အဝေးသင်ပညာရေး

ဝီကီပီးဒီးယား မှ
(အဝေးသင် ပညာရေး မှ ပြန်ညွှန်းထားသည်)

အဝေးသင်ပညာရေးသည် ပညာရေးနယ်ပယ်မှ တစ်ခုဖြစ်ပြီး မျက်မှောက်တွင် စာသင်ခန်းကဲ့သို့သော မူလပညာရေးဆိုင်ရာ သတ်မှတ်ချက်နေရာတွင် မရှိသော စာသင်သားများထံသို့ ပညာသင်ကြားခြင်းအား အရောက်ပေးပို့ခြင်း၏ ရည်ရွယ်ချက်နှင့်အတူ နည်းပညာကိုအခြေခံထားသည့် စနစ်သစ်ပညာရေးစနစ်ဖြစ်သည်။ တိုးတက်လာသည့် ခေတ်ကြီးတွင် ဆက်သွယ်ရေးလမ်းကြောင်းသည် ပြောင်းလဲမြန်ဆန်လာသည်နှင့်အမျှ ပညာသင်ယူရေးလမ်းကြောင်းသည်လည်း မြင့်မား လာရသည်။ ပညာသင်ယူရေးသည် ဒေသနှင့်ကာလကြောင့် အနှောက်အယှက်အတားအဆီးမဖြစ်စေရဆိုသည့်မူသည် ခေတ်သစ် ပညာရေးတွင် အဓိကကျသည့်အချက်ဖြစ်လာသည်။

ရည်ရွယ်ချက်များ[ပြင်ဆင်ရန်]

စာသင်ခန်းသည် ပညာရှာမှီးရာတစ်ခုတည်းသောနေရာ ဖြစ်သည်ဆိုသည့် အစဉ်အလာယူဆချက်တို့သည် ပြောင်းလဲ ရမည့် အချိန်ဖြစ်သည်။ အဝေးသင်ပညာကို စာပေးစာယူပညာဟူ၍ ယူဆကြရမည့်ခေတ်သည်လည်း ကုန်ဆုံးသွားပြီဖြစ်သည်။ နည်းပညာ သည် ပညာရေးအတွက် မမျှော်လင့်ထားသည့်ဝန်ဆောင်မှုများဖြင့် အားဖြည့်ပေးနိုင်ပြီဖြစ်သည်။

အဝေးသင်ပညာတွင် သင်ကြားရေးစနစ်သည် သင်ယူ သူဗဟိုပြုစနစ် (Learnered-centered) ဖြစ်သည်။ သင်ယူသူ စိတ်တိုင်းကျ အလိုကျပညာရေးစနစ်ဖြစ်ပြီး သင်ယူသူသည် မိမိလိုအပ်ချက်နှင့်အညီ စိတ်တိုင်းကျခံယူလေ့လာနိုင်စေမည့် ပညာရေးစနစ်လည်း ဖြစ်သည်။

အဝေးသင်ပညာရေးအတွက် ရုပ်မြင်သံကြားနှင့် ဆက်သွယ်ရေးဆိုင်ရာမီဒီယာများသည် အဓိကကျသည့်ပစ္စည်းများ ဖြစ်သည်။ နိုင်ငံရပ်ခြား သို့မဟုတ် ဝေးကွာလွန်းသည့်ဒေသများမှ ပညာရှာမှီးလိုသူများအတွက်မူ အဝေးသင်ပညာသည် မီဒီယာကြားခံပြီး သင်ကြားပေးရမည့်ဆရာ၏ လမ်းညွှန်မှုအောက်တွင် ရှိနေဦးမည်သာဖြစ်သည်။ မာလ်တီမီဒီယာခေတ်တွင် ကွန်ရက်ချိတ်ဆက် ထားသည့် ကွန်ပျူတာများ၊ ဗီဒီယိုရုပ်သံလွှင့်စနစ်၊ ရုပ်မြင်သံကြားစနစ် စာသင်ကြားရေးအတွက် အဆင့်အမြင့်ဆုံးသုံးရမည့် ကြားခံမီဒီယာများဖြစ်လာသည်။ ရပ်ဝေးမြေခြားဒေသများအတွက် အင်တာနက်နှင့် ဂြိုဟ်တုစနစ်အခြေခံဆက်သွယ်ရေးသည် ပညာရေးအတွက် အရေးပါသည့်လမ်းကြောင်းများဖြစ်လာသည်။ အများလက်ခံထားသကဲ့သို့ အဝေးသင်ပညာသည် အဝေးမှ သတ်မှတ်ထားသည့် နေရာသို့ လူကိုယ်တိုင်လာသင်ကြရသည့်ပညာမဟုတ်ပေ။ သတ်မှတ်ထားသည့်တက္ကသိုလ်၊ ကောလိပ်မှ ပြဋ္ဌာန်းထားသည့်ဘွဲ့ ဒီဂရီများကို မိမိတို့နေအိမ်မှလှမ်းယူသင်ကြားနိုင်သည့် ပညာရေးစနစ်မျိုးကိုသာလျှင် နိုင်ငံတကာက အဝေး သင်ပညာရေးဟူ၍ သတ်မှတ်ကြခြင်းဖြစ်သည်။

