အာတီချုပ်ပင်

ဝီကီပီးဒီးယား မှ

အာတီချုပ်ပင် သုံးမျိုးရှိသည်။ တစ်မျိုးမှာ ဂလုပ်အာတီချုပ်ပင်ဖြစ်၍ ယင်းကို ရုက္ခဗေဒ အလိုအားဖြင့် ဆင်နရာ စကောလီမပ်ဟု ခေါ်သည်။ ထိုအာတီချုပ်ပင်မျိုးသည် သန်၍ကြီးထွားပြီးလျှင် အစိမ်းပုပ်ရောင် ဖြစ်သည်။ နှစ်ပေမှ သုံးပေအထိ မြင့်သည်။ ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် အလေ့ကျ ပေါက်ရောက်သဖြင့် ယင်းကို ပြင်သစ် အာတီချုပ်ဟူ၍လည်း ခေါ်ကြလေသည်။ ထိုအာတီချုပ်ပင်မျိုးတွင် စားသုံးနိုင်သော အစိတ်အပိုင်းမှာ မပွင့်သေးသည့် ပန်းငုံဖြစ်သည်။ ထိုအာတီချုပ် ပင်မျိုးစ၍ပေါက်ရောက် သောဒေသမှာမူ အာရှတိုက် ဖြစ်လေ သည်။ အခြားအာတီချုပ်ပင်တစ်မျိုးမှာ ဂျရုဆလမ်း အာတီချုပ်ပင် ဖြစ်သည်။ ယင်းကို ရုက္ခဗေဒအလိုအားဖြင့် ဟီလီယန်သူ တျူဗရိုဆပ်ဟု ခေါ်သည်။ ထိုအာတီချုပ်ပင်မျိုးသည် ရာသီဥတု ဒဏ်ကိုခံနိုင်ရည်ရှိပြီးလျှင် ငါးပေမှ ဆဲ့နှစ်ပေအထိ မြင့်သည်။ သစ်ရွက်များကြွေသည့် ဆောင်းရာသီတွင် အဝါရောင်ရှိသည့် ပန်းများ ပွင့်သည်။ ထိုအာတီချုပ်ပင်မျိုးကို ဥရောပနှင့် အမေရိကတိုက်တို့တွင် စိုက်ပျိုးကြသည်။ အဆိုပါ အာတီချုပ် ပင်မျိုး၏ တျူဗာ အတက်များသည် မြေအောက်တွင် အာလူး များကဲ့သို့ အပြွတ်လိုက်ရှိနေကြသည်။ ထိုအတက်များသည် လူနှင့် ကျွဲနွားများအတွက် စားသုံးရန် လွန်စွာကောင်းမွန်သည်။ ထိုအပင်မျိုး၌ လီဗျူလို့ ခေါ် သကြားတစ်မျိုးရှိရာ ထိုသကြား မျိုးသည် ဆီးချိုရောဂါရှိသူများအဖို့ သင့်မြတ်သော အချိုဓာတ် ဖြစ်သည်။ ထိုဂလုပ်နှင့် ဂျရုဆလမ်း အာတီချုပင်ပင်နှစ်မျိုး စလုံးပင် ကွန်ပိုစီတီမျိုးရင်းဝင်များ ဖြစ်ကြသည်။ ဂျပန်နိုင်ငံတွင် စတင်၍ ပေါ်ပေါက်ခဲ့သော တရုတ်အာတီ ချုပ်ပင်တစ်မျိုးလည်း ရှိသေးသည်။ ထိုအာတီချုပ်ပင်ကို ရုက္ခဗေဒအလိုအားဖြင့် စတက်ချီတျူဗီဖဲရားဟုခေါ်၍ လေဗီယာတီးမျိုးရင်းပင် ဖြစ်သည်။ ထိုအပင်သည် တစ်ပေထက် ပို၍ မမြင့်ချေ။ ထိုအာတီချုပ် အပင်မျိုးမှ စားသုံးမှီဝဲနိုင်သော အတက်ကလေး များတွင် ဝက်အူရစ်ပုံသဏ္ဌာန် ရှိကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)