အသုံးပြုသူ:Herohta
ပုလောကုလားကျားပွဲ နှင့် အိန္ဒိယပူလီကာလီပွဲ
ဂျိန်းဂျိန်းနီဒေါင်း ဆိုတဲ့ အသံနဲ့ လောဘတ်အနံ့ကို ရလိုက်တယ်ဆိုရင်ပဲ ပုလောသားတစ်ယောက်အဖို့ သင်္ကြန်ရောက်တော့မယ်ဆိုတာကို အလိုလို သိလိုက်ပါပြီ။ အဲဒီ အသံဟာ စီးချက်ညီညီ ထွက်ပေါ်နေရင်း လူအုပ်ဟာလည်း မြို့အနှံ့ကို တဖြည်းဖြည်း ရွေ့လျားနေပါတယ်။ အဲဒီလူအုပ်ရဲ့ အလယ်မှာရှိနေတာကတော့ တန်ခူးလရာသီရဲ့ ပူပြင်းတဲ့ နေရဲ့ အောက်မှာ အင်္ကျီမပါဘဲ မမောနိုင်မပန်းနိုင် ကပြအသုံးတော်ခံနေကြတဲ့ ကုလားကျားတွေ ဖြစ်ပါတယ်။ သူတို့တွေချည်းပဲတော့ ဘယ်ဟုတ်မလဲ ကျားကပွဲရဲ့ လူရွင်တော်တွေ ဖြစ်တဲ့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရုပ်ပြောင်ဖြစ်အောင်ဆေးခြယ်ထားတဲ့ မုဆိုးတွေ လည်းပါပါတယ်။ မုဆိုးတွေဟာ ကျားတွေရဲ့ tempo ကို အမြင့်ဆုံးအထိရောက်အောင် ဖန်တီးပေးကြသူတွေပါ။ ဘာလို့ သူတို့ ကျားအက ကနေကြတာပါလိမ့်...။ ပုလောမြို့ရဲ့ ဒေသန္တရ အလေ့အထတစ်ခုက အခါကြီးရက်ကြီးတွေမှာ ဘုန်းကြီးကျောင်းတွေ အတွက် အလှူခံတဲ့အခါ ကခုန်ပြီး အလှူခံလေ့ကြပါတယ်။ အလှူရှင်ဘက်ကလည်း ဒီလို ဖျော်ဖြေတာကို တောင်းဆိုတတ်သလို အလှူခံသူတွေ ဘက်ကလည်း ဘုန်းကြီးကျောင်းအတွက် အလှူငွေ ပိုမိုရအောင်ဆိုပြီး ကခုန်ပေးလေ့ရှိကြပါတယ်။ ပုလောမြို့မှာတော့ အဲဒီလို အလှူခံတာမျိုးကို အိမ်ခုန်တယ်လို့ ခေါ်ပါတယ်။ ကျားကပွဲဟာလည်း အိမ်ခုန်ခြင်းတမျိုးပါပဲ။ ဒီကျားကပွဲဟာ ၂၀၁၇ သင်္ကြန်မှာဆိုရင်တော့ နှစ်စဉ်မပျက်ကပြ လာခဲ့ကြတာ ၉၆ နှစ်ကြာရှိနေပြီ ဖြစ်ပါတယ်။ သက္ကရာဇ်၁၂၈၃ (ခရစ် ၁၉၂၁) ခုနှစ်မှာ ပုလောမြို့မှာ ပုလိပ်ဌာနအုပ်အဖြစ်လာရောက် တာဝန်ထမ်းဆောင်တဲ့ ဦးကြာပိန်က ဦးဆောင်ပြီး နယ်ခံတွေ ဖြစ်တဲ့ ဦးအောင်ငွေ၊ ဦးချီ တို့ ပါဝင်တဲ့ အဖွဲ့ က စတင်ကပြခဲ့ကြတာပါ။ ပုလောမြို့မှာ မ က ခင်ကတည်းက မြိတ်မှာ က နေကြပြီး ဖြစ်ပါတယ်။ အဲဒီကျားအကဟာ မြိတ်မြို့က ဂေါ်ရင်ဂျီကုလား၊ ပ၀တ်ကုန်းရာဘာခြံမှ ဂေါ်ရင်ဂျီကုလားတွေ ကတဲ့ အကနဲ့ ဆင်တူနေတဲ့ အတွက် ကုလားကျားယဉ်ကျေးမှုဟာ မြိတ်မှ တဆင့် ပုလောသို့ ရောက်ရှိလာတယ်လို့ ယူဆမိပါတယ်။ ဒီနေ့ အချိန်မှာတော့ ကုလားကျားပွဲဟာ တနင်္သာရီ၊ ပုလော နဲ့ မြိတ် (၃) မြို့သာ ရှိပါတော့တယ်။ ကျားကပွဲရဲ့ သမိုင်းကို ပြန်လှန်ရရင်တော့ အိန္ဒိယမှာလည်း လွန်ခဲ့နှစ်ပေါင်း ၂၀၀ ကျော်လောက်က အစပြုခဲ့ပြီး ဒီနေ့ အချိန်အထိ ကပြ ဖျော်ဖြေလျက်ရှိတဲ့ ကျားကပွဲ တစ်ခု ရှိပါတယ်။ အဲဒီပွဲကို ပူလီကာလီ ( Puli Kali) လို့ ခေါ်ပါတယ်။ ပူလီဆိုတာ ကျား ဖြစ်ပြီး ကာလီဆိုတာ ကတာကို ခေါ်တာပါ။ Kerala ပြည်နယ်၊ Thrissur မြို့တော်မှာ ဟိန္ဒူဘာသာဝင်တွေရဲ့ နှစ်စဉ်ကောက်သစ်စားပွဲ အချိန်မှာ ကျင်းပပြုလုပ်တာလည်း ဖြစ်ပါတယ်။ ဖြစ်ပေါ်လာပုံက မဟာရာဇာ တစ်ဦးဖြစ်တဲ့ စက်သန်သမ်ပူရန်က တောရိုင်းတွေရဲ့ ဓလေ့ကို ထင်ဟပ်ပြနိုင်တဲ့ ရိုးရာအကတစ်ခုကို ဖန်တီးဖို့ ကြိုးစားခဲ့ရာက စတယ်ပြောရမှာပါ။ ပထမဆုံးကပြခဲ့ နေရာကတော့ ဗြိတိသျှတွေရဲ့ မွတ်ဆလင်စစ်တန်းလျား နားက လမ်းပေါ်မှာ ဖြစ်ပါတယ်။ အဲဒီကနေပြီးစတင်နာမည်ကြီးလာပြီး နှစ်စဉ်ကပြလာလိုက်တာ ဒီနေ့အချိန်မှာတော့ နိုင်ငံခြားခရီးသွားတွေပါ လာရောက်ဆင်နွဲနေကြတာကို တွေ့ရပါတယ်။ အိန္ဒိယကျားအက ၀တ်စားဆင်ယင်မှု မူလအစမှာတော့ ဒီနေ့လို မျက်နှာဖုံးသားရေ ခေါင်းစွပ်တွေ မပါသေးပါဘူး။ ပုလောမြို့ကျားကတဲ့ ပုံစံကတော့ ယောင်္ကျားတစ်ယောက်ရဲ့ တကိုယ်လုံးမှာ ဆေးထမ်း ကို အ၀ါရောင် အောက်ခံ ဆေး အဖြစ်သုတ်လိမ်းပြီး တောထဲက ကျားအသွင်အနီ နဲ့ အနက်စင်းများကို ရေးဆွဲထားပါတယ်။ ခေါင်းပေါ်မှာလည်း ကျားနားရွက်ပုံနှင့်တူတဲ့ နားရွက် နှစ်ခုပါတဲ့ ခေါင်းစွပ်နဲ့ မျက်မှန်နက်ကို တပ်ထားပါတယ်။ နှုတ်ခမ်းပေါ်က အနီရောင်ဆေးကတော့ အသက်သွင်းတဲ့ ဆေးဖြစ်ပါတယ်။ က ခါနီး မနက်ရောက်တော့မှ အသက်သွင်းတဲ့ အနေနဲ့ သုတ်လိမ်းပေးတာ ဖြစ်ပါတယ်။ တချို့တွေဆို အဲဒီအသက်သွင်းတဲ့ အချိန်မှာပဲ မူမမှန်ဖြစ်တတ်တာတွေ ရှိပါတယ်။ ခါးမှာ အတွင်းခံဘောင်းဘီ အပေါ်မှ ပုဆိုးတစ်ထည်ကို လက်ဝှေ့ထိုးသမားများ ခါးစည်းထားသလို စည်းထားပါတယ်။သူရဲ့ ခါးစည်း