The Bhutanese Monarchy and its Tibetan Origins", 1994.
- ↑ Post, M. W., "The Tibeto-Burman languages of Arunachal Pradesh", 2012.
- ↑ "Linguistic Diversity in Arunachal Pradesh", Anthropological Survey of India.