မာတိကာသို့ ခုန်သွားရန်

အာနာပါနဿတိ

ဝီကီပီးဒီးယား မှ
Buddha statue doing anapanasati
အာနာပါနရှုမှတ်နေသည့် မြတ်စွာဘုရား

ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် အာနာပါနဿတိကို ကာယာနုပဿနာပိုင်း၌ အခန်းတစ်ခန်းအဖြစ် ထည့်သွင်းဟောကြားထားတော်မူပြီး၊ သမထပိုင်းနှင့် ဝိပဿနာပိုင်း နှစ်မျိုးလုံးတွင် အရေးပါသော ကမ္မဋ္ဌာန်းတစ်ခုအဖြစ် ညွှန်ကြားထားတော်မူသည်။ အာနာပါနဿတိသည် ဝင်သက်ထွက်သက်ကို အာရုံယူ၍ သမထဘာဝနာဖြင့် စတုတ္ထဈာန်သမာဓိသို့ ဆိုက်ရောက်နိုင်ရုံသာမက၊ ဝိပဿနာဉာဏ်ဖြင့် ရုပ်နာမ်ဓမ္မတို့၏ သဘောသဘာဝကို ထိုးထွင်းသိမြင်ကာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်သည့် လမ်းစဉ်တစ်ခုလည်း ဖြစ်သည်။ ဤတွင် အာနာပါနဿတိ၏ သမထပိုင်းနှင့် ဝိပဿနာပိုင်း အဆင့်လေးဆင့်ကို ပြည့်စုံစွာ ဖော်ပြပါမည်။ အာနာပါနဿတိသုတ်လည်း ဖတ်ပါ။

အာနာပါနသမထပိုင်း

[ပြင်ဆင်ရန်]

အာနာပါနသမထကျင့်စဉ်ပိုင်းတွင် ဘုရားရှင်သည် အာနာပါနဿတိကို အဆင့်လေးဆင့်ဖြင့် ညွှန်ကြားထားတော်မူသည်။ ဤအဆင့်များမှာ ဝင်သက်ထွက်သက်ကို အာရုံယူ၍ သမထသမာဓိကို ထူထောင်ရန် အခြေခံလမ်းစဉ်ဖြစ်သည်။ အဆင့်လေးဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဝင်သက်လေ-ထွက်သက်လေ၏ အရှည်ကို သိအောင် ကြိုးစားအားထုတ်ရန်  

ဤအဆင့်တွင် ယောဂီသည် ဝင်သက်လေနှင့် ထွက်သက်လေ၏ အချိန်ကာလ ခပ်ကြာကြာဖြစ်နေသည့် အရှည်သဘောကို သတိဖြင့် သိမ်းဆည်းရှုပွားရသည်။

၂။ဝင်သက်လေ-ထွက်သက်လေ၏ အတိုကို သိအောင် ကြိုးစားအားထုတ်ရန်  

ဤအဆင့်တွင် ဝင်သက်လေနှင့် ထွက်သက်လေ၏ အချိန်ကာလ ခပ်တိုတိုဖြစ်နေသည့် အတိုသဘောကို သတိဖြင့် သိမ်းဆည်းရှုပွားရသည်။

၃။ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားအားထုတ်ရန်  

ဤအဆင့်တွင် ယောဂီသည် ဝင်သက်လေ သို့မဟုတ် ထွက်သက်လေ၏ အစပိုင်း၊ အလယ်ပိုင်း၊ အဆုံးပိုင်းဟူသော သုံးပိုင်းလုံးကို ထင်ထင်ရှားရှား သိမြင်အောင် သတိဖြင့် ကြည့်ရှုရသည်။

၄။ဝင်သက်လေ-ထွက်သက်လေကို ငြိမ်အောင် ငြိမ်းအောင် ချုပ်ငြိမ်းအောင် ကြိုးစားအားထုတ်ရန်  

ဤအဆင့်တွင် ယောဂီသည် ဝင်သက်ထွက်သက်၏ ဖြစ်စဉ်သည် တဖြည်းဖြည်း သိမ်မွေ့လာပြီး စိတ်သည် နိမိတ်အာရုံ၌ တည်ငြိမ်လာကာ စတုတ္ထဈာန်သမာဓိသို့ ဆိုက်ရောက်နိုင်သည်။ ဤအဆင့်သည် အာနာပါနဿတိ၏ သမထပိုင်း၏ အထွတ်အထိပ်ဖြစ်သည်။

