မာတိကာသို့ ခုန်သွားရန်

အသုံးပြုသူ:Ko Kywe Gyi/sandbox

ဝီကီပီးဒီးယား မှ
  1. ရာဇဝတ်မှုများနှင့် ပတ်သက်၍ တရားရုံးတွင် အာမခံလျှောက်ထားခြင်းအကြောင်း

ဥပဒေ နဲ့အညီ အာမခံလျှောက်ထားဖို့ စိုးရိမ်ပူပန် နေကြသူတွေရဲ့ စိတ်နှလုံးကို ဒီပို့စ်လေးShareခြင်း၊ ထပ်ဆင့်မျှဝေခြင်းဖြင့် ကူညီဖြေသိမ့်ပေးလိုက်ပါ။ အမှန်တရားဆိုတဲ့ အရာတွေ အားလုံးရင်ထဲရောက်ဖို့ သင်ကလည်း တစ်ဖက်တစ်လမ်းကနေ စွမ်းနိုင်ပါတယ်။

  1. အာမခံကိစ္စနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများအကြောင်းမှတ်စု

ရာဇ၀တ်မှုများနှင့် ရင်ဆိုင်လာရသည့်အခါ အာမခံကိစ္စသည် မလွဲမသွေတွေ့ဆုံရမည့် ကိစ္စ တစ်ခုပင် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အာမခံကိစ္စနှင့်ပတ်သက်၍ အများပြည်သူတို့ တီးမိခေါက်မိ လေ့လာသိရှိစေရန် ရည်ရွယ်၍ စကားပြေပုံစံ စကားပြောဟန်ဖြင့် ရေးသားတင်ပြလိုက်ရ ပါသည်။

ကျွန်ုပ်မိတ်ဆွေများ စာဖတ်ရင်း မရောထွေးရအောင် အောက်ပါအတိုင်း ခေါင်းစဉ်ငယ်လေးတွေနဲ့ တင်ပြပေးလိုက်ပါတယ်။

- အာမခံအဓိပ္ပာယ်ဖွင့်ဆိုချက်

- အာမခံပေးခြင်း(၃)မျိုးအကြောင်း

- အာမခံရ/မရ ဘယ်မှာရှာမလဲ

- အာမခံပေးရမည့်ပြစ်မှုအကြောင်းနှင့် အာမခံလျှောက်ထားခြင်း

- အာမခံမပေးနိုင်သောပြစ်မှုအကြောင်းနှင့် အာမခံလျှောက်ထားခြင်း

- ခံ၀န်ချုပ် ချုပ်ဆိုခြင်းအကြောင်း

- တစ်ပါးသူအား အာမခံပေးမည့်သူ၏တွေးရန်၊ ဆောင်ရန်၊ ရှောင်ရန်

- အနှစ်ချုပ် ----- ဒါတွေပဲဖြစ်ပါတယ်။ ကဲ မိတ်ဆွေတို့ရေ---စလိုက်ကြရအောင်ဗျာ။

  1. အာမခံအဓိပ္ပာယ်ဖွင့်ဆိုချက်
ရာဇ၀တ်ကျင့်ထုံးဥပဒေရဲ့ ပုဒ်မ၄(၁)(က)မှာတော့ အာမခံပေးရမည့်ပြစ်မှုဆိုဆိုတာဟာ ဒုတိယဇယားတွင် အာမခံပေးရမည်ဟု ဖော်ပြထားသောပြစ်မှု၊ သို့မဟုတ် တည်ဆဲအခြားဥပဒေတစ်ရပ်ရပ် အရ အာမခံပေးရမည့်ပြစ်မှုကို ဆိုလိုတယ်လို့ ပြောထားတယ်။ နောက်ပြီးတော့ အာမခံမပေနိုင်သော ပြစ်မှု ဆိုတာဟာ အခြားပြစ်မှုများကို ဆိုလိုသည်လို့ ပြဌာန်းထားတယ်ဗျ။
ကဲ ပြဌာန်းချက်ကြီးရွတ်ပြလိုက်တော့ ဘာလဲဆိုတာကို သေချာမရှင်းလင်းဘူးမို့လားဗျ။ စိတ်မပူပါနဲ့ ကျွန်ုပ်တက်စွမ်းသမျှ ရှင်းပြပါ့မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရာဇ၀တ်ကျင့်ထုံးဥပဒေ ဆိုတဲ့ ဥပဒေစာအုပ်ကြီးရှိတယ်ဗျ။ လုပ်ထုံးလုပ်နည်း ၊ ဘယ်လိုဘယ်ပုံဆောင်ရွက်ရမယ်ဆိုတာတွေကို ဖော်ပြပြဌာန်း ထားတဲ့ ဥပဒေစာအုပ်ကြီးဗျ။ အဲ့ဒီစာအုပ်ကြီးရဲ့နောက်ကျောမှာ နောက်ဆက်တွဲဇယား(၂) ဆိုတဲ့ ဇယားတစ်ခုပါ၀င်တယ်။ အဲ့ဒီဇယားမှာ တရားစွဲပုဒ်မတွေနဲ့ပတ်သက်ပြီး ကျင့်ထုံးဆိုင်ရာအချက် အလက်တွေဖြစ်တဲ့ အာမခံရမရတို့၊ ကျေအေးခွင့်ရှိမရှိတို့၊ ရဲအရေးပိုင်မပိုင်တို့ ပြဌာန်းထားတယ်ဗျ။အပေါ်က အာမခံရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ညွှန်းထားတဲ့ ဇယား(၂)ဆိုတာ အဲ့ဒီဇယားကြီးကိုပြောတာဗျ။အဲ့ဒီဇယားမှာ အာမခံပေးရမည့်ပြစ်မှုလို့ ဖော်ပြထားတဲ့ပုဒ်မဟာ အာမခံပေးရမည့်ပုဒ်မဖြစ်ပြီး အဲ့ဒီဇယားမှာ အာမခံမပေးနိုင်လို့ ဖော်ပြထားတဲ့ပုဒ်မဟာ အာမခံမရတဲ့ပုဒ်မပဲဖြစ်ပါတယ်လို့ အပေါ်ကပြဌာန်းချက်က ဆိုလိုထားတာပဲဖြစ်ပါတယ်။ ကျွန်ုပ်မိတ်ဆွေတွေ သဘောက်ပေါက်လောက်ပြီထင်ပါတယ်။
  1. အာမခံပေးခြင်း(၃)မျိုးအကြောင်း
အနှစ်ချုပ်ကြည့်ရင် အာမခံပေးခြင်း(၃)မျိုးလို့ ကျုပ်ကတော့ယူဆတယ်ဗျ။ 

(၁) ရဲစခန်းမှအာမခံပေးခြင်း (၂) မူလအမှုစစ်တရားရုံးမှအာမခံပေးခြင်း (၃) အဆင့်မြင့်တရားရုံးမှအာမခံပေးခြင်း တို့ပေါ့ဗျာ။ တစ်ခုချင်းစီဆက်လေ့လာကြည့်ရအောင်။

