အလက်ဇန်းဒါး ဂရိုသန်ဒိခ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အလက်ဇန်းဒါး ဂရိုသန်ဒိခ်
Alexander Grothendieck.jpg
မွန်ထရီအော (Montreal) ရောက် အလက်ဇန်းဒါး ဂရိုသန်ဒိခ်၊ ၁၉၇၀
မွေးဖွား (1928-03-28)မတ် ၂၈၊ ၁၉၂၈[၁]
ဘာလင် (Berlin)၊ ပရပ်ရှား (Prussia)၊ ဂျာမနီ (Germany)[၁]
ဆုံးပါး နိုဝင်ဘာ ၁၃၊ ၂၀၁၄(2014-11-13) (အသက် ၈၆)[၂]
စန်လီဇီရယ် (Saint-Lizier)၊ ပြင်သစ် (France)[၃]
နိုင်ငံလူမျိုး နိုင်ငံမဲ့ (none)[၄]
ပြင်သစ် (French)[၅]
နယ်ပယ် သင်္ချာ[၆]
အဖွဲ့အစည်းဌာန အဆင့်မြင့် သိပ္ပံလေ့လာရေး ဌာန (Institut des Hautes Études Scientifiques (IHÉS))[၇]
မွန့်ပယ်လီရေ တက္ကသိုလ် (University of Montpellier)[၈]
မိခင်ကျောင်း မွန့်ပယ်လီရေ တက္ကသိုလ်[၉]
နန်စီ တက္ကသိုလ် (University of Nancy)[၁၀]
ဘွဲ့ယူစာတမ်း Produits tensoriels topologiques et espaces nucleaires[၁၁] (၁၉၅၃[၁၀])
ပါရဂူဘွဲ့ ကြီးကြပ်သူများ လောဟန် ရွှ (Laurent Schwartz)[၁၀]
ရောန် ဒေဒိုနီ (Jean Dieudonné)[၁၀]
ပါရဂူဘွဲ့ယူ တပည့်များ ဖြဲ ဗြသူလူ (Pierre Berthelot)[၁၀]
ကားလို့စ် ကွန်တိုး-ကရဲရေ (Carlos Contou-Carrere)[၁၀]
ဖြဲ ဒဲလိည (Pierre Deligne)[၁၀]
မီရှဲလ် ဒဲမဇူ (Michel Demazure)[၁၀]
ဖြဲ ဂဲဘိရယ် (Pierre Gabriel)[၁၀]
ရောန် ရီးဟို (Jean Giraud)[၁၀]
လုခ် အီလူစီ (Luc Illusie)[၁၀]
မီရှဲလ် ရေးနူ (Michel Raynaud)[၁၀]
ရောန်-လူဝီ ဗာ့ဒီ (Jean-Louis Verdier)[၁၀]
ထင်ပေါ်ကြော်ကြား ဆုတံဆိပ်များ ၁၉၆၆  ဖီး ဆုတံဆိပ် (Fields Medal)[၁၂]
၁၉၈၈  ခရက်ဖော့ဒ်ဆု (Crafoord Prize) (ဆုလက်မခံ)[၁၃]

အလက်ဇန်းဒါး ဂရိုသန်ဒိခ် (အင်္ဂလိပ်: Alexander Grothendieck, ဂျာမန်: [ˈɡroːtn̩diːk]; ပြင်သစ်: [ɡʁɔtɛndik]) ((1928-03-28)မတ် ၂၈၊ ၁၉၂၈ – နိုဝင်ဘာ ၁၃၊ ၂၀၁၄(2014-11-13)) သည် ဂျာမနီနိုင်ငံတွင် ဖွားမြင်သည့် ပြင်သစ်လူမျိုး သင်္ချာပညာရှင် တစ်ဦးဖြစ်ပြီး၊ မျက်မှောက်ခေတ်သုံး အက္ခရာသင်္ချာနည်းကျ ဂျီဩမေတြီ (algebraic geometry) ဘာသာရပ်ကို ဦးဆောင် ပျိုးထောင်ခဲ့သူတစ်ဦး ဖြစ်သည်။ သူ၏ သုတေသန လုပ်ဆောင်ချက်များကြောင့် အက္ခရာသင်္ချာနည်းကျ ဂျီဩမေတြီ ဘာသာရပ်နယ်ပယ်မှာ တိုးပွားကျယ်ပြန့်လာပြီး၊ ၎င်းဘာသာရပ်၏ အခြေခံအုတ်မြစ်တွင် ပတ်လည်ညီ အက္ခရာသင်္ချာ (commutative algebra)၊ ဟိုမိုလော်ဂျစ်ကယ် အက္ခရာသင်္ချာ (homological algebra)၊ ကောက်လှိုင်းစည်း သီအိုရီ (sheaf theory) နှင့် ကတ်တဂိုရီ သီအိုရီ (category theory) တို့မှ အစိတ်အပိုင်းများကို ပေါင်းစပ်သုံးစွဲနိုင်ခဲ့သည်။ ဂရိုသန်ဒိခ်၏ "နှိုင်းရ" ရှုမြင်ပုံ ("relative" perspective) သဘောတရားကြောင့်လည်း သင်္ချာသန့်သန့် ဘာသာရပ်နယ်ပယ် အများအပြားတွင် တဟုန်ထိုး တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။

