အမျိုး​သား​ အောင်ပွဲ​နေ့​

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်များမှသည် မြို့မ အမျိုးသား အထက်တန်းကျောင်းပေါ်ထွက်လာခဲ့သည်။[ပြင်ဆင်ရန်]

အင်္ဂလိပ်နယ်ချဲ့တို့၏ ကိုလိုနီ ပညာရေးသည် ဗမာနိုင်ငံ၌ ၁၉၂၀ ပြည့်နှစ်အထိ ယင်းတို့အတွက် ငွေကုန်ကြေးကျ ခံနိုင်သော မြေရှင် ဓနရှင် လူတန်းစား မြန်မာလူငယ်များကို ကျွန်ပညာသင်ပေးရန်သာ အဓိက ဖြစ်သည်။ ခေတ်အလိုက် အမြင့်ဆုံး ပညာသင်ကြားရာ ယူနီဗာစီတီ ခေါ် တက္ကသိုလ်ကျောင်း မရှိသေးပေ။ ရန်ကုန်မြို့၌ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် (ယခင် ယုဒသန် ကောလိပ်)ကောလိပ်သာရှိ၍ ယင်း တို့မှာ ကလကတ္တား ယူနီဗာစီတီ၏ လက်အောက်ခံ ကောလိပ် ကျောင်းခွဲမျှသာ ဖြစ်သည်။ သင်ရိုးညွှန်းတန်းများမှာ ကလကတ္တား ယူနီဗာစီတီမှ ချမှတ်ပေးသည့် အတိုင်း သင်ကြားရသဖြင့် ဗမာ တက်လူငယ်များနှင့် အံမဝင် ခွင်မကျဘဲ ဖြစ်နေသည်။ စာမေးပွဲများ ကိုလည်း ကလကတ္တား ယူနီဗာစီတီမှ ဦးစီး စီမံကျင်းပ ပြုလုပ်ပေး သည်။ မက်ထရစ်ကျူလေရှင်း ခေါ် တက္ကသိုလ်ဝင် စာမေးပွဲကိုလည်း ကလကတ္တားတွင် မေးခွန်းထုတ်၍ ရန်ကုန်တွင် ဖြေဆို ကြရသည်။

၁၉၂ဝ ပြည့်နှစ် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း မြို့မ အထက်တန်းကျောင်း

ဝိုင်အမ်ဘီအေက ဗမာပြည်တွင် ယူနီဗာစီတီ (တက္ကသိုလ်) သီးခြား ရှိရမည်ဟု လှုံဆော်ကြွေးကြော် တိုက်တွန်းပေါင်းများလတ်သော် ဗမာပြည် အစိုးရသည် ပညာမင်းကြီး မစ္စတာ မက်သယူး ဟန်တား (Mr. Mathew Hunter) ဦးစီးသည့် ယူနီဘာစီတီ အက်ဥပဒေ ရေး ဆွဲရေး ကျွမ်းကျင်သည့် ကော်မတီ တရပ်ကို ၁၉၁၈ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းလိုက်၏။

ဝိုင်အမ်ဘီအေ ကိုယ်စားလှယ်များက ဝိဇ္ဇာသိပ္ပံ ပညာရပ်များ အားပေးသည့် ကောလိပ်ပေါင်းများစွာ ဆက်သွယ်နိုင်သည့် ယူနီဘာစီတီ(တက္ကသိုလ်) ကို ထောက်ခံသော်လည်း မစ္စတာ မက်သယူးဟန်တား ဦးဆောင်သော ကော်မတီ အများစုက လက်တွေ့မပါ စာပေပညာဆန်သည့် ဘာသာရပ်များကို အဓိက ထားသည့် တခုတည်းသော ကောလိပ် ပါဝင်သည့် သိပ္ပံယူနီဘာစီတီ တည်ဆောက်ရန် တက္ကသိုလ် ဥပဒေ တရပ်ကိုသာ ရေးဆွဲပြီး၊ ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလတွင် တင်သွင်း ဥပဒေ ပြုစေခဲ့၏။ ယူနီဘာစီတီဟူ၍ ဗမာနိုင်ငံတွင် ဤတစ်ကျောင်းသာ ရှိရမည်ဟူ ၍၎င်း၊ ယင်းယူနီဘာစီတီ၏ အောက်တွင်လည်း ကောလိပ် တကျောင်းသာ ရှိရမည် ဟူ၍၎င်း၊ ယင်းကောလိပ်နှင့် တက္ကသိုလ် တည်ရာ သည်လည်း ရန်ကုန်တွင်သာ ဖြစ်ရမည် ဟု၎င်း စသည့် ကန့်သတ်ချက်များအပြင်၊ ယူနီဘာစီတီနှင့် ကောလိပ်သို့ ဝင်ရောက် သင်ကြားရမည့် သူများ၏ အရည်အချင်းများတွင် ကျောင်းအိပ်ကျောင်း စားများသာ ဖြစ်စေရမည်ဟု၎င်း စသော မလိုလားအပ်သည့် ကန့်သတ် ချုပ်ချယ်ချက်ပေါင်းများစွာ ပါဝင်နေသော အက်ဥပဒေ ဖြစ်သည်။