  1. ၁။(ရဲစခန်းမှအာမခံပေးခြင်းအကြောင်း၊ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၇၀(၁) )
ရဲအရေးပိုင်တဲ့အမှုတစ်ခုကို လူတစ်ယောက်က တရားလိုလုပ်ပြီး ရဲစခန်းမှာတိုင်ပြီဆိုပါဆို့။ 

ရဲစခန်းက အမှုဖွင့်ပေးပြီးတဲ့နောက်မှာတော့ တရားလိုစစ်ဆေးခြင်း၊ တရားလိုပြသက်သေစစ်ဆေးခြင်း၊ တရားခံဖမ်းဆီးခြင်း----အစရှိတဲ့အမှုတွဲတည်ဆောက်ခြင်းတွေကိုလုပ်ဆောင်ကြရတယ်ဗျ။ အဲ့လိုတွေ လုပ်ဆောင်ပြီးပြီဆိုမှ ဥပဒေရုံးကို ဥပဒေအကြံတောင်းတင်ပြီး အဲ့ဒီအကြုံပြုချက်နဲ့အတူ တရားရုံးကို တရားစွဲတင်ပိုိ့ကြရတယ်။( ဒါနဲ့ဗျာ အမှုလက်ခံဖွင့်လှစ်ပြီး အမှုတွဲတည်ဆောက်ရာမှာ တရားခံကို ရာဇ၀တ်မှုကျူးလွန်တယ်လို့ ယူဆနိုင်တဲ့အချက်အလက်တွေ၊ အထောက်အထားတွေ မရှိဘူးဆိုရင်တော့ အဲ့ဒီတရားခံကို တရားရုံးအထိ တရားစွဲတင်ပို့ခြင်းမရှိဘဲ လွှတ်ရတယ်ဗျ၊ ဥပမာဗျာ- ကော်ရီး အိမ်ဖော်ငှားအုန်းမလား" ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ တော်လှန်ရေးမင်းသားကြီးအမှုလိုပေါ့)။ ဟုတ်ပြီဗျာ---- ရဲစခန်းက အမှုကို တရားရုံးစွဲမတင်မီ အမှုတွဲတည်ဆောက်နေစဉ်အတွင်းမှာ တရားခံနဲ့ ပတ်သက်ပြီးအာမခံပေးခြင်း၊ ရီမန်(ဝါ)ချုပ်မိန့် တောင်းခံခြင်းဆိုတဲ့ အလုပ်(၂)ခုလုပ်တယ်ဗျ။ လောလောဆယ် တရားခံအပေါ် စွပ်စွဲထားတဲ့ပုဒ်မဟာ အာမခံမပေးနိုင်တဲ့ ပုဒ်မအမျိုးအစားဖြစ်တယ်ဆိုရင် ရဲစခန်းကနေ အမှုတွဲတည်ဆောက်နေစဉ်အတွင်း အဲ့ဒီတရားခံကို ချုပ်နှောင်ထားရန် ရာဇ၀တ်တရားသူကြီးထံသွားပြီး ချုပ်မိန့်တောင်းခံကြရတယ်။ တကယ်လို့ တရားခံအပေါ် စွပ်စွဲထားတဲ့ပုဒ်မဟာ အာမခံပေးရမည့် ပုဒ်မအမျိုး အစားဖြစ်နေတယ်ဆိုရင် အဲ့ဒီတရားခံအတွက် ချုပ်မိန့်သွားရောက်တောင်းခံစရာမလိုပဲ အမှုတွဲတည်ဆောက် နေစဉ်အတွင်း၊ တရားစွဲတင်ပို့ခြင်းမပြုမီအချိန်အတွင်း တရားခံကို လွှတ်ထားဖို့ အာမခံပေးရပါတယ်ဗျ။ အဓိက ဆိုလိုချင်တာကတော့ အဲ့ဒါပါပဲ။ လူတစ်ယောက်ကနေ မိမိကို ရာဇ၀တ်မှုကျူးလွန်ပါတယ် ဆိုပြီး ရဲစခန်းအမှုဖွင့်လို့ ရဲစခန်းမှ အမှုလက်ခံစုံစမ်းထောက်လှမ်းပြီဆိုပါက တရားလိုမှမိမိအား စွပ်စွဲထားတဲ့ ပုဒ်မဟာ အာမခံပေးရမည့်ပုဒ်မဖြစ်နေမယ်ဆိုရင် မိမိဟာ တရားရုံးစွဲတင်ပို့ခြင်းမခံရမီ ရဲစခန်းအမှု တည်ဆောက်ချိန်ကာလကတည်းက ရဲစခန်းမှူးထံ အာမခံသူများနှင့်ဖြစ်စေ၊ ကိုယ်ပိုင်ခံ၀န်ဖြင့် ဖြစ်စေ ခံ၀န်ချုပ်ချုပ်ဆိုပြီး အာမခံရယူလို့ရပါတယ်။ အကယ်၍ မိမိစွပ်စွဲခံရတဲ့ ပုဒ်မဟာ အာမခံမရနိုင်တဲ့ ပုဒ်မအမျိုးအစားဆိုရင်တော့ ရဲစခန်းမှ အမှုတည်ဆောက်နေစဉ် ၊ တရားရုံးသို့ စွဲဆိုတင်ပို့ခြင်းမပြုမီ အချိန်ကာလမှာကတည်းက ချုပ်နှောင်ခြင်းခံရမှာပဲဖြစ်ပါတယ်။ (ဦးဦးရဲတို့မှာ အခြားပြဌာန်းချက် ရှိလားတော့မသိဘူး၊ ရာဇ၀တ်ကျင့်ထုံးဥပဒေအရဆိုရင် ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆အရသာလျှင် ရဲစခန်းမှ အာမခံပေးနိုင်တာမဟုတ်ပဲ၊ ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ၄၉၇မှာလည်း လုပ်ပိုင်ခွင့်ရှိသူထဲမှာရဲစခန်းမှူးလို့ ဖော်ပြပြဌာန်းထားတဲ့အတွက် ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇အရလည်း ရဲစခန်းမှ ဆောင်ရွက်ခွင့်ရှိတာပေါ့။ ဆောင်ရွက်ကြလားတော့မသိပါ။) ဒါကတော့ အာမခံပေးခြင်းတစ်မျိုးဖြစ်တဲ့ ရဲစခန်းမှ အာမခံပေးခြင်းအကြောင်းပဲဖြစ်ပါတယ်။ အနှစ်ချုပ်မယ်ဆိုရင်တော့ဖြင့် မိမိစွပ်စွဲခံရတဲ့ပုဒ်မဟာ အာမခံရတဲ့ ပုဒ်မအမျိုးအစားဖြစ်တယ်ဆိုရင် ရဲစခန်းမှာကတည်းကအာမခံရယူနိုင်ပြီး၊ မိမိစွပ်စွဲခံရတဲ့ ပုဒ်မဟာ အာမခံမရနိုင်တဲ့ပုဒ်မအမျိုးအစားဖြစ်ပါက ရဲစခန်းမှာ ချုပ်မိန့်နဲ့အညီ ချုပ်နှောင်ခံထားရမှာ ပဲဖြစ်ပါတယ်။(ရာ/ကျင့် ပုဒ်မ၄၉၇အရ စခန်းမှူးမှ ဆောင်ရွက်လျှင်တော့တစ်မျိုးပေါ့) အဲ့တော့ ဘယ်ပုဒ်မတွေက အာမခံရတဲ့ပုဒ်မတွေဖြစ်သလဲ၊ ဘယ်ပုဒ်မတွေက အာမခံမရတဲ့ ပုဒ်မတွေဖြစ်သလဲဆိုတာ ကျွန်ုပ်ရဲ့ မိဘပြည်သူတွေအားလုံး သိရှိထားဖို့ တီးမိခေါက်မိထားဖို့ အထူးလိုအပ်လှတာပေါ့။ အာမခံပေးရမည့်ပြစ်မှုတွေနဲ့ အာမခံမပေးနိုင်သော ပြစ်မှုတွေကို ကျွန်တော်ခွဲခြားပြီး ဖော်ပြထားပါတယ်။ Pdfဖိုင်အနေနဲ့ရော၊ ဓာတ်ပုံအနေနဲ့ရောပါ။ ဓာတ်ပုံအနေနဲ့ ဇယားတွေဆွဲဖော်ပြထားတာ (၂၄)ပုံရှိပါတယ်။ အဲ့ဒီပို့စ်ကို အခုပဲစိတ်၀င်စားရင် အခုရှာလို့ ရအောင် ကျနော် လင့်(ခ်)ရေးခဲ့ပါ့မယ်။ နှိပ်လိုက်ပါ။ https://m.facebook.com/story.php?story_fbid=347985335938538&id=161650711238669


