အလုပ်သမားသက်သာချောင်ချိရေး

ဝီကီပီးဒီးယား မှ

၁၉ ရာစုနှစ် အစပိုင်းလောက်တွင် လူတို့သည် စက်ကိရိယာများကို ကုန်စည်ပစ္စည်းများ ပြုလုပ်ရာ၌ အသုံးပြုလာသည်မှအစပြု၍ အလုပ်ရုံများသည် ရုတ်ခြည်းလိုလို မှိုပေါက်သကဲသို့ ပေါ်ပေါက်လာ ကြသည်။ ထိုအခါ နယ်မှ အလုပ်သမားများသည်အလုပ်ရုံ များရှိရာ မြို့ပြများ သို့ သူ့ထက်ငါ အလျင်ဦးအောင်သွား ရောက်လုပ်ကိုင်ကြသဖြင့် ရှိသမျှအိမ်များမှာ နေထိုင်သူများဖြင့် ပြွတ်သိပ် ကျပ်ခဲလာသည့်အတိုင်း နေထိုင်မှုမှာ ကျန်းမာရေးနှင့် မညီညွတ်အောင် ဖြစ်ခဲ့လေသည်။ အလုပ်ရုံများ ဆောက်လုပ်ရာ၌လည်း အလုပ်သမားတို့၏ ကျန်းမာရေးနှင့် ဘေးကင်းရေး တို့ကို ဂရုမမူပဲ အလျင်စလိုပင် ဆောက်လုပ်ခဲ့ကြသည်။ ပြတင်းပေါက်များမှာ သေးငယ်၍ မီးထင်းကိစ္စအတွက်လည်း ကြိုတင်ကာကွယ်မှုများ မရှိခဲ့ပေ။ ထိုအတွက် အလုပ်သမားအများပင် ဆင်းရဲပင်ပန်းမှုဒဏ်ကြောင့် ဖျားနာသူ ဖျားနာနှင့် သေသူသေ ဖြစ်ခဲ့ရလေသည်။

ထိုမှတစ်ပါးလည်း အလုပ်ရှင်များက ယောက်ျားအလုပ် သမားများထက် မိန်းမနှင့်ကလေးများကို ခိုင်းရခြင်းက ပို၍ စရိတ်စက သက်သာသဖြင့် ငါးနှစ်အရွယ်ကလေးများကိုပင် အလုပ်ကြမ်းများအတွက် ငှားရမ်း စေခိုင်းခဲ့ကြလေသည်။ မိန်းမ အလုပ်သမားများမှာ သတ္တုတွင်းများ၌ လေးလံ ပင်ပန်းစွာ လုပ်ကိုင်ခဲ့ကြ၏။ ထိုစဉ်က အလုပ်ချိန်ကို ကန့်သတ်ပေးသည့် ဥပဒေများ မရှိသေးချေ။ အလုပ်ရှင်များက အလုပ်သမား သက်သာချောင်ချိရေး လုံးဝမစဉ်းစားကြပဲ မိမိတို့ ငွေကြေး ရမှုလောက်ကိုသာ အဓိကထားသဖြင့်လည်း အလုပ်သမားတို့မှာ တစ်နေ့လျှင် ၁၄ နာရီ ၁၅ နာရီအထိ အလုပ်လုပ်ခဲ့ကြရပေသည်။

