အမြင်သစ်ပညာရေး သို့မဟုတ် ဘဝဗဟိုပြုပညာရေး
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(၁၈ ဩဂုတ် ၂၀၂၀) |
ပညာရေးလောကတွင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာသဘောတရား (Educational Progressivism) ကိုလက်ခံကြရသည်။ ပြောင်းလဲသင့် လျှင် ပြောင်းလဲပြီး၊ ပြုပြင်သင့်လျှင် ပြုပြင်ကြရမည်ကို နိုင်ငံတိုင်း လက်ခံထားကြသည်။ Progressivism ဆိုသည်မှာ "လူသည် လူမှုရေး သတ္တဝါ" ဆိုသည့် ဆိုကရေးတီး၏ သဘောတရားပေါ်တွင် အခြေခံ သည်။ လူ့ဘောင်ထဲဝင်၊ လူတောထဲတိုး၊ လူတွေနှင့်ရောနှောဆက်ဆံ၊ လူတွေထံမှပညာယူ တကယ့်သရုပ်မှန်ပညာရေးစနစ်တစ်ခုဟု ဆိုနိုင်သည်။
ပညာရေးတွင် ခေတ်ရှေ့ပြေးနေသည့် ပညာရှင်များက ကလေးများကို အမှန်တကယ် ပညာတတ် စေချင်လျှင် John Dewey ၏ သင်ယူမှုလမ်းကြောင်းပုံစံနောက်သို့လိုက်သင့်ကြောင်း အကြံပြုကြသည်။
ဂျွန်ဒူဝီက သင်ယူမှုလမ်းကြောင်းကို ဤသို့ဆွဲပြသည်။
၁။ ပြဿနာတစ်ခုအနေဖြင့်ရှုမြင်နိုင်အောင်လုပ်ရမည်
၂။ ပြဿနာတစ်ခုအနေဖြင့် ဖြေရှင်းချင်လာအောင်လုပ်ရမည်
၃။ ပြဿနာကို မေးခွန်းတွေစထုတ်မည်
၄။ ပြဿနာသည် လက်တွေ့ဘ၀နှင့် အနီးစပ်ဆုံးဖြစ်ရမည်
၅။ ပြဿနာနှင့် အနီးစပ်ဆုံးကောက်ချက်ဖြင့်သာ လက်တွေ့လုပ်ဆောင်စေမည်
ဂျွန်ဒူဝီနည်းသည် လူသားကိုအခြေခံပြီးစတင်စဉ်းစားလိုက်ခြင်း ဖြစ်သည်။ စာဖတ်ရန်သက်သက်၊ အလွတ်ရွတ်ပြရုံသက်သက်၊ ကျက်မှတ်ထားသည့်စာများကို ချရေးရန်သက်သက်မဟုတ်တော့ ကြောင်း အ မြင်သစ်ရှိသည့်ဆရာများ သဘောပေါက်ကြမည် ထင်ပါသည်။ ကလေးများကို လက်တွေ့ဘဝထဲဆွဲသွင်းပြီး ဆရာများပါ လက်တွေ့ကွင်းဆင်ရန် နှိုးဆော်ထားခြင်းဖြစ်သည်။ ကျွန်တော်တို့ ဆရာဗဟိုပြု၊ ကလေးဗဟိုပြုခဲ့ကြရာမှ ဘဝဗဟိုပြုလိုင်းသို့ ပညာရေး ကို ကူးပြောင်းစေခြင်းဟု သဘောပေါက်ထားရန်လိုသည်။ ဘဝဗဟိုပြုပညာရေး၏ ဆောင်ပုဒ်မှာ "Learn by Doing" နှင့် Learn by Discovery" ဖြစ်သည်။
အမြင်သစ်ပညာရေးဆိုသည်မှာ အမှန်တော့ အသစ်အဆန်းမဟုတ်။ ၁၉ ရာစုနှစ်နှောင်းပိုင်း လောက်ကတည်းက အမြင်သစ်ရှိသည့် ဆရာများ စတင်လှုပ်ရှားနှိုးဆော်ခဲ့သည့် ပညာရေးစနစ် တစ်ခုဖြစ်သည်။ ယခုတင်ပြနေသည့်ပညာရေးစနစ်ကအမြင်သစ်ဟုပြောပြီး အဘယ်ကြောင့် ၁၉ ရာစုကို ပြန်သွားနေသလဲဟု မေးစရာရှိသည်။ အမြင်သစ်ပညာရေးသည် ခေတ်တွေ စနစ်တွေမည်သို့ ပြောင်းသွားသည်ဆိုစေ အသွင်သစ်ဖြင့် ခေတ်တိုင်းတွင် ရှိနေခဲ့ သောကြောင့် ဟောင်းသော်လည်း အမြဲကောင်းနေ သည့် စနစ်တစ်ခု အနေဖြင့် သတ်မှတ်ထားကြသည်။ ယခုအမေရိကန်နိုင်ငံတွင်ကျင့်သုံး ပြဋ္ဌာန်းခဲ့သည့် ပညာရေးစနစ်တစ်ခုဖြစ်သော "No Child Left Behind" ဆိုသည့်စနစ်သည် လက်တွေ့လေ့လာသင်ယူမှုကိုဦးစားပေးသည့် (test-oriented instruction) တစ်ခုသာဖြစ်ကြောင်း သိစေချင်ပါသည်။
