အာမက် အယ်လ် ရှာရာ
အာမက် အယ်လ် ရှာရာ Ahmed al-Sharaa | |
|---|---|
| ဆီးရီးယားနိုင်ငံ၏ သမ္မတ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂၉ ဇန်နဝါရီ ၂၀၂၅ | |
| ယခင်လူ | ဘာရှာအယ်အာဆတ် |
| ဆီးရီးယားနိုင်ငံ၏ အကြီးအကဲ | |
| တာဝန်သက်တမ်း ၈ ဒီဇင်ဘာ ၂၀၂၄ – ၂၉ ဇန်နဝါရီ ၂၀၂၅ | |
| ယခင်လူ | ဘာရှာအယ်အာဆတ် |
| ဆက်ခံသူ | ကိုယ်တိုင် |
| ဆီးရီးယား HTS လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် (Hay’at Tahrir al-Sham (HTS)) | |
| တာဝန်သက်တမ်း ၁ အောက်တိုဘာ ၂၀၁၇ – ၂၉ ဇန်နဝါရီ ၂၀၂၅ | |
| ယခင်လူ | အဘူး ဂျာဘား ရှိတ်ခ် Abu Jaber Sheikh |
| ဆက်ခံသူ | ရာထူးပယ်ဖျက် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | အာမက် ဟူဆိန် အယ်လ် ရှာရာ ၂၉ အောက်တိုဘာ၊ ၁၉၈၂ ရီယာ့ဒ်မြို့၊ဆော်ဒီအာရေဗျ |
| နိုင်ငံရေးပါတီ | လွတ်လပ်သည့်နိုင်ငံရေးသမား |
| အခြား နိုင်ငံရေးလွှမ်းမိုးမှု | ဆီးရီးယား HTS Hay'at Tahrir al-Sham (၂၀၁၇–၂၀၂၅) |
| ကြင်ဖော် | Latifa al-Droubi |
| သားသမီး | ၃ဦး |
| ပညာရေး | Damascus University |
| လက်မှတ် | |
အာမက် အယ်လ် ရှာရာ (၂၉ အောက်တိုဘာ ၁၉၈၂ မွေး) သည် ဆီးရီးယားနိုင်ငံရေးသမား၊ တော်လှန်သူနှင့် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး၊ ၂၀၂၅ ခုနှစ်မှစ၍ ဆီးရီးယားနိုင်ငံ၏ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။သူ့တွင် အဘူ မိုဟာမက် အယ် ဂျိုလာနီ ဆိုသည့် နာမည်ဝှက်တစ်ခုရှိသည်။[၁]အယ်လ် ရှာရာသည် ၁၉၆၇ ခုနှစ်နောက်ပိုင်း ဆီးရီးယားခေါင်းဆောင်တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ကုလသမဂ္ဂတွင် မိန့်ခွန်းပြောသူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ ဆီးရီးယား အာဏာရှင် သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ် ကို ဖြုတ်ချခဲ့သည့် တော်လှန်ရေး တပ်ပေါင်းစု ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]အာမက် အယ်လ် ရှာရာ သည် ၁၉၈၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ရီယာဒ်မြို့၌ မွေးဖွားခဲ့သည်။[၂][၃]မိဘများမှာ ဆီးရီးယားနိုင်ငံသားများဖြစ်ကြပြီး၊ အလုပ်အကိုင်အတွက် ဆော်ဒီအာရေးဘီးယားသို့ ရွှေ့ပြောင်းနေထိုင်ကြစဉ် ၎င်းအား မွေးဖွားခဲ့ခြင်းဖြစ်သည်။၁၉၈၉ ခုနှစ်နောက်ပိုင်းတွင် ၎င်းသည် မိသားစုနှင့်အတူ ဆီးရီးယားသို့ ပြန်လည်ရောက်ရှိပြီး၊ဒမားစကပ်မြို့တွင် ဘဝကို ဖြတ်သန်းကြီးပြင်းခဲ့သည်။
သူ၏ဖခင် အာမက် အယ် ရှာရာသည် ဆီးရီးယား ရေနံဝန်ကြီးဌာနတွင် ရေနံအင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၎င်း၏မိခင်မှာ ပထဝီဆရာမဖြစ်သည်။[၄]ညီအစ်ကို လေးဦး နှင့် ညီအစ်မနှစ်ဦး ရှိသည့် ၎င်းတို့၏မိသားစုသည် လူလတ်တန်းစား မိသားစုဝင်များ ဖြစ်ကြသည်။အာမက် အယ်လ် ရှာရာ သည် ငယ်စဉ်ကတည်းက ဘာသာရေးနှင့်ပညာရေးကို စိတ်ဝင်စားသူဖြစ်ခဲ့သည်။
သူသည် ဒမားစကပ်မြို့ရှိ ဒမားစကပ်တက္ကသိုလ်တွင် မီဒီယာပညာကိုလေ့လာခဲ့သည်။ နောက်ပိုင်းတွင် ဆေးပညာကို နှစ်နှစ်ကြာ သင်ယူခဲ့သည်။နှစ်နှစ်ကြာ ပညာသင်ကြားပြီးနောက်၊၂၀၀၃ခုနှစ် တွင် ၎င်းသည် သူ့မိသားစုကို မပြောဘဲ အီရတ်သို့ သွားရောက်ခဲ့သည်။
