အပိုလို (အာကာသယာဉ်)


အပိုလို အာကာသယာဉ်ကို အစိတ်အပိုင်းသုံးပိုင်းဖြင့် ဖွဲ့စည်းထားပြီး ၁၉၆၀ ခုနှစ်များကုန်တွင် အာကာသယာဉ်မှူးများကို လ ပေါ်သို့ ဆင်းသက်စေပြီး ကမ္ဘာမြေ သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိစေရန် ရည်ရွယ်သည့် အမေရိကန် အပိုလို အစီအစဉ်ကို ပြီးမြောက်အောင်မြင်စေရန် ဒီဇိုင်းထုတ်ထားသည်။ တစ်ကြိမ်သုံး အာကာသယာဉ်ဖြစ်ပြီး ပေါင်းစပ်ထားသော ကွပ်ကဲမှုနှင့် ဝန်ဆောင်မှု စက်ခန်း (CSM) နှင့် အပိုလို လကမ္ဘာ ဆင်းယာဥ် (LM) တို့ ပါဝင်သည်။ အာကာသယာဉ်အစုအဝေးကို နောက်ထပ်အစိတ်အပိုင်းနှစ်ခုက ဖြည့်စွက်ပေးသည်။လဆင်းယာဉ်ကို လွှတ်တင်ချိန်တွင် လေထုခုခံဖိအားမှ ကာကွယ်ရန်နှင့် ထိန်းချုပ်နှင့်ဝန်ဆောင်စက်ခန်း (အာကာသယာဉ်) ကို စေတန်ဒုံးပျံ လွှတ်တင်ယာဉ် နှင့် ချိတ်ဆက်ရန် ဒီဇိုင်းထုတ်ထားသော အာကာသယာဉ်-လဆင်းယာဉ် ကြားဆက်ကိရိယာ (SLA) နှင့် လွှတ်တင်မှုအရေးပေါ်အခြေအနေတွင် ထိန်းချုပ်စက်ခန်းရှိ အာကာသယာဉ်မှူးများကို လွှတ်တင်သည့်ယာဉ်မှ ဝေးရာသို့ ဘေးကင်းစွာ ပို့ဆောင်ပေးမည့် လွှတ်တင်မှုလွတ်မြောက်စနစ် (LES) တို့ဖြစ်သည်။
ဒီဇိုင်းမှာ လပတ်လမ်းကြောင်း ဆုံတွေ့ ချဉ်းကပ်မှုကို အခြေခံထားသည်။ ချိတ်ဆက်ထားသော အာကာသယာဉ် နှစ်စင်းကို လသို့ စေလွှတ်ပြီး လပတ်လမ်းကြောင်းထဲသို့ ဝင်ရောက်စေခဲ့သည်။ လပတ်လမ်းတွင်း၌ အာကာသယာဥ်နှစ်စင်းချိတ်ဆက်ထားပြီး ဆင်းချိန်တန်ပါက လဆင်းယာဉ်သည် ခွဲထွက်ကာ ဆင်းသက်သည်။ ထိုအချိန်တွင် ကွပ်ကဲ-ဝန်ဆောင် အာကာသယာဉ်သည် ပတ်လမ်းထဲ၌ လကိုပတ်နေခဲ့သည်။ ဆင်းသက်ပြီးနောက် အောက်ပါအတိုင်း ကမ္ဘာသို့ပြန်သည်။ လဆင်းယာဉ်၏ အောက်ခြေပထမအပိုင်းသည် လမျက်နှာပြင်ပေါ်၌ ကျန်ရစ်ခဲ့ရသည်။ မြင့်တက်ယာဉ်ခွဲသည် လဆင်းယာဉ်မှ ခွဲထွက်ကာ ကွပ်ကဲ-ဝန်ဆောင် အာကာယာဉ်နှင့် တွေ့ဆုံပြီး လပတ်လမ်းတွင်း၌ ပြန်လည်ချိတ်ဆက်သည်။ လမှယူဆောင်လာသော မြေသား၊ ကျောက်သားနမူနာများနှင့် အမှုထမ်းများကို မြင့်တက်ယာဉ်ခွဲမှ ကွပ်ကဲဝန်ဆောင်ယာဉ်သို့ ပြောင်းရွှေ့ပြီးနောက် အသုံးမလိုတော့သော မြင့်တက်ယာဉ်ခွဲကို ဖြုတ်ချလိုက်သည်။ ထို့နောက် ထိန်းချုပ်-ဝန်ဆောင်အာကာသယာဉ်သည် အာကာသယာဉ်မှူးများနှင့် နမူနာများကို ကမ္ဘာသို့ ပြန်ဆောင်ခေါ်ဆောင်သွားမည်ဖြစ်သည်။ ကမ္ဘာလေထုတွင်းသို့ ဝင်ရောက်ကာနီး၌ ကွပ်ကဲ-ဝန်ဆောင်အာကာယာဉ်မှ ဝန်ဆောင်မှုစက်ခန်းကို ထပ်မံဖြုတ်ချပြန်သည်။ ထို့ကြောင့် ကွပ်ကဲစက်ခန်းသည် အာကာသယာဉ်မှူးများနှင့်အတူ ကမ္ဘာ့မြေကို ပြန်ရောက်သည့် တစ်ခုတည်းသော ယာဉ်အစိတ်အပိုင်းဖြစ်သည်။
လွှတ်တင်မှုလွှတ်မြောက်စနစ်ကို မလိုအပ်တော့သည့်နေရာသို့ ရောက်ရှိသည်နှင့် လွှတ်တင်စဉ်အတွင်း စွန့်လွှတ်ခဲ့သော်လည်း ကွပ်ကဲဝန်ဆောင်နှင့် လဆင်းယာဉ်ကြား ကြားဆက်ကိရိယာမှာမူ လွှတ်တင်ယာဉ်၏ အပေါ်ပိုင်းအဆင့်တွင် တွဲလျက်ရှိနေခဲ့သည်။ လူမပါသော ကွပ်ကဲဝန်ဆောင်အာကာယာဉ် နှစ်စင်း၊ လူမပါ လဆင်းယာဉ် တစ်ခုနှင့် လူပါ ကွပ်ကဲဝန်ဆောင်ယာဉ်တစ်စင်းတို့ကို စေတန် ၁ဘီ လွှတ်တင်ယာဉ်များဖြင့် အနိမ့်စားကမ္ဘာပတ်လမ်းသို့ အပိုလိုမစ်ရှင်များအတွက် သယ်ဆောင်သွားခဲ့သည်။ ပိုကြီးသော စေတန် ၅ဒုံးပျံများသည် လူမပါသော ကွပ်ကဲဝန်ဆောင်ယာဉ် နှစ်ခုကို အမြင့်စားကမ္ဘာပတ်လမ်းကြောင်း စမ်းသပ်ပျံသန်းမှုများတွင် လွှတ်တင်ခဲ့ပြီး၊ လူလိုက်ပါသော လကမ္ဘာခရီးစဉ်တစ်ခုတွင် လဆင်းယာဉ်တစ်ခု၊ လူလိုက်ပါသော အနိမ့်စားကမ္ဘာပတ်လမ်းကြောင်းတစ်ခုတွင် အာကာသယာဉ်အပြည့်အစုံနှင့် လူလိုက်ပါသော လကမ္ဘာခရီးစဉ် ရှစ်ခုကို လွှတ်တင်ခဲ့သည်။ အပိုလိုစီမံကိန်း ပြီးဆုံးပြီးနောက်၊ Skylab အာကာသစခန်း ကမ္ဘာပတ်လမ်းကြောင်း မစ်ရှင် သုံးခုနှင့် အပိုလို-ဆိုရုဇ် စမ်းသပ်စီမံကိန်းအတွက် စေတန် ၁ဘီဒုံးပျံများတွင် ကွပ်ပဲဝန်ဆောင်အာကာသယာဉ် လေးခုကို လွှတ်တင်ခဲ့သည်။