အရှင်ကောသလ္လ

ဝီကီပီးဒီးယား မှ

အရှင်ကောသလ္လ သည် ရွှေဥမင်ဆရာတော်ဘုရားကြီးဟု ထင်ရှားသည့် ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဖြစ်စဉ်[ပြင်ဆင်ရန်]

ရွှေဥမင်ဆရာတော် အလောင်းအလျာကို ၁၉၁၃ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် တနင်္လာနေ့ (၁၂၇၅ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်နေ့)တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မုက္ခမူကျေးရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးဟန်နှင့် ဒေါ်သိုင်းချုံ ဖြစ်သည်။[၁]

သာမဏေဝတ်ခြင်း[ပြင်ဆင်ရန်]

၁၉၂၂ ခုနှစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မုက္ခမူကျေးရွာ၊ မွန်ကျောင်း (အရှေ့ကျောင်း) တွင် ဆရာတော် ဘဒ္ဒန္တနန္ဒိယကို ဥပဇ္ဈာယ်ပြုကာ မိဘနှစ်ပါး၏ ပစ္စယနုဂ္ဂဟကို ခံယူ၍ ရှင်သာမဏေ ပြုခဲ့သည်။[၁]

ပညာဆည်းပူးခြင်း[ပြင်ဆင်ရန်]

ဆရာတော်ဘုရားကြီးသည် (၁) ကျိုက်ထိုမြို့နယ်၊ ရုက္ခမူကျေးရွာ၊ မှန်ကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒိယ၊ (၂) ညောင်လေးပင်မြို့ တောရကြီးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအရိယ၊ (၃) ရန်ကုန်မြို့၊ ကျောက်ကုန်းတောရ မေဒိနီဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာဠာရ၊ (၄) ညောင်လေးပင်မြို့၊ အင်းဝိုင်းတောရဆရာတော် ဘဒ္ဒန္တကေသရ (၅) ညောင်လေးပင်မြို့၊ တောရတိုက်ခွဲဆရာတော် ဘဒ္ဒန္တပညိန္ဒစသည့် ဆရာတော်များထံတွင် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ အစရှိသည့် ပရိယတ္တိကျမ်းစာများကို သင်ယူဆည်းပူးခဲ့သည်။[၁]

တရားအားထုတ်ခြင်း[ပြင်ဆင်ရန်]

ဆရာတော်ဘုရားသည် ကျိုက်လတ်မြို့၊ ပစ္ဆိမာရုံကျောင်းတိုက် ရာကျော်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ သောဘိတ၊ ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ မဟာစည်ဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောဘန တို့ထံတွင် ဝိပဿနာတရားများကို လေ့လာဆည်းပူးခဲ့သည်။

မဟာစည် ဆရာတောတော်ဘုရားကြီး၏ တာဝန်ပေးချက်ရ မဟာစည်သာသနာ့ရိပ်သာတွင် (၁၀) နှစ်တိုင်တိုင် ကမ္မဋ္ဌာနာစရိယဆရာတော်အဖြစ် တရားပြသပေးတော်မူခဲ့သည်။

ဆရာတော်ဘုရားသည် ဇွဲ၊ လုံ့လ၊ ဉာဏ်ပညာ တို့ကို အစွမ်းကုန်စိုက်ထုတ်ကာ အနယ်နယ်အရပ်ရပ်တွင် တောရဆောက်တည်၍ ပဋိပတ္တိဓမ္မကို ကြိုးစားကျင့်ကြံခဲ့သည်။[၁]

ရွှေဥမင်တောရ[ပြင်ဆင်ရန်]

ဆရာတော်ဘုရားသည် ၁၉၆၀ ခုနှစ်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်းမြို့နယ်တွင် ရွှေဥမင်တောရကျောင်းတိုက်ကို တည်ထောင်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် မဟာစည်သာသနာ့ရိပ်သာမှ ရွှေဥမင်တောရကျောင်းတိုက်သို့ ပြောင်းရွှေ့သီတင်းသုံးကာ တရားသွန်သင်ပြသဆုံးမတော်မူခဲ့သည်။[၁]

အခြားသော ဆောင်ရွက်မှုများ[ပြင်ဆင်ရန်]

ဆရာတော်ဘုရားကြီးသည် ပရဟိတကိုလည်း များစွာဆောင်ရွက်တော်မူခဲ့သည်။

  1. ဆရာတော်ဘုရားသည် ပရိယတ္တိစာသင်တိုက်ကြီးများသို့ နှစ်စဉ် ပစ္စည်းလေးပါးကို လှူဒါန်းခြင်း၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများသို့ လိုအပ်သည့် ဆေးဝါးအာဟာရများကို လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
  2. ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာရှိ ရွာလယ်ကျောင်း၊ ဝင်းစိန်ကျောင်း၊ အုတ်ဖိုကျောင်း၊ ဝေါမြို့နယ်၊ ဗိုလ်တကော်ကျေးရွာရှိ စက္ကရံသီကျောင်း၊ တောကြီးကျေးရွာရှိ သုခိတာရာမကျောင်း စသည့် ကျောင်းများတို့တွင် ကျောင်းအဆောက်အဦများ လှူဒါန်းခဲ့သည်။
  3. ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာရှိ မူလတန်းကျောင်းအား အလယ်တန်းကျောင်းခွဲဖြစ်အောင် အဆောက်အဦများ၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ စသည်တို့ကို ထောက်ပံ့လှူဒါန်းခဲ့သည်။
  4. ဆရာတော်သည် လူငယ်လူရွယ်များအတွက် ရည်ရွယ်ကာ နှစ်စဉ်နှစ်တိုင်း တရားဟောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သည်။
  5. ကျေးလက်တောရွာတို့တွင် စာပေဗဟုသုထွန်းလင်းကြွယ်ဝလာစေရန် စာကြည့်တိုက်ပေါင်း ၂၀ တည်ထောင်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး စာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် ပရိဘောဂ စသည်တို့ကို လိုလေးသေးမရှိ လှူဒါန်းခဲ့သည်။
  6. ရွှေဥမင်တောရသို့ တရားအားထုတ်လိုသူ ပြည်တွင်းပြည်ပ ယောဂီများသည် ဆရာတော်၏ အဆုံးအမကို ခံယူကာ ကြိုးစားအားထုတ်လျက်ရှိသည်။[၁]

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဆရာတော်ဘုရားသည် ရွှေကျင်နိကာယရတ္တညူမဟာနာယကအဖြစ် သာသနာ့တာဝန်ကို ထမ်းဆောင်တော်မူခဲ့ပြီး ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီ မိနစ် ၃၀ တွင် ရွှေဥမင်ဓမ္မသုခတောရရိပ်သာတွင် ဘဝနတ်ထံ စံလွန်တော်မူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး၏ အဆုံးအမဩဝါဒများ အမှတ် (၁)။ ရန်ကုန်မြို့: အနန္တာ ဓမ္မစာပေပြန့်ပွားရေးနှင့် အော့ဖ်ဆက်ရောင်စုံပုံနှိပ်လုပ်ငန်း။