အယ်လ် ရှာရာ သည် ၂၀၀၃ ခုနှစ်၊အမေရိကန်တို့ အီရတ်သို့ မကျူးကျော်မီ သီတင်းပတ်များအတွင်း ဒမားစကပ် မှ ဘဂ္ဂဒက်မြို့ သို့ ဘတ်စ်ကားဖြင့် ခရီးနှင်ခဲ့သည်။ထိုကဲ့သို့ ဆီးရီးယားမှ အီရတ်သို့တရားမဝင်ထွက်ခွာသွားမှုအတွက် ဆီးရီးယားစစ်ထောက်လှမ်းရေး၏ ဖမ်းဆီးစစ်ဆေးမေးမြန်းခံခဲ့ရသော်လည်း မည်သည့်နိုင်ငံရေးပါတီများ သို့မဟုတ် အစွန်းရောက်အဖွဲ့များနှင့် ပတ်သက်ခဲ့မှု မရှိကြောင်း သူက ငြင်းဆိုပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သည့် မှတ်တမ်းများရှိခဲ့သည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]အယ်လ် ရှာရာသည် ၂၀၀၃ ခုနှစ်အခိုက်အတန့်တွင် အီရတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး အယ်လ်ကိုင်ဒါ(အီရတ်) (Al-Qaeda in Iraq, AQI) အဖွဲ့ထဲ ဝင်ရောက်ခဲ့သည်။
ဝင်ဝင်ချင်း ထိုအဖွဲ့ထဲ ခေတ်ပညာတတ်၎င်းသည် စစ်ရေးအတတ်ပညာ နှင့် ဦးဆောင်နိုင်စွမ်းကြောင့် အဆင့်မြင့်သူအဖြစ် လျှင်လျှင်မြန်မြန်နေရာရသွားခဲ့သည်။
အစ္စရေးနိုင်ငံ၏ အထင်ကရ The Times of Israel သတင်းစာသည် ၂၀၁၃ ခုနှစ်တွင် အယ်ရှာရာသည် AQI ခေါင်းဆောင် အဘူ မူဆပ် အယ်အ် ဇာကာဝီ (Abu Musab al-Zarqawi) ၏ အနီးကပ်တွဲဖက်တစ်ဦးဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။
အဘူ မူဆပ် အယ်အ် ဇာကာဝီ သည် အိုင်အက်စ်အဖွဲ့ ISIS (Islamic State of Iraq and Syria) တည်ထောင်မှုအစ ပေးသူတစ်ဦးအဖြစ်လည်း မှတ်သားခံထားရပြီး၊အိုစမာဘင်လာဒင် ၏ အယ်လ်ကိုင်ဒါအဖွဲ့ခွဲတစ်ခုဖြစ်သည့် အီရတ်ရှိ အယ်လ်ကိုင်ဒါအီရတ် အဖွဲ့၏ တည်ထောင်သူ နှင့် ခေါင်းဆောင် ဖြစ်သည်။ယင်းအဖွဲ့သည် အမေရိကန်တို့၏ အီရတ်ကျူးကျော်မှု (၂၀၀၃) နောက်ပိုင်းမှာ အမေရိကန်စစ်တပ် နှင့် အီရတ်အစိုးရတပ်များကို ဆန့်ကျင်တော်လှန်ခဲ့သည့် အဖွဲ့ ဖြစ်ကာ၊ခေါင်းဆောင် အဘူ မူဆပ် အယ်အ် ဇာကာဝီ သည် ၂၀၀၆ ခုနှစ်၊ဇွန်လ ၇ ရက် တွင် အမေရိကန်လေကြောင်းတိုက်ခိုက်မှုဖြင့် အီရတ်၌ သေဆုံးခဲ့သည်။
အမေရိကန်နိုင်ငံ၏ တီဗွီပရိုဂရမ်တစ်ခုဖြစ်သည့် Frontline နှင့် ၎င်း၏ ၂၀၂၁ ခုနှစ် အင်တာဗျူးတွင် အယ်လ်ရှာရာ သည် ဇာကာဝီ နှင့် တွေ့ဆုံခဲ့ဖူးကြောင်း ငြင်းဆိုခဲ့ပြီး၊သူသည် အမေရိကန်သိမ်းပိုက်မှုကို ဆန့်ကျင်သည့် အယ်လ်ကိုင်ဒါ လက်အောက်တွင် ပုံမှန်ခြေလျင်စစ်သားအဖြစ်သာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်တွင် Economist က အယ်ရှာရာသည် ၂၀၀၄ ခုနှစ်တွင် ဇာကာဝီ၏ လက်ထောက်ဖြစ်သည်ဟု အီရတ်ထောက်လှမ်းရေးက ယုံကြည်ကြောင်း အစီရင်ခံခဲ့သည်။
၂၀၀၆ ခုနှစ်တွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတွင် ဇာကာဝီ သေဆုံးပြီးနောက် အယ်လ်ရှာရာ သည် အီရတ်မှ ထွက်ခွာပြီး လက်ဘနွန်နိုင်ငံ တွင် ခေတ္တနေထိုင်ခဲ့ပြီး ဂျီဟတ်ဝါဒီ စစ်သွေးကြွအဖွဲ့ (Jund al-Sham )အား ထောက်ပံ့ပို့ဆောင်ရေး ပံ့ပိုးပေးခဲ့သည်ဟု အခိုင်အမာဆိုခံထားရသည်။ ၂၀၀၆ ခုနှစ်တွင် အီရတ်ပြည်တွင်းစစ်မစတင်မီတွင် အယ်လ်ရှာရာသည် ဆက်လက်တိုက်ခိုက်ရန် အီရတ်သို့ပြန်လာခဲ့သည်။သို့သော် သူ့ကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ အမေရိကန်တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရပြီး အကျဉ်းထောင်အသီးသီးတွင် ငါးနှစ်ကျော် အကျဉ်းချခံခဲ့ရသည်။အီရတ်အာဏာပိုင်များသည် အယ်လ်ရှာရာကို ပြည်တွင်းရှိ အီရတ်လူမျိုးမဟုတ်ဘဲ နိုင်ငံခြားတိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ကြောင်း စွဲကိုင်ယုံကြည်ခဲ့ကြသည်။ထိုအချိန်တွင် အယ်လ်ရှာရာသည် အခြားအကျဉ်းသားများအား အာရဗီစာပေညာကို သင်ကြားပေးခဲ့ပြီး၊ထိုအရာမှတဆင့် သူ၏ကျော်ကြားမှုသည် တိုးပွားလာခဲ့သည်။
ဆီးရီးယားပြည်တွင်းစစ်နှင့်ဖြတ်သန်းမှုများ