ဂရိုသန်ဒိခ်ကို ဂျာမနီနိုင်ငံတွင် ဖွားမြင်ခဲ့သော်လည်း သူသည် ပြင်သစ်နိုင်ငံတွင် ကြီးပြင်းခဲ့ပြီး၊ ပြင်သစ်နိုင်ငံတွင်သာ အဓိက နေထိုင်ခဲ့သည်။ သို့သော် သူ၏ အလုပ်ဘဝ တလျောက်လုံးနီးပါးတွင် မည်သည့်နိုင်ငံ၏ နိုင်ငံသားမှ မဟုတ်ဘဲ နိုင်ငံမဲ့ (stateless) တစ်ဦးအဖြစ် လက်တွေ့နေထိုင်ခဲ့သည်။ သူသည် သူ၏ပထမနာမည် "အလက်ဇန်းဒါး" အား (ပြင်သစ်လူမျိုးများ သုံးလေ့ရှိသည့် စာလုံးပေါင်းအတိုင်း) "Alexandre" ဟု မပေါင်းဘဲ "Alexander" ဟုသာ အမြဲ ရေးတတ်ပြီး၊ မျိုးရိုးအမည်မှာလည်း သူ့မိခင်ဘက်မှ ဒတ်ချ် (Dutch) ဆန်သည့် မြေနိမ့်ဂျာမန် (Low German) အမည် "ဂရိုသန်ဒိခ်" ကို ယူထားခြင်းဖြစ်ရာ သူ့ကို ဒတ်ချ်ဇာတိဟု တခါတရံ ထင်မှတ်မှားတတ်ကြသည်။

ဂရိုသန်ဒိခ်သည် သူ၏ အောင်မြင်ကျော်ကြားလှသည့် သင်္ချာပညာရှင်ဘဝကို ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့သည်။ သူသည် ၁၉၅၈ ခုနှစ်တွင် အဆင့်မြင့် သိပ္ပံလေ့လာရေး ဌာန (Institut des Hautes Études Scientifiques (IHÉS)) ၌ သုတေသန ပါမောက္ခအဖြစ် ခန့်အပ်ခြင်းခံရပြီး၊ ထိုဌာနတွင်ပင် ၁၉၇၀ ခုနှစ်အထိ ဆက်လက်လုပ်ကိုင်ခဲ့သည်။ သို့သော် ၎င်းဌာန၏ စစ်ဘက်နှင့် မကင်းသည့် ထောက်ပံ့ငွေကိစ္စ အငြင်းပွားမှု ဖြစ်ပြီးနောက်တွင် ကိုယ်ရေးကိုယ်တာနှင့် နိုင်ငံရေး ယုံကြည်ချက်များကြောင့် အလုပ်ထွက်ခဲ့သည်။ နောက်ပိုင်းတွင် မွန့်ပယ်လီရေ တက္ကသိုလ် (University of Montpellier) ၌ ပါမောက္ခလုပ်ခဲ့ပြီး သင်္ချာအလုပ်အချို့ကို တစ်ကိုယ်ရေ လုပ်ဆောင်ခဲ့သည်မှ အပ၊ သူသည် သင်္ချာအသိုင်းအဝိုင်းကို ဖယ်ကြဉ်၍ နိုင်ငံရေးကိစ္စများတွင်သာ နှစ်မြှုပ်နေထိုင်ခဲ့သည်။ ဂရိုသန်ဒိခ်သည် ၁၉၈၈ ခုနှစ်၌ တရားဝင် အငြိမ်းစားယူပြီး၊ မကြာမီပင် ပီးရနေ (Pyrenees) တောင်တန်းဒေသသို့ ပြောင်းရွှေ့၍ တစ်ကိုယ်တည်း နေထိုင်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ကွယ်လွန်သည်အထိ ဖြစ်သည်။

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ငယ်ဘဝ[ပြင်ဆင်ရန်]

