အသုံးလုံး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အသုံးလုံး (အင်္ဂလိပ်: The three Rs) ဟူသည် အရေး၊ အဖတ်၊ အတွက် ဟူသော မြန်မာစကားလုံးများ၏ အစ စကားလုံး "အ" ၃ လုံးကိုယူ အမည်ပေးထားသည့် မြန်မာနိုင်ငံတဝှမ်းလုံးရှိ သက်ကြီးရွယ်အို စာမတတ်သူများ ပပျောက်ရေး ပညာရေး စီမံကိန်းကြီးကို ခေါ်သည်။ ထို စီမံကိန်းကြီးကို ၁၉၆၄ခုနှစ်တွင် မိတ္ထီလာခရိုင် အရှေ့ စံပြကျေးရွာ စာတတ်မြောက်ရေး လုပ်ငန်းမှစတင်၍ ၁၉၈၄ ခုနှစ် အထိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းပေါင်းစုံမှကျောင်းသား၊ကျောင်းသူ လုပ်အားပေး ခုနစ် သောင်းကျော်နှင့် ဒေသခံ ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူ လုပ်အားပေးငါးသိန်းကျော်ဖြင့် မြန်မာနိုင်ငံအနှံ့ သင်ကြားပေးခဲ့သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဆရာကြီး ဦးသံဗျင်(၁၉ဝ၄-၁၉၉၇)သည် ပညာရေးဝန်ကြီးဌာန အထူးအရာရှိတစ်ဦး ဖြစ်၏။ ၁၉၆၄ ခုနှစ် နွေရာသီတွင် မိတ္ထီလာမြို့နယ် အရှေ့စံပြကျေးရွာ၌ စာမတတ်သူပပျောက်ရေး စမ်းသပ်လုပ်အားပေးလုပ်ငန်းကို ကျောင်းဆရာ (သင်တန်းသား) လေးဦးဖြင့် စတင်ဆောင်ရွက်ခဲ့၏။ ထို့နောက် (ထိုစဉ်က) ပညာရေးဝန်ကြီး ဗိုလ်မှူးကြီးလှဟန်သို့ အစီရင်ခံခဲ့၏။ ၁၉၆၄ မှ ၁၉၆၈ ထိ မြို့နယ်အချို့တွင် စမ်းသပ်ဆောင်ရွက်ခဲ့၏။ ယင်းအတွေ့အကြုံများမှ တစ်ဆင့် တစ်နိုင်ငံလုံးစာတတ်မြောက်ရေးလူထုလှုပ်ရှားမှုကြီး ပေါ်ပေါက် လာပါ၏။ ဆရာကြီး ဦးသံဗျင် အခြေခံခဲ့သော လုပ်ငန်းဖြစ်သည်။

ဝ.ထ.က.လ.သ[ပြင်ဆင်ရန်]

ဝ.ထ.က.လ.သ ဟူသည်မှာ အသုံးလုံး လှုပ်ရှားမှုအထိမ်းအမှတ်အတွက် ၁၉၇၁ ခုနှစ်ထုတ် ပဲတင်သံ မဂ္ဂဇင်းတွင်ဖော်ပြထားသည့် "စာသင်ချိန်ကဗျာ"မှ စာသားများဖြစ်သည်။ သက်ကြီးရွယ်အိုများအား စာသင်ကြားရာ၌ အလွယ်တကူမှတ်သားနိုင်စေရန်အတွက် ရေးသားစပ်ဆိုထားခြင်းဖြစ်သည်။ ထိုကဗျာကို ရေးသားသူမှာ ဆရာဦးသိန်းထွန်း (မြစ်ကြီးနား ကောလိပ်) ဖြစ်သည်။ ယင်းဆရာသည် ရူပဗေဒ ပထမနှစ်ကျောင်းသာအဖြစ် ၁၉၇၀ ပြည့်နှစ်တွင် မြစ်ကြီးနားကောလိပ်၌ ပညာသင်ကြားလျက် နွေရာသီကျောင်းပိတ်ရက် အသုံးလုံးလုပ်အားပေးကျောင်းသားအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ကျောက်ပန်းတောင်မြို့နယ် ကံကုန်းရွာတွင် လုပ်အားပေး တာဝန်ထမ်းဆောင်ရင် ၁၉၇၁ခုနှစ် ပဲ့တင်သံ မဂ္ဂဇင်း စာမူဖိတ်ခေါ်ချိန်တွင် "စာသင်ချိန်" အမည်ရှိကဗျာအား ရေးသားပေးပို့ခဲ့သည်။ ထိုကဗျာသည် စာတတ်မြောက်မှုလုပ်အားပေးကျောင်းသားများ၏ ရင်တွင်းပဲ့တင်သံများအဖြစ် မှတ်တမ်းပြုထားသည့် ကဗျာဖြစ်သည်ဟူ၏။ ဂီတလုလင်မောင်ကိုကိုနှင့်အဖွဲ့က တေးသီချင်းအဖြစ် အသံသွင်း၍ မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့သည်။ ထိုကဗျာသည် တေးသီချင်းအဖြစ် ရောက်ရှိခဲ့ပြီး ၁၉၇၃ခုနှစ်တွင်ရုံတင်ပြသသည့် စာရေးဆရာ ဒါရိုက်တာ ဦးသုခ၏ ဘယ်သူပြိုင်လို့ လှပါတော့နိုင် ရုပ်ရှင်ဇာတ်ကားတွင် ဇာတ်ဝင်တေးအဖြစ်အသုံးပြုခဲ့သည်။ ကဗျာမှာ အောက်ပါအတိုင်းဖြစ်သည်။