ဤအဆင့်လေးဆင့်ကို အဋ္ဌကထာနှင့် ဋီကာများက ရှင်းလင်းတင်ပြထားရာ၊ “အရှည်-အတို” ဟူသည်မှာ ဝင်သက်လေ-ထွက်သက်လေ၏ အချိန်ကာလ ကြာသည် တိုသည်ကို ဆိုလိုသည်ဟု ဖွင့်ဆိုထားသည်။ ဤသမထပိုင်းတွင် အာနာပါနဿတိသည် အပ္ပနာဈာန်သမာဓိသို့ ဆိုက်ရောက်နိုင်သည့် အပ္ပနာကမ္မဋ္ဌာန်းအဖြစ် ရှေးရှေးအဋ္ဌကထာများက ဆုံးဖြတ်ထားသည်။

အာနာပါနဿတိ ဝိပဿနာပိုင်း အဆင့်လေးဆင့်

[ပြင်ဆင်ရန်]

အာနာပါနဿတိ၏ ဝိပဿနာပိုင်းတွင် ဘုရားရှင်သည် ရုပ်နာမ်ဓမ္မတို့၏ သဘောသဘာဝကို ထိုးထွင်းသိမြင်ရန် အဆင့်လေးဆင့်ဖြင့် ညွှန်ကြားထားတော်မူသည်။ ဤအဆင့်များသည် ဥပါဒါနက္ခန္ဓာငါးပါး၏ ဖြစ်မှု၊ ပျက်မှုကို ရှုပွားကာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ရန် လမ်းစဉ်ဖြစ်သည်။ အဆင့်လေးဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။[]

၁။ ပထမအဆင့် - ကာယာနုပဿီဝိဟရတိ

[ပြင်ဆင်ရန်]

ဘုရားရှင်သည် အဇ္ဈတ္တ၌လည်းကောင်း, ဗဟိဒ္ဓ၌လည်းကောင်း, အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးစလုံး၌ လည်းကောင်း ကာယကို ကာယဟု အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏၊

ဤပထမအဆင့်တွင် ကာယဟူသော ရုပ်တရားဦးဆောင်သော ဥပါဒါနက္ခန္ဓာငါးပါးကို သိမ်းဆည်းရှုပွားရသည်။ ဤ၌ “ကာယ” ဟူသည်မှာ ဝင်သက်ထွက်သက်ဖြစ်စဉ်နှင့်ဆက်စပ်နေသော ရုပ်တရားများ (ဥပါဒါရုပ်၊ ဝိညတ္တိရုပ်၊ ဝါယောဓာတ် စသည်) နှင့် နာမ်တရားများကို ဆိုလိုသည်။ []

၂။ ဒုတိယအဆင့် - သမုဒယဓမ္မာနုပဿီ ဝါ ဝယဓမ္မာနုပဿီ ဝါ

[ပြင်ဆင်ရန်]

“ထို့ပြင် ရဟန်းသည် ကာယ၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို ရှုသောသူအဖြစ်လည်းကောင်း၊ ကာယ၌ ချုပ်ကြောင်းတရားနှင့် ချုပ်+ပျက်ခြင်းသဘောကို ရှုသောသူအဖြစ်လည်းကောင်း၊ ကာယ၌ ဖြစ်ကြောင်း ချုပ်ကြောင်းတရားနှင့် ဖြစ်ခြင်း ချုပ်+ပျက်ခြင်းသဘောကို ရှုသောသူအဖြစ်လည်းကောင်း နေ၏။”

ဤဒုတိယအဆင့်တွင် ယောဂီသည် ဥပါဒါနက္ခန္ဓာငါးပါး၏ သမုဒယ နှင့် ဝယ သဘောကို ဝိပဿနာဉာဏ်ဖြင့် ရှုပွားရသည်။ ဤအဆင့်သည် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်တွင် ဖော်ပြထားသော ဥဒယဉာဏ် (၂၅) ပါးနှင့် ဝယဉာဏ် (၂၅) ပါးကို အာရုံယူရသည့်အဆင့်ဖြစ်သည်။