[ပြင်ဆင်ရန်]အီရတ်နိုင်ငံတွင် ထိန်းသိမ်းခံထားရသူများအား ပြန်လည်သုံးသပ်မှုအတွင်း အီရတ်အာဏာပိုင်များသည် အယ်လ်ရှာရာ အား စွဲချက်မတင်တော့ဘဲ ဆီးရီးယားတော်လှန်ရေးမစတင်မီ ရက်ပိုင်းအလို ၂၀၁၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
၂၀၁၁ ခုနှစ် ဩဂုတ်လတွင် အယ်လ်ကိုင်ဒါခေါင်းဆောင် အေးမန်း အယ်ဇဝါဟီရီ ( Emir Ayman al-Zawahiri) နှင့် အယ်လ်ကိုင်ဒါ ၏ ဗဟိုဌာနချုပ်တို့က ဆီးရီးယားတွင် အယ်လ်ကိုင်ဒါအဖွဲ့၏ အဖွဲ့ခွဲတစ်ခု တည်ထောင်ရန် အယ်လ်ရှာရာ ကို တာဝန်ပေးအပ်ခဲ့ကြသည်။
အေးမန်း အယ်ဇဝါဟီရီ သည် အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့ အယ်လ်ကိုင်ဒါ( Al-Qaeda) ၏ အဓိကခေါင်းဆောင် ဖြစ်ပြီး အိုစမာဘင်လာဒင် ၏ နေရာသို့ အစားထိုးဝင်ရောက်လာသည့် ခေါင်းဆောင် ဖြစ်သည်။၎င်းသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် အမေရိကန်တိုက်ခိုက်မှုဖြင့် သေဆုံးခဲ့သည်ဟု အမေရိကန် အစိုးရကသတင်းထုတ်ပြန်ခဲ့သည်။
ဤသို့ဖြင့် အယ်လ်ရှာရာသည် ဂျိုလာနီ အမည်ဖြင့် တိုက်ခိုက်ရေးတွင် တစ်စတစ်စဖြင့် ထင်ရှားလာခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ဆီးရီးယားနိုင်ငံ၌ သမ္မတ ဘာရှာ အယ် အာဆတ် အစိုးရကို လက်နက်ကိုင်ဆန့်ကျင် တိုက်ခိုက်မှုကြီး စတင်ဖြစ်ပေါ်ခဲ့သည်။ထိုအခါတွင် အိုင်အက်စ် အဖွဲ့ခွဲတခု စတင်ထူထောင်ရန် ကမ်းလှမ်းခံရသည့် အယ်လ်ရှာရာ သည် နပ်စ်စရာ တပ်ဦး (Nusra Front သို့မဟုတ် Jabhat al-Nusra) လက်နက်ကိုင်အဖွဲ့တွင် နာမည်ဝှက် အယ် ဂျိုလာနီ အမည်ဖြင့် အောင်မြင်မှုရသည့် တပ်မှူးတစ်ဦး အဖြစ်ပါဝင်ခဲ့သည်။
ဂျူလာနီ၏ Al- Nusra Front သည် ဘာသာရေးအခြေခံအဖွဲ့ဖြစ်ပြီး၊သူသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ထိုအဖွဲ့တွင် ပါဝင်ခဲ့ပြီး ထိုစဉ်က အယ်လ်ကိုင်ဒါ၊ အိုင်အက်စ် (ISIS) များနှင့် ဆက်စပ်မှုရှိခဲ့သူ ဖြစ်သည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ရှာရာသည် ဆီးရီးယားရှိ အစိုးရဆန့်ကျင်တိုက်ခိုက်ရေးအဖွဲ့တွင် ခေါင်းဆောင်တစ်ဦးဖြစ်လာသည်။ ထိုနှစ် ဒီဇင်ဘာလတွင် အမေရိကန် နိုင်ငံခြားရေးဌာနသည် ဆီးရီးယားတွင်လှုပ်ရှားနေသည့် အယ်ရှာရာတို့၏ လက်နက်ကိုင်အဖွဲ့ အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဌာနသည် အယ်လ်ရှာရာကို ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် ၂၀၁၃ ခုနှစ် မေလတွင် စာရင်းသွင်းခဲ့သည်။
အယ်လ်ရှာရာ ၏ ဦးဆောင်မှုအောက်တွင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့သည် ဆီးရီးယား၏ အင်အားအကြီးဆုံး အဖွဲ့များထဲမှ တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။ ၎င်း၏ အမာခံနယ်မြေသည် ဆီးရီးယားအနောက်မြောက်ပိုင်းအား ဗဟိုပြုထားပြီး၊ ဆီးရီးယားအစိုးရတပ်များနှင့် အမေရိကန်ထောက်ခံသည့်အဖွဲ့များကို တိုက်ခိုက်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် အယ်ဂျိုလာနီ သည် နပ်စ်စရာ တပ်ဦးကို အိုင်အက်စ်အဖွဲ့ နှင့် ချိတ်ဆက် မထားတော့ဘဲ အဆက်ဖြတ်လိုက်ကာ အယ်လ်ကိုင်ဒါ၏ ထိန်းချုပ်မှု အောက်ကို ပြောင်းလဲခဲ့သည်။