အလုပ်သမားတို့၏ အသက်မွေး ဝမ်းကျောင်းမူမှာ ထိုမျှ လောက် ခက်ခဲပင်ပန်းသော်လည်း အလုပ်ရှင်နှင့် အလုပ်သမားမှာ အရှင်နှင့် ကျွန်ကဲ့သို့ ဆက်ဆံနေရသဖြင့် မိမိတို့၏ အခွင့်အရေးများအတွက် ပြောဝံ့ တောင်းဝံ့သူ မရှိခဲ့ချေ။ အလုပ်ရှင်တို့ ခိုင်းသလိုနေ၊ ခိုင်းသလိုလုပ်ကာ ပေးသမျှနှင့်ပင် ကျေနပ် တင်းတိမ်ပြီး နေခဲ့ရပေသည်။ သို့ရာတွင် ထိုမျှ ဆိုးရွားသော အခြေအနေကို မရှုဆိတ်နိုင်၍ အလုပ်သမားတို့၏ အဆင့်အတန်း တိုးမြှင့်ကောင်းမွန်ရေးကို လိုလားကြိုးစားသူတစ်ဦးပေါ်လာသည်။ ထိုပုဂ္ဂိုလ်မှာ စကော့တလန်ပြည် နယူးလန်း နတ်မြို့ရှိ အလုပ်ရုံများကို အုပ်ချုပ်စီမံသူနှင့် အစုစပ်ပိုင်ရှင်တစ်ဦးဖြစ်သူ ရောဗတ်အိုဝင်ဖြစ်၍ ထိုသူသည် အလုပ်သမားများ နေထိုင်ရန်အတွက် ယခင်ကထက် ပိုမို ကောင်းမွန်သော အိမ်များကို ဆောက်လုပ်ပေးခဲ့သည်။ ကုန်စုံဆိုင်တစ်ခုကို ဖွင့်လှစ်ပေး၍ ဝယ်ရင်းဈေးနှင့် စရိတ်စက ကာမိရုံ တန်ဖိုးနှင့် ကုန်များကို ရောင်းချခဲ့သည်။ အလုပ်သမားတို့၏ သားငယ် သမီးငယ်များအတွက် ကျောင်းများကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။ သူနှင့်တကွ ကုမ္ပဏီတွင် အစုစပ်ပါဝင်သူများသည်အမြတ်ကြီးစားခြင်းကို မလိုလားကြသည့်အတိုင်း အလုပ်သမားများကို တိရစ္ဆာန်များကဲ့သို့ မခိုင်းစေခဲ့ကြချေ။ နယူးလန်းနတ် အလုပ်ရုံများ၏ အခြေအနေမှာ ထိုစဉ်က အလွန်ကောင်းမွန်၍ သတင်းမွှေးလှသဖြင့် အားပေးပြုပြင်လိုသူ အများပင် မကြာခဏ လာရောက်၍ အကဲခတ် လေ့လာကြပေသည်။ မည့်သည့်စက်မှုလက်မှုလုပ်ငန်းတွင်မဆို ကုန်အထွက်များရန်နှင့် ချောမောပြေပြစ်စွာ အလုပ် လုပ်ကိုင်နိုင်ရန်မှာ အရေးကြီးဆုံး ဖြစ်၏။ ကုန်စည်ပစ္စည်းများ ထုတ်လုပ်ရာတွင် (၁) ကုန်ကြမ်း၊ (၂) စက်ကိရိယာ နှင့် (၃) အလုပ်သမားဟူ၍ ပစ္စည်းသုံးမျိုးရှိရမည်ဖြစ်ရာ အလုပ်လုပ်ရာတွင် ပြေပြစ်မှု ရှိစေရန်အတွက် အလုပ်သမားများ၏ လုပ်ခ၊ ကျန်းမာရေး၊ အလုပ်ချိန်၊ ပညာရေး၊ ခွင့်ရက်၊ လျော်ကြေး၊ ဆုငွေ စသည့် အလုပ်သမားအခွင့်အရေးများနှင့် အလုပ်သမားတို့၏ နေထိုင်စားသောက်မှု အဆင့်အတန်း မြင့်ရေးကို စောင့်ရှောက်ရန် အထူးပင် လိုလားအပ်ပေသည်။