အလိပ်ခဲမှာ သံကြိုး၊ နိုင်လွန်ကြိုးတွေကို တခါတရံထည့်သွင်းထားတတ်ပါတယ်။ အဲဒီလို ပြင်ဆင်ထားတဲ့ ကုလားကျားဟာ ကျားကပွဲရဲ့ အခရာတွေလည်း ဖြစ်ပါတယ်။ကုလားကျားရဲ့ ခါးအနောက်ဘက်ရှိ ပုဆိုးစကို ဆွဲထားတဲ့ သန်မာထွားကြိုင်းတဲ့ လူတစ်ဦးလည်း ရှိနေပါတယ်။ အဲဒီကျားဆွဲသူတွေဟာ ကုလားကျားကသူကို မိနစ်စက္ကန့် နဲ့ မခြား ဂရုစိုက်နေရပါတယ်။ ကုလားကျားကပြဖျော်ဖြေပုံကတော့ ကုလားကျားပွဲရဲ့ တီးဝိုင်းအဖွဲ့က ကုလားကျားဗုံ( ကုလားစည်တို) အနည်းဆုံး ၃-၄ လုံး၊ သံပုန်းနှင့် မောင်းတွေကို တီးလိုက်တာနဲ့ တပြိုင်နက်ကျားအဖွဲ့ဝင်တွေဟာ လှုပ်ရှားလာကြပါတယ်။ ကုလားကျားကလည်း ညာလက်ကို မြောက်လျက် ဘယ်လက်ကို ခါးထောက်လျက် ခြေလက်၊ ခေါင်းတွေကို စည်းချက်ကျကျလှုပ်ရှားကာဖြင့် စတင်က လာကြပါတယ်။ ကျားတွေရဲ့ ရှေ့နဲ့ ဘေးမှာ သစ်သားဖြင့် ပြုလုပ်ထားတဲ့ ဓါး၊ ဒူးလေး၊ သေနတ်တွေနဲ့ ကုလားကျားကို ချောင်းလိုက်၊ ရွယ်လိုက် စတဲ့ကဟန်နဲ့ မုဆိုးတွေကလည်း လှုပ်ရှားလာကြပါတယ်။ မုဆိုးတွေရဲ့ ကိုယ်ပေါ်မှာ မုဆိုးအစစ်တွေလို ၀တ်စားဆင်ယင်ထားပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုဟာ တခါတရံမှာ ကုလားကျားပွဲရဲ့ လူရွင်တော်လို ဖြစ်နေတတ်ပါတယ်။ ဂျိန်းဂျိန်းနီဒေါင်း ဆိုပြီးကုလားကျားဗုံသံဟာ နှေးနှေးနဲ့ မှန်မှန်ပေါ်ထွက်နေတဲ့ အချိန်မှာ ကုလားကျားတွေကလည်း ရပ်ကခြင်း၊ လမ်းလျောက်ကခြင်း၊ ထိုင်ကခြင်း သုံးမျိုးကို လိုသလို ပြောင်းလဲ ကပြသွားလေ့ရှိပါတယ်။ တန်ခူးလရဲ့ နေရောင်အောက်မှာ ကိုယ်ပေါ်က သင်္ဘောဆေးပူစပ်စပ်တွေကြောင့် မူးမော်လာခဲ့ရင် ရှုဖို့ ဆိုပြီး ကျားအချို့လက်ထဲမှာ သံပုရာသီးကို တွေ့ရတတ်ပါတယ်။ ထိုင်ကတဲ့ အခါမှာ ကျားအချင်းချင်း ဒါမှမဟုတ် ကျားနဲ့ မုဆိုး သံပုရာသီးကို လှိမ့်ပြီး ကစားတဲ့ အကကို သံပုရာသီးကစားအက လို့လည်း ခေါ်ကြပါတယ်။ ကုလားကျားဟာ က နေရင်း စိတ်အားထက်သန်လာပါတယ်။ မုဆိုးကလည်း ကုလားကျားကို ဒေါသဖြစ်အောင် ဟန်ရေးပြလာပါတယ်။ ကုလားကျားရဲ့ အမူအရာကလည်း တဖြည်းဖြည်းနဲ့ ခက်ထန်လာပြီး