  1. ၂။( မူလအမှုစစ်တရားရုံးမှ အာမခံပေးခြင်း၊ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆၊၄၉၇ )
မူလအမှုစစ်တရားရုံးမှ အာမခံပေးခြင်းလို့ ကျွန်တော်ကရေးလိုက်တဲ့အတွက် မူလအမှုစစ် တရားရုံး ဆိုတာဘာကြီးလဲလို့ ကျွန်တော့်ကိုမေးချင်ကြတယ်မို့လား။ မူလအမှုစစ်တရားရုံးဆိုတာဟာ မိမိအမှုကို စတင်စစ်ဆေးတဲ့တရားရုံးကိုခေါ်တာပါပဲ။ အမှုတွေကို မြို့နယ်ကအမှု ခရိုင်တရားရုံးအယူခံတက်ကြ၊ ပြင်ဆင်တက်ကြ၊ နောက်ပိုင်း တိုင်း၊ပြည်နယ်၊ အဲ့လိုတွေတက်ကြတဲ့အခါကြရင် ရုံးအမျိုးအစားတွေ ကွဲပြားသိရှိအောင်လို့ အမှုကိုစတင်ပြီးစစ်တဲ့တရားရုံးကို မူလအမှုစစ်တရားရုံး လို့ အမည်ပေးလိုက် တာပါပဲ။ 

ကဲ ဟုတ်ပါပြီ။ ဦးတိုက်လျှောက်ထားမှုပဲဖြစ်ဖြစ်၊ ရဲမှစွဲဆိုတင်ပို့တဲ့အမှုပဲဖြစ်ဖြစ် အမှုတစ်ခုတရားရုံး ရောက်ပြီဆိုရင်၊ ၄င်းနောက် တရားခံလို့ စွပ်စွဲခံထားရတဲ့သူ တရားရုံးကို ရောက်ပြီဆိုရင် စတင်ရင်ဆိုင် တွေ့ရှိရတဲ့ ကိစ္စကတော့ အာမခံကိစ္စပါပဲ။ ဦးတိုက်မှုဖြစ်လို့ တရားရုံးကနေ တရားခံကို ထုချေရှင်းလင်းဖို့ လာပါလို့ခေါ်လို့ပဲဖြစ်ဖြစ်၊ ရဲစခန်းကနေ ဘယ်နေ့တော့ မင်းအမှုကို တရားစွဲတင်ပို့မယ် မင်းလာခဲ့ပါလို့ ခေါ်လို့ပဲဖြစ်ဖြစ် တရားခံတစ်ယောက် တရားရုံးကိုရောက်လာရင် ပထမဆုံးရင်ဆိုင်တွေ့ရှိလုပ်ဆောင် ရလေ့ရှိတာကတော့ အာမခံကိစ္စပဲဖြစ်တယ်လို့ ထပ်လောင်းပြောချင်တယ်။ ကဲ--ရှေ့ဆက်မယ်။ အဲ့တော့ အဓိကအချက်ကတော့ မိမိစွပ်စွဲခံထားရတဲ့အမှုဟာ အာမခံရတဲ့ပုဒ်မလား၊ အာမခံမရတဲ့ပုဒ်မ လားဆိုတာသိထားရင် ပွဲပြီးတာပါပဲ။ အာမခံရတဲ့ပုဒ်မအမျိုးအစားဆိုရင် တရားရုံးမှ မိမိကို မဖြစ်မနေ အာမခံပေးရမှာပါ။ မပေးမနေကိုပေးရမှာပါ။ အာမခံမရတဲ့ပုဒ်မဆိုရင်လည်း အာမခံလျှောက်ထားလို့ရပါတယ်။ ဒါပေမဲ့ ဒီလိုအာမခံမရတဲ့ ပုဒ်မအမျိုးအစားအတွက် အာမခံပေးသင့် မသင့်ကိုတော့ တရားရုံးမှ ခြွင်းချက်များ၊ အကြောင်းပြချက်များအပေါ် ဆင်ခြင်သုံးသပ်ကာ အာမခံပေးခြင်း၊ မပေးခြင်း ဆုံးဖြတ်မှာပါ။ ဒါကိုအကျယ်တ၀င့်အောက်မှာဖော်ပြပါ့မယ်။ အဓိက ဆိုလိုချင်တာကတော့ အာမခံရတဲ့ ပုဒ်မအမျိုးအစားဆိုရင် မိမိရဲ့အခွင့်အရေးအရကို အာမခံရမှာ ဖြစ်ပါတယ်။ ဒါမျိုးကိစ္စကိုတော့ မူလအမှုစစ်တရားရုံးမှအာမခံပေးခြင်းအကြောင်းပဲဖြစ်ပါတယ်။

  1. ၃။(အဆင့်မြင့်တရားရုံးမှ အာမခံပေးခြင်း၊ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၈ )
အဆင့်မြင့်တရားရုံးဆိုသည်မှာ ဥပမာဆိုကြပါဆို့---

