အယ်လ်ဖောင်းရှို

ဝီကီပီးဒီးယား မှ
ဦးအယ်လ်ဖောင်းရှို
ဦးအယ်လ်ဖောင်းရှို (၂၀၁၈)
ကယားပြည်နယ် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ (၂၀၁၆-၀၃-၃၀) – ၃ စက်တင်ဘာ ၂၀၂၀[၁]
ခန့်အပ်သူမြန်မာနိုင်ငံ၏ သမ္မတ
သမ္မတဦးထင်ကျော်
ယခင်လူဦးခင်မောင်ဦး
ဆက်ခံသူဦးဘော့စ်ကို (ယာယီ)
ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁ ​ဖေ​ဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁
ယခင်လူဦး​အောင်နိုင်ဦး
ဆက်ခံသူကိုယ်တိုင် (ရလဒ်ဖျက်သိမ်းခံရ)
မဲဆန္ဒနယ်မယ်စဲ့(၂)
အနိုင်ရမဲ အရေအတွက်၇၂၅[၂]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1979-02-05) ၅ ဖေဖော်ဝါရီ၊ ၁၉၇၉ (အသက် ၄၅)
လောပိတရှမ်းရွာ
လွိုင်ကော်မြို့နယ်
ကယားပြည်နယ်
နိုင်ငံသားမြန်မာ
လူမျိုးကယန်း-ရှမ်း
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)​ဒေါ်မြင့်မြင့်​မော်
မိခင်​ဒေါ်သိန်းတင်
ဖခင်ဦးသန်းသရီးရှို
ပညာရေးပညာရေးဘွဲ့ (B.Ed)
မိခင်ကျောင်းပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်
အစိုးရအဖွဲ့ကယားပြည်နယ် အစိုးရအဖွဲ့

ဦးအယ်လ်ဖောင်းရှို သည် ကယန်း - ရှမ်း လူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ ကယားပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် ၂၀၁၆ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလတွင် ကယားပြည်နယ် လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခံခဲ့ရပြီးနောက် တာဝန်မှ ရပ်စဲခံခဲ့ရကာ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များအနက် စွပ်စွဲပြစ်တင်ခံရပြီး တာဝန်မှ ရပ်စဲခံခဲ့ရသော ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သူသည် ဝန်ကြီးချုပ် ဖြစ်မလာမီက မြို့နယ်ပညာရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။[၃]

ဘဝအစနှင့် ပညာရေး[ပြင်ဆင်ရန်]

ဦးအယ်ဖောင်းရှိုကို ၁၉၇၉ခုနှစ် ​ဖေ​ဖော်ဝါရီလ (၅)ရက်​နေ့တွင် လွိုင်ကော်မြို့နယ်၊ လောပိတရှမ်းရွာ၌ မွေးဖွားခဲ့ပြီး[၄] ကယန်း - ရှမ်း တိုင်းရင်းသားတစ်ဦး ဖြစ်သည်။[၅] ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) မှ ပညာရေးဘွဲ့ကို ရရှိခဲ့ပြီး ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် လက်ထောက်ပညာရေးမှူး၊ မြို့နယ်ပညာ​ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၅][၆]

နိုင်ငံရေး[ပြင်ဆင်ရန်]

ဦးအယ်ဖောင်းရှိုသည် ၂၀၁၅ခုနှစ် ဇွန်လတွင် မြို့နယ်ပညာရေးမှူးအဖြစ်မှ နုတ်ထွက်ကာ ၂၀၁၅အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှနေ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ကယားပြည်နယ် လွှတ်တော်အတွက် မယ်စဲ့မြို့နယ်မဲဆန္ဒနယ် အမှတ် (၂)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ မဲအရေအတွက် (၇၂၅) မဲရရှိခဲ့သည်။ ဒုတိယမဲအများဆုံး ရရှိသော ပြိုင်ဘက်ဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းအား မဲအရေအတွက် (၄၀၀) ကျော်အသာဖြင့် အနိုင်ရရှိခဲ့သည်။[၇] ဦးအယ်လ်​ဖောင်းရှိုသည် ၂၀၁၅​ရွေး​ကောက်ပွဲမတိုင်မီတွင်မှ ပါတီဝင်ဖြစ်လာခဲ့​သော်လည်း (၃)နှစ်အကြာ ၂၀၁၈ခုနှစ်တွင် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်၏ ဗဟို​ကော်မတီဝင် ဖြစ်လာခဲ့သည်။[၈]