ဂရိုသန်ဒိခ်ကို မင်းမဲ့ဝါဒီ (anarchist) မိဘနှစ်ပါးက ဘာလင်မြို့၌ ၁၉၂၈ခုနှစ်တွင် ဖွားမြင်သည်။ ဖခင်ဖြစ်သူမှာ အလက်ဇန်းဒါး "ဆာရှာ" ရှာပီးရိုး (Alexander "Sascha" Schapiro) (ခေါ်) အလက်ဇန်းဒါး တနာရော့ဖ် (Alexander Tanaroff) ဖြစ်ပြီး၊ မိခင်ဖြစ်သူမှာ ယိုဟန်နာ "ဟန်ကာ" ဂရိုသန်ဒိခ် (Johanna "Hanka" Grothendieck) ဖြစ်သည်။

ဂရိုသန်ဒိခ်၏ ဖခင်ဖြစ်သူမှာ ယူကရိန်း၊ ဘီလာရုဇ်နှင့် ရုရှားနယ်စပ်ဒေသရှိ နိုဗိုဇစ်ဗ်ကော့ဗ်မြို့ဇာတိဖြစ်ကာ ဟက်စီးဒစ် (Hassidic) ဂျူးလူမျိုးနွယ်မှ ဆင်းသက်လာသူတစ်ဦးဖြစ်သည်။ ထိုခေတ်က ဇာဘုရင်အား တော်လှန်သည့် လှုပ်ရှားမှုများတွင် "ဆာရှာ" ဟူသည့် အမည်ဝှက်ဖြင့် ပါဝင်ခဲ့ရာ ထောင်အကြိမ်ကြိမ်ကျခဲ့ဖူးပြီး ထောင်မှအကြိမ်ကြိမ် ထွက်ပြေးခဲ့ဖူးသူလည်း ဖြစ်သည်။ ရေချယ် (Rachel) ဆိုသူ ရုရှားဂျူး အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီး သားတစ်ဦးထွန်းကားခဲ့သော်လည်း နောင်တွင် ရုရှားနိုင်ငံမှ ထွက်ပြေးခဲ့သည်။ ပိုလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယမ်နှင့် နောက်ဆုံး ဂျာမနီနိုင်ငံများတွင် "အလက်ဇန်းဒါး တနာရော့ဖ်" အမည်ပါ တရားမဝင်စာရွက်စာတမ်း အတုများသုံး၍ လှည့်လည်နေထိုင်ခဲ့သည်။

ဂရိုသန်ဒိခ်၏ မိခင်ဖြစ်သူမှာ ဂျာမနီနိုင်ငံ၊ ဟန်းဘာ့ခ်မြို့ (Hamburg) ဇာတိဖြစ်ကာ ပရိုတက်စတင့် မိသားစုမျိုးရိုးမှ ဖွားမြင်လာသူတစ်ဦးဖြစ်သည်။ အရွယ်ရောက်သော် ဇာတိမိဘကို စွန့်ခွာ၍ အနုပညာသမားများ၊ ပညာတတ်များစုဝေးရာ ဘာလင်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကာ လူမှုရေး၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် ဂျာနယ်လစ်တစ်ဦးအဖြစ် ပါဝင်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်တွင်း ယိုဟန်နက်စ် ရက်ဒက်စ် (Johannes Raddatz) ဆိုသူနှင့် တွေ့ဆုံကာ အိမ်ထောင်ပြုခဲ့ပြီး သမီးတစ်ဦးထွန်းကားခဲ့သည်။ ရက်ဒက်စ်မှာ အများအားဖြင့် ခရီးဝေးသွားနေရလေ့ရှိရာ ဟန်ကာနှင့် အတူနေထိုင်ခဲ့ခြင်း မရှိချေ။ ဤအချိန်တွင် ဘာလင်မြို့ရှိ မင်းမဲ့ဝါဒီအဖွဲ့များမှတဆင့် ဆာရှာနှင့် တွေ့ဆုံအကြောင်းပါခဲ့ပြီး ဂရိုသန်ဒိခ်ကို ဖွားမြင်ခဲ့သည်။

ဖွားမြင်ချိန်တွင် ဟန်ကာသည် ရက်ဒက်စ်နှင့် တရားဝင်အိမ်ထောင်ပြုထားဆဲဖြစ်ရာ ဂရိုသန်ဒိခ်၏ မွေးနာမည်ကို အလက်ဇန်းဒါး ရက်ဒက်စ်ဟု ကနဦးက မှည့်ခေါ်ခဲ့သည်။ ၎င်းအိမ်ထောင်သည် ၁၉၂၉ခုနှစ်တွင် တရားဝင်ပြတ်စဲပြီး၊ ဆာရှာက ဂရိုသန်ဒိခ်ကို သူ၏သားအဖြစ် အသိအမှတ်ပြုခဲ့သော်လည်း ဟန်ကာနှင့် ဆာရှာသည် တရားဝင်အိမ်ထောင်ပြုခဲ့ခြင်း မရှိပေ။