မိမိအမှုက မြို့နယ်တရားရုံးမှာဖြစ်တယ်ဆိုရင် ၄င်းရဲ့အထက်မှာရှိတဲ့ ခရိုင်တရားရုံး၊ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အစရှိတဲ့ရုံးတွေက အဆင့်မြင့်တရားရုံးတွေဖြစ်ပါတယ်။ အာမခံမရနိုင်တဲ့ ပုဒ်မအမျိုးအစားမှာ ခြွင်းချက်အချက်အလက် တွေကိုအသုံးပြုပြီး မိမိက မူလအမှုစစ်တရားမှာ အာမခံလျှောက်ထားတာကို မူလအမှုစစ်တရားရုံးက အာမခံမပေးပါက အာမခံရရှိရန် ၄င်းထက်အဆင့်မြင့်သောတရားရုံးမှာ အထွေထွေမှုဖွင့်လှစ်ပြီးလျှောက် ထားနိုင်ပါတယ်။ ဒီလိုလျှောက်ထားရာမှာ အဲ့ဒီအဆင့်မြင့်တရားရုံးက အာမခံပေးခြင်းမပေးခြင်းတို့ကို အမိန့်ချမှတ်ပေးပါတယ်။ ဒီလိုပုံစံပေးခြင်းကို အဆင့်မြင့်တရားရုံးမှအာမခံပေးခြင်းလို့ခေါ်ပါတယ်။

အထက်ပါ အကြောင်း(၃)မျိုးကိုထည့်သွင်းဖော်ပြရခြင်းကတော့ ဗဟုသုတအနေဖြင့် သိရှိစေရန် ဖြစ်ပါတယ်။ လက်တွေ့အာမခံလျှောက်ပုံလျှောက်နည်းတို့ကို အောက်တွင်ဆက်လက်ရေးသားဖော်ပြမှာပါ။ အထက်ပါ (၃)မျိုးနဲ့ပတ်သက်ပြီး အနှစ်ချုပ်ချင်တာကတော့-

နံပတ်(၁)အချက်။ အာမခံရရှိတဲ့ ပုဒ်မအမျိုးအစားဆိုရင် စတင်စွပ်စွဲခံရစဉ်အချိန်ကတည်းက ရဲစခန်းမှာ အာမခံရယူလို့ရတယ်။(ဦးဦးရဲတို့က ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇အရလည်း ဆောင်ရွက်မယ်ဆိုရင်တော့ အာမခံမပေးနိုင်သောပြစ်မှုမှာလည်း ရဲစခန်းမှာကတည်းက အာမခံရယူနိုင်ပါတယ်။ လွယ်တော့ မလွယ်ပါဘူး။)

နံပတ်(၂)အချက်။ အာမခံရရှိတဲ့ပုဒ်မအမျိုးအစားဆိုရင် တရားရုံးတရားစွဲတင်ခံရချိန်မှာ အာမခံလျှောက် ထားရယူနိုင်တယ်။ အာမခံမရတဲ့ပုဒ်မအမျိုးအစားဆိုရင်ခြွင်းချက်များနှင့် အညီ၊ခိုင်လုံသော အကြောင်းပြချက်များ နှင့်အညီအာမခံလျှောက်ထားခွင့်ရှိတယ်။

အာမခံပေးခြင်း မပေးခြင်းကိုတော့ တရားရုံးမှ ဆင်ခြင်ဆုံးဖြတ်မှာဖြစ်တယ်။

နံပတ်(၃)အချက်။ မူလအမှုစစ်ရုံးမှ မိမိအား အာမခံမပေးပါက အဆင့်မြင့်ရုံးသို့ ရာဇ၀တ်အထွေထွေ မှုဖွင့်လှစ်လျှောက်ထားနိုင်တယ်။--- စတဲ့အချက်များပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ ရှေ့ဆက်လေ့လာကြရအောင်။

  1. အာမခံရသောပုဒ်မလား၊ အာမခံမရသောပုဒ်မလား ဘယ်မှာဘယ်လိုရှာရမလဲ။
ရာဇ၀တ်မှုတွေတရားစွဲဆိုတာဟာ ရာဇသတ်ကြီးပါပုဒ်မတွေအရလည်းကောင်း၊ အထူးနှင့် အထွေထွေဥပဒေပါပုဒ်မတွေအရလည်းကောင်း၊ ဒေသန္တရဥပဒေများပါ ပုဒ်မတွေအရလည်းကောင်း စွဲဆိုကြတယ်လို့ ကျွန်ုပ်ရှေ့တွင်ရေးသားခဲ့သော (ရာဇသတ်ကြီး၊ အထူးနှင့်အထွေထွေဥပဒေ၊ ဒေသန္တရ ဥပဒေတို့အား အခြေခံလေ့လာနည်းမှတ်စု)ဆိုတဲ့ပို့စ်မှာ အကျယ်တ၀င့်ဖော်ပြထားပါတယ်။ 
ယနေ့တရားရုံးများတွင် အများစုဖြစ်ပွားလေ့များသော ရာဇ၀တ်မှုတွေကတော့ ရာဇသတ်ကြီးပါ ပုဒ်မတွေအရ စွဲဆိုတဲ့ အမှုတွေပဲ ဖြစ်ပါတယ်။ ရာဇသတ်ကြီးပါ ပုဒ်မများနှင့်ပတ်သက်၍ ထိုပုဒ်မတို့သည် မည်သည့်ပုဒ်မသည် အာမခံရ၍ မည်သည့်ပုဒ်မသည် အာမခံမရကြောင်းကို သိရှိဖို့ဆိုရင် ရာဇ၀တ်ကျင့်ထုံးဥပဒေစာအုပ်မှာပါတဲ့ နောက်ဆက်တွဲ ဇယား(၂)၊ စာတိုင်နံပတ်(၅)မှာ သွားရောက် ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ အဲ့ဒီရာဇ၀တ်ကျင့်ထုံးဥပဒေ၊ နောက်ဆက်တွဲဇယား(၂)၊ စာတိုင်နံပတ်(၅) မှာဆိုရင် ရာဇသတ်ကြီးပါပုဒ်မတွေအနက် ဘယ်ပုဒ်မဟာ အာမခံရတယ်။ ဘယ်ပုဒ်မဟာ အာမခံမရဘူး ဆိုတာကို ဖော်ပြပြဌာန်းပေးထားပါတယ်။ အဲ့ဒီမှာ ၀င်ရောက်လေ့လာပြီး ခွဲခြားသိမြင်နိုင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ မိဘပြည်သူတို့လက်၀ယ်မှာ ရာဇသတ်ကြီးစာအုပ်တို့၊ ရာဇ၀တ်ကျင့်ထုံးဥပဒေစာအုပ်တို့ မရှိကြပါဘူး။ ရှိတဲ့လူကနည်းလှပါတယ်။ ဥပဒေနယ်ပယ်ကျင်လည်နေကြသူများသာ ထိုဥပဒေစာအုပ်တွေ ရှိကြမှာပါ။ အဲ့ဒါကြောင့် ကျွန်တော့်၏ မိဘပြည်သူတို့အတွက် ရာဇသတ်ကြီးပါပုဒ်မများနှင့်ပတ်သက်ပြီး ဘယ်ပုဒ်မတွေက အာမခံရတယ်၊  ဘယ်ပုဒ်မတွေကအာမခံမရတာလဲဆိုတာကို ဤပို့စ်၏ အဆုံးတွင် စနစ်တကျခွဲခြားတင်ပြပေးထားပါ့မယ်။ဘယ်မှလိုက်ရှာမနေပါနဲ့တော့၊ ကျွန်တော်ခွဲခြမ်းစိတ်ဖြာထားသည် ကိုသာမှတ်ထားလိုက်ပါတော့ဗျာ။
အထူးနှင့်အထွေထွေဥပဒေများနှင့်ပတ်သက်ပြီး အချို့သော အထူးနှင့်အထွေထွေဥပဒေများမှာ မူရင်းဥပဒေမှာပင် အာမခံပေးရမည်(သို့မဟုတ်) အာမခံမပေးနိုင်ဆိုသည့် အကြောင်းအရာများကို ထည့်သွင်းပြဌာန်းပြီးဖြစ်တယ်။
ဒါပေမဲ့ အထူးဥပဒေအများမှာတော့ ဒီလိုထည့်သွင်းပြဌာန်းထားခြင်း မရှိပါဘူး။ အဲ့လိုထည့်သွင်းပြဌာန်းထားခြင်းမရှိဘူးဆိုရင်တော့ သူလည်းပဲ ရာဇ၀တ်ကျင့်ထုံးဥပဒေ၊ နောက်ဆက်တွဲဇယား(၂)၊ အခြားဥပဒေများကိုကျူးလွန်သူများဆိုတဲ့ ခေါင်းစဉ်အောက်မှာ သွားရောက် ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ ကြည့်ပုံကြည့်နည်းကတော့-- အထူးဥပဒေမှာပါတဲ့ ပုဒ်မရဲ့ပြစ်ဒဏ်ပမာဏကိုကြည့်လိုက်ပါ။ အဲ့ဒီပုဒ်မရဲ့ ပြစ်ဒဏ်ပမာဏဟာ