ဦးအယ်လ်ဖောင်းရှိုသည် ၂၀၂၀အထွေထွေရွေးကောက်ပွဲအား မယ်စဲ့မြို့နယ် အမှတ် (၂)မှပင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆန္ဒမဲ (၁,၄၁၉) မဲ၊ (၇၂.၇၇) ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။[၉]

ပြည်နယ်ဝန်ကြီးချုပ်[ပြင်ဆင်ရန်]

မူလက ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် အခြားသူအား ရွေးချယ်ထားခဲ့သော်လည်း ထိုသူသည် ရန်ကုန်ကော့မှူးဖွား ကရင်မျိုးနွယ်ဝင်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ဒေသခံတိုင်းရင်းသားများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက လူထုအစည်းအဝေးပြုလုပ်ကာ ဝန်ကြီးချုပ်အား ဌာနေတိုင်းရင်းသားသာ ဖြစ်သင့်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်အား အမတ်နေရာအများစုကို အနိုင်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပို့ခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်လောင်းအား ထပ်မံရွေးချယ်ကြရာ ဦးအယ်လ်ဖောင်းရှိုအား ရွေးချယ်ခဲ့ကြသည်။[၈]

ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တင်သွင်းသော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ အမည်စာရင်းတွင် ဦးအယ်လ်ဖောင်းရှိုအား ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်သွင်းခဲ့သည်။ ထို့နောက် ပြည်နယ်လွှတ်တော်က သဘောတူခဲ့သဖြင့် ၂၀၁၆ခုနှစ် မတ်လ (၃၀)ရက်နေ့မှစ၍ ကယားပြည်နယ်၏ ဒုတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သူသည် ပြည်နယ်နှင့် တိုင်း​ဒေသကြီး ဝန်ကြီးချုပ် (၁၄)ဦးတွင် အသက်အငယ်ဆုံးဖြစ်သည်။[၁၀] ဝန်ကြီးချုပ်တာဝန်ထမ်း​ဆောင်​နေစဉ်အတွင်း မယ်စဲ့မြို့၌ ကက်သလစ် ဘုန်း​တော်ကြီးနှင့် ​မြေယာအငြင်းပွားမှု ဖြစ်ပွားခဲ့သည်။[၁၁]

၂၀၁၇ခုနှစ်က ​ဒေါ်​အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင်​တွေ့ရ​သော ဝန်ကြီးချုပ် ဦးအယ်လ်​ဖောင်းရှို

ဗိုလ်ချုပ်ကြေးရုပ်ဖြစ်ရပ်[ပြင်ဆင်ရန်]

၂၀၁၈ခုနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့အဝင် ပြည်နယ်ခန်းမအနီး၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အား စိုက်ထူခဲ့ရာ ကရင်နီလူမှုအဖွဲ့အစည်းအချို့က ကန့်ကွက်ခဲ့ကြသည်။ ဦးအယ်လ်​ဖောင်းရှိုအား ရာထူးမှ နုတ်ထွက်ရန်အတွက် ဆန္ဒပြခဲ့ကြသည်။ ကန့်ကွက်ဆန္ဒပြမှုများအား အင်အားသုံးဖြိုခွဲခြင်း၊ တရားစွဲဆိုခြင်းများပါ ရှိလာခဲ့သည်။[၁၂][၁၃][၁၄] ​နောက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ကန့်ကွက်သူများအကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ပေ။ ဦးအယ်လ်​ဖောင်းရှိုက ရုပ်တုအား လုံးဝ​ရွှေ့မ​ပေးနိုင်​ကြောင်း ​ပြောကြားခဲ့သဖြင့် ဌာ​နေတိုင်းရင်းသားများ၏ ဆန္ဒကို လျစ်လျူရှုခြင်းဖြစ်​​ကြောင်းနှင့် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုနှင့် ပက်သက်သည့် နောက်ဆက်တွဲ ပြဿနာများသည် ဦးအယ်လ်ဖောင်းရှိုတွင်သာ တာဝန်ရှိသည်ဟု ကန့်ကွက်သူများက ပြောကြားခဲ့သည်။[၁၅][၁၆]

