မာတိကာသို့ ခုန်သွားရန်

အမ်းမြို့သိမ်းတိုက်ပွဲ

ဝီကီပီးဒီးယား မှ
အမ်းမြို့သိမ်းတိုက်ပွဲ
မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ) နှင့် ရခိုင်ပြည်နယ် တိုက်ပွဲများ (၂၀၂၃–လက်ရှိ)၏ တစ်စိတ်တစ်ပိုင်း
ရက်စွဲ၂၀ ဒီဇင်ဘာ ၂၀၂၄ တွင် အပြီးသတ်သိမ်းပိုက်
နေရာအမ်းမြို့နှင့် အမ်းမြို့နယ်၊ ကျောက်ဖြူခရိုင်၊ ရခိုင်ပြည်နယ်
အခြေအနေ အာရက္ခတပ်တော် (AA) ၏ အဆုံးအဖြတ်ဗျူဟာမြောက် အောင်ပွဲ
နယ်နမိတ်
ပြောင်းလဲမှုများ
အာရက္ခတပ်တော် က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် အမ်းမြို့နယ်တစ်ခုလုံးကို အလုံးစုံ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ခဲ့သည်။
စစ်ရင်ဆိုင်သူများ

မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အာရက္ခတပ်တော် (AA)
တပ်မှူးများနှင့် ခေါင်းဆောင်များ
  • ဗိုလ်မှူးချုပ် သောင်းထွန်း (ဒုတိယတိုင်းမှူး)
  • ဗိုလ်မှူးချုပ် ကျော်ကျော်သန်း (တိုင်းဦးစီးချုပ်)
ထွန်းမြတ်နိုင်
ညိုထွန်းအောင်
စစ်အင်အား
တိုင်းစစ်ဌာနချုပ်အဆင့် အင်အားအလုံးအရင်း အင်အားအလုံးအရင်း
အသေအပျောက်
  • ဒုတိုင်းမှူးနှင့် တိုင်းဦးစီးချုပ်တို့ အပါအဝင် စစ်သည်မြောက်မြားစွာ အရှင်လက်ရဖမ်းဆီးခံရ
  • စစ်ဌာနချုပ်နှင့် လက်အောက်ခံတပ်ရင်းအားလုံး ချေမှုန်းခံရ
အာရက္ခတပ်တော်ဘက်မှလည်း အကျအဆုံးများပြား
ရခိုင်ပြည်နယ်အတွင်းရှိ အမြင့်ဆုံးစစ်ဘက်ဗဟိုချက်ဖြစ်သော စစ်တိုင်းဌာနချုပ်ကြီး ပြိုလဲသွားသည့် သမိုင်းဝင်တိုက်ပွဲ ဖြစ်သည်။

အမ်းမြို့သိမ်းတိုက်ပွဲ သည် မြန်မာ့ပြည်တွင်းစစ် (၂၀၂၁–လက်ရှိ) နှင့် ရခိုင်ပြည်နယ် တိုက်ပွဲများ (၂၀၂၃-လက်ရှိ) အတွင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ် နှင့် လက်အောက်ခံဗျူဟာတပ်စခန်းအားလုံးကို အာရက္ခတပ်တော် က အပြီးသတ် ချေမှုန်းတိုက်ခိုက်ခဲ့ပြီး ဆင်နွဲခဲ့ရသည့် မြို့သိမ်းတိုက်ပွဲကြီးတစ်ခု ဖြစ်သည်။ အာရက္ခတပ်တော်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းတည့် ၁ နာရီ ၄၀ မိနစ်အချိန်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အမ်းမြို့တစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။[၁]

နောက်ခံအကြောင်းအရင်း

[ပြင်ဆင်ရန်]