ဥဒယဉာဏ် (၂၅) ပါး

[ပြင်ဆင်ရန်]

ယောဂီသည် ဥပါဒါနက္ခန္ဓာငါးပါး၏ ဖြစ်ခြင်းကို အောက်ပါအတိုင်း ရှုပွားရသည်။[]

၁။ရုပက္ခန္ဓာ၏ ဖြစ်ခြင်း  
  • အဝိဇ္ဇာကြောင့် ရုပ်ဖြစ်၏။
  • တဏှာကြောင့် ရုပ်ဖြစ်၏။
  • ကံကြောင့် ရုပ်ဖြစ်၏။
  • အာဟာရကြောင့် ရုပ်ဖြစ်၏။
  • ဖြစ်ပေါ်ခြင်း (နိဗ္ဗတ္တိ) လက္ခဏာအားဖြင့် ရုပ်၏ ခဏဖြစ်ခြင်းကို ရှု၏။
၂။ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်း  
  • အဝိဇ္ဇာကြောင့် ဝေဒနာဖြစ်၏။
  • တဏှာကြောင့် ဝေဒနာဖြစ်၏။
  • ကံကြောင့် ဝေဒနာဖြစ်၏။
  • ဖဿကြောင့် ဝေဒနာဖြစ်၏။
  • ဖြစ်ပေါ်ခြင်း (နိဗ္ဗတ္တိ) လက္ခဏာအားဖြင့် ဝေဒနာ၏ ခဏဖြစ်ခြင်းကို ရှု၏။
၃။သညာက္ခန္ဓာ၏ ဖြစ်ခြင်း  
  • အဝိဇ္ဇာကြောင့် သညာဖြစ်၏။
  • တဏှာကြောင့် သညာဖြစ်၏။
  • ကံကြောင့် သညာဖြစ်၏။
  • ဖဿကြောင့် သညာဖြစ်၏။
  • ဖြစ်ပေါ်ခြင်း (နိဗ္ဗတ္တိ) လက္ခဏာအားဖြင့် သညာ၏ ခဏဖြစ်ခြင်းကို ရှု၏။
၄။သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်း  
  • အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏။
  • တဏှာကြောင့် သင်္ခါရဖြစ်၏။
  • ကံကြောင့် သင်္ခါရဖြစ်၏။
  • ဖဿကြောင့် သင်္ခါရဖြစ်၏။
  • ဖြစ်ပေါ်ခြင်း (နိဗ္ဗတ္တိ) လက္ခဏာအားဖြင့် သင်္ခါရ၏ ခဏဖြစ်ခြင်းကို ရှု၏။
၅။ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်း  
  • အဝိဇ္ဇာကြောင့် ဝိညာဏ်ဖြစ်၏။
  • တဏှာကြောင့် ဝိညာဏ်ဖြစ်၏။
  • ကံကြောင့် ဝိညာဏ်ဖြစ်၏။
  • နာမ်ရုပ်ကြောင့် ဝိညာဏ်ဖြစ်၏။
  • ဖြစ်ပေါ်ခြင်း (နိဗ္ဗတ္တိ) လက္ခဏာအားဖြင့် ဝိညာဏ်၏ ခဏဖြစ်ခြင်းကို ရှု၏။

ဝယဉာဏ် (၂၅) ပါး

[ပြင်ဆင်ရန်]

ယောဂီသည် ဥပါဒါနက္ခန္ဓာငါးပါး၏ ချုပ်ခြင်းကို အောက်ပါအတိုင်း ရှုပွားရသည်။[]