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြဿနာကို အကြောင်းပြ၍ မငြိမ်မသက်မှုများ ပြင်းထန်လာပါက တပ်မတော်ကိုတာဝန်ပေးရမည်ဟု ဦးအယ်လ်ဖောင်းရှိုးက ပြောဆိုကြောင်းအသံဖိုင်သည် လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည်။ ထိုကိစ္စနှင့်ပက်သက်၍ တပ်မတော်က အရေးပေါ်အခြေအနေအတွက်အာဏာသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်သာရှိပြီး တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား အပ်နှင်းမထားကြောင်းနှင့် ထိုသို့ပြောကြားချက်မှာ ဥပဒေနှင့် မညီကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဦးအယ်လ်ဖောင်းရှိုကမူ ၎င်းအနေဖြင့် ထိုသို့မပြောဆိုခဲ့ကြောင်းနှင့် ဆူပူမှုများ ဆိုးရွားလာပါက ပြည်နယ်အစိုးရအဖွဲ့တွင် ထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင်အင်အား နည်းပါးသဖြင့် လိုအပ်ပါက တပ်မတော်ကို တာဝန်ပေးကြောင်း အမိန့်ထုတ်ရလိမ့်မည်ဟုသာ ပြောကြားခဲ့သည်။[၁၇][၁၈][၁၉] ၂၀၁၉ခုနှစ် ​ဖေ​ဖော်ဝါရီ (၂)ရက်​နေ့တွင် ရုပ်တုဖွင့်ပွဲအား ကျင်းပခဲ့သည်။ ၂၀၁၉ခုနှစ်တွင် အစိုးရဘက်မှ ရုပ်တုပြောင်းရွှေ့ရန် နေရာအသစ်ရှာပေးမည်ဟု ပြောကြားခဲ့သော်လည်း ပြောင်းရွှေ့ခဲ့ခြင်းမရှိပေ။[၂၀]

စွပ်စွဲပြစ်တင်ခံရခြင်း[ပြင်ဆင်ရန်]

ဦးအယ်လ်ဖောင်းရှိုသည် ကယားပြည်နယ်အတွင်း စက်ယန္တရားများအငှားချရာမှ ရရှိသည့်ရန်ပုံငွေနှင့် အခြားရ​​ငွေများအား အလွဲသုံးစားလုပ်ခြင်း၊ ပြည်သူပိုင်မြေနေရာအဖြစ် လွှတ်တော်တွင် အတည်ပြုခဲ့ပြီးသော ကယားပြည်နယ်နေ့ ကျင်းပရာ မြေနေရာအချို့အား အကောင်အထည်မဖော်ဘဲ ပုဂ္ဂလိကသို့ နှစ်(၅၀) ကြာ ငှားရမ်းစာချုပ်ချုပ်ဆိုထားခြင်း စသည့်အချက်များကြောင့် ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅)ဦးမှ စုံစမ်းစစ်ဆေးပေးရန် လွှတ်တော်သို့ တင်ပြလာခဲ့သည်။ ထို့ကြောင့် ပြည်နယ်လွှတ်​​တော်တွင် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့သည်။[၂၁][၂၂]

၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၁၄)ရက်​နေ့မှစ၍ စုံစမ်းစစ်​ဆေးခဲ့ရာ ၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ စက်ယန္တရားငှားရမ်းခနှင့် အခြားရငွေ ကျပ်သိန်း (၅,၆၀၀) ကျော်မှ (၄,၉၅၁)သိန်းကို သုံးစွဲခဲ့ကြောင်း၊ ထိုငွေများအနက် ကိုယ်ကျိုးစီးပွားအတွက် (၃၇၇)သိန်းကျော်၊ ပါတီကိစ္စများအတွက် (၁၃) သိန်းကျော် သုံးစွဲခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့ကြသည်။ စက်ယန္တရားငှားရမ်းခရငွေမှ နိုင်ငံတော်အား ပြန်လည်ပေးသွင်းရန်ငွေများအနက် (၂၄) ရာခိုင်နှုန်းသာ ပေးသွင်းခဲ့သည်။ ပါတီကိစ္စအတွက်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ မသိရှိကြောင်း ငြင်းဆိုခဲ့သည်။ ဦးအယ်လ်​ဖောင်းရှိုအား ​ချေပနိုင်ရန် (၄)ကြိမ်ဆင့်​ခေါ်​သော်လည်း ကိုယ်စားလှယ်ကိုသာ ​စေလွှတ်ခဲ့သည်။ သူက လွှတ်​တော်၏ စုံစမ်းစစ်​ဆေး​ရေးအဖွဲ့တွင် တိုင်ကြားသူများပါ ပါဝင်​နေသဖြင့် ​ဘောင်မဝင်​ကြောင်း၊ တရားလိုမှ တရားသူကြီးလုပ်၍ ဆုံးဖြတ်​​နေ​ကြောင်း ​ပြောခဲ့သည်။[၂၁]

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်သော ကယားပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား တာဝန်ဆက်လက်ထမ်းရွက်ရန် မသင့်ကြောင်း စွပ်စွဲပြစ်တင်မှုကို မဲခွဲဆုံးဖြတ်ခဲ့ရာ ​ထောက်ခံမဲ (၁၆)မဲ၊ ကန့်ကွက်မဲ (၄)မဲ ရရှိခဲ့သည်။ ထောက်ခံမဲများသဖြင့် စွပ်စွဲပြစ်တင်မှုကို ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည်။[၂၃]ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်​တော်တွင် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်မှ (၁၀)ဦး၊ တပ်မ​တော်မှ (၅)ဦးနှင့် အခြားပါတီများမှ (၅)ဦး ပါဝင်ကြရာ ဦးအယ်လ်​ဖောင်းရှိုအား ရာထူးမှရပ်စဲရန် အဆိုအား အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကပါ ​ထောက်ခံခဲ့ကြခြင်းဖြစ်သည်။[၂၄][၁၀] ပြည်နယ်လွှတ်တော်က အစီရင်ခံစာနှင့် ရလဒ်အား နိုင်ငံတော်သမ္မတထံတင်ပြခဲ့သည်။ အခြေခံဥပဒေအရ သက်ဆိုင်ရာလွှတ်တော်များက စွပ်စွဲပြစ်တင်ခြင်းခံရသော ဝန်ကြီးချုပ်များသည် တာဝန်မှ ရပ်စဲခံရမည်ဖြစ်သဖြင့် ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၃ ရက်နေ့တွင် ဦးအယ်လ်ဖောင်းရှိုအား ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ်မှ ရပ်စဲလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။[၁]