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်တွင် သူ၏ Jabhat al-Nusra ကို Jabhat Fateh al-Sham (Front for the Conquest of Syria) အမည်ပြောင်းကြောင်း ကြေညာခဲ့ပြီး အယ်လ်ကိုင်ဒါအပါအဝင် ပြင်ပအဖွဲ့အစည်းများနှင့် ဆက်နွှယ်မှုမရှိဟူ၍ ကြေညာခဲ့သည်။အယ်လ်ကိုင်ဒါ နှင့် လမ်းခွဲလိုက်သည့်သတင်းစကားကို အသံသွင်းချက်ဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ်၊အောက်တိုဘာ ၁ ရက် တွင် အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့ ဟာရက် တီဟာ အရှမ် (Hayat Tahrir al-Sham - HTS) သည် အဘူး ဂျာဘား ရှိတ်ခ် ဦးဆောင်နေမှုမှ အယ်လ်ရှာရာ ခေါင်းဆောင်မှုအောက်သို့ ရောက်ရှိလာခဲ့သည်။သူသည် ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်လာပြီးနောက်၊ HTS အဖွဲ့သည် ဆီးရီးယား အစိုးရကို တိုက်ခိုက်နေသည့် အဓိကလက်နက်ကိုင်အဖွဲ့များထဲမှ အင်အားကြီးအဖွဲ့တခုဖြစ်လာခဲ့သည်။ နိုင်ငံ အနောက်မြောက်ပိုင်းရှိ နယ်မြေအတော်များများကို ထိန်းချုပ်ထားနိုင်သည်အထိ အင်အားကြီးထွားခဲ့သည်။
(Hayat Tahrir al-Sham - HTS)အဖွဲ့ သည် အယ်လ်ကိုင်ဒါ နှင့် အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့ အိုင်အက်စ် လက်ခွဲဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အစိုးရအများစုက သတ်မှတ်ထားကြသည်။ထို့ကြောင့် အကြမ်းဖက်အဖွဲ့အစည်း (terrorist organisation) တခုအဖြစ် ကြေညာခြင်းခံရသည်။
HTS အဖွဲ့ခေါင်းဆောင် အာမက် အယ်လ် ရှာရာ (ခ) အဘူ မိုဟာမက် အယ် ဂျိုလန်နီကို လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် အမေရိကန်က ဆုကြေး ဒေါ်လာ ၁၀ သန်း ထုတ်ဆင့်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အယ် ဂျိုလာနီ (ခ) အာမက် အယ်လ် ရှာရာ သည် အမေရိကန်နိုင်ငံ၏ အများပြည်သူသတင်းလွှင့်ဌာန ပီဘီအက်စ် သတင်းဌာန မှတဆင့် ၎င်း ၏ရည်ရွယ်ချက်သည် ဆီးရီးယား သမ္မတ အယ် အာဆတ် ကို ဖယ်ရှားရန်သာဖြစ်ပြီး၊ထိုကဲ့သို့ အာဆတ်ကို ဖြုတ်ချရေး ရည်ရွယ်ချက်သည် အမေရိကန် နှင့် အနောက်အုပ်စုတို့၏ စွဲကိုင်ထားချက်လည်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ယင်းအပြင် သူသည် အယ်လ်ကိုင်ဒါ၏ ကမ္ဘာလုံးဆိုင်ရာ ဂျီဟတ်ဝါဒ သေနင်္ဂဗျူ ဟာကို လိုက်နာတော့မည်မဟုတ်သည့်အကြောင်းအပြင်၊ဆီးရီးယားဒေသသည် ဥရောပ နှင့် အမေရိကန်၏ လုံခြုံရေးကို ခြိမ်းခြောက်မည့်နေရာ နှင့် နိုင်ငံခြားသို့ ဂျီဟတ်ဝါဒီများ ပို့လွှတ်မည့် နေရာမဟုတ်ကြောင်း ကတိစကားပေးခဲ့သည်။
ထိုပြောကြားချက်မတိုင်ခင် ၂၀၂၀ ပြည့်နှစ်တွင် HTS အဖွဲ့သည် ဆီးရီးယားအနောက်ပိုင်းရှိ ဂျီဟတ် လွမ်းမိုးထားရာ အစ်လစ်ဘ်ဒေသမှ အယ်လ်ကိုင်ဒါစခန်းများကို ပိတ်ပစ်ခဲ့ပြီး၊ အယ်လ်ကိုင်ဒါခေါင်းဆောင်တချို့ကို အကျဉ်းချခဲ့သည့်အပြင်၊ အိုက်အက်စ် လှုပ်ရှားမှုများကိုလည်း နှိမ်နင်းခဲ့သည်။
အယ်လ် ရှာရာ ဦးဆောင်သည့် HTS အဖွဲ့သည် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေတို့တွင် အစ္စလာမ်မစ် ဥပဒေများ ကျင့်သုံးကြသည်၊သို့သော် ဂျီဟတ်အဖွဲ့များကဲ့သို့ မတင်းကျပ်သည့်အတွက် ဂျီဟတ်အဖွဲ့များက လျော့ရိ လျော့ရဲလုပ်ဆောင်သည့် အဖွဲ့ဟု ဝေဖန်ကြသည်။
၂၀၂၄ ခုနှစ် မတိုင်မီကာလများတွင် အီရန် နှင့် ဟစ်ဇ်ဘိုလာ[၅] အပါအဝင် ရုရှားတပ်များ၏ ကူညီမှုများကြောင့် ဆီးရီးယားနိုင်ငံတွင်းရှိ နေရာအများစုကို သမ္မတဘာရှာအယ်အာဆတ် ၏ အစိုးရတပ်များသည် ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့သည်။ အာဆတ်၏ အနေအထားသည်လည်း ၂၀၁၁ ခုနှစ်ကကဲ့သို့ မဟုတ်တော့ဘဲ သံတမန်ရေးရာတွင် ပြန်လည် တိုးတက်လာပြီး၊ ၂၀၂၃ ခုနှစ်တွင် ဆီးရီးယားသည် အာရပ်အဖွဲ့ချုပ် ထဲသို့ပင် အဖွဲ့ဝင်အဖြစ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ဤတွင် အယ် ဂျိုလာနီ (ခ) အာမက် အယ်လ် ရှာရာ ၏ Hayat Tahrir al-Sham - HTS အဖွဲ့ သည် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းဒေသထိန်းချုပ်ထားရာ အဖွဲ့အဖြစ် အနေအထားသာရှိခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် တွင် ဆီးရီးယားနိုင်ငံမြောက်ပိုင်းနှင့် တူရကီနိုင်ငံတောင်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျူရှိသည့် ငလျင်ကြီး လှုပ်ခတ်ခဲ့သည်။[၆]ငလျင်ဘေးသင့်ဒေသထဲတွင် ၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ်ပွဲကြောင့် အစိုးရ အုပ်ချုပ်မှု ပျက်စီးပြီးနောက် ၂၀၁၇ ခုနှစ်တွင် Hay’at Tahrir al-Sham (HTS) အဖွဲ့နှင့် Syrian Salvation Government (SSG) အုပ်ချုပ်မှုအောက်ရှိ ဆီးရီးယားအနောက်ပိုင်း အရေးကြီး စစ်ဘက်နယ်မြေ အစ်လစ်ဘ်ဒေသသည်လည်း ငလျင်ဒဏ်အပြင်းထန်ဆုံးနယ်မြေများထဲမှ တစ်ခုဖြစ်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီ ၁၀ ရက် တွင် သမ္မတဘာရှာအယ်အာဆတ် သည် အစိုးရထိန်းချုပ်မှုအောက်တွင် မရှိသော ဒေသများသို့ အကူအညီများ ခွင့်ပြုပေးခြင်းဖြင့် ဆက်ဆံရေးတင်းမာခဲ့သည့် နိုင်ငံတကာနှင့် ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းလာနိုင်ခဲ့သည်။[၇]
တစ်ဖက်တွင်လည်း SSG-aligned Hay'at Tahrir al-Sham (HTS) ၏ တပ်မှူး အယ်လ် ရှာရာ သည် ငလျင်သင့် အစ်လစ်ဘ်ဒေသကို လျစ်လျူရှု ခံရခြင်းအတွက် အကူအညီပေးရေး အေဂျင်စီများကို ဝေဖန်ခဲ့ပြီး၊ ပြန်လည်တည်ဆောက်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းခဲ့သည်။
အာဆတ်အစိုးရနှင့် ရုရှားတို့သည် ဆီးရီးယားကို “လွန်ခဲ့သည့် ၁၂ နှစ်အတွင်းသို့ ဆီးရီးယား ပြန်ရောက်စေရန် ငလျင်က ပြောင်းလဲစေခဲ့သည်” ဟုလည်း ၎င်းက ရှုတ်ချခဲ့သည်။ HTS အမှတ်တံဆိပ်ကို ပုံဖော်ရန် ကြိုးပမ်းမှု မေးခွန်းများ နှင့် အစ်လစ်ဘ်ဒေသ၏ အိုးအိမ်မဲ့ လူဦးရေကို ကူညီပံ့ပိုးပေးနိုင်သည့် အဖွဲ့၏ စွမ်းရည်နှင့် ပတ်သက်၍လည်း ၎င်းက “ကျွန်ုပ်တို့၏ စွမ်းဆောင်နိုင်ရည်မှာ ကန့်သတ်ချက်များ ပြည့်သွားပါပြီ။ ကျွန်ုပ်တို့ တတ်နိုင်သမျှ လုပ်ဆောင်ခဲ့သည်”ဟု ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် မတ်လတွင် အစ်လစ်ဘ်ပြည်နယ်တွင် အယ်ဘ် ရှာရာ (ခ)ဂျိုလာနီ ၏ အုပ်ချုပ်မှုအား ဒေသခံပြည်သူများက ဆန့်ကျင်သည့် ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။ Isqat al-Julani ("Down with Julani") ဟူသော ဆောင်ပုဒ်သည် ထင်ရှားခဲ့သည်။ထိုဆန္ဒပြမှုသည် ၂၀၁၁ ခုနှစ် ဆီးရီးယားနွေဦးဆန္ဒပြပွဲအပြီး တကျော့ပြန်ဆန္ဒပြပွဲ ဖြစ်ခဲ့သည်။ ရာနှင့်ချီသော တခါတရံတွင် ထောင်နှင့်ချီသော ဆန္ဒပြသူများသည် အစ်လစ်ဘ်၏ မြို့များနှင့် မြို့များတွင် တစ်လကျော်ကြာ ချီတက်ခဲ့ကြသည်။ရက်စက်ကြမ်းကြုတ်မှုစွပ်စွဲချက်များ၊ ထောင်နှင့်ချီသော ဝေဖန်ရေးသမားများကို အကျဉ်းထောင်များတွင် ထိန်းသိမ်းထားကြောင်း သတင်းများနှင့်အတူ အခွန်မြင့်မားမှုနှင့် စီးပွားရေးဆိုင်ရာ မကျေနပ်ချက်များအစရှိသည့် အကြောင်းရင်းများစွာဖြင့် ဆန္ဒပြမှုများသည် အစပျိုးခဲ့ခြင်းဖြစ်သည်။
မငြိမ်မသက်မှုကို တုံ့ပြန်သည့်အနေဖြင့် အယ်လ်ရှာရာသည် လိုက်လျောမှုများစွာ ပြုလုပ်ခဲ့သည်။အကျဉ်းသားရာနှင့်ချီ လွတ်မြောက်ခဲ့သည်။ သစ္စာဖောက်မှုဟု ခေါ်ဝေါ်သည့် ဆန့်ကျင်ဆန္ဒပြသူများကို သတိပေးနေချိန်တွင် ဒေသတွင်း ရွေးကောက်ပွဲများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်ပေးမည်ဟု ၎င်းက ကတိပြုခဲ့သည်။