ဂရိုသန်ဒိခ်သည် မိဘနှစ်ပါးနှင့်အတူ ၁၉၃၃ခုနှစ်ကုန်အထိ ဘာလင်မြို့၌ နေထိုင်ခဲ့သည်။ ထိုအချိန်တွင် ဂျာမနီ၌ နာဇီများကြီးစိုးလာရာ ဖခင်ဖြစ်သူ ဆာရှာက ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ပြောင်းရွှေ့တိမ်းရှောင်ရပြီး၊ မကြာမီမိခင်ဖြစ်သူပါ လိုက်ပါတိမ်းရှောင်ခဲ့သည်။ ဂရိုသန်ဒိခ်ကိုမူ ဟမ်းဘာ့ခ်မြို့နေ လူသာရန်ဘုန်းတော်ကြီး ဟေဒေါန် (Heydorn) ဆိုသူ၏ မိသားစုထံ အပ်နှံထားခဲ့ရသည်။ ဤနှစ်များအတွင်းတွင် ဆာရှာနှင့် ဟန်ကာမှာ စပိန်ပြည်တွင်းစစ်၌ ရီပတ်ပလစ်ကန်များဘက်မှ ဝင်ရောက်ကူညီကာ ဗိုလ်ချုပ်ဖရန်ကို (General Franco) ၏ အာဏာသိမ်း ဖက်ဆစ်အစိုးရကို ဆန့်ကျင်ခဲ့သည်။ သူတို့နှစ်ဦးမှာ တိုက်ပွဲမဝင်သည့် အရန်တပ်သားများအဖြစ်ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု အချို့ကဆိုပြီး၊ အချို့ကမူ ဆာရှာသည် မင်းမဲ့ဝါဒီတို့၏ ပြည်သူ့စစ် တပ်သားအဖြစ် ပါဝင်ခဲ့သည်ဟုလည်း ဆိုကြသည်။ သို့သော် နောက်ဆုံးတွင် ဗိုလ်ချုပ်ဖရန်ကို စစ်နိုင်ပြီး ဆာရှာနှင့် ဟန်ကာမှာ စိတ်ဓာတ်ကျ၍ ပြင်သစ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။

ဒုတိယကမ္ဘာစစ်[ပြင်ဆင်ရန်]

စစ်ရိပ်များသန်းလာသည့် ၁၉၃၉ မေလသို့ရောက်သော် ဂျူးလူမျိုးကလေးတစ်ဦး၏ ရုပ်ရည်သဏ္ဌာန်ရှိသည့် ဂရိုသန်ဒိခ်ကို ဂျာမနီနိုင်ငံတွင် ဆက်လက်ထားရှိရန် အန္တရာယ်ရှိလာသောကြောင့် ဟေဒေါန်က ၁၁နှစ်အရွယ် ဂရိုသန်ဒိခ်တစ်ဦးတည်းကို ဟမ်းဘာ့ခ်မြို့မှ ထွက်ခွာမည့် မီးရထားတစ်စင်းပေါ်တွင်တင်ကာ ဖခင်ရှိရာ ပြင်သစ်နိုင်ငံသို့ စေလွှတ်ခဲ့ရသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ဂရိုသန်ဒိခ်နှင့် မိဘနှစ်ပါး ပြန်လည်ဆုံဆည်းနိုင်ခဲ့သော်လည်း များမကြာမီတွင် သူ၏ဖခင် ဆာရှာမှာ လဗာနေး (Le Vernet) ၌ စခန်းသွင်း အကျဉ်းချခံရသည်။ ဂရိုသန်ဒိခ်နှင့် မိခင်ဖြစ်သူ ဟန်ကာတို့သည်လည်း "မလိုလားအပ်သော အန္တရာယ်ရှိသည့် နိုင်ငံခြားသားများ" အဖြစ် ၁၉၄၀မှ ၁၉၄၂ခုနှစ်အထိ စခန်းအသီးသီး၌ အချုပ်ခံခဲ့ရသည်။