ပညာရေးတွင် အစဉ်အလာအားဖြင့် သင်ရိုးညွှန်းတမ်း (Curriculum) ကိုသာ အဓိကထားခဲ့ကြသည်။ အမြင်သစ်ပညာရေးသည် သင်ရိုးညွှန်းတမ်းနှင့် လမ်းခွဲထွက်သွားသည်။ ၁၉ ရာစု လောက်ကတည်းက ပညာရေးဆိုသည်ကို လူထဲကဆွဲထုတ်သွားပြီး ကျောင်းအုတ်တံတိုင်းများအတွင်း မြှုပ်နှံထားခဲ့သည်အား ပြန်လည်သုံးသပ်လာခဲ့ကြခြင်းဖြစ်သည်။ အမြင်သစ်ပညာရေးသည် လက်တွေ့ဘဝတွင်အခြေခံပြီး အောက်ဖော်ပြပါအခြေခံများနှင့်ပြည့်စုံရမည်ဟု တိုးတက်သည့်အမြင်ရှိသော ဆရာများက လက်ခံလာခဲ့ကြသည်။
- လက်တွေ့လုပ်ကာ ပညာရှာခြင်းကိုသာ အလေးပေးပါ။ သုတေသနလုပ်ခိုင်းပါ။ စူးစမ်းလေ့လာခိုင်း ပါ။ အတွေ့အကြုံကို အဓိကထားပါ
- ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတမ်းများသည် လုပ်ငန်းစဉ် လမ်းညွှန်ချက် သို့မဟုတ် တစ်ခုပြီးတစ်ခု လုပ်ဆောင်သွားရမည့် အစီအစဉ်အနေဖြင့်သာ ကိုးကားရန်ဖြစ်သည်
- ပြဿနာကိုဖြေရှင်းနိုင်ရန်နှင့် ဝေဖန်ဆန်းစစ်သုံးသပ်နိုင်သည့် အတွေးအမြင်မျိုးဖြင့် ဘဝကိုရင်ဆိုင်ရန် အဓိကဦးစားပေးရမည်
- လူမှုရေးလုပ်ငန်းများကို အုပ်စုလိုက်ပါဝင်ဆောင်ရွက်နိုင်ရေး ဦးစားပေးရမည်
- ပညာသင်ကြားခြင်း၏ပန်းတိုင်ဆိုသည်မှာ အလွတ်ကျက်ပြန်ဆို ကြက်တူရွေးပညာသင်ခြင်း သ ဘောမျိုး မဟုတ်ကြောင်း နားလည်ထားရမည်
- လုပ်ငန်းစဉ်တိုင်း၊ ကဏ္ဍတိုင်းကို ပူးပေါင်းလေ့လာ၊ ပူးပေါင်းဆောင်ရွက်စေရမည်
- ပညာသင်ကြားခြင်းဆိုသည်မှာ လူမှုဘဝအတွက်၊ ဒီမိုကရေစီ အတွက်တာဝန် တစ်ခုအနေဖြင့် သိထားစေရမည်
- တိုင်းကျိုး ပြည်ကျိုး လူ့အကျိုး ဝန်ဆောင်မှုပေး ပညာရေး ဖြစ်စေရမည်
- သင်ကြားသည့်အကြောင်းအရာများသည် လူမှုဘဝလိုအပ်ချက်နှင့် အမြဲ အံဝင်ခွင်ကျဖြစ်နေစေရ မည်
- ဖတ်စာအုပ်သည် အဓိကမဟုတ်၊ သင်ကြားမှု သင်ယူမှုကို အထောက်အကူဖြစ်စေမည့် မည်သည့် Resource များကိုမဆို အသုံးပြု နိုင်စေရမည်
- ဘဝတစ်သက်တာပညာရှာ၊ ကျွမ်းကျင်မှုဦးစားပေး ပညာရေး ဖြစ်စေရမည်
- ကလေးကို အလွတ်ကျက်လာသည့် အဖြေစာရွက်ဖြင့် မပိုင်းဖြတ်၊ သူလုပ်ဆောင်လာသည့် project and production ဖြင့်သာ ပိုင်းဖြတ်ရန်ဖြစ်သည်။