သို့ဖြစ်လေရာ ယင်းယူနီဘာစီတီ အက်ဥပဒေသည် ငွေကုန်ကြေးကျ ခံနိုင်သော မြေရှင် ဓနရှင် လူတန်းစားနှင့် ဗြူရိုကရက် အရာရှိကြီးတို့ ၏ အဆက်အနွယ်များ အကျိုးမှ တပါး ဆင်းရဲသား လုပ်စား ကိုင်စား တို့နှင့် မအပ်စပ်သော ဥပဒေ ဖြစ်သည်။ တနှစ်လျှင် အနည်းဆုံးငွေ ၆၀၀ ကျော် သို့မဟုတ် တလလျှင် ပျမ်းမျှငွေ ၅၀ ကျပ်ကျော် မတတ် နိုင်လျှင် တက္ကသိုလ်သို့ မည်သည့်နည်းနှင့်မျှ ချဉ်းကပ် နိုင်မည် မဟုတ်ပေ။ ထိုခေတ် ရွှေတစ်ကျပ်သားကို မြန်မာကျပ် ၁၀ ကျပ်ကျော်သာရှိသောကြောင့် ထိုအခါ ငွေကြေးစံနှုန်း အရ ငွေ ၆၀၀ ကျပ်ဟူ သည် နည်းလှသော အသပြာထုထည် မဟုတ်၊ တလလျှင် ၅၀ ကျပ် မျှ ရှိနေပေသည်။ ထိုအချိန်က စာရေးကြီး တစ်ယောက် ၏လခ သည် ၃၀ ကျပ် ပတ်ဝန်းကျင်မျှသာ ဖြစ်၏။ အစိုးရစာရင်းများအရ ဆိုလျှင် ထိုခေတ်က အလုပ်သမားတဦး၏ အနိမ့်ဆုံး လစာမှာ ၁၂ ကျပ်ဖြစ်၍ အမြင့်ဆုံး လစာမှာ ၇၅ ကျပ်ဖြစ်ပြီး ပျမ်းမျှ ဆိုလျှင် ၂၀ ကျပ်ခန့် ဖြစ်ပေသည်။ လက်လုပ်လက်စား နေ့လုပ်နေ့စား အလုပ်ကြမ်းသမားတို့မှာ တနေ့ တမတ်၊ ငါးပဲနှုန်းပင် မှန်မှန် မဝင်ကြသော အချိန် ဖြစ်သည်။

ထို့ကြောင့်လည်း ဥပဒေကြမ်းထွက်လာသည်နှင့် တပြိုင်နက် သတင်းစာတို့က ပြင်းထန်စွာ ပြစ်တင် ဝေဖန်ကြသည်။ ဆောင်းပါးရှင် များစွာတို့ကလည်း ကန့်ကွက် ရေးသားကြသည်။ ကျောင်းသားမိဖများကလည်း မကျေမနပ် ဖြစ်လာကြသည်။

ဤကဲ့သို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသော်လည်း ၁၉၂၀ ပြည့် နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ဗမာနိုင်ငံ ဒုတိယ ဘုရင်ခံ ဆာရယ် ဂျီနယ် ကရက်ဒေါက် (Sir Reginald Craddock) သည် ထိုယူနီဘာ စီတီ အက်ဥပဒေကို အတည်ပြုလိုက်သည်။ ဤသို့ ဗမာကျောင်းသား ကြီးများနှင့် ဗမာပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ပြဋ္ဌာန်းအတည် ပြု လိုက်သော အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ လုပ်ပုံကို ရန်ကုန်တွင်သာမက မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ စသော မြို့ကြီးများ၌ လူထု အစည်းအဝေးများခေါ်ကာ ကန့်ကွက် ကြလေသည်။ ဘုရင်ခံ ကရက်ဒေါက်သည် ဗမာလူထု၏ လှုပ်ရှားကန့်ကွက်မှုကို အလေးမမူ ဂရုမစိုက်ပဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထိုယူနီဘာစီတီ အက်ဥပဒေ နှင့်အညီ ရန်ကုန်ကောလိပ်အား ယူနီ ဘာစီတီအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်တော့မည်ဟု ကြေညာလိုက်လေသည်။