ပထမတွင် အလုပ်ရှင်များသည် ဤသို့ စောင့်ရှောက်ရမည့်ဝတ်တရားကို မသိ နားမလည်ခဲ့ကြပေ။ ရောဗတ်အိုဝင်ကဲ့သို့ အလုပ်သမားများအပေါ်၌ ထောက်ထားညှာတာ၍ စိတ်ကောင်းစေတနာထားသူ ပုဂ္ဂိုလ်မျိုး ပေါ်ပေါက်လာပြီးမှ အလုပ်သမား များအား စောင့်ရှောက်ရမှန်း တဖြည်းဖြည်း သိနားလည်လာကြလေသည်။ ထိုသို့ သိလာကြသည့်အတိုင်း ၁၉၁၈ ခုနှစ်သို့ ရောက်သောအခါ အင်္ဂလန်ပြည်၌ အလုပ်သမား သက်သာချောင်ချိရေးအသင်းတစ်သင်း ပေါ်ပေါက်လာသည်။ ထိုအသင်း တွင် အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဘက်စလုံးမှ ကိုယ်စား လှယ်များ ပါဝင်၍ ထိုအသင်းသည် အထူးသဖြင့် အသက် ငယ်ရွယ်သူ အလုပ်သမား ကလေးများအတွက် အခြေအနေ အကောင်းဆုံးရရှိစေရန် လုပ်ဆောင် ကြိုးစားခဲ့လေသည်။ အထက်ပါ သက်သာချောင်ချိရေး အသင်းအပြင် အလုပ်သမား စိတ်ဓာတ် စုံစမ်းရေးအဖွဲ့တစ်ဖွဲ့လည်း ပေါ်ပေါက်လာပြန်၍ ထိုအဖွဲ့က စက်ရုံအလုပ်ရုံများသို့ အချိန်မှန် လှည့်လည်စစ်ဆေးကာ ပြုပြင်ရန်လိုသည့် အချက်များကို အစီအရင်ခံ အကြံပေးခဲ့လေသည်။ ဤသို့ဖြင့် အဆိုပါ အသင်းအပင်မျိုးနှင့် အခြား အလုပ်သမားအဖွဲ့များ တစ်စတစ်စ ပေါ်ပေါက်လာသောအခါအလုပ်သမားများသည် ရှေးကကဲ့သို့ တိရစ္ဆာန်များပမာ ပင်ပန်း တကြီး လုပ်ကိုင်ကြရခြင်းမှာ တဖြည်းဖြည်း ကင်းဝေးလာပြီးလျှင် အလုပ်သမားများ အသုံးပြုသော ကိရိယာ တန်ဆာပလာများ မှာလည်း တိုးတက်ကောင်းမွန်လာသဖြင့် ထွက်ကုန်ဖြစ်သော ကုန်ချောများမှာ ပို၍ များပြားလာပြီးလျှင် ပို၍လည်း ကောင်းမွန်လာသည်ကို တွေ့ရလေသည်။

၁၉၃၇ ခုနှစ်သို့ ရောက်သောအခါ အင်္ဂလန်ပြည်တွင် အလုပ်ရုံများ အက်ဥပဒေတစ်ခုကို အစိုးရက ချမှတ် ပြဋ္ဌာန်း လာခဲ့၍ ထိုဥပဒေအရ ရက်သတ္တတစ်ပတ်လျှင် လူကြီး အလုပ်သမားများအတွက် အလုပ်ချိန်ကို ၄၈ နာရီ၊ ၁၆ နှစ်အောက်အလုပ်သမားကလေးများအတွက် အလုပ်ချိန်ကို ၄၄ နာရီသာ ကန့်သတ်ထားလေသည်။ ငယ်ရွယ်သူ အလုပ်သမားများ သက်တမ်းစေ့ ကျန်းမာချမ်းသာစွာ လုပ်ကိုင်သွားနိုင်စေရန် အရေးကြီးကြောင်းကို သိလာကြသော အလုပ်ရုံစက်ရုံများ တွင်လည်း လိုအပ်သည့် သက်သာချောင်ချိရေး အမျိုးမျိုးကို တဖြည်းဖြည်း ဖန်တီးပေးလာခဲ့ကြသည်။ ပထမကမ္ဘာစစ်ကြီး ဖြစ်သောအခါ ကလေးအလုပ်သမားများသည် အလွန်အရေးပါသည့်နေရာမှ ပါဝင် ထမ်းဆောင်ကြရသဖြင့် ကလေးအလုပ် သမားများ သက်သာချောင်ချိရေး ကိစ္စမှာ အလွန် လျင်မြန်စွာ တိုးတက်ခဲ့လေသည်။

အလုပ်သမား သက်သာချောင်ချိရေး အသင်းများ၏ ကြိုးပမ်းချက်များကြောင့် ယခုအခါ အလုပ်သမားများ အတွက် ဆရာဝန်နှင့် ဆေးရုံများ ထားပေးခြင်း၊ အလုပ်ခွင်၌ သင့်တော်သည့် အစားအသောက်များကို ကျွေးမွေးခြင်း၊ စားပွဲများ ကျင်းပပေးခြင်း၊ ကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ရက်အားများ၌ ပျော်ပွဲစား ထွက်စေခြင်း၊ လုပ်ခနှင့် ဆုငွေများ တိုပေးခြင်း စသည်တို့ကြောင့် အလုပ်သမားရော အလုပ်ရှင်ပါ နှစ်ဦးနှစ်ဝ အကျိုးရှိ အဆင်ပြေလာကြလေသည်။