အမ်းမြို့သည် ရခိုင်ကမ်းရိုးတန်းဒေသနှင့် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးတို့ကို ဆက်သွယ်ထားသည့် ရခိုင်ရိုးမဖြတ်ကျော်ရာ "မင်းဘူး-အမ်း ကားလမ်းမကြီး" ပေါ်တွင် တည်ရှိသဖြင့် ပထဝီဝင်အနေအထားအရ အလွန်အချက်အချာကျသော ကုန်းလမ်းတံခါးပေါက်ကြီး ဖြစ်သည်။တပ်မတော် သည် ရခိုင်ပြည်နယ်တစ်ခုလုံး၏ စစ်ရေး၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အထက်မှနေ၍ ဗဟိုချုပ်ကိုင်ကွပ်ကဲနိုင်ရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အမ်းမြို့တွင် အခိုင်အမာ အခြေစိုက်စိုက်ထူ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။[၂]

စစ်ရေးဗျူဟာအရ အမ်းမြို့သည် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ သံတွဲနှင့် ရမ်းဗြဲကျွန်းတို့အပြင် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသအထိ စစ်ကူ၊ ရိက္ခာနှင့် ခဲယမ်းမီးကျောက်များ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးရာ အဓိက "စစ်ထောက်ပံ့ရေးအခြေစိုက်စခန်းကြီး" ဖြစ်သည်။ ထို့ကြောင့် အမ်းမြို့ကို ထိန်းချုပ်နိုင်ခြင်းသည် ရခိုင်ပြည်နယ်တစ်ခုလုံးရှိ စစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းကို အလုံးစုံ ဖြတ်တောက်လိုက်နိုင်ခြင်းဖြစ်သဖြင့် အာရက္ခတပ်တော်အတွက် မဖြစ်မနေ သိမ်းပိုက်ရမည့် အဓိကပစ်မှတ်ကြီး ဖြစ်လာခဲ့သည်။[၃]

တိုက်ပွဲဖြစ်စဉ်

[ပြင်ဆင်ရန်]

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် အာရက္ခတပ်တော်သည် အမ်းမြို့ပတ်ဝန်းကျင်ရှိ အခိုင်အမာခံစစ်စခန်းများနှင့် ဗျူဟာကုန်းကြီးများကို ရှေ့တန်းမှ စတင်ကာ အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရသည်။ တိုက်ပွဲများအတွင်း စစ်တပ်၏ အဓိကခံစစ်တပ်စခန်းများဖြစ်ကြသော စွေ့ချောင်းဗျူဟာ၊ တောဟိန်းတောင်ဗျူဟာ၊ မဲတောင်ဗျူဟာကုန်းကြီးများနှင့် ပတ်ပတ်လည်ရှိ ကာကင်းစခန်းအားလုံးကို အာရက္ခတပ်တော်က အဆင့်ဆင့် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။[၄][၅]

လက်ရုံးတပ်ရင်းများအား ထိုးစစ်ဆင်ခြင်းနှင့် နပခကျဆုံးခြင်း

[ပြင်ဆင်ရန်]

ဗျူဟာကုန်းများ ပြိုလဲသွားပြီးနောက် အာရက္ခတပ်တော်သည် အမ်းမြို့ဝန်းကျင်ရှိ စစ်တပ်၏ အခြေစိုက်ခြေမြန်တပ်ရင်းများနှင့် လက်ရုံးဝန်ထမ်းတပ်ရင်းစခန်းများအားလုံးကို အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်ခဲ့သည်။ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် စစ်တပ် လက်အောက်ခံတပ်ရင်းများမှာ အမှတ် (၃၇၃) ခြေမြန်တပ်ရင်း (ခမရ ၃၇၃)၊ အမှတ် (၃၇၄) အမြောက်တပ်ရင်း (အမတ ၃၇၄)၊ အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ (လလစ ၇၅၇)၊ အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ (စနခ ၃၄၅)၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း (တစသ ၈)၊ အမှတ် (၂) ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ (တဆရ ၂/၃၀၀)၊ လေကြောင်းရန်ကာကွယ်ရေးတပ် (လကရ) နှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ် (စရဖ) စခန်းတို့ ဖြစ်ကြသည်။[၆]

ထို့ပြင် အာရက္ခတပ်တော်သည် မြို့နယ်အတွင်း ကျန်ရှိနေသေးသော စစ်တပ်၏ အမာခံစခန်းများနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဗဟိုအုပ်ချုပ်ရေးယန္တရားများကို ဆက်လက်၍ ပိတ်ဆို့ထိုးစစ်ဆင်ခဲ့သည်။ ယင်းသို့ ထိုးစစ်ဆင်ရာတွင် ဆလအခွဲ (၉၄၆) - အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၇၁) ခြေမြန်တပ်ရင်း (ခမရ ၃၇၁)၊ အမှတ် (၃၇၂) ခြေမြန်တပ်ရင်း (ခမရ ၃၇၂)၊ အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ (ထပခ ၉၂၆)၊ အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း (ဆသလ ၉)၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (အဆရ ၈)၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ (တထခ ၁၀) နှင့် အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (စအရ ၉၁၉) တို့ကို အလုံးစုံ ချေမှုန်းတိုက်ခိုက်ခဲ့သည်။[၇]

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းတည့် ၁ နာရီ ၄၀ မိနစ်အချိန်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်ကြီးတစ်ခုလုံး ပြိုလဲသွားခဲ့ပြီးနောက် နပခ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့နှစ်ဦးအား အာရက္ခတပ်တော်က တိုက်ပွဲအတွင်း အရှင်လက်ရ ဖမ်းဆီးရမိခဲ့သည်။ စစ်ဘက်ခေါင်းဆောင်များ ဖမ်းဆီးခံရပြီးနောက် အမ်းမြို့နှင့်တကွ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံးသည် အာရက္ခတပ်တော်၏ လက်အောက်သို့ အပြီးသတ် ကျရောက်ကာ စိုးမိုးထိန်းချုပ်နိုင်ခဲ့သည်။[၈]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ အာရက္ခတပ်တော်၏ ၂ နှစ်တာ စစ်ရေးခရီး (in my)။ 2026-06-01 တွင် ပြန်စစ်ပြီး။
  2. ↑ အမ်းက စစ်ကောင်စီ အမြောက်စခန်းတစ်ခုကို AA သိမ်းပိုက် (in my)။ 2026-06-01 တွင် ပြန်စစ်ပြီး။
  3. ↑ အမ်းမြို့ပေါ် နေရာအများစု၊တပ်ရင်းနဲ့ စခန်းပေါင်း ၃၀ ကျော်ကို အေအေသိမ်းပိုက်ထား (in my) (2024-10-31)။ 2026-06-01 တွင် ပြန်စစ်ပြီး။
  4. ↑ အမ်းမြို့သိမ်းတိုက်ပွဲကာလအတွင်း ပျက်စီးသွားသည့် အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အအုံများ (ဓာတ်ပုံသတင်း) (in my)။ 2026-06-01 တွင် ပြန်စစ်ပြီး။
  5. ↑ Burmese၊ R. F. A. (2024-10-25)။ အမ်းမှာ စစ်ကောင်စီတပ်ရင်းနှစ်ခုကို AA သိမ်းပိုက် (in my)။ 2026-06-01 တွင် ပြန်စစ်ပြီး။
  6. ↑ Now၊ Myanmar (2024-12-20)။ AA က အမ်းကိုသိမ်းပြီးနောက် ဂွမြို့နှင့် ဧရာဝတီတိုင်းရှိ မော်တင်စွန်းထိ ဆက်တိုးနိုင် (in en-US)။ 2026-06-01 တွင် ပြန်စစ်ပြီး။
  7. ↑ AA၊ ULA / (2024-11-13)။ အာရက္ခ နှင့် ပလက်ဝဒေသစစ်ဆင်ရေး (၁) နှစ်ပြည့် သတင်းထုတ်ပြန်ချက် (in en)။ 1 June 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-06-01 တွင် ပြန်စစ်ပြီး။
  8. ↑ Burmese၊ R. F. A. (2024-12-20)။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA အပြီးသတ် သိမ်းပိုက် (in my)။ 2026-06-01 တွင် ပြန်စစ်ပြီး။