ထို့ကြောင့် ဦးအယ်လ်ဖောင်းရှိုသည် သမိုင်းတစ်လျှောက် လွှတ်တော်မှစွပ်စွဲပြစ်တင်ခံရပြီး တာဝန်မှ ရပ်စဲခံခဲ့ရသည့် ပထမဆုံးသော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၎င်း၏နေရာတွင် ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုအား ယာယီခန့်အပ်ခဲ့သည်။ ဦးအယ်လ်​ဖောင်းရှိုက သူ့အ​နေဖြင့် နိုင်ငံ​တော်သမ္မတရုံး၏ ညွှန်ကြားချက်များ၊ ဥပ​ဒေများဖြင့်သာ လုပ်ကိုင်ခဲ့​ကြောင်း မီဒီယာများသို့ ​ပြောကြားခဲ့သည်။ ဦးအယ်လ်ဖောင်းရှိုအား တာဝန်မှရပ်စံခြင်းသည် လုပ်ငန်းစဉ်များ မှားယွင်းနေကြောင်း၊ လုပ်ငန်းစဉ်ဆိုင်ရာ အငြင်းပွားမှုကို အခြေခံဥပဒေခုံရုံးတွင် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကပြောခဲ့သည်။[၂၅] ပါတီ၏​ပြော​ရေးဆိုခွင့်ရှိသူကလည်း ထိုကိစ္စများသည် ပါတီ၏သ​ဘောထားမဟုတ်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်​ကြောင်း ​ပြောကြားခဲ့သည်။[၁၀]

သို့သော် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအား ကိုယ်စားပြု၍ အမျိုးသားလွှတ်‌တော် မယ်စဲ့မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။

အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခြင်း[ပြင်ဆင်ရန်]

ပြည်နယ်ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲခံရပြီးနောက် ဦးအယ်လ်ဖောင်းရှိုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၆၃) – (ခ) နှင့် (ဂ)တို့အတွက် အနက်ဖွင့်ဆိုပေးရန် အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ နိုင်ငံတော်သမ္မတမှတစ်ဆင့် တင်သွင်းလွှာတင်သွင်းခဲ့သည်။ ထိုတင်သွင်းလွှာတွင် ကယားပြည်နယ်လွှတ်တော် နည်းဥပဒေများအတိုင်း အဆိုကိုဆွေနွေးခြင်း၊ ဆန္ဒရယူခြင်း မရှိခဲ့ခြင်း၊ တိုင်ကြားသူ လွှတ်တော်ကိုယ်စားလှယ်များအနက် တစ်ဦးနုတ်ထွက်သွား၍ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ အနည်းဆုံး လေးပုံတစ်ပုံမပြည့်မီခဲ့သော်လည်း အမှုကိုဆက်လက်စစ်ဆေးခြင်း၊ တိုင်ကြားသူများက စစ်ဆေးရေးအဖွဲ့တွင် ပါဝင်နေခြင်းတို့ကြောင့် အခြေခံဥပဒေပုဒ်မများနှင့် ပုဒ်မခွဲငယ်များကို အနက်အဓိပ္ပါယ်ဖွင့်ပေးရန် တောင်းဆိုခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၂၀၂၀ပြည့်နှစ် အောက်တိုဘာလတွင် စစ်ဆေးခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုများကြောင့် အင်တာနက်မှတစ်ဆင့် စစ်ဆေးခဲ့သည်။[၂၆]

ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရှင်းလင်းလွှာ တင်သွင်းခဲ့ရပြီး ဦးအယ်လ်ဖောင်းရှိုသည် ဝန်ကြီးချုပ်မဟုတ်တော့သဖြင့် တင်သွင်းခွင့်မရှိကြောင်းနှင့် စွပ်စွဲပြစ်တင်မှုများသည် အခြေခံဥပဒေဥပဒေ၊ ပြည်နယ်လွှတ်တော် ဥပဒေ၊ နည်းဥပဒေများအရသာဖြစ်ကြောင်း တင်သွင်းခဲ့သည်။ သို့သော်ခုံရုံးက ဦးအယ်လ်ဖောင်းရှိုသည် ၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၃၀)ရက်နေ့တွင် သမ္မတထံတင်ပြခဲ့ပြီး သမ္မတမှ စက်တင်ဘာ (၃)ရက်နေ့တွင် ခုံရုံးသို့ ပို့လာရာ အကျုံးဝင်သဖြင့် လက်ခံခဲ့သည်။ ပုဒ်မ ၂၆၃ (ခ)အတွက် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ်၊ ဝန်ကြီးတစ်ဦးဦးအပေါ် အကြောင်းတရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် စုစုပေါင်းလူဦးရေ အနက် အနည်းဆုံး ​လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်ဟု ဆိုရာတွင် သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌထံမှ တဆင့် လွှတ်တော်သို့ အဆိုတရပ်အဖြစ် တင်သွင်းရမည်ဟု ခုံရုံး က အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ ပုဒ်မ ၂၆၃ (ဂ)အတွက် သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌသည် သင့်လျော်သော လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရမည်ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။[၂၇][၂၈]