၎င်းတို့ ပထမဦးဆုံး အချုပ်ခံရသည့်စခန်းမှာ အမျိုးသမီးနှင့် ကလေးများကို သီးသန့်ချုပ်နှောင်ရာ ဝါရားခို (Rieucros) စခန်း ဖြစ်သည်။ စခန်းတွင်း အခြေအနေဆိုးဝါးသော်လည်း ထိုခေတ်က အခြား အကျယ်ချုပ်စခန်းများနှင့် နှိုင်းယှဉ်လျှင် အသက်သာဆုံး စခန်းတစ်ခုဖြစ်ရာ ဂရိုသန်ဒိခ်ကို စခန်းအနီး မန်းဒမြို့ (Mende) ရှိ ကျောင်းတစ်ခုတွင် ကျောင်းတက်ခွင့် ပြုခဲ့သည်။ နာဇီအလိုတော်ရိ ဗီရှီပြင်သစ် (Vichy France) အစိုးရခေတ်တွင် ဖွင့်လှစ်ခဲ့သည့် ၎င်းစခန်းတွင် နာဇီဂျာမနီမှ ထွက်ပြေးလာသော ဂျာမန်ဂျူးများ၊ စပိန်ပြည်တွင်းစစ်ရှုံး၍ ထွက်ပြေးလာသော မင်းမဲ့ဝါဒီများနှင့် ဆိုဗီယက်ရုရှားမှ ထွက်ပြေးလာသော ထရော့စကီဝါဒီများ (Trotskyites) အစရှိသည်ဖြင့် စုပေါင်းချုပ်နှောင်ထားပြီး ဂရိုသန်ဒိခ်တို့ သားအမိနှစ်ဦး ခက်ခက်ခဲခဲ နေထိုင်ခဲ့ရသည်။ ၎င်းတို့မှာ နာဇီဂျာမနီမှ ထွက်ပြေးလာခဲ့သူများ ဖြစ်သော်လည်း ဂျာမန်စကားပြောသည့် ဂရိုသန်ဒိခ်တို့ကို ဒေသခံများက ရန်သူဂျာမန်များအဖြစ် ရှုမြင်ကာ မနှစ်မြို့ကြချေ။ ဤသို့ တင်းမာခက်ထန်သည့် အခြေအနေ၌ ကြီးပြင်းခဲ့ရာ ဂရိုသန်ဒိခ်သည် လက်ဝှေ့ အထိုးအကြိတ် ကျွမ်းကျင်လာပြီး လောကကြီးအပေါ် ဒေါသခက်ထန်သူတစ်ဦး ဖြစ်လာသည်။ စခန်းအနီးမြို့၌ ကျောင်းတက်ခွင့်ရသူတစ်ဦး ဖြစ်သောကြောင့် စခန်းတွင်းမှ အဝင်အထွက်လည်း လွယ်ကူရာ တခါတွင် ဂရိုသန်ဒိခ်သည် ဟစ်တလာကို လုပ်ကြံသတ်ဖြတ်ရန် စိတ်ကူးယဉ်၍ စခန်းမှ ထွက်ပြေးခဲ့ဖူးသည်။ သို့သော် ထွက်ပြေး၍ မကြာမီပင် အဖမ်းခံရ၍ စခန်းသို့ ပြန်ရောက်လာခဲ့သည်။

၁၉၄၂ ခုနှစ်တွင် ဝါရားခိုစခန်း ပိတ်ပြီး စခန်းရှိ အကျဉ်းကျသူအားလုံးကို ဘရွန့် (Brens) စခန်းသို့ ပြောင်းရွှေ့ခဲ့ရာ ယခင်စခန်းနှင့်စာလျှင် ပိုမိုတင်းကြပ်၍ ဂရိုသန်ဒိခ်တို့ သားအမိ အခြေအနေ ပိုမိုဆိုးဝါးခဲ့သည်။ ဤအချိန်တွင် လ ရှဘွန်း-ရှာ-လီးညွန် (Le Chambon-sur-Lignon) မြို့၌ ဆွစ်လူမှုရေးအသင်းတစ်ခု၏ အကူအညီဖြင့် နာဇီတို့ကို အာခံ၍ ဂျူးလူမျိုး ကျောင်းသားကျောင်းသူများကို ပညာလျှို့ဝှက် သင်ကြားပေးသည့် ကျောင်းတစ်ခုရှိကြောင်း သတင်းရရာ၊ ဂရိုသန်ဒိခ်၏ မိခင်က ဂရိုသန်ဒိခ်အား ထိုကျောင်းသို့ ကျောင်းအိပ်ကျောင်းစားအဖြစ် ပို့ဆောင်နိုင်ခဲ့သည်။ ထိုဒေသရှိ ဒေသခံတို့မှာ နာဇီဆန့်ကျင်သူများ ဖြစ်ပြီး ဒုက္ခသည်ဂျူးများကို ၎င်းတို့နှင့် အတူနေထိုင်စေကာ နာဇီတို့ထံမှ ကွယ်ဝှက်ပေးခဲ့သည်။ တခါတရံ နာဇီစစ်သားတို့ မြို့ထဲသို့ဝင်လာပါက ဂရိုသန်ဒိခ်အပါအဝင် ဂျူးလူငယ်များမှာ မနီးမဝေးရှိ တောထဲတွင် ပုန်းအောင်းရသည်များလည်း ရှိသည်။ ထိုသို့ ဂရိုသန်ဒိခ်နှင့် သူ၏မိခင်ဟန်ကာ တကွဲစီ နေထိုင်နေစဉ်အတွင်း ဟန်ကာကို ဂါး (Gurs) စခန်းသို့ ထပ်မံပြောင်းရွှေ့ခံရ၍ ထိုစခန်းတွင်ပင် စစ်ကြီးပြီးဆုံးသည်အထိ ဟန်ကာ နေခဲ့ရသည်။ ဂရိုသန်ဒိခ်လည်း ရှဘွန်းမြို့ရှိ စီဗူနယ်ကောလိပ် (Collège Cévenol) တွင် တက်ရောက်သင်ကြားခဲ့သည်။