တစ်ဖက်တွင်လည်း သူသည် တူရကီနိုင်ငံ၏ ဖိအားကို ရင်ဆိုင်ခဲ့ရပြန်သည်။ တူရကီနိုင်ငံသည် ယခင်က အစ်လစ်ဘ်ပြည်နယ်ကို လျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပေးခြင်းဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးပစ္စည်းများ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုခြင်းဖြင့် တည်ငြိမ်အောင် ကူညီပေးခဲ့ဖူးသည်။နောက်ပိုင်းတွင် တူရကီ သည် အစ်လစ်ဘ်ပြည်နယ် ကို ၎င်း၏နယ်စပ်ဖြတ်ကျော်မှုများမှတစ်ဆင့် ကုန်သွယ်မှုကို လျှော့ချခဲ့ပြီး HTS ၏ ဝင်ငွေကို ထိခိုက်စေခဲ့သည့် ဖိအားဖြစ်သည်။အစီရင်ခံစာများအရ အယ်လ်ရှာရာသည် ဆီးရီးယားမြောက်ပိုင်းရှိ အခြားသောတူရကီထိန်းချုပ်နယ်မြေများကို သိမ်းပိုက်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သည်။
အာဆက်အစိုးရကျဆုံးခြင်း
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် နိုဝင်ဘာလ အဆုံးတွင် အာမက် အယ်လ်ရှာရာသည် Hayat Tahrir al-Sham (HTS) ကို ဦးဆောင်ကာ အာဆတ်ကို ဆန့်ကျင်သည့် ရန်လိုမှုကိုတားဆီးမည့်စစ်ဆင်ရေး “Deterrence of Aggression” ကို စတင်ခဲ့သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက်၊ သောကြာညတွင် အစ္စလာမ်ဘာသာရေး အခြေခံ အုပ်စု တစ်ခုဖြစ်သည့် HTS လက်နက်ကိုင်များ ဦးဆောင်သည့် တော်လှန်ရေး တပ်ပေါင်းစုသည် ၎င်းတို့၏အလံကို ဆီးရီးယား ဒုတိယမြို့တော် အလက်ပို ၏ အထင်ကရ သမိုင်းဝင်နေရာ အလယ်ခေတ် ရှေ ခံတပ်ကြီးတွင် လွှင့်တင်လိုက်ခြင်းဖြင့် သိမ်းပိုက်ခဲ့သည်။[၈]ရုရှားတပ်ကလည်း အလက်ပိုမြို့ကို လေကြောင်းဖြင့် ဗုံးကြဲခဲ့သည်။
၂၀၂၄ ဒီဇင်ဘာ ၁ ရက်တွင် အာရပ်နိုင်ငံများ၌ ထုတ်ဝေသည့် အပတ်စဉ် သတင်းမဂ္ဂဇင်းတစ်ခုဖြစ်သည့် Al-Usbu' သည်၊ အယ်လ်ရှာရာသည် ရုရှား လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ဟု ကြေညာခဲ့သည်။
၂၀၂၄ ဒီဇင်ဘာ ၄ ရက်တွင် အလက်ပိုမြို့တွင် အယ်လ်ရှာရာ လည်ပတ်သွားပြီး သတင်းအမှားဟု သက်သေပြခဲ့သည်။
HTS ဦးဆောင်သည့် တပ်ဖွဲ့များက အဝေးပြေးလမ်းမကြီးအတိုင်း တောင်ပိုင်းသို့ ထပ်ဆင်းလာပြီး၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အရေးပါသည့် ဟားမားမြို့ကို ထပ်မံသိမ်းပိုက်ခဲ့ပြန်သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် CNN နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းခန်းတွင် အယ်လ်ရှာရာသည် ထိုးစစ်၏ ရည်ရွယ်ချက်မှာ အာဆတ်ကို အာဏာမှ ဖယ်ရှားရန်ဖြစ်ကြောင်း ကြေညာခဲ့သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် အများမထင်မှတ်လောက်အောင် မြန်ဆန်ပြီး ဆီးရီးယားမြို့တော်၊ ဒမားစကပ် ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။ထိုနေ့တွင် အာဆတ်လည်း ဆီးရီးယားက ထွက်ပြေးသွားခဲ့ရသည်။ဆီးရီးယားနိုင်ငံ ဝန်ကြီးချုပ် Mohammad Ghazi al-Jalali သည် သမ္မတ အာဆတ် နိုင်ငံမှ ထွက်ခွာသွားပြီးဖြစ်ကြောင်းနှင့် ရွေးကောက်ခံ အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးမည်ဟု ကြေညာခဲ့သည်။ယင်းအပြင် အယ်လ်ရှာရာအား "အစိုးရ အဖွဲ့ အစည်းများကို ၎င်းတို့ လွှဲပြောင်းမပေးအပ်မီအထိ ကြီးကြပ်မည်" ဟု ထပ်မံ ကြေညာခဲ့သည်။
ထိုနေ့တွင်ပင် အယ်လ်ရှာရာသည် အာဆတ်အစိုးရ ကျဆုံးခြင်းအား “ဒေသ၏သမိုင်း၏ စာမျက်နှာသစ်” ဟုခေါ်ပြီး “အီရန်ရည်မှန်းချက်များအတွက် ကစားကွင်း” အဖြစ် ဆီးရီးယား၏ အခန်းကဏ္ဍကို ရှုတ်ချကာ ဂိုဏ်းဂဏစွဲဝါဒနှင့် အကျင့်ပျက်ခြစားမှုတို့ဖြင့် လက္ခဏာဆောင်သော ဒမတ်စကတ်ရှိ Umayyad ဗလီတွင် မိန့်ခွန်းပြောခဲ့သည်။
ဦးဆောင်သူနှင့်သမ္မတ