၁၉၆၃ ခုနှစ်က အမေရိကန်သမ္မတ ဂျွန်ဆင်သည် ပညာရေးပြု ပြင်ပြောင်းလဲမှုဆိုင်ရာ အမြင် သစ်တစ်ခုဖြစ်သည့် "Great Society" ဆိုသည့် ပညာရေးစနစ်တစ်ခုကို ချမှတ်ပေးခဲ့သည်။ ပုဂ္ဂလိက ကျောင်း ပညာရေးစနစ်အတွက် အခြေခံပညာရေးအက်ဥပဒေကိုချမှတ်ပေးခဲ့ ခြင်းဖြစ်ပြီး ပညာရေးပြုပြင် ပြောင်းလဲမှုအတွက် ရန်ပုံငွေများလည်း ထုတ်ပေးခဲ့သည်။ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုသည် အနေ အထားတစ်ခုတွင် ရပ်တန့်လိုက်ရန်မဟုတ်သောကြောင့် ၂၀၀၂ ခုနှစ် တွင် No Child Left Behind Act ဥပဒေကို ပြဋ္ဌာန်းနိုင်သည်အထိ အားထုတ်ခဲ့ကြသည်။
အမေရိကန်နိုင်ငံပြည်နယ်အများစုတွင် ပုဂ္ဂလိကပညာသင်ကျောင်းများ၌ အမြင်သစ်ပညာရေးကို အကောင်အထည်ဖော်ကြရာတွင်
- ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတမ်းများသည် ကျောင်းသားတိုင်းနှင့် အဆင်ပြေစေရန် ရေးဆွဲထားခြင်း၊ ကျောင်းသားအားလုံး စိတ်ဝင် စားစေနိုင်မည့် အကြောင်းအရာများတွင်သာ အခြေခံထားခြင်း
- ဆရာဆိုသည်မှု သင်ကြားမှု သင်ယူမှုဖြစ်စဉ်တွင် အဆင်ပြေစေရန် အကူအညီပေးသူအဆင့်တွင်သာရှိပြီး ကလေးများကို သင်ယူချင်လာ စေရန်အတွက် အထောက်အကူပေးသူများသာဖြစ်ခြင်း
- ကျောင်းသားတစ်ဦးချင်းအတွက်ဖြစ်စေ၊ အုပ်စုအလိုက်ဖြစ်စေ ဆရာဆိုသည်မှာ သင်ကြားသင်ယူမှုအထောက်အကူပြုပစ္စည်းများကို သုံးတတ်စေရန် လမ်းညွှန်ပြသပေးသူသာဖြစ်လာခြင်း
- ဆရာသည် ကျောင်းသားကို စူးစမ်းလေ့လာ ရှာဖွေနိုင်ရေးအတွက် အထောက်အပံ့ပေးသူဖြစ်လာခြင်း
- သင်ကြားမှု သင်ယူမှုဖြစ်စဉ်တွင် လူ့ဘောင်အဖွဲ့အစည်းအကြောင်း၊ လူ့အကျိုး၊ ပြည်သူ့အကျိုး၊ တိုင်း ပြည်အကျိုးသယ်ပိုးရွက်ဆောင်တတ်ရန် project များထည့်သွင်းပေးခြင်းတို့ ပြုလုပ်လာကြောင်းတွေ့ ရသည်။
အမြင်သစ်ပညာရေးကို ဆိုဗီယက်ရုရှားတို့ခေတ် ၁၉၅၇ ခုနှစ် အောက်တိုဘာလ စပွတ်နစ်ဂြိုဟ်တုပစ်လွှတ်စဉ်ကတည်းက ကျင့်သုံးခဲ့သည်ဆိုသောကြောင့် အမေရိကန်နှင့် ဥရောပတို့အများကြီးခေတ် နောက်ကျနေပြီဟုဆိုနိုင်သည်။ အမြင်သစ်ပညာရေးသည် နိုင်ငံရေးတွင် ကွန်ဆာဗေးတစ်အမြင်ရှိသူတို့ လွှမ်းမိုးချိန်မှစတင်ထွန်းကားခဲ့ပြီး ဆက်လက်ကျင့်သုံးနိုင်ရန်အားထုတ်နေသည့် ပညာရေးစနစ်တစ်ခု ဖြစ်သည်။ နိုင်ငံတိုင်း၊ ပုဂ္ဂလိကကျောင်းတိုင်း လိုက်နာကျင့်သုံး နေကြသည့် ပညာရေးစနစ်တစ်ခုဖြစ်မလာသေးပေ။ မူကောင်း၊ လူမကောင်း၊ မူပြောင်း၊ လူမပြောင်း၊ မူမကောင်း၊ လူကောင်း၊ မူမပြောင်း၊ လူပြောင်းခြင်းများဖြင့် လုံးလည်ချာလည်လိုက်ရင်းက ပုဂ္ဂလိကပညာရေးကျောင်းအချို့တွင်သာ ကျင့်သုံးနေဆဲဖြစ်သည်။