- ထောင်ဒဏ်တစ်နှစ်အောက် သို့မဟုတ် ငွေဒဏ်သက်သက်သာပြစ်ဒဏ်ရှိတယ်ဆိုရင် အာမခံရမှာဖြစ်ပါတယ်။ - ထောင်ဒဏ်၁နှစ်နှင့်အထက် သို့သော်လည်း ၃နှစ်အောက်ပြစ်ဒဏ်ထိုက်တဲ့ ပြစ်ဒဏ်သာရှိတယ်ဆိုရင်လည်း အာမခံရမှာဖြစ်ပါတယ်။ - ၃နှစ်နှင့်အထက် သို့သော်လည်း ၇နှစ်အောက်ပြစ်ဒဏ်ထိုက်တဲ့ ပြစ်ဒဏ်သာရှိတယ်ဆိုရင်တော့ လက်နက်အက်ဥပဒေပုဒ်မ ၁၉မှတပါး အခြားဟာတွေကို အာမခံမပေးနိုင်ဘူးဖြစ်ပါတယ်။ - ၇နှစ် သို့မဟုတ် ၇နှစ်ထက်ပိုသော ပြစ်ဒဏ်ထိုက်တဲ့ ပြစ်ဒဏ်မျိုးဆိုရင် အာမခံမပေးနိုင်ပါဘူး။ ဒါကတော့ အထူးဥပဒေများနဲ့ ပတ်သက်ပြီး အာမခံရ မရလေ့လာနည်းပဲဖြစ်ပါတယ်။

ဟုတ်ပါပြီ ဒီအပိုင်းနဲ့ပတ်သက်ပြီး အနှစ်ချုပ်ရမယ်ဆိုရင် ---

- ရာဇသတ်ကြီးပါပုဒ်မတွေနဲ့ ပတ်သက်ရင် ရာဇ၀တ်ကျင့်ထုံးဥပဒေ၊ နောက်ဆက်တွဲဇယား(၂) စာတိုင်နံပတ်(၅)မှာ သွားရောက်ပြီး အာမခံရခြင်း၊ မရခြင်းတို့ကိုသိရှိနိုင်ကြောင်း၊ - အာမခံရမရတို့နှင့်ပတ်သက်သော ပြဌာန်းချက်မပါရှိသည့် အထူးဥပဒေများနှင့်ပတ်သက်၍ လည်း အာမခံရခြင်း မရခြင်းကိစ္စတို့ကို ရာဇ၀တ်ကျင့်ထုံးဥပဒေ၊ နောက်ဆက်တွဲဇယား(၂)၊ အခြားဥပဒေများကိုကျူးလွန်သူများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြစ်ဒဏ်ပမာဏနှင့် ချိန်ကိုက်ပြီး သိရှိနိုင်ပါကြောင်း----တင်ပြအပ်ပါတယ်။

  1. အာမခံပေးရမည့်ပြစ်မှုအကြောင်းနှင့်အာမခံလျှောက်ထားခြင်း
စွပ်စွဲခံရသူတစ်ဦးအနေဖြင့် မိမိစွပ်စွဲခံရတဲ့ပြစ်မှုဟာ အာမခံရတဲ့ပြစ်မှုအမျိုးအစားဆိုရင်

မဖြစ်မနေအာမခံရမှာပဲဖြစ်ပါတယ်။ ရဲစခန်းမှလည်းကောင်း၊ တရားရုံးမှလည်းကောင်း အာမခံပေးကိုပေးရမှာပဲဖြစ်ပါတယ်။ ဒီလိုမျိုးအာမခံပေးရမည့်ပြစ်မှုအမျိုးအစားကို အာမခံမပေးပဲ ချုပ်နှောင်ထားမည်ဆိုပါက ထိုသို့ချုပ်နှောင်ထားသူမှာ မတရားချုပ်နှောင်မှုပင်ကျူးလွန်ရာ ရောက်မှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စွပ်စွဲခံရသူတရားခံတို့အနေဖြင့် မိမိစွပ်စွဲခံရတဲ့ ပြစ်မှုဟာ အာမခံပေးရမည့်ပြစ်မှုအမျိုးအစားဖြစ်တယ်ဆိုရင် မည်သူမည်ဝါတို့ကိုမျှ တစ်စုံတစ်ခုသောအဖိုး အခပေးနေစရာမလိုပဲ အာမခံရကိုရမည်ဟု သိရှိထားပါ။ ခြိမ်းခြောက်ခြင်း၊ မတရားလုပ်ခြင်း တို့ကို အ"ပြီး ခံမနေကြပါနဲ့။ အာမခံလျှောက်လွှာတင်သွင်းဖို့တော့လိုပါတယ်။ အာမခံလျှောက်ရန် လိုအပ်ချက်များကတော့ -

