မာတိကာသို့ ခုန်သွားရန်

အသုံးပြုသူ:Win Nainq

ဝီကီပီးဒီးယား မှ

ခါကာဘိုရာဇီ အာစီယံအမွေအနှစ်ဥယျာဉ်

မြန်မာပြည်မြောက်ဖက်စွန်း ကချင်ပြည်နယ် အတွင်းရှိ ခါကာဘိုရာဇီဒေသကြီးတွင် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောတို့ ပါဝင်လေသည်။
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် ပူတာအိုခရိုင် နောင်မွန်မြို့နယ် ပန်နန်းဒင်မြို့တွင်တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အနိမ့်ဆုံး ပေ ၃၀၀၀ ရှိ၍ အမြင့်ဆုံးဖြစ်သည့် ခါကာဘိုရာဇီတောင်ထိပ်မှာ ၁၉၂၉၆ ပေရှိကာ ဧရိယာအကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၄၇၂ ကျယ်ဝန်းပြီး အာစီယံအမွေအနှစ်ဥယျာဉ်အဖြစ် ဝင့်ထည်စွာ တည်ရှိလေသည်။
  • သစ်တောငါးမျိုးရှိ*
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဒေသတွင် ယေဘူယျအားဖြင့် သစ်တောအမျိုးအစားငါးမျိုးရှိပြီး တစ်နှစ်ပတ်လုံးရေခဲနေ၍ အပင်ကြီးများမပေါက်ရောက်နိုင်သည့် " တောင်ပေါ်မြက်ခင်းတော "၊ ရေခဲတောင်အောက်ဘက် ချိုင့်ဝှမ်းရှိသည့်နေရာတွင် ထင်းရှူးပြာများ အစုလိုက်အပြုံလိုက် ပေါက်ရောက်သည့် " တောင်ပေါ်ထင်းရှူးတော "၊ ပေခုနစ်ထောင်အထက်တွင် ခြုံတောင်ဇလပ်နှင့် အပင်ကြီးတောင်ဇလပ်တို့ ပေါက်ရောက်သည့် " တောင်ဇလပ်တော "၊ ဝါးပင်၊ သစ်ပင်ကြီးများ ပေါက်ရောက်သည့် " တောင်ပေါ်သမပိုင်းစွတ်စိုတော "နှင့် အင်၊ ကညင်ကဲ့သို့ သစ်ခွဲ၍ရသည့် သစ်ပင်များပေါက်ရာ " အပူလျော့မြေနိမ့်တော " အစရှိသည့် သစ်တောအမျိုးအစား ငါးမျိုးရှိသည်။
  • အာစီယံအမွေအနှစ်ဥယျာဉ်အဖြစ်သတ်မှတ်*
==================
[ပြင်ဆင်ရန်]
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကို ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ခါကာဘိုရာဇီသဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် လည်းကောင်း၊ ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် အမျိုးသားဥယျာဉ်အဖြစ် လည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် အာစီယံအမွေအနှစ်ဥယျာဉ်အဖြစ် လည်းကောင်း သတ်မှတ်ခံထားရခြင်းလည်း ဖြစ်သည်။
  • ထိန်းသိမ်းကာကွယ်ရန်လိုအပ်*
