အမြဲတမ်းအတွင်းဝန်
မြန်မာနိုင်ငံတွင် အမြဲတမ်းအတွင်းဝန် (Permanent Secretary) ရာထူးသည် အစိုးရဝန်ကြီးဌာနများ၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု ယန္တရားတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဤရာထူးကို ၂၀၁၅ ခုနှစ်တွင် ပါလီမန်ဒီမိုကရေစီခေတ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်စတင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။[၁]
မြန်မာနိုင်ငံ၏ နိုင်ငံဝန်ထမ်းစနစ်တွင် အမြဲတမ်းအတွင်းဝန်ရာထူးသည် ပြန်တမ်းဝင် အရာရှိအဆင့်တွင် အမြင့်ဆုံး ဖြစ်သည်။
ရာထူး၏ အခန်းကဏ္ဍနှင့် တည်ထောင်ခြင်း
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ဝန်ကြီးဌာနများတွင် အမြဲတမ်းအတွင်းဝန်များကို စတင်ခန့်အပ်ခဲ့သည်။ ၎င်းတို့၏ အဓိကတာဝန်မှာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ မူဝါဒဆိုင်ရာ လမ်းညွှန်မှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများအတွင်း အကောင်အထည်ဖော်ရန်နှင့် ဌာန၏လုပ်ငန်းယန္တရားကို စီမံခန့်ခွဲရန် ဖြစ်သည်။ ဝန်ကြီးဌာနများအတွင်း လုပ်ငန်းကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာနအချင်းချင်း လုပ်ငန်းကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်အတွက် Focal Person (ညှိနှိုင်းဆောင်ရွက်ပေးသူ) လိုအပ်သောကြောင့် အတွင်းဝန်များ ခန့်ထားဆောင်ရွက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ရှင်းပြသည်။ ဝန်ကြီး၊ ဒုဝန်ကြီးများ မည်သို့ပင် ပြောင်းလဲစေကာမူ အမြဲတမ်းအတွင်းဝန်သည် ဝန်ကြီးဌာနတစ်ခု၏ ဦးစီးဦးဆောင်သူအဖြစ် အမြဲတမ်းတည်ရှိနေမည်ဟုလည်း ဆိုသည်။[၁]
ရာထူးအပေါ် ဝေဖန်မှုများနှင့် အငြင်းပွားဖွယ်ရာများ
[ပြင်ဆင်ရန်]အမြဲတမ်းအတွင်းဝန် ရာထူးစတင်ခန့်အပ်စဉ်ကတည်းကပင် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးစဉ်က အစိုးရအဖွဲ့တွင် ဝန်ကြီး၊ ဒုဝန်ကြီးများ များပြားနေပြီးဖြစ်သဖြင့် ဝန်ကြီးဌာနများတွင် အတွင်းဝန်များ ထပ်မံခန့်အပ်ရန် မလိုအပ်ကြောင်း လွှတ်တော်အမတ်အချို့က ထောက်ပြခဲ့ကြသည်။ [၂]သို့သော်လည်း ပြည်ထောင်စုလွှတ်တော်က အမြဲတမ်းအတွင်းဝန် ခန့်အပ်ရေးကို အတည်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှစတင်ကာ ဝန်ကြီးဌာနများက သင့်တော်မည့်သူများကို ရွေးချယ်၍ သင်တန်းများ ပေးခဲ့သည်။[၁]
၂၀၁၅ ခုနှစ်၊ မတ်လအတွင်းကလည်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အတွင်းဝန်များ ခန့်အပ်မှုနှင့် လစာနှုန်းထားများသည် ဥပဒေနှင့်မညီဟု လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် လွှတ်တော်က ပြန်လည်ခွင့်ပြုပေးခဲ့သည်။
၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက အမြဲတမ်းအတွင်းဝန်/တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ရာထူးများ တီထွင်ခန့်ထားခြင်းကို ပထမအကြိမ် ပြည်ထောင်စုအစိုးရသက်တမ်းအတွင်း ဆောင်ရွက်ခြင်းမပြုရန်နှင့် ယင်းရာထူးများအတွက် လစဉ် ကျပ်နှစ်သိန်းချီးမြှင့်ငွေပေးအပ်ခြင်းသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေနှင့် မကိုက်ညီသဖြင့် မပြုလုပ်ရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းသည့် အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့သည်။ ဒေါက်တာမြတ်ဉာဏစိုးက ၎င်းရာထူးများသည် ဗဟိုချုပ်ကိုင်မှု ပိုမိုများပြားစေပြီး ကြိုးနီစနစ်ကို ဖြစ်ပေါ်စေနိုင်သည်ဟု ဝေဖန်ခဲ့သည်။[၃]
စစ်တပ်အငြိမ်းစားများ ခန့်အပ်မှုအပေါ် သုံးသပ်ချက်များ
[ပြင်ဆင်ရန်]အစိုးရဝန်ကြီးဌာန ၂၈ ခုအတွက် ခန့်ထားခဲ့သော အမြဲတမ်းအတွင်းဝန်များအနက် ၁၆ ဦးသည် စစ်အရာရှိဟောင်းများ ဖြစ်နေကြောင်း ပေါ်ပေါက်ခဲ့သည်။ ၎င်းတို့သည် ပို့ဆောင်ရေး၊ စွမ်းအင်၊ ပြန်ကြားရေး၊ ဆက်သွယ်ရေးနှင့် အခြားဝန်ကြီးဌာနများစွာတွင် ဗိုလ်မှူး၊ ဒုတိယဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးကြီး ရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်သည်။[၄]