ကိုယ်ခန္ဒာရော ဆေးနီသုတ်ကျားအသက်သွင်းထားတဲ့ နှုတ်ခမ်းပါ တုန်ခါလာပါရော။ ကျားဆွဲကလည်း ကုလားကျားရဲ့ကြိုးကို ဘယ်လက်နဲ့ တင်းတင်းကိုင်ထားပြီး ညာလက်နဲ့ ခါးကို ပိုက်ထားလိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ ကုလားကျားဟာ ဝေါင်း လို့ အော်ပြီး အောက်ဖက်ကို ခေါင်းငိုက်ကျပြီး တွေ့ရာကို ကိုက်ပါတော့တယ်။ အဲဒါကို မူးနီစီးတယ်လို့ ခေါ်ကြပါတယ်။ ကျားဝိုင်းရဲ့ ဗုံသံကလည်း ပိုပြီး ကျယ်လောင်ပြီး မြန်လာပါတယ်။ ကျားဖမ်းတွေကလည်း ကျားကို ၀ိုင်းဝန်းချုပ်ကိုင်ထားကြလို့ ကျားဟာ လေထဲမှာ ၀မ်းလျားမောက်လျက်အနေအထားဖြစ်နေပါတယ်။ ဒီအချိန်မှာ လောဘတ်ခွက်ကိုင်တွေက လောဘတ်ငွေ့ကို ကုလားကျားရှုမိအောင်လေနဲ့ မှုတ်ပေးရပါတယ်။ ကျွန်တော်တို့ကတော့ မူးနီစီးတဲ့ ကျားကို ကျားထီးလို့ ခေါ်ပြီး တခါမှမစီးဖူးတဲ့ကျားကို ကျားမ လို့ ခေါ်ကြပါတယ်။ဒါကတော့ ကုလားကျားပွဲရဲ့ ကပြပုံကို ဖော်ပြထားတာဖြစ်ပါတယ်။ ပုလောမြို့မှာတော့ ကျားကပွဲကို လယ်ဝိုင်းကျောင်း၊ အရှေ့ကျောင်း၊ အနောက်ကျောင်း ဆိုပြီး ဘုန်းကြီးကျောင်း (၃)ကျောင်းက ဒါကာဒါကာမတွေက ဦးစီးပြီး သင်္ကြန်မတိုင်ခင် တစ်ပတ်လောက်လိုကတည်းက စတင်ပြီး ကပြ အလှူခံလေ့ရှိကြပါတယ်။ ပထမဆုံး လယ်ဝိုင်ကျောင်း၊ နောက် အရှေ့ကျောင်း ၊ သင်္ကြန်အကြိုရက်မှာတော့ နှစ်စဉ်အစဉ်အလာမပျက် အနောက်ကျောင်းကျားအဖွဲ့က စည်ကားစွာ ကပြလေ့ရှိကြပါတယ်။ ကျားကတဲ့နေ့တွေရောက်ရင် လူအုပ်လိုက်ကြီးမြို့ကို ပတ်လေ့ရှိကြပါတယ်။ မိန်းကလေးတွေကလည်း မနီးမဝေး၊ တချို့က အိမ်ပေါ်တွေကနေ ကြည့်လေ့ရှိကြပါတယ်။ ကျားတွေက အများအားဖြင့် လမ်းဆုံလမ်းခွတွေ ရောက်ရင် မူးနီ စီးလေ့ရှိကြပါတယ်။ ထူးခြားချက်တစ်ခုက မူးနီစီးဖူးတဲ့ လူတစ်ယောက်ဟာ နောက်နှစ်တွေမှာ ကျားကဖွဲ့ထဲ ၀င်မ က စေကာမူ ကျားဗုံသံကြားရင် မျက်လုံးတွေနီလာပြီး ကျားတွေကြားထဲဝင်ကာ မူးနီစီးလေ့ရှိပါတယ်။ တချို့တွေဆို အိမ်ပေါ်ကနေ ကျားအုပ်ကြားထဲ ခုန်ချတာမျိုး တွေ့ရပါတယ်။ မူလအစလို့ ယူဆထားတဲ့ ပူလီကာလီ ပွဲနဲ့ကတော့ တီးပုံ၊ ကပုံတွေက ခြားနားနေတာကို တွေ့ရပါတယ်။ ပူလီကာလီပွဲရဲ့ ဆေးခြယ်သမှုအပိုင်းမှာ နှစ်မျိုးတွေ့ရပါတယ်။ ရင်ဘတ်ကို ကျားခေါင်းပုံသဏ္ဍာန်ခြယ်သခြင်းနဲ့ ကျားအရေအခွံကဲ့သို့ ခြယ်သခြင်းတို့ ဖြစ်ပါတယ်။ ကျားခေါင်းပုံ ခြယ်သမှုတွေ ရင်သားနှစ်ခုကို မျက်လုံးနှစ်လုံးအဖြစ် ခြယ်ပြီး ဗိုက်ကို ပါးစပ်အဖြစ်ခြယ်ထားတာကို တွေ့ရပါတယ်။ ကျားတွေသာမက ခြင်္သေ့အရုပ်တွေ ခြယ်သထားတာကို တွေ့ရပါတယ်။ အရောင်တွေကလည်း အဖြူအမဲ၊ အ၀ါအနီ နဲ့ အစိမ်း စသည်ဖြင့် ရောင်စုံကျားတွေကို တွေ့မြင်ရပါတယ်။အဲဒီဆေးခြယ်တဲ့ ပန်းချီဆရာတွေဟာ သေချာလေ့ကျင့်ထားတဲ့ ပန်းချီအကျော်အမော်တွေ လည်း ဖြစ်ပါတယ်။ ကျားပုံ၊ ခြသေ့င်္ပုံ မျက်နှာဖုံးတွေကိုလည်း တပ်ဆင်ထားကြပါတယ်။ ခါးမှာလည်း ခြူတွေကို သီကုံးပြီး ပတ်ထားပါတယ်။ တီးလုံးမှာကတော့လည်း ဂျိန်းဂျိန်းနီဒေါင်းလို တီးလုံးမျိုးကို တီးစလောက်သာ အသုံးပြုတာကို တွေ့ရပါတယ်။ တီးတာကတော့ ဗုံတင်မကဘူး ခြူသံတွေပါ ပါလာတယ်။ တီးတဲ့ တိုင်မင် ကလည်း မြန်ပါတယ်။ ကပုံကတော့ သူတို့ ရေးခြယ်ထားတဲ့ ရင်သားနဲ့ ဗိုက်ပေါ်က ကျားအရုပ်များကို လှုပ်ကာ ကပြကြတာဖြစ်ပါတယ်။ သံပုရာသီးလိမ့်ပြီးက တာတော့ တွေ့ရပါတယ်။ တန်းစီပြီး လက်ချင်းချိတ်ကာ ကျန်လက်ကို မြှောက်ပြီး ကတာမျိုးလည်းတွေ့ရပါတယ်။ ဗုံကတော့ ဗုံရှည်ကို အသုံးပြုပါတယ်။ ထူးဆန်းတာတတစ်ခုက ပုလောကုလားကျားရဲ့ မူလဇစ်မြစ်လို့ ယူဆကြတဲ့ ပူလီကာလီ(အိန္ဒိယကုလားကျားပွဲ) မှာ မူးနီစီးတာလည်း မရှိသလို လောဘတ်ခွက်ကိုင်တဲ့ သူတွေကိုလည်း မတွေ့ရပါဘူး။
ပုလောကျားပွဲဟာ ပုလောမြို့မှာ ကျင်းပတဲ့ ရိုးရာပွဲတွေ ထဲမှာတော့ အစည်ကားဆုံးလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ပုလောမြို့အနီးက ဖိုးရှမ်းကမ်းခြေမှာလည်း သင်္ကြန်ပွဲကို ပျော်ရွင်နိုင်တယ်လို့ လက်တို့ရင်းနဲ့ ရပ်ဝေးရပ်နီးမှ မိတ်ဆွေများကိုလည်း ပုလောကုလားကျားကပွဲကို လာရောက်ဆင်နွဲကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ပုလောဘိုးဘိုးကြီး