အရိုး

ဝီကီပီးဒီးယား မှ

လူ့ခန္ဓာကိုယ်တွင် အရိုးပေါင်း ၂၀၆-ရိုးရှိသည်။ ယင်းတို့အနက် ၂၉-ရိုးသည် ဦးခေါင်းခွံတွင် ရှိသည်။ ၂၆-ရိုးသည် ကျောရိုးတွင်ရှိသည်။ လက်တဖက်စီတွင် ၃၂-ရိုးစီရှိသည်။ ခြေတဖက်စီတွင် ၃၁-ရိုးစီရှိသည်။ အခြားအရိုးများသည် နံရိုးပိုင်းတွင် တည်ရှိကြသည်။


သက်ရှိသတ္တဝါတို့၏ အရိုးများသည် တစ်ရှူးခေါ် အမျှင်အမာစား တစ်မျိုးဖြင့် ဖွဲ့စည်းထားသည့် ပစ္စည်းဖြစ်သည်။ အရိုးစုတစ်ခုလုံးသည် ကိုယ်ခန္ဓာတစ်ခုလုံးကို အခြင်အနေဖြင့်ထောက်ခံထားရုံမက သိမ်မွေ့ နူးညံ့သော အင်္ဂါစုများကိုလည်း ကာကွယ်ထားသည်။ အရိုးများတွင် ကြွက်သားများ ဆက်လျက် ရှိ၍ ထိုကြွက်သားများက ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို လှုပ်ရှားနေသည်။ လူတစ်ကိုယ်၌ အရိုးစုတွင် သီးခြား အရိုးအစိတ်အပိုင်းပေါင်း ၂ဝဝ ကျော်မျှ ပါဝင်၏။ အရိုးတွင်ကယ်လဆီယမ် ဖော့စဖိတ် ၆ဝ ရာခိုင်နှုန်း၊အခြား တွင်းထွက် ဓာတ်ဆားများ ၁ဝ ရာခိုင်နှုန်းနှင့် ဩဂဲနစ်ခေါ် သက်ရှိဆိုင်ရာ ပစ္စည်း ၃ဝ ရာခိုင်နှုန်း အသီးသီး ပါဝင်သည်။ ယင်းတို့အနက် အင်ဩဂဲနစ်ခေါ် သက်မဲ့ဆိုင်ရာ ပစ္စည်းများက အရိုးကို မာ ကျောစေ၍ ဩဂဲနစ်ပစ္စည်းများက အရိုးကို ခိုင်မြဲကာ ကျုံ့နိုင် ကန်နိုင်သော သတ္တိကို ဖြစ်စေသည်။

အရိုးများသည် အရိုးမာ ဖြစ်မလာမီက ရှေးဦးစွာ ဩဂဲနစ် ပစ္စည်းများဖြင့် ဖွဲ့စည်းခံထားသော အရိုးနုများသာ ဖြစ်ကြ သည်။ အသက်အရွယ် ကြီးပြင်းလာစဉ် အင်ဩဂဲနစ်ပစ္စည်းများ တဖြည်းဖြည်း များပြားလာသော အခါကျမှ အရိုးသည် မာ ကျော၍ ဆတ်လာသည်။ ထိုကြောင့် အရိုးတို့သည် ကလေး အရွယ်တွင် ပျော့ပျောင်း ၍ ကျိုးခဲပြီးလျှင် လူကြီးအရွယ်တွင် ကျိုးလွယ်၍ ကျိုးပါကလည်း ကလေးအရွယ်မှာထက် အဆက် ရခက် တတ်ပေသည်။ ဖြစ်လာသမျှ အရိုးနုတိုင်းကား အရိုးမာ အဖြစ်သို့ ပြောင်းလဲသွားခြင်း မရှိပေ။ ပုံစံအားဖြင့် လူ၌ နှာခေါင်းနှင့် နားရွက်တွင်ရှိသော အရိုးများသည် အရိုးနုအဖြစ် နှင့်ပင် အသက်ထက်ဆုံး အစဉ်သဖြင့် တည်ရှိ၍နေလေသည်။ အရိုးနုပေါ်တွင် ကယ်လဆီယမ်ဓာတ်ပေါင်းများ တင်နိုင်အောင် ဗီတာမင်ဒီဓာတ်ကို ကြွယ်ဝစေသည်။ ထိုကြောင့် ဆရာဝန်များ သည် အရိုးပျော့နာ စွဲကပ်နေသော ကလေးများအား နေရောင် ချည် ခံပေးခြင်း၊ ငါးကြီးဆီတိုက်ကြွေးခြင်း စသည့်နည်းများ ဖြင့် ကုသကြလေသည်။