[ပြင်ဆင်ရန်]နောက်ပိုင်းတွင် အယ်လ်ရှာရာသည် HTS ၏ အကြီးအကဲအဖြစ် တိုင်းပြည်၏ ဦးဆောင်သူ ဖြစ်လာခဲ့သည်။ နောက်တစ်နေ့တွင်၊ သူ့ကို အိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်အဖြစ် ဆီးရီးယားစစ်ဌာနချုပ်မှ တရားဝင် ခန့်အပ်ခဲ့သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အယ်လ်ရှာရာသည် တူရကီအရာရှိများနှင့် တွေ့ဆုံခဲ့သည်။ဤတွေ့ဆုံမှုသည် အာဆတ် ဖြုတ်ချပြီးနောက်ပိုင်း ပထမဆုံး သံတမန်ကိုယ်စားလှယ်အဖွဲ့အဖြစ် သတ်မှတ်ခံရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ တွင် အမေရိကန် နိုင်ငံခြားရေးဌာနအနောက်အရှေ့ရေးအရာရှိ (Assistant Secretary for Near Eastern Affairs) Barbara A. Leaf ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဆီးရီးယားနိုင်ငံသို့ သွားရောက်ခဲ့သည်။တစ်ချိန်က အမေရိကန်နိုင်ငံသည် အယ်လ်ရှာရာအပေါ် ထုတ်ထားခဲ့သည့် ဆုငွေ ဒေါ်လာ ၁၀ သန်း ကိစ္စကို ပယ်ဖျက်ပေးခဲ့သည်။[၉]
အယ်လ်ရှာရာသည် တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားအမျိုးသားတပ်မတော် အပါအဝင် သူပုန်အဖွဲ့များစွာကို ဖျက်သိမ်းကာ ယာယီအစိုးရ၏ ကာကွယ်ရေး ဝန်ကြီးဌာနကို ဒီဇင်ဘာ ၂၄ ရက် တွင် ဖွဲ့စည်း ကြေညာခဲ့သည်။[၁၀]
ဒီဇင်ဘာ ၂၉ ရက် အင်တာဗျူးတစ်ခုတွင် ဆီးရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးသားခြင်းလုပ်ငန်းစဉ်သည် နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာမြင့်မည်ဟု မျှော်လင့်ထားကြောင်း၊ လေးနှစ်အကြာတွင် ရွေးကောက်ပွဲများ ပြုလုပ်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
နိုင်ငံခြားဆက်ဆံရေး
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot တို့သည် ဆီးရီးယားသို့ ပထမဆုံးသွားရောက်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ထိပ်တန်းသံတမန်များဖြစ်ကြပြီး၊ ဥရောပနှင့် ဆီးရီးယားအကြား နိုင်ငံရေးအစပြုမှုအကြောင်း ဆွေးနွေးရန် တွေ့ဆုံခဲ့သည်။
ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အယ်လ်ရှာရာသည် ကျမ်းသစ္စာကျိန်ဆိုမှုကို ဆောင်ရွက်ခဲ့သည်။အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် သည် အယ်လ်ရှာရာအား ဂုဏ်ပြုစကားပြောကြားခဲ့ပြီး၊အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးယူဆောင်လာသူ အဖြစ် ယုံကြည်ကြောင်းဖော်ပြခဲ့သည်။ ဇန်နဝါရီ ၂၉ ရက်တွင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mikhail Bogdanov ဦးဆောင်သော ရုရှားကိုယ်စားလှယ်အဖွဲ့သည် အယ်လ်ရှာရာ နှင့် တွေ့ဆုံရန် ဒမားစကတ်သို့ သွားရောက်ခဲ့ပြီး၊ ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုအတွက် မော်စကို၏ ထောက်ခံမှုကို ထပ်မံအတည်ပြုခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အယ်လ်ရှာရာအား ဆီးရီးယားသမ္မတအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။
၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ တွင် အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့၏စစ်သည် ၂၀၀၀ ခန့်ကို ဆီးရီးယားနိုင်ငံအတွင်း၌ တပ်ဖြန့်ထားခြင်းအား ရုပ်သိမ်းရန် စတင်စီစဉ်ခဲ့သည်။[၁၁]
၂၀၂၅ ခုနှစ် မေလ ၁၄ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ဆီးရီးယားသမ္မတ အာမက်အယ်ရှာရာ နှင့် ဆော်ဒီအာရေဗျနိုင်ငံတွင် တွေ့ဆုံခဲ့ကြသည်။[၁၂] အယ်ရှာရာ၏ အစ္စလာမ်မစ်ဦးဆောင်သည့် အစိုးရအဖွဲ့အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းမည်ဟု အမေရိကန်က အံ့အားသင့်ဖွယ် ကြေညာခဲ့သည်။