ထို ၁၉၄၂ခုနှစ်တွင်ပင် ဂရိုသန်ဒိခ်တို့ သားအမိနှင့် သီးခြား၍ အချုပ်ခံနေရသည့် ဂရိုသန်ဒိခ်၏ဖခင် ဆာရှာကို နာဇီအလိုတော်ရိ ပြင်သစ်အစိုးရက ဂျာမန်တို့လက်သို့ ပြောင်းလွှဲပေးအပ်ခဲ့ရာ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အော့စ်ရှဝဇ် (Auschwitz) အကျဉ်းထောင်တွင် အခြားဂျူးလူမျိုး အများအပြားနှင့်အတူ ဆာရှာ ဆုံးပါးခဲ့သည်။

သင်္ချာသုတေသနနှင့် ထိတွေ့ခြင်း[ပြင်ဆင်ရန်]

စစ်ကြီးပြီးသော် ဂရိုသန်ဒိခ်သည် ပြင်သစ်နိုင်ငံတွင် ဆက်လက်နေထိုင်၍ မွန့်ပယ်လီရေတက္ကသိုလ် (University of Montpellier) ၌ သင်္ချာပညာ ဆက်လက်ဆည်းပူးခဲ့သည်။ အစပထမ၌ သူသည် တက္ကသိုလ် အတန်းများတွင် အမှတ်မကောင်းခဲ့ပေ၊ နက္ခတ္တဗေဒဘာသာရပ် အတန်းတစ်ခု ကျရှုံးသည်အထိ ဖြစ်ခဲ့သည်။ သို့သော် အတန်းပြင်ပတွင် သင်္ချာပညာကို သူကိုယ်တိုင် စူးစမ်းလေ့လာ၍ လဘိတ်ဂ် အတိုင်းအတာ (Lebesgue measure) ခေါ် သင်္ချာ အတိုင်းအတာတစ်ခုကို သီးသန့် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည်။[မှတ်စု ၁] ထိုကဲ့သို့ အတန်းပြင်ပ မိမိကိုယ်တိုင် လေ့လာမှုများကို တစတစ ပိုမိုလုပ်ဆောင်လာပြီး သုံနှစ်အကြာ ၁၉၄၈ခုနှစ်တွင် သင်္ချာပညာဆက်လက် ဆည်းပူးရန် ပါရီမြို့သို့ ထွက်ခွာခဲ့သည်။

အစပိုင်းတွင် ဂရိုသန်ဒိခ်သည် အဆင့်မြင့် ပါမောက္ခ လေ့ကျင့်ရေးကျောင်းဟု အဓိပ္ပာယ်ရသည့် အီကိုးလ် နော်မဲလ် စူပီးယား တက္ကသိုလ် (École Normale Supérieure) ရှိ အွန်ရိ ကာတန် (Henri Cartan) ၏ ဟောပြောပို့ချပွဲများကို တက်ရောက်နားထောင်ခဲ့သော်လည်း လုံလောက်သည့် သင်္ချာဗဟုသုတ အခြေခံမရှိသောကြောင့် ကာတန်၏ အဆင့်မြင့် ပို့ချချက်များကို နားမလည်ခဲ့ပေ။ ကာတန်နှင့် အခြားသင်္ချာပညာရှင်တစ်ဦးဖြစ်သည့် အန်ဒရေ ဗေးလ် (André Weil) တို့၏ အကြံပေးချက်အရ ဂရိုသန်ဒိခ်သည် နန်စီတက္ကသိုလ် (University of Nancy) သို့ ပြောင်းရွှေ့၍ လောဟန် ရွှ (Laurent Schwartz) နှင့် ရောန် ဒေဒိုနီ (Jean Dieudoné) တို့နှစ်ဦးထံတွင် ဖန်ရှင်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသင်္ချာ ဘာသာရပ်ကို ၁၉၅၀မှ ၁၉၅၃ အထိ လေ့လာခဲ့ရာ တိုပေါ်လောဂျီဆိုင်ရာ ဗက်တာရပ်ဝန်းများနှင့် ပတ်သက်၍ ဆရာတစ်ဆူ ဖြစ်လာသည်အထိ ကျွမ်းကျင် အောင်မြင်ခဲ့သည်။ သို့သော် ၁၉၅၇ခုနှစ်တွင် ၎င်းဘာသာရပ်ကို စွန့်ခွာပြီး အက္ခရာသင်္ချာနည်းကျ ဂျီဩမေတြီဘာသာရပ်နှင့် ဟိုမိုလော်ဂျစ်ကယ် အက္ခရာသင်္ချာဘာသာရပ်များကို ပြောင်းလဲလေ့လာ၍ သုတေသန ပြုခဲ့သည်။