အဝေးမှလှမ်းသင်ရ၍ တတ်မြောက်မှုရှိပါ့မလား သံသယပွားစရာမလိုပေ။ စနစ်သစ်ပညာရေးသည် လိုလျှင်ကြံဆ နည်းလမ်းရ၊ ကိုယ်လုပ်မှ ကိုယ်ရဆိုသည့်သဘောကို အခြေခံလာသည်မှ ကြာခဲ့ပြီ။ "ကိုယ်တိုင်အားမထုတ်ဘဲရသည့်ပညာသည် ပညာမဟုတ်" ဟူ၍ သူတို့ပြောသည်ကလည်း နှစ်ပေါင်းမနည်းတော့ပြီ။

အဝေးသင်ပညာရေးတွင် အဓိကအကျဆုံးဆက်သွယ်ရေး မီဒီယာသည် ကွန်ပျူတာဖြစ်သည်။ သင်ကြားသူနှင့် သင်ယူသူတို့ အချက်အလက်များ၊ အကြောင်းအရာများ၊ ဖတ်စရာမှတ်စရာလေ့လာစရာများကို အမြန်ဆုံးနှင့် အလွယ်ကူဆုံး ပေးပို့နိုင်သည့် ကိရိယာသည် ကွန်ပျူတာအင်တာနက်ဖြစ်သည်။ ကွန်ပျူတာရှိတိုင်းလည်း ဆက်သွယ်ရေးစနစ်ကောင်းပြီဟု ယူဆ၍မရ။ အမြန်ဆုံး နှုန်းဖြင့် ဆက်သွယ်နိုင်သည့် အစီအမံများလည်းလိုအပ်သည်။ ကွန်ပျူတာဆက်သွယ်ရေးစနစ်သည် ဆရာနှင့်ကျောင်းသားကိုသာ အခြေခံသည်မဟုတ်။ ကျောင်းသားအချင်းချင်း အပြန်အလှန် ဆက်သွယ်နိုင်ရေးကိုလည်း အဓိကထားသည်။ သင်ချင်သည့် အချိန်တွင်၊ သင်ချင်သည့်ဘာသာကို၊ သင်ချင်သည့်ဆရာဖြင့်သင်ယူနိုင်ရေးသည် အဝေးသင်ပညာရေး၏ အကောင်းဆုံး လက္ခဏာ ဖြစ်သည်။