"စာသင်ချိန်" ညမှာထိန်လင်း၊ လပြည့်ဝန်းလို ရေးမယ်ဆိုက၊ ဝခေါ်သတဲ့ ဦးကြီးရဲ့ ဝကိုနှစ်လုံး၊ ပူးလျက်သုံးက ထခေါ်သဗျ၊ အဒေါ်ရ။ ထကိုအောက်ဖျက်၊ အသံထွက်ကို ကဆိုသတဲ့ ဦးကြီးရဲ့။ ထစာလုံးကို၊ ဘယ်မှာအောက်ဖျက် ညာထက်ဖျက်က၊ လခေါ်သဗျ အဒေါ်ရ။ ထစာလုံးရေး၊ ဘယ်မှာဘေးဖွင့် ညာထက်ပွင့်ကို၊ သခေါ်သတဲ့ ဦးကြီးရဲ့။ ဦးဦး ဒေါ်ဒေါ်၊ အခေါ်အဝေါ်၊ မလွဲချော်အောင် အော်ဟစ်ခါခါ၊ ဆိုကြပါဗျ ဝ ထ က သ လ။[၂]

ရည်ရွယ်ချက်နှင့် အောင်မြင်မှုများ[ပြင်ဆင်ရန်]

ထိုအဖွဲ့ကြီး၏ ရည်ရွယ်ချက်မှာ-

  • ရေးခြင်း၊ ဖတ်ခြင်း၊ တွက်ခြင်းဟူသော ပညာရေး။
  • တောနေပြည်သူ၊ ဆင်းရဲသားအများစုကို၊ စာသင်ပေးခြင်း။
  • စာမတတ်သူ၊ ဘဝအလင်းမခံစားရရှာသူများအား တက္ကသိုလ်လူငယ်ကျောင်းသားများက စေတနာဖြင့် ကျေးဇူးဆပ်ခြင်း တို့ဖြစ်ကြသည်။

ထိုအသုံးလုံးစီမံကိန်းကြောင့် မြန်မာနိုင်ငံတဝှမ်းရှိ သက်ကြီးရွယ်အို ပြည်သူများ စာတတ်မြောက်လာခဲ့ရသည်။ အသုံးလုံးလူထုလှုပ်ရှားမှုကြီး၏ အောင်မြင်မှုကို ကမ္ဘာကပင် အသိအမှတ်ပြုခဲ့ပါ၏။ ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုက (၁၉၇၁)ခုနှစ်တွင် မိုဟာ မက်ရီဇာပါလာဗီဆု ချီးမြှင့်ခံရခြင်းဖြင့် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့သည်။ ထို့ပြင်ယနေ့ခေတ် ၂၀ ရာစုတိုင်အောင် ထိုအသုံးလုံး လူထုလှုပ်ရှားမှုကြီးများကိုဆက်လက် လုပ်ကိုင်ဆောင်ရွက်လျက် ရှိချေသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ‘အ’သုံးလုံး လှုပ်ရှားမှု ရွှေရတုမဂ္ဂဇင်း ထုတ်ဝေမည်၊ 7 Day News[လင့်ခ်သေ]
  2. 'ဝထကလသ' ကဗျာနောက်ကွယ်က၊ Myanmartimes News
  3. ၂၁ရာစု “အသုံးလုံး” ပညာရေးသင်ကြားရေးနှင့် နည်းစနစ်