၁။ရုပက္ခန္ဓာ၏ ချုပ်ခြင်း  
  • အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏။
  • တဏှာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏။
  • ကံချုပ်ခြင်းကြောင့် ရုပ်ချုပ်၏။
  • အာဟာရချုပ်ခြင်းကြောင့် ရုပ်ချုပ်၏။
  • ဖောက်ပြန်ခြင်း (ဝိပရိဏာမ) လက္ခဏာအားဖြင့် ရုပ်၏ ခဏပျက်ခြင်းကို ရှု၏။
၂။ဝေဒနာက္ခန္ဓာ၏ ချုပ်ခြင်း  
  • အဝိဇ္ဇာချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏။
  • တဏှာချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏။
  • ကံချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏။
  • ဖဿချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏။
  • ဖောက်ပြန်ခြင်း (ဝိပရိဏာမ) လက္ခဏာအားဖြင့် ဝေဒနာ၏ ခဏပျက်ခြင်းကို ရှု၏။
၃။သညာက္ခန္ဓာ၏ ချုပ်ခြင်း  
  • အဝိဇ္ဇာချုပ်ခြင်းကြောင့် သညာချုပ်၏။
  • တဏှာချုပ်ခြင်းကြောင့် သညာချုပ်၏။
  • ကံချုပ်ခြင်းကြောင့် သညာချုပ်၏။
  • ဖဿချုပ်ခြင်းကြောင့် သညာချုပ်၏။
  • ဖောက်ပြန်ခြင်း (ဝိပရိဏာမ) လက္ခဏာအားဖြင့် သညာ၏ ခဏပျက်ခြင်းကို ရှု၏။
၄။သင်္ခါရက္ခန္ဓာ၏ ချုပ်ခြင်း  
  • အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏။
  • တဏှာချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏။
  • ကံချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏။
  • ဖဿချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏။
  • ဖောက်ပြန်ခြင်း (ဝိပရိဏာမ) လက္ခဏာအားဖြင့် သင်္ခါရ၏ ခဏပျက်ခြင်းကို ရှု၏။
၅။ဝိညာဏက္ခန္ဓာ၏ ချုပ်ခြင်း  
  • အဝိဇ္ဇာချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏။
  • တဏှာချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏။
  • ကံချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏။
  • နာမ်ရုပ်ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏။
  • ဖောက်ပြန်ခြင်း (ဝိပရိဏာမ) လက္ခဏာအားဖြင့် ဝိညာဏ်၏ ခဏပျက်ခြင်းကို ရှု၏။

ဤအဆင့်တွင် ယောဂီသည် ရုပ်နာမ်တရားတို့၏ အကြောင်းအကျိုးဆက်နွယ်မှုကို ပဋိစ္စသမုပ္ပါဒ်အရ သိမ်းဆည်းရှုပွားရသည်။ အတိတ်အကြောင်းတရားများ (အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ) ကြောင့် ပစ္စုပ္ပန်ဥပါဒါနက္ခန္ဓာငါးပါး ဖြစ်ပေါ်ပုံကို သိမြင်ရသည်။ ထို့အတူ ပစ္စုပ္ပန်အကြောင်းတရားများကြောင့် အနာဂတ်ဥပါဒါနက္ခန္ဓာငါးပါး ဖြစ်ပေါ်ပုံကိုလည်း သိမြင်ရသည်။

ထို့ပြင် ရုပက္ခန္ဓာ၏ ပစ္စုပ္ပန်အကြောင်းတရားများတွင် အာဟာရကို ယူထားရာ၊ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်၊ ဥတုကြောင့်ဖြစ်သော ဥတုဇရုပ်၊ အာဟာရဇရုပ်တို့ကိုလည်း သိမ်းဆည်းရှုပွားရသည်။ နာမ်ခန္ဓာလေးပါး၏ အကြောင်းတရားများတွင် ဖဿ၊ နာမ်ရုပ်၊ မှီရာဝတ္ထုရုပ်နှင့် စွဲမှီရာအာရုံတရားတို့ကို သိမ်းဆည်းရှုပွားရသည်။

ဝယဓမ္မာနုပဿီပိုင်းတွင် အကြောင်းတရားများ (အဝိဇ္ဇာ၊ တဏှာ၊ ကံ စသည်) ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရားများ (ခန္ဓာငါးပါး) ချုပ်ငြိမ်းပုံကို ရှုပွားရသည်။ အရဟတ္တမဂ်ဖြင့် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ အကြွင်းအကျန်မရှိ ကုန်စင်ချုပ်ငြိမ်းပြီး၊ ခန္ဓာငါးပါးတို့သည် ပရိနိဗ္ဗာနစုတိဖြင့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကို ဉာဏ်ဖြင့် မြင်အောင်ရှုရသည်။