အမေရိကန်ပြည်ထောင်စုတွင်လည်း အင်္ဂလန်ပြည်ထက် အနည်းငယ်နောက်ကျ၍ အထက်ဖော်ပြပါ အလုပ်သမား သက်သာချောင်ချိရေးအသင်းမျိုး ပေါ်ပေါက်ခဲ့ပေသည်။ ပထမတွင် အလုပ်ရုံကြီးများကို အလုပ်သမားများ သက်သာစွာ လုပ်ကိုင်နိုင်ရန်အတွက် ကျယ်ဝန်း၍ ကျန်းမာရေးနှင့် ညီညွတ် အောင် ဆောက်လုပ်ခဲ့ကြပြီးလျှင် အလုပ်သမားတို့၏ ကျန်းမာရေးကိုလည်း ဂရုစိုက်ခဲ့ပေသည်။ ထိုနောက် အားလပ်ချိန်တွင် နားရန်အခန်းများ၊ စာဖတ်ခန်းများနှင့် စိတ်လက် ပျော်ရွှင်စွာ လှုပ်ရှားကစားနိုင်သည့် အခန်းများကို ပါထားပေးလာသည်။ ဆရာဝန်၊ ဆေးခန်း၊ ဆေးရုံများကိုလည်း ထားပေး၍ စက်ကြီး များမှ အထိအခိုက် ဘေးအန္တရာယ်များ မကျရောက်နိုင်အောင်လည်း နည်းလမ်းရှိသရွေ့ ကာကွယ်ပေးထားလေသည်။ ထိုနောက် တစ်ဖန် ညကျောင်းများ ဖွင့်လှစ်ပေးကာ အနာဂတ် တိုးတက်ရေးအတွက် ဖန်တီးပေးရုံမက အလုပ်သမားတို့၏ ဇနီး နှင့်သားသမီးများ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးကိုပါ ပြုပြင် စီစဉ်ပေးလာကြပြန်သည်။ အလုပ်သမားတစ်ဦး၏ ဇနီး နှင့် ကလေးတစ်ယောက်ယောက် မမာမကျန်းဖြစ်သောအခါ လိုအပ်သော အကုအညီများကို ပေးသည်။ မိခင်များအား ကလေးသူငယ် စောင့်ရှောက်ရေးနည်းများကို လက်တွေ့ သင်ပေးနိုင်ရန်အတွက် ဆရာမများ ထားရှိ၍ ထိုဆရာမများက အိမ်တိုင်းစေ့ လှည့်လည် ကြည့်ရှု ကြရ၏။ နောက်အလုပ်ရှင် နှင့် အလုပ်သမားများ၏ ထည့်ဝင်ငွေဖြင့် ရန်ပုံငွေ စုဆောင်း နည်းများကို တီထွင်လာပြီးလျှင် အသက်အရွယ်ကြီးရင့်သူ အလုပ်သမားများအား ထိုရန်ပုံငွေများမှ အေးချမ်းစွာ စားသောက်နေထိုင်နိုင်ရန် ထောက်ပံ့ကြလေသည်။

အလုပ်သမား သက်သာ ချောင်ချိရေးကိစ္စများကို ပထမ၌ စိတ်စေတနာကောင်းထားရှိသော အလုပ်ရှင်များက မိမိတို့ ဖာသာ စတင်၍ ဆောင်ရွက်ခဲ့ကြသည်။ နောက်မှ အလုပ်သမား သက်သာချောင်ချိရေး အသင်းအဖွဲ့များ၊ အလုပ်သမားအသင်း များ တဖြည်းဖြည်း ပေါ်ပေါက်လာကာ ပြည်ပိုင်အစိုးရများ ကိုယ်တိုင် အလုပ်သမားများ သက်သာချောင်ချိရေး အဆင့် အတန်း မြှင့်ရေးတို့အတွက် ဥပဒေများ ပြဋ္ဌာန်းလာကြပေသည်။ ယခုအခါ ကမ္ဘာအရပ်ရပ်ရှိ အလုပ်သမားတို့၏ အခြေအနေမှာ စိတ်တိုင်းကျ ကျေနပ်လောက်အောင် ကောင်းမွန်ပြည့်စုံပြီဟု မဆိုနိုင်သော်လည်း ရှေးကနှင့်စာလျှင်ကား အဆပေါင်းများစွာ တိုးတက်လာပြီဟု ဆိုနိုင်ပေသည်။

ကိုးကား[ပြင်ဆင်ရန်]