"ရွှေခေတ်"[ပြင်ဆင်ရန်]

နိုင်ငံရေးလှုပ်ရှားမှု[ပြင်ဆင်ရန်]

ဂရိုသန်ဒိခ်၏ နိုင်ငံရေးအမြင်များမှာ စူးရှပြင်းထန်ပြီး စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးသမား တစ်ဦးဖြစ်သည်။ ဆိုဗီယက်တို့၏ စစ်အင်အားတိုးချဲ့မှုကိုလည်းကောင်း၊ ဗီယက်နမ်တွင် အမေရိကန်တို့ ဝင်ရောက်စွက်ဖက်မှုကိုလည်းကောင်း အပြင်းအထန် ဆန့်ကျင်ခဲ့သည်။ လေးနှစ်တစ်ကြိမ် ကျင်းပသည့် သင်္ချာပညာရှင်များ၏ နိုင်ငံတကာညီလာခံကို ၁၉၆၆ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု၊ မောစကိုမြို့တွင် ကျင်းပရာ ဂရိုသန်ဒိခ်က မတက်ရောက်ဘဲနေခဲ့သည်။ သင်္ချာဆိုင်ရာ နိုဘဲလ်ဆုဟု တင်စားခြင်းခံရသည့် ဖီး ဆုတံဆိပ်ကို ဂရိုသန်ဒိခ်အား ထိုညီလာခံတွင် ချီးမြှင့်မည် ဖြစ်သော်လည်း၊ အရှေ့ဥရောပဒေသတွင်း ဆိုဗီယက်စစ်ရေးလှုပ်ရှားမှုများကို ဆန့်ကျင့်သည့်အနေဖြင့် သူက သပိတ်မှောက်ခဲ့ခြင်း ဖြစ်သည်။[မှတ်စု ၂] ဗီယက်နမ်စစ်တွင်း ဟနွိုင်းမြို့ကို အမေရိကန်တို့ ဗုံးကျဲနေစဉ်အတွင်း ၎င်းမြို့ဝန်းကျင်ရှိ သစ်တောများထဲတွင် ကတ်တဂိုရီသီအိုရီဆိုင်ရာ ဟောပြောပို့ချပွဲများ ပြုလုပ်ခြင်းဖြင့် ဗီယက်နမ်စစ်ကိုလည်း ဆန့်ကျင်ခဲ့သည်။ ထို့အတူ အက္ခရာသင်္ချာနည်းကျ ဂျီဩမေတြီဘာသာရပ်တွင် ဆရာတစ်ဆူဖြစ်သည့် အော်စကာ ဇာရစ်စကီး (Oscar Zariski) က သူရှိရာ ဟားဗတ် တက္ကသိုလ်သို့ ဧည့်ပါမောက္ခအဖြစ် လာရောက်သုတေသနပြုရန် ၁၉၅၇ခုနှစ်၌ ဂရိုသန်ဒိခ်ကို ဖိတ်ကြားခဲ့ရာ အမေရိကန်အစိုးရကို ဖြုတ်ချရန် မလုပ်ဆောင်ပါဟု ခံဝန်လက်မှတ်ထိုးခိုင်းရာတွင်လည်း ဂရိုသန်ဒိခ်က မထိုးဘဲနေခဲ့သည်။ လက်ဝဲသုတ်သင်ရေး အင်အားစုများ လွှမ်းမိုးချိန်ဖြစ်သည့်အလျှောက် ဤသို့ လက်မှတ်ထိုးရန် ငြင်းဆန်ခြင်းသည် ထောင်ကျနိုင်သည့် အခြေအနေအထိ ဖြစ်နိုင်ကြောင်း မိတ်ဆွေများက သတိပေးသော်လည်း ထောင်ထဲတွင် စာဖတ်နိုင်လျှင်၊ သင်္ချာလုပ်ဖော်ကိုင်ဖက်များက ထောင်ဝင်စာ လာတွေ့နိုင်လျှင် သူမမှုဟု ဆိုကာ ဟားဗတ်သို့ သွားခဲ့သည်။[၇]