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အုပ်ချုပ်ရေးပိုင်းတွင် တပ်မတော်၏ ပါဝင်နေခြင်းကို ပြဿနာအဖြစ် ရှုမြင်ပြီး စစ်အငြိမ်းစားများအား အတွင်းဝန်ရာထူးများတွင် ခန့်အပ်ခြင်းသည် အစိုးရအပြောင်းအလဲတွင် ၎င်းတို့ကို ဆက်လက်ထားရှိလိုခြင်းနှင့် တပ်မတော်၏ အခန်းကဏ္ဍကို ပြသလိုခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့သည်။[၄]
တစ်ဖက်တွင်မူ တပ်မတော်အငြိမ်းစား ဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးဝင်းဆွေထွန်းကမူ ၎င်းတို့သည် လုပ်ငန်းအတွေ့အကြုံနှင့် အစိုးရအဖွဲ့အစည်းအတွင်း လုပ်ကိုင်နေသည့် ကိစ္စရပ်များကို နားလည်သူများဖြစ်ကြောင်း၊ စစ်ဘက်အရပ်ဘက် ခွဲခြားခြင်းမရှိဘဲ အရည်အချင်းရှိရှိ အလုပ်လုပ်နိုင်သူများကိုသာ ရွေးချယ်ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ၎င်းက ၎င်းတို့သည် "မိုးကျရွှေကိုယ်" ပုံစံမျိုးမဟုတ်ဘဲ ဝန်ကြီးဌာနများတွင် နှစ်ရှည်အတွေ့အကြုံရှိသူများ ဖြစ်သည်ဟုလည်း ထောက်ပြခဲ့သည်။[၄]
သမ္မတဦးထင်ကျော်လက်ထက်
[ပြင်ဆင်ရန်]ဦးသိန်းစိန်အစိုးရလက်ထက်က ခန့်အပ်ခဲ့သော အမြဲတမ်းအတွင်းဝန်များသည် လက်ရှိ NLD အစိုးရဝန်ကြီးများနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေကြောင်း၊ မှန်ကန်သော သတင်းအချက်အလက်များ မပေးခြင်းစသည့် ဝေဖန်မှုများလည်း ရှိသည်။ အချို့အတွင်းဝန်များသည် လာဘ်ပေး၍ ရာထူးရရှိသူများဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောကြားခဲ့သည်။ ဤအခြေအနေများကြောင့် အစိုးရအဖွဲ့အနေဖြင့် ထင်သလောက် ခရီးမပေါက်ဖြစ်ကြောင်း ဝေဖန်သုံးသပ်ကြသည်။[၅]
ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံတွင် ဝန်ကြီး၊ ဒုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် ဖွဲ့စည်းပုံ၊ နှင့် ဝန်ကြီး၊ ဒုဝန်ကြီးနှင့် အတွင်းဝန် ဖွဲ့စည်းပုံဟူ၍ နှစ်မျိုးရှိရာ ယင်းဖွဲ့စည်းပုံနှစ်ခုကို ရောနှောလိုက်ခြင်းကြောင့် ဝန်ကြီးဌာနအတွင်း လုပ်ပိုင်ခွင့်အာဏာ ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည်ဟူသော သုံးသပ်မှုများလည်း ရှိနေသည်။ အုပ်ချုပ်မှုနယ်ပယ် မကျွမ်းကျင်ခြင်းနှင့် အားနာခြင်းစိတ်ရင်းရှိသူ ဝန်ကြီးအများစုကြောင့် အစိုးရ၏ ပြည်သူများအတွက် အပြောင်းအလဲများသည် ထင်သလောက်ခရီးမတွင်နိုင်ဘဲ ဖြစ်နေသည်ဟုလည်း အချို့က ဝေဖန်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်
[ပြင်ဆင်ရန်]ယခင်အစိုးရလက်ထက်တွင် အမြဲတမ်းအတွင်းဝန်သည် ပြည်ထောင်စုအစိုးရအဖွဲ့ (ကက်ဘိနက်အဖွဲ့ဝင်) တွင် ပါဝင်ခြင်း မရှိဖူးပါ။ နစကလက်ထက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းသည် ကက်ဘိနက်အဖွဲ့ဝင် အဖြစ် ပထမဆုံး မှတ်တမ်းတင်သည်။
ဆက်စပ် ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 အမြဲတမ်း အတွင်းဝန်တွေ စခန့်။ BBC Burmese (19 April 2015)။ 2025-6-24 တွင် ပြန်စစ်ပြီး။
- ↑ အစိုးရအဖွဲ့အနေဖြင့် အမြဲတမ်းအတွင်းဝန်များထားရှိရန်ဆောင်ရွက်နေမှုများ လွှတ်တော်သို့တင်ပြရန်လိုအပ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးထောက်ပြ။ Eleven Media Group (27 Feb 2015)။ 2025-6-24 တွင် ပြန်စစ်ပြီး။
- ↑ အမြဲတမ်းအတွင်းဝန် (သို့မဟုတ်) တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ရာထူးများ တီထွင်ခန့်ထားခြင်းကို လက်ရှိအစိုးရ သက်တမ်းအတွင်း ဆောင်ရွက်ခြင်း မပြုရန် NLD ပါတီ အရေးကြီးအဆို တင်သွင်း။ Eleven Media (8-4-2015)။ 2025-6-24 တွင် ပြန်စစ်ပြီး။
- 1 2 3 အစိုးရ အမြဲတမ်း အတွင်းဝန်များ အဖြစ် စစ်အရာရှိဟောင်း အများစုကို ခန့်အပ်။ The Irrawaddy (5 May 2015)။ 2025-6-24 တွင် ပြန်စစ်ပြီး။
- ↑ အတွင်းဝန်တွေ ပူးပါင်းမှု မရှိလို့ ဝေဖန်မှုတွေ မြင့်တက်။ BBC Burmese (13 October 2016)။ 2025-6-24 တွင် ပြန်စစ်ပြီး။