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်) တွင် ကျောင်းသားကျောင်းသူများ ထပ်မံစုဝေး၍ ယူနီဘာစီတီအက်ဥပဒေကို လုံးဝ ကန့်ကွက်ကြောင်း ဆန္ဒပြသည့်အနေဖြင့် သပိတ်မှောက်ကြောင်း ဆုံးဖြတ် ကြေညာလိုက်လေသည်။ ၁၉၂ဝ ပြည့်နှစ် သပိတ်ကြောင့် ယင်းသို့ ပညာရေးအမြတ်များ ထွက်ပေါ်လာခဲ့ရုံမက ပြည်သူလူထုတွင်လည်း နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာခဲ့ လေသည်။ ယင်းသည်ပင် မြန်မာတို့၏ စိတ်ဓာတ်တော်လှန်ရေး အောင်ပွဲကြီးဟု ခေါ်ရမည် ဖြစ်လေသည်။

ကျောင်းသားသပိတ်နှင့် အမျိုးသားပညာရေး[ပြင်ဆင်ရန်]

မြန်မာလူထုသည် ရန်ကုန်တက္ကသိုလ်ဟူ၍ သီးခြားတက္ကသိုလ်တစ်ရပ်ကို လိုလားတောင့်တ တောင်းဆိုခဲ့ကြသော်လည်း တက္ကသိုလ် အက်ဥပဒေကြမ်း ပေါ်ထွက်လာသော အခါတွင်မူ ပြဋ္ဌာန်းချက် အချို့ကို မကျေနပ်ကြချေ။ အထူးသဖြင့် တက္ကသိုလ် ပညာရေးကို ပြန့်ပွားအောင် ပြုလုပ်ရမည့်အစား ပိုမိုပါးရှားအောင် အဟန့်အတားများပင် ပြုလုပ်ထားသည်ဟု ယူဆကြ၍ တက္ကသိုလ် ဥပဒေကို ပြင်ဆင်ပေးရန် အနှံ့အပြား တောင်းဆိုကြလေသည်။ ထိုတောင်းဆိုမှုများကို အစိုးရက မလိုက်လျောသောကြောင့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့)တွင် မြန်မာပြည်၏ ပထမဆုံး တက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာလေသည်။ ထိုသို့ ကျောင်းသားသပိတ် မှောက်စဉ်အတွင်း ပညာသင်မပျက်စေခြင်းငှာ ရန်ကုန်မြို့ဗဟန်းရပ်ကွက်တွင် အမျိုးသား ကောလိပ်တစ်ကျောင်းကို ပညာရေးစိတ်ထက်သန်သူများနှင့် သပိတ်မှောက် ကျောင်းသားများက ဦးစီးတည်ထောင်ကြ၏။ နောင်တွင် သပိတ်လှန်သော်လည်း သပိတ်မှောက်ကျောင်းသားများပင် ကျွန်ပညာကို ဆက်လက် မသင်လိုတော့ပြီဟု ဆုံးဖြတ်ကာ တိုင်းပြည်အနှံ့ မြို့မကျောင်း အစရှိသော အမျိုးသားကျောင်း ၉၃ကျောင်း တည်ထောင်ခဲ့၏။ မြို့မကျောင်း သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ ဗဟန်း မြို့နယ်တွင် စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။

အမျိုးသား ကောလိပ်သည် သက်ဆိုး မရှည်ရှာသော်လည်း အမျိုးသားကျောင်းများကား မျိုးချစ်စိတ် သွင်းပေးရာ၊ ဌာနကြီးများ ဖြစ်ခဲ့ပေသည်။ ယင်း အမျိုးသားကျောင်းများကို အမျိုးသား ပညာရေးကောင်စီက အုပ်ချုပ်လေသည်။ ပထမ ကျောင်းသားသပိတ်သည် ပညာရေးကိစ္စကြောင့် စတင်မှောက်ခဲ့ရသော ကျောင်းသားသပိတ် ဖြစ်သော်လည်း၊ ပညာရေးထက် နိုင်ငံရေး အနှစ်သာရ ပို၍ရှိ၏။ ခေတ်ပညာတတ်များက မိမိတို့အတွက် လက်တစ်လှမ်းတွင် သာရှိသော ရာထူးရာခံများကို မမက်မော၊ ကိုယ်ကျိုးစီးပွားကို လုံးဝစွန့်လွှတ်ကာ သပိတ်မှောက်လိုက်ခြင်းဖြင့် အုပ်ချုပ်သူ ဗြိတိသျှ အစိုးရအား တော်လှန်ခြင်းဖြစ်ရာ တိုင်းပြည်အား နိုင်ငံရေးမျက်စိ ဖွင့်ပေးလိုက်သကဲ့သို့ ရှိလေသည်။ ထိုကြောင့်ပင် ဂျီစီဘီအေ ခေါ် မြန်မာအသင်းချုပ်၏ နဝမကွန်ဖရင့်တွင် တန်တောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို အမျိုးသားနေ့(အမျိုးသားအောင်ပွဲနေ့)အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်လေသည်။