ပြင်သစ်နိုင်ငံရှိ ၎င်းအလုပ်လုပ်ရာ သုတေသနဌာန၏ ရန်ပုံငွေအချို့မှာ စစ်ဘက်မှပံ့ပိုးထားခြင်းဖြစ်ကြောင်း သိရှိပြီးနောက် ၁၉၇၀ ဝန်းကျင်တွင် အလုပ်မှထွက်ခဲ့သည်။ စစ်ဘက်နှင့် မကင်းသည့် ဤထောက်ပံ့ငွေကိစ္စသည် သူအလုပ်ထွက်ရန် ဖန်လာသည့် အကြောင်းများအနက် ထင်ရှားမြင်သာသည့် အကြောင်းတစ်ရပ်သာဖြစ်ပြီး၊ ဤထက်နက်ရှိုင်းသော အခြားအကြောင်းများလည်း ရှိကြောင်း ဂရိုသန်ဒိခ်နှင့် ရင်းနှီးခဲ့သည့် မိတ်ဆွေအချို့က ရေးသားခဲ့သည်။ စစ်ဆန့်ကျင်ရေး မင်းမဲ့ဝါဒီတစ်ဦး၏ သားဖြစ်သူ ဂရိုသန်ဒိခ်သည် အဖိနှိပ်ခံ လူထုအကြား ကြီးပြင်းခဲ့ရာ၊ အခြေခံလူတန်းစားများနှင့် အဖိနှိပ်ခံများကို စာနာတတ်သူတစ်ဦးဖြစ်သည်ဟု ဆိုကြသည်။ သူအလုပ်ထွက်သည့် ၁၉၇၀ ဝန်းကျင်တွင် ဗီယက်နမ်စစ် ဆန့်ကျင်ရေးလှုပ်ရှားမှုလည်း အရှိန်အဟုန် ပြင်းထန်လာရာ ဂရိုသန်ဒိခ်သည် သူ၏ အလုပ်ဌာနအား သူ့ကို (ဖိနှိပ်ခံ လူထုများနှင့် ခွဲခြား၍) ချုပ်နှောင်ထားသည့် ရွှေလှောင်အိမ်အဖြစ် ရှုမြင်လာခဲ့သည်ဟု ဆိုသည်။ အလုပ်ထွက်ပြီးနောက်တွင် ရှန်သန်ရေး ဟု အဓိပ္ပာယ်ရသည့် Survivre ခေါ် နိုင်ငံရေးစာစောင်ကို အခြားသင်္ချာပညာရှင် မိတ်ဆွေနှစ်ဦးနှင့် ပူးပေါင်းထုတ်ဝေ၍ စစ်ဆန့်ကျင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သိပ္ပံ၊ သင်္ချာနှင့် နည်းပညာဆိုင်ရာ သုတေသန အသီးအပွင့်များကို လက်လွတ်စပယ် အသုံးချခြင်းအား ဆန့်ကျင်ရေးတို့အတွက် ဆော်ဩခဲ့သည်။

၁၉၈၀ ခုနှစ်များ[ပြင်ဆင်ရန်]

အငြိမ်းစားဘဝ[ပြင်ဆင်ရန်]

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

သင်္ချာသုတေသန[ပြင်ဆင်ရန်]

ဩဇာအရှိန်အဝါ[ပြင်ဆင်ရန်]

မှတ်စု[ပြင်ဆင်ရန်]

  1. ထိုလဘိတ်ဂ် အတိုင်းအတာဆိုသည့် သဘောကို ပြင်သစ်သင်္ချာပညာရှင် အွန်ရိ လဘိတ်ဂ် (Henri Lebesgue) က ဂရိုသန်ဒိခ်မတိုင်မီ ဆယ်စုနှစ်တစ်ခုခန့်စော၍ ရှာဖွေတွေ့ရှိပြီးဖြစ်သော်လည်း လက်ရှိသင်္ချာအသိုင်းအဝိုင်းနှင့် အဆက်အစပ်မရှိသော ကျောင်းသားအရွယ် ဂရိုသန်ဒိခ်က ကြားဖူးသိရှိခဲ့ခြင်းမရှိဘဲ သူကိုယ်တိုင် ပြန်လည်တီထွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
  2. သူအလုပ်လုပ်ကိုင်ရာ သုတေသနဌာန၏ ဒါရိုက်တာကသာ ဂရိုသန်ဒိခ် ကိုယ်စား ဆုတက်ယူခဲ့ရသည်။

အညွှန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]