အဂတိလိုက်စားမှုအတွက် တိုင်ကြားခံရခြင်း[ပြင်ဆင်ရန်]

ဦးအယ်လ်ဖောင်းရှိုသည် စက်ယန္တရားငှားရမ်းခများကို ကိုယ်ပိုင်ငွေစာရင်းဖွင့်ကာ ထားရှိခြင်း၊ အသုံးစရိတ်များကို ပြေစာမပြနိုင်ခြင်း၊ စာရင်းများ လုပ်ကြံဖန်တီးခြင်း စသည့် စွပ်စွဲချက်များဖြင့် ပြည်နယ်လွှတ်ေတော်ကော်မတီများက ၂၀၁၈ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်တို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။ ၂၀၁၈ခုနှစ်က တိုင်ကြားစာသည် ဥပဒေအရ စုံစမ်းနိုင်ခြင်းမရှိဟု ကော်မရှင်က အကြောင်းပြန်ခဲ့သည်။[၂၉] ထို့အပြင် ပြည်နယ်အစိုးရအနေဖြင့် ပါတီကိစ္စရပ်များနှင့် ဦးဝင်းထိန်သမီး၏ မင်္ဂလာဆောင်တွင် လက်ဖွဲ့ရန်အတွက် အစိုးရရန်ပုံငွေများကို သုံးစွဲသည်ဟုဆိုကာ လွိုင်ကော်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။[၃၀]

ဖမ်းဆီးခံရခြင်း[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော် မှ အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို၊ ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို၊ ပြည်နယ်ဝန်ကြီးများ ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် ပြန်လည်လွတ်မြောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော ကယားပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီတွင် ပါဝင်ခဲ့သည်။[၃၁]