ခါကာဘိုရာဇီတောင်သည် ဟိမဝန္တာတောင်တန်းကြီးများနှင့် တစ်ဆက်တည်းတည်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများတွင် အမြင့်ဆုံးဖြစ်ကာ တစ်နှစ်ပတ်လုံး ရေခဲသောတောင်တန်းကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ အသက်သွေးကြောတစ်ခုဖြစ်သည့် ဧရာဝတီမြစ်ကြီး၏ မြစ်ဖျားခံရာ မေခနှင့်မလိခမြစ် စတင်စီးဆင်းခဲ့သည့် သဘာဝတောတောင်များဖြစ်၍ ရေခဲတောင်များ တစ်နှစ်ပတ်လုံးရေခဲနေနိုင်ရန်နှင့် ရေခဲတောင်များပျက်စီးမသွားစေရန် ယဉ်ကျေးမှုစနစ်အရသော် လည်းကောင်း၊ သဘာဝဂေဟစနစ်အရသော် လည်းကောင်း ပျက်စီးယိုယွင်းမှုမရှိစေရန် ထိန်းသိမ်းကာကွယ်ဖို့ အရေးကြီးသည့် ဒေသတစ်ခုလည်းဖြစ်ပေသည်။
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဒေသသို့ မရောက်မီ ပန်နန်းဒင်နှင့် နောင်မွန်ကြား၌ UNESCO တွင် မှတ်တမ်းမတင်နိုင်သေးသည့် သဘာဝပေါက်ပင်များ၊ အင်းဆက်ပိုးပွားများ၊ ငှက်များ၊ သဘာဝတောရိုင်းတိရစ္ဆာန်များ ရှိနေခြင်းကြောင့် ထိန်းသိမ်းကာကွယ်ရန် အလွန်အရေးကြီးပေသည်။
  • ဇီဝမျိုးစုံမျိုးကွဲများ*
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အတွင်း မှတ်တမ်းတင်ထားသည့် ဇီဝမျိုးစုံ မျိုးကွဲများမှာ သစ်မျိုး ၂၉၇ မျိုး၊ ဝါးမျိုး ၁၃ မျိုး၊ ကြိမ် ၁၀ မျိုး၊ ဆေးဖက်ဝင်အပင် ၂၂ မျိုး၊ သစ်ခွမျိုးစိတ် ၁၀၆ မျျိုး၊ သားငှက်တိရစ္ဆာန်တွေထဲကတော့ နို့တိုက်သတ္တဝါ ၄၂ မျိုး၊ ငှက်မျိုးစိတ် ၃၇၀ မျိုး၊ လိပ်ပြာ ၃၆၅ မျိုး၊ ကုန်းနေရေနေသတ္တဝါတွေဖြစ်တဲ့ ဖား ၄၃ မျိုး၊ မြွေ ၃၂ မျိုး၊ လိပ် ၃ မျိုး၊ LIZARD ၆ မျိုးနှင့် ပိတုန်း ၄၉ မျိုးတို့ ဖြစ်ကြောင်း သိရသည်။
  • မှတ်တမ်းမတင်နိုင်သေး*
ခါကာဘိုရာဇီအာစီယံအမွေအနှစ်ဥယျာဉ်နယ်မြေအတွင်း ရှားပါးငှက်များနှင့် လိပ်ပြာအပါအဝင် မည်သည့်နေရာဒေသမှာမှ မတွေ့ရှိနိုင်သည့် အပင်နှင့် သတ္တဝါများ၊ သိပ္ပံမှတ်တမ်းမပြုစုနိုင်သေးသည့် သဘာဝပေါက်ပင်နှင့် သဘာဝတောရိုင်းတိရစ္ဆာန်များလည်း များစွာရှိနေပါသေးသည်။ 
  • ရှားပါးသည့်မျိုးစိတ်များ*
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဒေသအတွင်း တွေ့ရှိရသည့် ရှားပါးတိရစ္ဆာန်မျိုးစိတ်များမှာ မျောက်လွှဲကျော်မျက်ကွင်းဖြူ၊ တောဆိတ်၊ ကတိုးဂျီနှင့် ပေတစ်သောင်းနှစ်ထောင်အထက်မှာသာ တွေ့ရှိနိုင်ပြီး အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအစပ်တွင်နေထိုင်သည့် ရေခဲတောင်ဆိတ်တို့ ဖြစ်သည်။
  • တွေ့ရှိနိုင်သည့်သားငှက်တိရစ္ဆာန်များ၊ သစ်ခွများနှင့် ဆေးဘက်ဝင်ပင်များ*