ဤအဆင့်တွင် ယောဂီသည် ပစ္စယပရိဂ္ဂဟဉာဏ်၊ သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ်ဟူသော ဝိပဿနာဉာဏ်သုံးမျိုးကို စုစည်းရှုပွားရသည်။

၃။ တတိယအဆင့် - ကာယသန္နိဿိတံ

[ပြင်ဆင်ရန်]

“ထို့ပြင် “ကာယသည်သာလျှင် ရှိ၏”ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) ဝိပဿနာဉာဏ် အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊”

ဤတတိယအဆင့်တွင် ယောဂီသည် ဥပါဒါနက္ခန္ဓာငါးပါး၏ ဖြစ်မှု၊ ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်သည့်တိုင်အောင် ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်ရှုရသည်။ ဤအဆင့်သည် ဘင်္ဂဉာဏ်မှစ၍ အထက်ပိုင်းဝိပဿနာဉာဏ်အားလုံးကို ရည်ညွှန်းထားသည်။

ယောဂီသည် ကာလသုံးပါး (အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ်) နှင့် သန္တာန်နှစ်ပါး (အဇ္ဈတ္တ၊ ဗဟိဒ္ဓ) အတွင်း၌ တည်ရှိသော ဥပါဒါနက္ခန္ဓာငါးပါး၏ ဖြစ်မှု၊ ပျက်မှုကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုရသည်။ ဤသို့ရှုပွားရာ၌ ဝိပဿနာ၏ ညစ်ညူးကြောင်းဖြစ်သော ဥပက္ကိလေသတရားများကို ကျော်လွှားလွန်မြောက်ပြီးနောက်၊ ခန္ဓာငါးပါး၏ ဖြစ်မှုကို မရှုတော့ဘဲ၊ ပျက်မှုသက်သက်ကို အာရုံယူ၍ ဝိပဿနာဘာဝနာကို ဆက်လက်စီးဖြန်းရသည်။

ဤအခါတွင် ယောဂီသည် ရုပ်နာမ်တရားတို့၏ အဖြစ်ကို မမြင်တော့ဘဲ၊ အပျက်သက်သက်ကိုသာ ရှုမြင်နေမည်ဖြစ်သည်။ ထိုအခါ ခန္ဓာငါးပါးတို့၏ -

  • အပျက်သက်သက်ကို အာရုံယူ၍ အနိစ္စဟု ရှု၏။
  • ပြိုပြို ပျက်ပျက်နေသဖြင့် ကြောက်လန့်ဖွယ်ကောင်းသည့် အနက်သဘောကို အာရုံယူ၍ ဒုက္ခဟု ရှု၏။
  • မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တဟူသည့် အနှစ်သာရ မရှိမှုသဘောကို အာရုံယူ၍ အနတ္တဟု ရှု၏။

ဤသို့ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ဝိပဿနာဘာဝနာကို ဆက်လက်စီးဖြန်းရာ၌၊ ရင့်ကျက်လာသော ဘင်္ဂဉာဏ်၏ နောက်တွင် ဘယဉာဏ်၊ အဒ္ဓိနဝဉာဏ်၊ နိဗ္ဗိဒဉာဏ်၊ မုဉ္စိတုကမ္ယတာဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခါဉာဏ် စသော အထက်ပိုင်းဝိပဿနာဉာဏ်များ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်လာမည်ဖြစ်သည်။

ဤအဆင့်တွင် ယောဂီသည် ရုပ်ပရမတ်သက်သက်၊ နာမ်ပရမတ်သက်သက်ကိုသာ ဝိပဿနာဉာဏ်ဖြင့် တွေ့မြင်သိရှိမည်ဖြစ်သည်။ ရုပ်ကလာပ်ကဲ့သို့သော အစိုင်အခဲမျှကိုမျှ မတွေ့မြင်တော့ဘဲ၊ ခန္ဓာငါးပါး၏ နိစ္စ၊ သုခ၊ အတ္တ၊ သုဘဟူသည့် အနှစ်သာရတို့မှ ဆိတ်သုဉ်းနေသည့် သုညသဘောကိုသာ ဝိပဿနာဉာဏ်ဖြင့် တွေ့မြင်သိရှိမည်ဖြစ်သည်။ ဤသုညသဘောကို ရည်ရွယ်ပြီး ဘုရားရှင်က မောဃရာဇရှင်ရသေ့အား “ရှင်သေမင်း မမြင်နိုင်သည့်အရပ်သို့ အရောက်သွားလိုသော သူသည် လောကကို သုညမြင်အောင် ဝိပဿနာဉာဏ်ဖြင့် ကြည့်ရှုပါ” ဟု ညွှန်ကြားတော်မူခြင်း ဖြစ်သည်။[]