- အာမခံလျှောက်လွှာ (၅၀ိကျပ်တန်ရုံးခွန်တံဆိပ်ခေါင်းကပ်ပါ)

- မိမိအား အာမခံပေးမည့်သူနှစ်ဦး ခေါ်လာခဲ့ပါ။(ဥပဒေမှာ၂ဦးလို့တော့မပြောပါဘူး)

- မိမိကိုအာမခံပေးမည့်သူနှစ်ဦးရဲ့ အိမ်ထောင်စုဇယားမူရင်း/မိတ္တူ(ပြပြီးရင်မူရင်းကပြန်ယူ)

- မိမိကိုအာမခံပေးမည့်သူနှစ်ဦးရဲ့ မှတ်ပုံတင်မူရင်း/မိတ္တူ(ပြပြီးရင်မူရင်းကပြန်ယူ)

- မိမိကိုအာမခံပေးမည့်သူနှစ်ဦးဟာ အိမ်ပိုင်ဝိုင်းပိုင်တွေဖြစ်ကြကြောင်း မိမိတို့ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရဲ့ထောက်ခံချက်မူရင်း

- မိမိကိုအာမခံပေးမည့်သူနှစ်ဦးရဲ့ အာမခံပစ္စည်းစာရင်းတင်သွင်းသည့်စာ

အဲ့ဒါဆိုရင်ရပါပြီ၊ အာမခံပေးရမည်လို့ပြဌာန်းထားတဲ့ပုဒ်မအမျိုးအစားအတွက် စွပ်စွဲခံရသူတရားခံက အာမခံလျှောက်ထားရာမှာ လိုအပ်ချက်တွေကတော့အပေါ်ကအတိုင်းပဲဖြစ်ပြီး အဲ့ဒီအတိုင်းတင်သွင်း လျှောက်ထားပါက အာမခံရကိုရမှာဖြစ်ပါတယ်။ တကယ်လို့ မိမိကို အပေါ်ကအတိုင်း အာမခံပေးမည့် သူမရှိဘူးဆိုပါက တရားရုံးတွင် ကိုယ်ပိုင်ခံ၀န်ချုပ်ချုပ်ဆိုကာ အာမခံရယူနိုင်ပါတယ်။ အဓိကသိရှိ စေလိုတာကတော့ အာမခံပေးရမည်ဆိုတဲ့ ပြစ်မှုအမျိုးအစားမှာ အာမခံရကိုရမှာပဲဖြစ်ပါတယ်။ အပေါ်မှ လျှောက်လွှာတွေ၊ လိုအပ်တဲ့စာရွက်စာတမ်းတွေရဲ့ နမူနာပုံစံကို ဓာတ်ပုံအဖြစ်ထည့်သွင်းဖော်ပြ ပေးထား ပါတယ်။အာမခံလျှောက်နည်းကို (KMTနှင့်ကိုကြွယ်)ဇာတ်၀င်ခန်းလေးနဲ့ရှင်းပြထားပါတယ်။ ပို့စ် အောက်က Photoပုံ(၁၁)ပုံကိုကြည့်ပါ။

  1. အာမခံမပေးနိုင်သောပြစ်မှုအကြောင်းနှင့် အာမခံလျှောက်ထားခြင်း
အပေါ်ကလိုပဲ ရာဇ၀တ်ကျင့်ထုံးဥပဒေ၊ နောက်ဆက်တွဲဇယား(၂) ၊ စာတိုင်နံပတ်(၅)မှာ ကြည့်လို့ အာမခံမပေးနိုင်လို့ ဖော်ပြထားသော ပုဒ်မတွေဟာ အာမခံမရတဲ့ပုဒ်မတွေပဲဖြစ်ပါတယ်။

(အာမခံမပေးနိုင်သောပြစ်မှုတွေမှာ အာမခံလျှောက်ထားလို့ရပါသလား)

အာမခံမပေးနိုင်လို့ ပြဌာန်းထားတဲ့ပုဒ်မတွေမှာလည်း ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇(၁) အရ လျှောက်ထားနိုင်ပါတယ်။ ဒီလိုအာမခံမပေးနိုင်သောပြစ်မှုတွေနဲ့ ပတ်သက်ပြီး အာမခံလျှောက်ထား လာတဲ့အခါ တရားရုံးတော်အနေဖြင့် ထိုလျှောက်ထားမှုနဲ့ပတ်သက်လို့ 

(၁)ပြစ်မှု၏ ပြစ်ဒဏ်အမျိုး အစား၊ (၂)တရားခံအမျိုးအစားဆိုတဲ့အချက်အလက်တို့အပေါ် စဉ်းစားသုံးသပ်ကာ အာမခံပေးခြင်း၊ မပေးခြင်း ဆုံးဖြတ်မှာဖြစ်ပါတယ်။

(ပြစ်မှုပြစ်ဒဏ်အမျိုးအစား)

အာမခံမပေးနိုင်သောပြစ်မှုဟာ သေဒဏ်၊ နှစ်(၂၀)ထိထောင်ဒဏ်ထိုက်သောပြစ်မှုဖြစ်မယ်ဆိုရင် အာမခံမပေးနိုင်ပါ။ အာမခံမပေးနိုင်ဟု ပြဌာန်းထား သော်လည်း အထက်ပါအတိုင်း သေဒဏ်၊ နှစ်(၂၀) ထိထောင်ဒဏ်ထိုက်သော ပြစ်မှုမျိုးမဟုတ်မှာသာ အာမခံပေးနိုင်ရေး တရားရုံးတော်မှ စဉ်းစားမှာ ဖြစ်ပါတယ်။ 

(တရားခံအမျိုးအစား)

တရားခံအမျိုးအစားဆိုတာကတော့ အပေါ်ကလို အာမခံမပေးနိုင်တဲ့ပုဒ်မဖြစ်မယ်၊ နောက်ပြီးအဲ့ပုဒ်မဟာ သေဒဏ်၊ နှစ်(၂၀)ထိ ထောင်ဒဏ်ထိုက်သော ပြစ်မှုကိုကျူးလွန်ခြင်းအတွက် ပြဌာန်းထားတဲ့ 

ပုဒ်မဖြစ်တယ်ဆိုရင်တောင် - အသက်၁၆နှစ်အောက်ရှိသူတရားခံ - အမျိုးသမီးတရားခံ - ဖျားနာသူတရားခံ - ချည့်နဲ့သူတရားခံ ---အစရှိသူတွေကို အာမခံပေးရေးစဉ်းစားနိုင်တယ်လို့ပြောတာပါ။

(အာမခံမပေးနိုင်လို့ ပြဌာန်းထားတဲ့ပုဒ်မတွေအပေါ် ဘယ်အချက်တွေအရတရားရုံးမှ အာမခံပေးသလဲ)?

