အာစာရာဘိဝံသ

ဝီကီပီးဒီးယား မှ

ဆရာတော် ဘဒ္ဒန္တအာစာရဘိဝံသကို မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ တမာကုန်းကျေးရွာ၌ ခမည်းတော် ဦးကြီးညို၊ မယ်တော် ဒေါ်ဒေါ်ဆွတ်တို့က သက္ကရာဇ် ၁၂၇၁ ခုနှစ် သီတင်းကျွတ်လဆန်း ၁၃ ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်သည်။

ကိုးနှစ်သားအရွယ်တွင် သာစည်မြို့နယ် တမာကုန်းရွာ မြောက်ကျောင်းဆရာတော် ဦးပဏ္ဍဝကို ဥပဇ္ဈာယ်ပြုလျက် မယ်တော်ခမည်းတော်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ ရှင်သာမဏေအဖြစ်သို့ ရောက်သည်။ သာမဏေဘွဲ့မှာ ရှင်အာစာရဖြစ်သည်။ သာမဏေဘဝတွင် သဒ္ဒါ၊ သဂြိုဟ်၊ မာတိကာ၊ ဓာတုကထာ၊ အဘိဓာန်၊ အလင်္ကာ၊ ဋီကာကျော် စသော ပိဋကတ်ကျမ်းစာများကို သင်ယူခဲ့သည်။

၁၂၉၂ ခုနှစ်တွင် မန္တလေးမြို့ ဒက္ခိဏာရာမဘုရားကြီးတိုက် ခဏ္ဍသိမ်တော်၌ ရွှေရေးဆောင်တိုက် ဆရာတော် ဘဒ္ဒန္တအာဒိစ္စရံသီကို ဥပဇ္ဈာယ်ပြုလျက် ဦးစံတိုင်၊ ဒေါ်ရွှေမတို့၏ ပစ္စယနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။

ထို့နောက် ဆီးဘန်နီတိုက်သို့ပြောင်းရွေ့ သီတင်းသုံး၍ စာချအကျော် ဆရာတော်ကြီးများ ဖြစ်ကြသော ဘဒ္ဒန္တအာဒိစ္စရံသီ၊ ပင်းသာကျောင်းဆရာတော်၊ ဟံသာဝတီ ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးနာရဒ၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးဥက္ကံသာဘိဝံသ စသောဆရာတော်ကြီးများထံ၌ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းများကို သင်ကြားတော်မူခဲ့သည်။

ထိုမှတဖန် စစ်ကိုင်းတောင်ရိုး၊ လေးကျွန်းချမ်းသာချောင်ဆရာတော် ဦးသောဘိတ(အဂ္ဂမဟာပဏ္ဍိတ)၊ အမရပူရ၊ မင်္ဂလာတိုက်သစ်ဆရာတော် ဦးဓမ္မသာမိ မိုးကုတ်ဝိပဿနာ ဆရာတော် ဦးဝိမလ(အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ကြီးများထံတွင်လည်း ယမိုက်၊ ပဋ္ဌာန်းကျမ်းများကို သင်ကြားတော်မူခဲ့သည်။

ထိုသို့စာပေကျမ်းဂန်များကို သင်ကြားလျှက် လောကုတ္တရာစာမေးပွဲများကို ဖြေဆိုတော်မူခဲ့ရာ ၁၉၂၆ ခုနှစ်မှ ၁၉၄၈ ခုနှစ် အတွင်း အစိုးရ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ပထမကျော်တန်း၊ အမျိုးသားပရိယတ္တိစာမေးပွဲ၊ ပထမကျော်တန်းနှင့် အစိုးရဓမ္မာစရိယတန်းများကို အောင်မြင်တော်မူခဲ့သည်။

ဆရာတော်သည် စာလိုက်သံဃာတော် ၂ဝ⁠ဝ ကျော်အား စာပေသင်ကြားပေးရာ အထူးသဖြင့် အဘိဓမ္မာ ပဋ္ဌာန်းကျမ်းကြီးကို ပို့ချပေးတော်မူရာတွင် ထူးချွန်၍ ၁၃၂၄ ခုနှစ်တွင် မန္တလေး ပရိယတ္တိသာသနဟိတ အသင်းကြီးက ဆက်ကပ်လှူဒါန်းသော ဘဒ္ဒန္တအာစာရာဘိဝံသ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ(မူလစာချ) ဘွဲ့တံဆိပ်တော်ကို ရရှိတော်မူသည်။ ထို့အပြင် ဆရာတော်သည် ဝိနယပါလစာမေးပွဲများကို ကျင်းပတော်မူ၍ ဝိနယ ငယ်၊ လတ်၊ ကြီးဆုများ ချီးမြှင့်ခြင်း၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ နာယကအဖြစ် ဆောင်ရွက်ခြင်း၊ ပါဠိတက္ကသိုလ်အစိုးရခန့် ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခြင်း၊ ဆဋ္ဌသင်္ဂါယနာတင်ရာ၌ ဝိသောဓက၊ ပဋိဝိသောဓက အဖြစ်ဆောင်ရွက်ခြင်း၊ ခရိုင်ဝိနိစ္စယဌာန ဝိနည်းဓိုရ် အဖြစ်ဆောင်ရွက်တော်မူခြင်း စသည်ဖြင့် သာသနာရေးကို အားပေးဆောင်ရွက်တော်မူသည်။ ယခုအချိန်တွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် နိုင်ငံတော် သံဃမဟာနာယကအဖြစ်လည်း ဆောင်ရွက်တော်မူလျက် ရှိသည်။

ဆရာတော်သည် ပဋ္ဌာန်းပြနည်း နိဿရည်းကျမ်း၊ ပဋ္ဌာန်းပစ္စည်းထုတ်နည်း နိဿရည်းကျမ်းစသော ကျမ်းစာအုပ်များကိုလည်း ရေးသားပြုစုတော်မူသည်။

ဤသို့လျှင် သာသနာအကျိုးကို သယ်ပိုးထမ်းရွက်တော်မူ၍ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့နှင့် ပြည့်စုံ တော်မူသည့် ဆရာတော် ဘဒ္ဒန္တ အာစာရာဘိဝံသသည် ၁၉၈၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီက ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)