၄။ စတုတ္ထအဆင့် - န စ ကိဉ္စိ လောကေ ဥပါဒိယတိ

[ပြင်ဆင်ရန်]

“(ထိုရဟန်းသည် တဏှာ-ဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ တစ်စုံတစ်ခုသော တရားကိုမျှလည်း (ငါ, ငါ၏ ဥစ္စာဟု) စွဲလမ်းမူ၍လည်း မစွဲလမ်း။”

ဤစတုတ္ထအဆင့်သည် ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်နှင့် အရိယဖိုလ်ဉာဏ်တို့ကို ညွှန်ပြထားသည့် အပိုင်းဖြစ်သည်။ ယောဂီသည် ဝိပဿနာဉာဏ်များကို အဆင့်ဆင့် ရင့်ကျက်အောင် ပွားများပြီးနောက်၊ လေးဆင့်သော အရိယမဂ်ဉာဏ်များဖြင့် ကိလေသာများကို အဆင့်ဆင့် ပယ်သတ်ရသည်။

အထူးသဖြင့် အရဟတ္တမဂ်သို့ ဆိုက်ရောက်သောအခါ၊ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ပယ်သတ်လိုက်သည်။ ထို့ကြောင့် ဥပါဒါနက္ခန္ဓာငါးပါးတို့အပေါ်၌ စွဲလမ်းမှုများ လုံးဝမရှိတော့ဘဲ၊ “အစွဲပြုတ် တဲကုပ် ရွှေနန်းတော်” ဘဝသို့ ရောက်ရှိသွားသည်။ ဤအဆင့်တွင် ယောဂီသည် ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့၏ သုညသဘောကို ထိုးထွင်းသိမြင်ပြီး၊ တဏှာ-ဒိဋ္ဌိတို့မှ လုံးဝကင်းလွတ်ကာ နိဗ္ဗာန်သို့ ဆိုက်ရောက်သည်။[]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀၊ အဘိ၊ဋ္ဌ၊၂၊၂၅၂။ ဝိသုဒ္ဓိ၊၂၊၂၂၇။ မဟာဋီ၊၂၊၃၅၇။ မ၊ဋီ၊၁၊၃၇၀ ...)
  2. ကာယောတိ ဒွေ ကာယာ နာမကာယော စ ရူပကာယော စ။ ကတမော နာမကာယော ဝေဒနာ သညာ စေတနာ ဖေဿာ မနသိကာရော။ နာမဉ္စ နာမကာယော စ၊ ယေ စ ဝုစ္စန္တိ စိတ္တသင်္ခါရာ၊ အယံ နာမကာယော။။ ကတမော ရူပကာယော။ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ အဿာသော စ ပဿာသော စ နိမိတ္တဉ္စ ဥပနိဗန္ဓနာ ယေ စ ဝုစ္စန္တိ ကာယသင်္ခါရာ၊ အယံ ရူပကာယော။ (ပဋိသံ၊၁၈၁၊ စာပိုဒ်၊၁၇၀။ ပဋိသံ၊ဋ္ဌ၊၂၊၁၁၂။)
  3. (ပဋိသံ၊၅၂-၅၅။ စာပိုဒ်၊၅၀။)
  4. (ပဋိသံ၊၅၂-၅၅။ စာပိုဒ်၊၅၀။)
  5. (သုတ္တနိပါတပါဠိ၊၄၄၈၊ စာပိုဒ်၊၁၁၂၅။ ဝိသုဒ္ဓိ၊၂၊၂၉၃၊ စာပိုဒ်၊၇၆၅။)
  6. ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း