အပေါ်ကဆိုထားသည့်အတိုင်း အာမခံမပေးနိုင်ဟု ပြဌာန်းထားသောပုဒ်မဖြစ်သော်လည်း 

သေဒဏ်၊နှစ်(၂၀)ထိထောင်ဒဏ်ထိုက်သောပြစ်မှုအမျိုး အစားမဟုတ်ဘူးဆိုရင်၊ နောက်ပြီး အာမခံမပေးနိုင်ဟု ပြဌာန်းထားပြီး သေဒဏ်၊ နှစ်(၂၀)ထိထောင်ဒဏ်ထိုက်သောပြစ်မှု ဖြစ်ခဲ့လျှင်ပင် တရားခံမှာ အသက်(၁၆) နှစ်အောက်ရှိသူ၊ အမျိုးသမီး၊ ဖျားနာသူ၊ ချည့်နဲ့သူတို့ဖြစ်ခဲ့မယ်ဆိုရင်အောက်ပါအချက်များကို စဉ်းစားသုံးသပ်ကာ အာမခံမပေးနိုင်ဟု ပြဌာန်းထားသောပုဒ်မကို တရားရုံးမှ အာမခံခွင့်ပြုရေး စဉ်းစားနိုင်ပါတယ်။

- တရားခံသည် ထွက်ပြေးတိမ်းရှောင်မည့်သူ ဟုတ်/မဟုတ်

- တရားခံသည် မလျော်သြဇာကျင့်သုံး၍သော်လည်းကောင်း၊ ဓနအင်အားကိုသုံး၍သော် လည်းကောင်း၊ မှန်ကန်သောတရားစီရင်ရေးကိုပျက်ပြားအောင် ပြုလုပ်ရန် အကြောင်းရှိ/မရှိ

- တရားခံ၏လုံခြုံရေးအရ အာမခံမပေးပဲထားရသည့်ပြစ်မှုမျိုး ဟုတ်/မဟုတ်

- တရားခံအား အာမခံပေးလိုက်ခြင်းဖြင့် အခြားသောပြည်သူများ၏ လုံခြုံရေးတို့အား ထိခိုက်ဖွယ်ရာရှိမရှိ--- စသည့်အချက်များကို စဉ်းစားသုံးသပ်ကာ တရားရုံးတော်မှ အာမခံမပေးနိုင်ဟုပြဌာန်းထားသောပုဒ်များကို အာမခံခွင့်ပြုရေးဆောင်ရွက်နိုင်ကြပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အနှစ်ချုပ်ရမယ်ဆိုရင် အာမခံမပေးနိုင်ဟု ပြဌာန်းထားသော ပြစ်မှုတွေမှာလည်း တရားခံအနေဖြင့် အာမခံလျှောက်ထားနိုင်တယ်။

ဒါပေမဲ့ အဲ့ဒီအာမခံမပေး နိုင်လို့ ပြဌာန်းထားတဲ့

ပုဒ်မဟာ သေဒဏ်၊ နှစ်(၂၀)ထိထောင်ဒဏ်စီရင်ထိုက်တဲ့ ပုဒ်မအမျိုးအစားမဖြစ်ရဘူး၊ သို့ပေမဲ့ သေဒဏ်၊ နှစ်(၂၀)ထိထောင်ဒဏ်စီရင်ထိုက်တဲ့ ပုဒ်မအမျိုးအစားဖြစ်သော်လည်း တရားခံဟာ အသက်၁၆နှစ်အောက်၊ အမျိုးသမီး၊ ဖျားနာနေသူ၊ ချည့်နဲ့နေသူ ဖြစ်မယ်ဆိုရင်တော့ အာမခံပေးရေးစဉ်းစားနိုင်တယ်---- ဒါပဲဖြစ်ပါတယ်။

  1. ခံ၀န်ချုပ် ချုပ်ဆိုခြင်းအကြောင်း
 မိမိမှ အာမခံလျှောက်ထားခြင်းနှင့်ပတ်သက်ပြီး တရားရုံးမှ အာမခံပေးလျှင် တရားရုံးတွင် ခံ၀န်ချုပ် ချုပ်ဆိုကြရမယ်။ ဒီခံ၀န်ချုပ်မှာ မိမိကလက်မှတ်ရေးထိုးရမယ်၊ ဒါ့အပြင် မိမိကို အာမခံပေးတဲ့ အာမခံသူ(၂) ဦးကလည်း လက်မှတ်ရေးထိုရမယ်။ ဘာလို့လဲဆိုရင် တကယ်လို့ မိမိက တရားရုံးသို့ မလာရောက်တော့ဘဲ တိမ်းရှောင်သွားခဲ့မယ်ဆိုပါဆို့--။ အဲ့လိုဖြစ်တာနဲ့ တရားရုံးမှ မိမိပေးလျော်ရမဲ့ ခံ၀န်ချုပ်ပါငွေကို ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၈၈အရ ပစ္စည်း၀ရမ်းကပ်ရောင်းချရသည့်ငွေမှ ကောက်ခံရယူမှာဖြစ်တယ်။ မိမိကို အာမခံပေးသူနှစ်ဦးအနေဖြင့်လည်း ခံ၀န်ချုပ်ပါ အာမခံငွေကို ပေးလျော်ရမှာဖြစ်ပြီး အကယ်၍  တရားရုံးတော်သို့ ပေးလျော်ခြင်းမရှိပါက တရားရုံးတော်မှ ၄င်းအာမခံသူနှစ်ဦးအပေါ် ရာဇ၀တ်အထွေထွေ မှုဖွင့်လှစ်ပြီး အကြောင်းမလှပါက ထောင်၆လတောင်ကျနိုင်ပါတယ်။
  1. တစ်ပါးသူအား အာမခံပေးမည့်သူ၏တွေးရန်၊ ဆောင်ရန်၊ ရှောင်ရန်
မိမိဆွေမျိုးသားချင်း၊ မိမိမိတ်ဆွေ--အစရှိသူတို့ တရားရုံးတွင် ရာဇ၀တ်မှုဖြင့် ရင်ဆိုင်ရ၍ အာမခံလျှောက်ထားသည့်အခါ မိမိကို အာမခံပေးသူအဖြစ် အာမခံခိုင်းပါက များစွာစဉ်းစားပါ။