အရိုးကို ထက်ခြမ်းခြမ်းကြည့်လျှင် အပြင်ဘက်အပိုင်းသည် တသားတည်းပိတ်၍ မာနေပြီးလျှင် အတွင်းပိုင်းသည် ရေမြှုပ်ကဲ့သို့ ပွ၍နေတတ်သည်ကို တွေ့ရသည်။ ရေမြှုပ်ကဲ့သို့ ပွနေသောအပိုင်းသည် အလွန်သေးငယ် မှုန်မွှားသော အကြောကလေးများ တည်ရှိရာနေရာဖြစ်၍ အဆိုပါ အကြောကလေးများတွင် သွေးမှ သွေးဖြူရည်ဖြင့် ပြည့်လျက်ရှိသည်။ အရိုး၏ အချို့နေရာများတွင်လည်း သွေးကြောများ ဝင်ရောက်လျက် ရှိသည်။ ထိုသွေးကြောများ၏ ဝတ်တရားမှာ အထက်ပါ အကြောင်းကလေးများကို သွေးဖြူရည်ဖြင့် ထောက်ပံ့ရန် ဖြစ်၏။ သွေးဖြူရည်များ စီးဝင်နေခြင်းကြောင့်လည်း အရိုးသည် ထွားနိုင်လေသည်။ ခြေလက် စသည်တို့တွင်ရှိသည့် ရှည်သော အရိုးများသည် များသောအားဖြင့် ခေါင်းပွဖြစ်ကြ၍ ထိုခေါင်းပွများထဲ၌ ရိုးတွင်းခြင်ဆီခေါ် အနီရောင်ပျော့ဖတ်တစ်မျိုး ပါရှိသည်။ အရိုးတွင် ရေမြှုပ်ကဲ့သို့ ပွနေသော နေရာများ၌လည်း ခြင်ဆီ ပါရှိတတ်ပေသည်။ ခြင်ဆီသည် ပျက်စီးယိုယွင်းသွားသော သွေးနီဥများကို အစားထိုးပေးရန် သွေးနီဥ သစ်များကို ပြုလုပ်ပေးသဖြင့် သက်ရှိသတ္တဝါတို့၏ ခန္ဓာကိုယ်တွင် အလွန် အရေးကြီးသောပစ္စည်းတစ်ခု ဖြစ်၏။ သွေးအားကောင်းစေသော ဓာတ်များပါရှိသဖြင့် အဖိုးတန်သော အစာတစ်ခုလည်း ဖြစ်ပေသည်။

အရိုးများကို မည်သို့မျှ မပြုမပြင်ပဲ ဓားရိုး၊ ကြယ်သီး စသော ပစ္စည်းများပြုလုပ်ရာ၌ သုံးသည်။ အရိုးတွင် ထုံးနှင့် ဖော့စဖိတ်များစွာပါသဖြင့် အရိုးကို အမှုန့်ဖြစ်အောင် ကြိတ်ချေလျှင် အလွန်ကောင်းသော မြေဩဇာတစ်မျိုးကို ရသည်။ အရိုးတွင်ပါသော အဆီနှင့် အရွတ်များမှ ဆပ်ပြာနှင့် ကျွဲကော် စသည်တို့ကို ချက်ယူနိုင်သည်။ အရိုးများကို လေလုံပိတ် ပေါင်းအိုးကြီးများတွင် ထည့်၍မီးပြင်းတိုက်ပေးသောအခါ မီးထွန်းနိုင်၊ မီးမွှေးနိုင်သော ဓာတ်ငွေ့တစ်မျိုး၊ အရိုးကတ္တရာနှင့် အမ်မိုးနီးယားဓာတ် ပါဝင်သောအရည်များကို ရသည်။ အရိုးကတ္တရာမှ ဗွိုင်လာအိုးမီးမွှေးနိုင်သော အရိုးဆီခေါ် လောင်စာဆီ တစ်မျိုးနှင့် အရောင်တင်ဆီ အမည်းပြုလုပ်နိုင်သော ကတ္တရာ ဖွဲ့လျက်တို့ကို ထုတ်ယူနိုင်သည်။ အမ်မိုးနီးယားအရည်များမှ မြေဩဇာကို ချက်ယူနိုင်သည်။ အဖိုးအတန်ဆုံးကားလေလုံ ပိတ်ပေါင်းအိုးကြီးများထဲတွင် ကျန်ရစ်သော အရိုးမီးသွေးပင် ဖြစ်၏။ အရိုးမီးသွေးကို အမှုန့်ကြိတ်ပြီးသော် အစားစားခွဲ၍ ရောင်းချ အသုံးပြုကြသည်။ အရိုးမီးသွေးကို အရောင်နှင့် အညစ်အကြေးများချွတ်ရန် အသုံးပြုနိုင်၍ အထူးသဖြင့် သကြားချွတ်ရာ၌ ရှေးကစပြီ အသုံးပြု ခဲ့ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)