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

ဦးအယ်လ်ဖောင်းရှိုသည် ဒေါ်မြင့်မြင့်မော်နှင့် လက်ထပ်ခဲ့ကာ ၎င်းတို့တွင် သား (၂) ဦးရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ရာထူးမှရပ်စဲ။ Myanmar Now (၃ စက်တင်ဘာ ၂၀၂၀)။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. တိုင်း/ပြည်နယ်မဲဆန္ဒနယ်။ 18 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. Meet your chief ministersမြန်မာတိုင်း(မ်) (၄ ဧပြီ ၂၀၁၆)။ 9 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  4. Villages around Loikaw hydropower project lack electricityEleven Media (၁၄ ဩဂုတ် ၂၀၁၇)။ 15 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ အယ်ဖောင်းရှို (သို့မဟုတ်) ကရင်နီဒေသကို ပြန်လည်ထူထောင်မယ့်သူကမာရွတ်မီဒီယာ (၃၀ မတ် ၂၀၁၆)။ ၁၅ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  6. NLD အမတ် ၁၄ ဦးကို ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် များအဖြစ် အဆိုပြု ခန့်အပ်ပြီ
  7. ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ။ 8 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 February 2022 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁ ဗိုလ်ချုပ်ကြေးရုပ်နောက်ကွယ်က ကယားနိုင်ငံရေး
  9. ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ။ 8 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 February 2022 တွင် ပြန်စစ်ပြီး။
  10. ၁၀.၀ ၁၀.၁ ၁၀.၂ "ကယားဝန်ကြီးချုပ် ဖြုတ်ချခံရမှုကိုအဖြေရှာခြင်း"။ 9 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 9 February 2022။ 
  11. "ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုး မြေယာအငြင်းပွားမှု ကြုံနေ"။ 
  12. ကရင်နီ လူထု ဆန္ဒပြပွဲ ရာဘာကျည်ဖြင့် ပစ်ခတ်ခံရမှု ၄ ဦး ဒဏ်ရာရ
  13. ကယားပြည်နယ်မြို့တော်၌ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်ဆန်အသုံးပြု ဖြိုခွဲ
  14. "အကြိတ်အနယ်ပြိုင်ကြရမယ့် ကယားမြေကရွေးကောက်ပွဲ"။ 
  15. ကယားပြည်နယ် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရေး အငြင်းပွားမှုပိုပြင်းထန်
  16. ဗိုလ်ချုပ်ကြေးရုပ် လုံးဝ မရွှေ့နိုင်ဘူးလို့ ကယား ဝန်ကြီးချုပ်ပြော
  17. ဗိုလ်ချုပ်ကြေးရုပ် အကြောင်းပြ ဆူပူမှုများကို ထိန်းသိမ်းရန် တပ်ကို တာဝန်ပေးမည်ဟု ကယားဝန်ကြီးချုပ် ပြော
  18. ကယားဝန်ကြီးချုပ်ပြောစကား ခြေဥနှင့်မညီဟု တပ်မတော်တုံ့ပြန်
  19. လွိုင်ကော်ဗိုလ်ချုပ်ရုပ်တု ရက်ပိုင်းအတွင်း ဖယ်ပေးရန် ကန့်ကွက်သူတို့ တောင်းဆို
  20. လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ်နေရာသစ် အစိုးရ ရှာပေးမယ် ပြော
  21. ၂၁.၀ ၂၁.၁ ကယားပြည်နယ်ဝန်ကြီးချုပ်ကို ရာထူးရပ်စဲသင့်ကြောင်း ပြည်နယ်လွှတ်တော်ဆုံးဖြတ်
  22. အခြေခံဥပဒေပါပြဋ္ဌာန်းချက် ဖောက်ဖျက်မှုဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ် စုံစမ်းစစ်ဆေးခံရ
  23. ကယားပြည်နယ်ဝန်ကြီးချုပ်အား တာဝန်ဆက်လက်ထမ်းရွက်ရန် မသင့်ကြောင်း စွပ်စွဲပြစ်တင်မှု ပြည်နယ်လွှတ်တော် အတည်ပြု။ Eleven Media Group (၁ စက်တင်ဘာ ၂၀၂၀)။ 3 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  24. "ကယားပြည်နယ် ဝန်ကြီးချုပ် ရာထူးက ဆင်းပေးရတော့မလား"။ 
  25. "ကယားဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲ"။ 
  26. "ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက ၎င်းစွပ်စွဲပြစ်တင်ခံခဲ့ရမှုအပေါ် နိုင်ငံတော်သမ္မတမှတစ်ဆင့် ခုံရုံးသို့ အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တင်သွင်းထားမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ကြားနာမည်"။ 
  27. "ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရမှု အခြေခံ ဥပဒေခုံရုံး ဘယ်လို ဆုံးဖြတ်သလဲ"။ 
  28. "၂၀၂၀ပြည့်နှစ် တင်သွင်းလွှာ အမှတ် (၁)"။ 9 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 9 February 2022။ 
  29. "ဦးအယ်လ်ဖောင်းရှိုကို စစ်ဆေးဖို့ အဂတိကော်မရှင် ငြင်းပယ်"။ 
  30. "ဦးအယ်လ်ဖောင်းရှိုအား ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးခဲ့သည်ဟုဆိုကာကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုချက်ဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလွိုင်ကော်ရဲစခန်းတွင် တိုင်တန်းခဲ့ပြီး အမှုမဖွင့်ပေးသေးဟုဆို"။ 
  31. "ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုတို့အား ထိန်းသိမ်းထား"။