အာမခံရခြင်းဆိုတာက ဒီတရားခံဟာ ဘယ်ကိုမှ ထွက်ပေးတမ်းရှောင်ခြင်းမရှိဘဲ ၊ တရားရုံးတော်သို့ ရုံးချိန်းတိုင်းလာရောက်ပါ့မယ်လို့ မိမိမှ အာမခံရတာပဲဖြစ်ပါတယ်။ အကယ်၍ တရားခံက ထွက်ပြေးသွား ပြီဆိုရင် မိမိက အာမခံထားသူဖြစ်သည့်အတွက် ခံ၀န်ချုပ်ပါငွေကိုပေးလျော်ကြရမှာဖြစ်တယ်။ ခံ၀န်ချုပ်ပါငွေကို မိမိက မပေးလျော်နိုင်ဘူးဆိုရင် တရားရုံးမှ မိမိ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ရောင်းချပြီး ဒဏ်ကြေးငွေကို ရအောင်ယူမှာဖြစ်ပါတယ်။ တကယ်လို့ မိမိမှာ ရွှေ့ပြောင်းနိုင်သောပစ္စည်း လည်းမရှိဘူးဆိုပါက တရားရုံးမှ မိမိအား ထောင်၆လပင်ချမှတ်နိုင်ပါသည်။ ဒါ့ကြောင့် မိမိမှ တကယ်စိတ်ချ၊ ယုံကြည်မှသာ အာမခံသူအဖြစ် လိုက်လံ၍ အာမခံပေးသင့်ပါကြောင်း အကြံပြုလိုတာပါ။

  1. အနှစ်ချုပ်
ဒီနေ့တင်ပြချင်တာလေးကတော့ ဒါပါပဲ။ အများပြည်သူနားလည်လွယ်ဖို့ အနှစ်ချုပ်ရေးသားပေမဲ့ ယခုထက်ပိုချုပ်ပါက အကြောင်းအရာမပြည့်မစုံဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် ယခုကဲ့သို့ စာအနည်းငယ် ရှည်သွားရခြင်းဖြစ်ပါတယ်။ ဒီနေ့ တင်ပြတဲ့အကြောင်းအရာတွေရဲ့ အနှစ်ချုပ်ကတော့

- အာမခံရတဲ့ပြစ်မှု/အာမခံမရတဲ့ပြစ်မှုဆိုပြီး(၂)မျိုးရှိတယ်။ - ရာဇ၀တ်ကျင့်ထုံးဥပဒေ၊နောက်ဆက်တွဲဇယား(၂)၊ စာတိုင်(၅)မှာ အာမခံရ မရလေ့လာနိုင်။ - အာမခံပေးရမည်ဆိုတဲ့ပြစ်မှုတွေမှာ အာမခံရကိုရမယ်။ မပေးပဲ နေလို့မရ။ - အာမခံမပေးနိုင်ဆိုတဲ့ပြစ်မှုတွေမှာ သေဒဏ်၊ နှစ်(၂၀)ထိထောင်ဒဏ်ထိုက်တဲ့ ပြစ်မှုမျိုးမဟုတ် ဘူးဆိုရင် အာမခံလျှောက်ထားခွင့်ရှိတယ်။ တကယ်လို့ အသက်၁၆နှစ်အောက်၊ အမျိုးသမီး၊ ကျန်းမာရေးမကောင်းသူ၊ ချည့်နဲ့သူတို့က သေဒဏ်၊ နှစ်(၂၀)ထိထောင်ဒဏ်ထိုက်တဲ့ ပြစ်မှုမျိုးဆိုလည်း အာမခံလျှောက်ခွင့်ရှိတယ်။ တရားရုံးက ဆင်ခြင်ပြီး အာမခံပေး မပေးဆုံးဖြတ်တယ်။ - အာမခံလျှောက်ထားမှုအား မူလရုံးတွင်ပင် အကြိမ်ကြိမ်လျှောက်ထားနိုင်သကဲ့သို့ အဆင့်မြင့်ရုံးသို့လည်း ရာဇ၀တ်အထွေထွေမှုဖွင့်လှစ်ကာလျှောက်ထား နိုင်သည်။ - အဆင့်မြင့်တရားရုံးမှပေးထားသော အာမခံအား မူလအမှုစစ်ရုံးမှ မပယ်ဖျက်နိုင်။ - အာမခံသူ(ခံ၀န်သူ)များဟာ မိမိတို့အာမခံထားသော တရားခံအား အာမခံ မပေး တော့လိုပါက တရားခံအား ရုံးရှေ့သို့ခေါ်လာပြီး အာမခံထားမှုကို ရုပ်သိမ်းနိုင်ပါသည်။ - တရားခံမှ အာမခံရယူထားပြီး ထွက်ပြေးပါက ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၈၈အရ ထိုတရားခံပိုင် ပစ ္စည်းများကို ၀ရမ်းကပ်ရောင်းချပြီး ခံ၀န်ချုပ်ပါ ငွေကို ကောက်ခံရယူမှာဖြစ်တယ်။ - အာမခံပေးသူ(ခံ၀န်သူ)တို့အနေဖြင့် တရားခံထွက်ပြေးပါက ခံ၀န်ချုပ်ပါငွေကို ပေးလျော်ရမယ်။ အကယ်၍ မပေးလျော်ဘူးဆိုရင် အာမခံသူများပိုင်ဆိုင်သော ရွှေ့ပြောင်းနိုင်သောပစ္စည်း များကို၀ရမ်းကပ်ရောင်းချပြီး ဒဏ်ကြေးကိုရယူမှာဖြစ်တယ်။ ၀ရမ်းကပ်စရာလည်းမရှိ ဒဏ်ကြေးလည်းမပေးလျော်ဆိုပါက အာမခံပေးသူ(ခံ၀န်သူ)တွေကို ထောင်၆လချနိုင်သလို၊ လွတ်ငြိမ်းချမ်းသာလည်းပြုနိုင်ပါတယ်---စသည့်အချက်များဖြစ်ကြောင်း တင်ပြရင်း န်ိဂုံး ချုပ်ပါတယ်။ (ပြောစရာတွေကအများကြီးကျန်နေသေးပေမဲ့ စာတွေအရမ်းများသွားရင် ဖတ်ရတာအီသွားမည်ဆိုး၍ ဒီလောက်နဲ့ပဲရပ်လိုက်ပါတယ်----)

အာမခံလျှောက်ထားခြင်းကိစ္စတို့ဖြင့် ရင်ဆိုင်နေသူမြောက်များစွာ ရှိပါသည်။ ဤအချင်းအရာကို မသိရှိ၍ စိုးရမ်ပူပန်ငိုကြွေးနေရသူများ အမြောက်အများရှိပါသည်။ ၄င်းသူတို့၏ စိုဆွတ်နေသော မျက်ရည်စများကို ဤပို့စ်လေးအား Share ပေးလိုက်ခြင်းဖြင့် ဖေးမကူညီပေးလိုက်ပါ။

ရိုသေစွာဖြင့် ကိုကြွယ်ကြီး (ကောင်းမြတ်သူ-ဥပဒေ)

😃😃😃😃😃😃😃😃😃

  1. အာမခံ #ဥပဒေ #Law #Legal #နန်းခက်ခက်လှိုင် #Kaung Myat Thu #Ko Kywe Gyi #ကိုကြွယ်ကြီး #ကောင်းမြတ်သူ - ဥပဒေ #Court #တရားရုံး #ရှေ့နေ #Lawyer #Myanmar Legal GK #Bail