အဝေးသင်ပညာရေးသည် ကမ္ဘာတွင်အဘယ်ကြောင့် လိုအပ်ရသနည်း။

  • ၁။ အာဖရိကတိုက်ရှိ နိုင်ငံငယ်လေးများသည် စာသင်ခန်း မလုံလောက်မှု၊ အရည်အချင်းပြည့်မီသည်ဆရာမရှိမှု၊ သင်ကြားရေး အထောက်အကူပြုပစ္စည်းများချို့တဲ့မှုတို့ကြောင့် သင်ယူရေးအတွက် အခက်တွေ့ကြရသည်။ အဝေးသင်ပညာရေးသည် အာဖရိက တိုက်အတွက် ဒေသမရွေး၊ နယ်မြေမရွေး လူတန်းစားမရွေး ပညာတတ်များမွေးထုတ်ပေးရန် အားကိုးစရာဖြစ်သည်။
  • ၂။ ကမ္ဘာတွင် လူဦးရေတိုးတက်များပြားလာသည်နှင့်အမျှ ပညာသင်စရိတ်များမြင့်တက်လာပြီး၊ လူတစ်ဦးချင်း ပညာသင်ကြား နိုင်ရန်အခွင့်အရေးနှင့် ဝင်ငွေများလျှော့နည်းလာသည်။ တရုတ်ပြည်သည် ၁၉၇၀ ခုနှစ်အစောပိုင်းကတည်းက အဝေးသင် ပညာရေးကို အကောင်အထည်ဖော်လျက် ရှိသည်။ တရုတ်နိုင်ငံ၏လူဦးရေပေါက်ကွဲပုံမျိုးနှင့် လူတိုင်းပညာတတ်မြောက်ရေးသည် အဝေးသင်ပညာရေးကို အားမကိုး၍မဖြစ်နိုင်သည့် အနေအထားဖြစ်လာသည်။ သို့ဖြစ်ရာ တရုတ်အစိုးရသည် အဝေးသင်ပညာရေး အတွက် ရေဒီယိုနှင့်ရုပ်မြင်သံကြားကို အပြည့်အဝအားကိုးပြီး အကောင်အထည်ဖော်လာသည်။
  • ၃။ အဝေးသင်ပညာရေးသည် ဥရောပတွင်လည်း သမိုင်းနှင့်ချီကာ တည်မြဲခဲ့သည်။ ဥရောပသမဂ္ဂနိုင်ငံများတွင် အဝေးသင် ပညာရေးနှင့်ပတ်သက်ပြီး အကောင်အထည်အဖော်နိုင်ဆုံး နိုင်ငံစာရင်းတွင် စပိန်နှင့်ပြင်သစ်နိုင်ငံများပါဝင်သည်။ ၂၀၀၀ ပြည့်နှစ် တွင် ထိုနိုင်ငံများ၌ အဝေးသင်ခွင့်ရရေး စာရင်းပေးသူ ကျောင်းသား ၂၃ သန်းရှိသည်ကိုကြည့်ခြင်းဖြင့် အောင်မြင်မှုအား ခန့်မှန်းကြည့်နိုင်သည်။ ပြင်သစ်နိုင်ငံတွင် တက္ကသိုလ်အဆင့်အဝေးသင်ပညာရပ်အတွက် တက္ကသိုလ် ၂၂ ခုတွင် ဌာန ၂၂ ဖွင့်ကာ ဆောင်ရွက်နေသည်။ ပြင်သစ်သည် အဝေးသင်ပညာရေးအတွက် အဆောက်အအုံခိုင်မာစွာချပြီး သင်ကြားရေးကို ဦးစားပေးနိုင် သည့်နိုင်ငံဖြစ်သော်လည်း အဝေးသင်ပညာရေးဖြင့် ဘွဲ့ဒီဂရီရသူများလှိမ့်ထုတ်ပေးသည့်ဌာနမဟုတ်ဟူ၍ အခိုင်အမာ ငြင်းဆို ထားသည်ကို တွေ့လိုက်ရသည်။

အမေရိကန်နိုင်ငံတွင်လည်း အဝေးသင်ပညာရေးသည် တိုးတက်ထွန်းကားလျက် ရှိသည်။ အကြောင်းရင်းမှာ သိပ္ပံနှင့် နည်းပညာ တိုးတက်သောကြောင့်ဖြစ်သည်။ အီးမေးလ်၊ အီလက်ထရောနစ်ဆက်သွယ်ရေးစနစ်၊ ကွန်ပျူတာအင်တာနက်တို့ကို သုံးချင်တိုင်းသုံးပြီး၊ သုံးနိုင်ခွင့်ရရေးကို နေရာအနှံ့ စီစဉ်ပေးထားသောကြောင့်လည်းဖြစ်မည်ထင်သည်။ အဝေးသင် ကျောင်းသားတစ်ယောက် ဖတ်စာအုပ် သို့မဟုတ် ပြဋ္ဌာန်းစာအုပ်ကို အင်တာနက်ကလှမ်းယူနိုင်သည်။ ကျောင်းလခကို အင်တာနက်မှ လှမ်းသွင်းနိုင်သည်။ အကြံဉာဏ်များကို အင်တာနက်မှ လှမ်းတောင်းနိုင်သည်။ စာမေးပွဲကို အင်တာနက်မှ လှမ်းဖြေနိုင်သည်။