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဒေသတွင် တွေ့ရှိနိုင်သည့် သားငှက်တိရစ္ဆာန်များမှာ ပန်ဒါနီ၊ တောင်ဆိတ်နီ၊ သားမင်း၊ ကတိုးဂျီ၊ ဟိမဝန္တာဝက်ဝံ၊ တောဆိတ်၊ ရေခဲတောင်ဆိတ်၊ မျောက်မြီးရှည်၊ အာသံမျောက်၊ ငှက်အမျိုးအစားများအဖြစ် ဇာမဏီငှက်၊ စကလေတာမိုနာရစ်၊ ဟိမဝန္တာမိုနာရစ်၊ သွေးရစ်၊ ဟိမဝန္တာဇီးကွက်၊ သစ်ခွမျိုးစိတ်များမှာ ပူတာအိုသဇင်၊ သစ်ခွနက်၊ ဖဒလက်သစ်ခွ၊ ကျားမင်းသမီးသစ်ခွ၊ ဆေးဖက်ဝင်အပင်များဖြစ်သည့် မချစ်ဥ၊ ဂူရှား၊ အဆိပ်ဥ၊ ခန်းတောက်မြစ်၊ ဆားချီ(ခ)ဆေးပိန်းဥနှင့် ရေခဲအောက်တွင်သာ ပေါက်ရောက်ပြီး စိုက်ပျိုး၍မရနိုင်သည့် ရှီးပဒီးတို့ဖြစ်ကာ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေသည့် ရှားပါးလိပ်ပြာအမျိုးအစားတို့ကို တွေ့ရှိနိုင်သည်။
  • ဗီဒီယိုဖြင့်ရှင်းလင်းပြသ*
 ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ပြတိုက်သို့ ပြည်တွင်းခရီးသွားများသာမက နိုင်ငံတကာမှလေ့လာရန် လာရောက်လည်ပတ်သူများလည်းရှိနေသည့်အတွက် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအား ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးပညာပေးပြခန်းအတွင်း ပြသထားရှိသည့် မှတ်တမ်းဓာတ်ပုံများ ရုပ်လုံးသွင်းထားသည့် အကောင်များကို သစ်တောဝန်ထမ်းများက ဗွီဒီယိုကလစ်နှင့် ရှင်းလင်းပြသပေးနေကြောင်းလည်း သိရှိရပါသည်။
  • ဒေသထွက် သစ်ခွနက်နှင့် ကျားမင်းသမီးသစ်ခွ*
==================
[ပြင်ဆင်ရန်]
မြန်မာပြည်တွင်ရှားပါးပြီး ပူတာအိုဒေသမှထွက်သည့် သစ်ခွမျိုးစိတ်များမှာ သစ်ခွနက်နှင့် ကျားမင်းသမီး သစ်ခွများဖြစ်ပါသည်၊ ခါကာဘိုရာဇီဥယျာဉ်ခြံအတွင်းမှာပြသထားသည့် သစ်ခွများသည် ပူတာအို၊ နောင်မွန်၊ မချမ်းဘော စသည့်ဒေသများမှာသာပေါက်ရောက်သည့် သစ်ခွများဖြစ်ပြီး လာရောက်ကြည့်ရှုလေ့သူတွေအတွက် နမူနာအဖြစ် ပြသပေးထားကာ မြန်မာအမည်မတပ်ရသေးသည့် သစ်ခွမျိုးစိတ်တွေကိုလည်း ရှာဖွေတွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါသေးသည်။
  • ကုန်ချောအဖြစ်သာထုတ်လုပ်ရောင်းချတော့မည်*
==================
[ပြင်ဆင်ရန်]
ပူတာအိုဒေသမှထွက်ရှိသော ဆေးဥ ဆေးမြစ်များကို ကုန်ကြမ်းအဖြစ်မရောင်းချတော့ပဲ ကုန်ချောထုတ်လုပ်နိုင်ရန်နှင့် မျိုးတုန်းပျောက်ကွယ်မသွားစေရန်ရည်ရွယ်၍ ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားဇီဝအရင်းအမြစ်သိပ္ပံဌာန(National Institute of  Biological Research) နှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းတည်ဆောက်နေသည့် ကိုရီးယားသုတေသနဓာတ်ခွဲခန်းကို ၂၀၁၉ ခုနှစ် မတ်လမှ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ရာ အောက်တိုဘာလတွင် ပြီးစီးမည်ဖြစ်ကာ အဆိုပါအဆောက်အဦ ပြီးစီးသွားပါက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ကုန်ချောလှိုင်လှိုင်ထုတ်နိုင်ကာ ကုန်ကြမ်းစဉ်ဆက်မပြတ်ရရှိနိုင်ရေး စိုက်ပျိုးနည်းသင်တန်းများ ပို့ချပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်မောင်းထံမှ သိရှိရပါသည်။
  • ပူတာအိုသို့နေ့ချင်းပေါက်ပြီ*
ပူတာအိုမြို့သို့သွားရောက်မည်ဆိုပါက ရန်ကုန်-မန္တလေးမြို့တို့မှ ပူတာအိုသို့ တိုက်ရိုက်လေကြောင်းခရီးဖြင့် သွားလာနိုင်ပြီး မြစ်ကြီးနားမြို့မှ လေယာဉ်ဖြင့်သော်လည်းကောင်း ကားနှင့်သော်လည်းကောင်း သွားရောက်နိုင်ပါသည်။
ယခုအခါတွင် နိုင်ငံတော်အစိုးရအနေဖြင့် မြစ်ကြီးနား-ပူတာအို ကားလမ်းတွင် လမ်းများ၊ တံတားများ ပြုပြင်ထားပြီးဖြစ်ရာ မြစ်ကြီးနားမှ ပူတာအိုသို့ ၁၂ နာရီကြာမျှ ကားစီးပြီးသွားလျှင်ဖြင့် ယခင်က လေယာဉ်ဖြင့်သာခရီးပေါက်သော၊ ရိက္ခာပို့သောယာဉ်တန်းများ လနှင့်ချီ၍သွားရသော ခရီးအား နေ့ခြင်းပေါက်ရောက်နိုင်ပြီဖြစ်သောကြောင့် သဘာဝ၏အလှအပ တောတောင်ရှုခင်းများနှင့် လူတို့မတို့မထိရသေးသည့် သဘာဝအလှတရားများ ရှိနေခြေင်းကြောင့် သွားရောက်လည်ပတ်သင့်သည့် နေရာဒေသတစ်ခုဖြစ်ပါသည်။
  • လည်ပတ်သင့်သည့်ကာလ*
ခါကာဘိုရာဇီအာစီယံအမွေအနှစ်ဥယျာဉ် ဒေသသို့ စာရေးသူတို့ ရောက်ရှိခဲ့သည့်ကာလမှာ ဧပြီလအကုန် မေလဆန်းပိုင်းဖြစ်၍ နွေရာသီ၏နှောင်းပိုင်းရက်များအတွင်း မိုးရိပ်များသန်းကာ မိုးဖွဲဖွဲကလေးများ ဆက်တိုက်ရွာသွန်းနေသော ကာလဖြစ်၍ ဆယ့်နှစ်လရာသီအချိန်ခါမရွေး မိုးသံပေးနေ ဆိုသည့် " ဆွမ်ပရာဘွမ် " သီချင်းထဲကအတိုင်း မိုးများစွေနေသောကာလဖြစ်ပါသည်။
ပူတာအိုဒေသသို့ သွားရောက်လည်ပတ်မည်ဆိုပါက ပွင့်လင်းရာသီဖြစ်သည့် ဆောင်းတွင်းကုန်ခါစ ဖေဖော်ဝါရီလမှ မေလဆန်းပိုင်းတွင် သွားရောက်လည်ပတ်သင့်ပါသည်။ တောင်ဇလပ်ပန်းနီနီရဲရဲတို့ လှိုင်လှိုင်ပွင့်ချိန်၊ ဆွမ်ပရာဘွမ်နှင့် ပူတာအိုကားလမ်းကြားက နက်စောက်သောလိျှုမြောင်များနှင့် တိမ်ပင်လယ်ဖွေးဖွေးများအပေါ်က ဖြတ်သန်းသွားရသည့် စိတ်ကြည်နူးဘွယ်ရာ တောတောင်အလှအပများကို ကိုယ်တိုင်ကြည့်ရှုခံစားနိုင်ပါသည်။
  • ပူတာအိုမြို့မှလည်ပတ်စရာနေရာများ*
ပူတာအိုပတ်ဝန်းကျင်တွင်ရှိသည့် ပူတာအိုအစ ပူတောင်းကဟု ထင်ရှားကျော်ကြားခဲ့သည့် ပူတောင်းကျေးရွာ၊ ရာဇဝင်ထဲက ကျောက်ဖြစ်သွားသည့် ကျောက်နဂါး၊ ကောင်းမှုလုံစေတီတော်နှင့် ကြိုးတံတား၊ မလိခမြစ်ပေါ်တွင်တည်ဆောက်ထားသည့် မလိခမြစ်ကူးတံတား၊ မူလာရှီဒီးကြိုးတံတား၊ မလိခမြစ်အတွင်း တည်ရှိသည့် နတ်ကျွန်း၊ စသည့်အထင်ကရနေရာများကိုလည်း သွားရောက်လည်ပတ်နိုင်ပါကြောင်း တင်ပြအပ်ပါသည်။

ဝင်းနိုင်(ကချင်မြေ)