၂၀၂၅ ခုနှစ်၊စက်တင်ဘာလ ၂၄ ရက် တွင် အယ်လ်ရှာရာ သည် ဆီးရီးယားနိုင်ငံ ခေါင်းဆောင်တစ်ဦးအနေဖြင့် နှစ်ပေါင်း ၆၀ နီးပါးအတွင်း ပထမဆုံး ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားသည်။[၁၃]သူသည် စစ်ပြီးခေတ် ဆီးရီးယားကို အစွမ်းကုန် ပြန်လည် ကြိုးစား တည်ဆောက်နေပြီး နိုင်ငံတကာက ဝိုင်းဝန်း ကူညီပေးကြရန် မေတ္တာရပ်ခံသွားခဲ့သည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး၊ရုရှားသမ္မတ နှင့် တွေ့ဆုံခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၆ ရက် တွင် အမေရိကန်ရေးဆွဲခဲ့သည့် ဆုံးဖြတ်ချက်အရ ဆီးရီးယားသမ္မတ အာမက်အယ်လ်ရှာရာ နှင့် ပြည်ထဲရေးဝန်ကြီး အာနက်စ်ခါတက်ဘ်တို့အပေါ် ပိတ်ဆို့မှုများအား ဖယ်ရှားခဲ့သည်။[၁၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အလက်ပိုကို သိမ်းလိုက်တဲ့ ဆီးရီးယား သူပုန်ခေါင်းဆောင် အဘူမိုဟာမက် အယ် ဂျိုလန်နီက ဘယ်သူလဲ။ BBC (၄ ဒီဇင်ဘာ ၂၀၂၄)။ ၉ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Who is Abu Mohammed al-Jolani? 'Polite' Syrian leader heads home (in en) (11 December 2024)။ 18 December 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 December 2024 တွင် ပြန်စစ်ပြီး။
- ↑ Ahmad al-Sharaa reveals his true date of birth (in ar)။ An-Nahar (30 December 2024)။ 11 January 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 December 2024 တွင် ပြန်စစ်ပြီး။
- ↑ Hassan၊ Hassan။ "Profile: Abu Mohammad al-Jolani"၊ The Sunday Telegraph၊ 8 December 2024။
- ↑ လက်ဘနွန်က ဟစ်ဇ်ဘိုလာ ဆိုတာ ဘယ်သူတွေလဲ။ BBC (၁၈ အောက်တိုဘာ ၂၀၂၃)။ ၉ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဆီးရီးယားငလျင်လှုပ်ရာဒေသ အစားအစာပြတ်လပ်မှုဖြစ်ပေါ်။ MOI Myanmar (၁၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၉ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ငလျင်ကို အသုံးချပြီး အာဆတ် ယခင်အနေအထား ပြန်ရောက်မလား။ The Irrawaddy (၁၈ ဖေဖော်ဝါရီ ၂၀၂၃)။ ၉ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဆီးရီးယား ဒုတိယမြို့တော် အလက်ပို ကို သူပုန်တပ်ပေါင်းစု သိမ်းပိုက်။ BBC (၃၀ နိုဝင်ဘာ ၂၀၂၄)။ ၉ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ US drops $10M terrorism bounty offered for capture of Syrian rebel leader who ousted Assad။ AP (21 Dec 2024)။ 9 Nov 2025 တွင် ပြန်စစ်ပြီး။
- ↑ ဆီးရီးယား HTS အဖွဲ့ခေါင်းဆောင် နဲ့ ဘီဘီစီ သီးသန့်မေးမြန်း။ BBC (၁၉ ဒီဇင်ဘာ ၂၀၂၄)။ ၉ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အမေရိကန်က ၎င်းတို့၏ တပ်များအား ဆီးရီးယားနိုင်ငံမှ လပိုင်းအတွင်း ပြန်လည်ရုပ်သိမ်းရန် စီစဉ်လျက်ရှိ။ WWD Webportal (၆ ဖေဖော်ဝါရီ ၂၀၂၅)။ ၉ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အမေရိကန်သမ္မတထရန့်က ဆီးရီးယားသမ္မတအယ်ရှာရားနှင့်တွေ့ဆုံခဲ့ပြီး ဆီးရီးယားနှင့်အစ္စရေးကြား ပုံမှန်ဆက်ဆံရေး ထူထောင်ရန် တိုက်တွန်း။ Eleven Media (၁၅ မေ ၂၀၂၅)။ ၉ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နှစ် ၆၀ နီးပါးအတွင်း ကုလသမဂ္ဂမှာ ဆီးရီးယား ခေါင်းဆောင်တစ်ဦး ပထမဆုံးအကြိမ် မိန့်ခွန်းပြော။ လူထုနွေဦး (၂၆ စက်တင်ဘာ ၂၀၂၅)။ ၉ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ဆီးရီးယားသမ္မတနှင့် ပြည်ထဲရေးဝန်ကြီးတို့အပေါ် ပိတ်ဆို့ဒဏ်ခတ်မှု ဖယ်ရှား။ DVB (၇ နိုဝင်ဘာ ၂၀၂၅)။ ၉ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။