လုပ်ခွင်မပျက် စာသင်လျက် ရှိစေရန် ဖန်တီးပေးခြင်းဆိုသည်မှာ ကျောင်းမတက်နိုင်သူများ ပညာရှာစေနိုင်ရန် ဖြစ်သည်။ သူတို့နိုင်ငံများတွင် ကိုယ်နှင့်မဆိုင်သည့် ဘွဲ့ဒီဂရီတွေ အများကြီးရှိနေ၍လည်း အထင်ကြီးမည်မဟုတ်။ အဝေးမှ ပညာရှာမှီးခြင်း ဆိုသည်မှာ ကိုယ်မသိ၊ မတတ်သေးသည့်နယ်ပယ်တစ်ခုကို စူးစမ်းလေ့လာကြည့်ရန်သာဖြစ်သည်။

လုပ်ခွင်သို့လာသူများကို ဘွဲ့ဒီဂရီထက် လုပ်ငန်းကျွမ်းကျင်မှုအား အလေးထား တန်ဖိုးထားပြီး သတ်မှတ်တတ်သည့်အတွက် ဘွဲ့ဆယ်ဘွဲ့ရလာလျှင်လည်း ဂရုစိုက်မည်မဟုတ်ပေ။ အမေရိကန်နိုင်ငံတွင် စစ်တပ်သည် အဝေးသင်ပညာရေးကို အလေးပေးသည်။ အဘယ်ကြောင့်ဆိုသော် စစ်မှုမထမ်းမနေရစနစ်ကြောင့် တပ်ထဲသို့ဝင်လာရသည့်လူငယ်များ ပညာနှင့် မျက်ခြေမပြတ်ရေးသည် အရေးကြီးသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ စစ်မှုထမ်းရင်း အဝေးသင်ပညာရေးဖြင့် လေ့လာနေသူအများဆုံးဖြစ်သည်ဟုဆိုသည်။

အနောက်နိုင်ငံများတွင် အဝေးသင်ပညာရေးစနစ်သည် ၁၉၉၀ ပြည့်နှစ်လွန်ကာလများကတည်းက ပုံစံအသွင်ပြောင်းလာ သည်။ ရေဒီယိုရုပ်မြင်သံကြားအဆင့်မှ ကွန်ပျူတာအင်တာနက် အဝေးသင်အသွင်သို့ ကူးပြောင်းသွားသည်။ အင်တာနက်သည် ကြိုက်ရာအချိန်တွင် ကြိုက်ရာကိုလေ့လာနိုင်သည်။ ရုပ်မြင်သံကြားက သတ်မှတ်ထားသည့်အချိန်တွင် သင်ယူသူတို့ ဖန်သားပြင်ရှေ့ ရောက်နိုင် မရောက်နိုင်သည် အလေးထားစဉ်းစားရမည့်အချက်ဖြစ်သည်။

အဝေးသင်သည် လုပ်ခွင်မှကျောင်းသားများဖြစ်ဖို့များသည်ဟုယူဆလျှင် ပညာနှင့်ဝေးနေသူများကို အနီးဆုံးဖြစ်စေရန် ဆွဲခေါ် သင့်သည်။ စာရွက်ကြည့် စာဖတ်ပြခြင်းသည် သင်ကြားရေးတွင် မထိရောက်မှန်းသိလျှက်နှင့် ဇွတ်မှိတ်လုပ်ပြနေလျှင်လည်း ထိရောက်မည် မဟုတ်ပေ။

နောက်ပိုင်းအဝေးသင်ပညာရေးတွင် အလေးပေးလာသည့်ပုံစံသည် အပြန်အလှန်တွေ့ဆုံမေးမြန်းခွင့်ဖြစ်သည်။ နည်းပညာက ကွန်ပျူတာကိုသုံးပြီး မျက်နှာချင်းဆိုင်တွေ့ဆုံနိုင်ခွင့်တွေပေးလာသည်။ အာဖရိကတိုက်မှ ကျောင်းသားတစ်ဦးသည် အမေရိကန် နိုင်ငံမှ ဘောဂဗေဒပါမောက္ခတစ်ဦးကို သူမရှင်းလင်းသည့်အချက်များ တိုက်ရိုက်မေးကာ ရယ်ရယ်မောမော ဆွေးနွေးနေကြသည့် သဘောကို သူတို့က အဝေးသင်ပညာရေးအတွက် ရည်မှန်းချက်အဆင့်ရောက်ပြီဟု ဥဒါန်းကျူးရင့်နေကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Guide to Distance Learning , by Michael R. Simonson