အပရိဟာနိယတရား

ဝီကီပီးဒီးယား မှ
(အပရိဟာနိယတရားခုနစ်ပါး မှ ပြန်ညွှန်းထားသည်)

စည်းစိမ်ချမ်းသာမဆုတ်ယုတ် တိုးတက်ပွားများကြောင်းတရားဟု ခေါ်သည်။

ဝဇ္ဇီမင်းတို့အား တိုင်းပြည်တိုးပွားရေးအတွက် ၇-ပါးတစ်နည်းကိုဟောတော်မူ၍

ရဟန်းတော်တို့အား ၇-ပါး ငါးနည်း၊

၆-ပါး တစ်နည်း ဟောတော်မူလေသည်။ ၎င်းအကျယ်စိတ်ဝင်စားဖွယ်တို့ကို မဟာပရိနိဗ္ဗာနသုတ်၌ကြည့်ပါကုန်၊ [၁]

မင်းတို့အတွက် မဆုတ်ယုတ်ကြောင်း ၇-ပါး။[ပြင်ဆင်ရန်]

[၂]

  • (၁) ညီညွတ်စွာ မပြတ်စည်းဝေးတိုင်ပင်ခြင်း။
  • (၂) အစည်းအဝေးသို့ တစုတရုံးတည်း အညီအညွတ် တက်ရောက်၍ မင်းတို့ ပြုဘွယ်ကိစ္စကို ညီညွတ်စွာပြုကြပြီးကာ တစုတရုံးတည်း ညီညွတ်စွာ ပြန်ကြခြင်း၊
  • (၃) ရှေးမင်းကောင်းတို့ ပညတ်ချက် ဥပဒေသများကို အစဉ်လိုက်နာခြင်း၊ မဖျက်ဆီးခြင်း၊ အသစ်ပညတ်ချက်မထုတ်ခြင်း။
  • (၄) အသက်ကြီးသော မင်းတို့ကို ရိုသေလေးမြတ်စွာ ပူဇော်ခြင်း၊ ၎င်းတို့၏ ဆုံးမချက်ကို နာယူခြင်း။
  • (၅) အမျိုးသမီးကြီးငယ်တို့ကို နိုင်ထက်ကလူ အတင်းဆွဲယူ၍ အိမ်ထောင်မပြုခြင်း
  • (၆) မြို့တွင်း မြို့ပြင်ရှိ နတ်ကွန်းစေတီတို့ကို ရိုသေလေးမြတ်စွာ ပူဇော်ခြင်း၊ ရှေးထုံးစံနှင့်အညီ (ဝါ) တရားနှင့်အညီ ဗလိနတ်စာပေးခြင်း။ ။
  • (၇) တိုင်းပြည်သို့ မရောက်လာကုန်သေးသော ရဟန္တာ အသျှင်မြတ်တို့ကို ကြွလာစေခြင်း၊ ကြွလာပြီးသော ရဟန္တာအသျှင်တို့ကို ချမ်းသာစွာ နေထိုင်စေခြင်း၊ တရားနှင့်အညီ စောင့်ရှောက်ပေးခြင်း။[၃]

အပရိဟာနိယတရား ၇ ပါး[ပြင်ဆင်ရန်]

  • (၁) ဘုရား၌ရိုသေခြင်း
  • (၂) တရား၌ရိုသေခြင်း
  • (၃) သံဃာ၌ရိုသေခြင်း
  • (၄) ကိုယ်ကျင့်သိက္ခာ၌ရိုသေခြင်း၊ ကျင့်သုံးခြင်း
  • (၅) တည်ကြည်ခြင်းသမာဓိ၌ရိုသေခြင်း
  • (၆) ကောင်းသောမိတ်ဆွေရှိခြင်း၊
  • (၇) ပညာရှိသူတော်ကောင်းတို့ ဆိုဆုံးမသောစကားကို နာယူလွယ်နိုင်ခြင်း။ [၁]

ဘိက္ခုအပရိဟာနိယတရာ ၆- ပါး[ပြင်ဆင်ရန်]

  • ၁။ ရဟန်းတို့သည် သီတင်း သုံးဖော်တို့အား မေတ္တာစိတ်ဖြင့် ပြုသော ကိုယ်အမူအရာကို မျက်မှောက်မျက်ကွယ် နှစ်ပါးလုံး၌ ရှေးရှုထင်စေခြင်း၊
  • ၂။ ရဟန်းတို့သည် သီတင်းသုံးဖော်တို့အား မေတ္တာစိတ်ဖြင့် ပြုသော နှုတ်အမူအရာကို မျက်မှောက်မျက်ကွယ် နှစ်ပါးလုံး၌ ရှေးရှုထင်စေခြင်း၊
  • ၃။ ရဟန်းတို့သည် သီတင်းသုံးဖော်တို့အား မေတ္တာစိတ်ဖြင့် ပြုသော စိတ်အမူအရာကို မျက်မှောက် မျက်ကွယ် နှစ်ပါးလုံး၌ ရှေးရှု ထင်စေခြင်း၊
  • ၄။ ရဟန်းတို့သည် တရားနှင့် အညီရသော ဓမ္မိယလာဘ်တို့ကို အယုတ်အားဖြင့် သပိတ်တွင်းရှိ ဆွမ်းမျှကိုသော်လည်း သီးခြားခွဲ၍ မသုံးဆောင်ဘဲ သီလရှိသော သီတင်းသုံးဖော်တို့နှင့် စုပေါင်းသုံးဆောင်ခြင်း၊
  • ၅။ ရဟန်းတို့သည် မျက်မှောက် မျက်ကွယ် နှစ်ပါးလုံး၌ သီတင်းသုံးဖော်တို့နှင့် သီလချင်း တူမျှလျက် နေကြခြင်း၊
  • ၆။ ရဟန်း တို့သည် မျက်မှောက် မျက်ကွယ် နှစ်ပါးလုံး၌ သီတင်းသုံးဖော်တို့နှင့် အရိယာပညာချင်း တူမျှလျက် နေကြခြင်း၊ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခြောက်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် မရှိဟု ဘုရားရှင် ဟောတော်မူ၏။ [၄][၅]

ဘိက္ခုအပရိဟာနိယတရား ၇ ပါး(၁)[ပြင်ဆင်ရန်]

  • ၁။ ရဟန်း တို့သည် အမှုကြီးငယ်၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေခြင်း၊
  • ၂။ ရဟန်းတို့သည် စကားပြောခြင်းအမှု၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေခြင်း၊
  • ၃။ ရဟန်းတို့သည် အိပ်စက်ခြင်း၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေခြင်း၊
  • ၄။ ရဟန်းတို့သည် အပေါင်း အဖော်တို့နှင့် စုရုံးနေထိုင်ခြင်း၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေခြင်း၊
  • ၅။ ရဟန်း တို့သည် အလိုဆိုးကင်းကုန်လျက် အလိုဆိုး၏ ဆွဲဆောင်ရာသို့ မလိုက်ခြင်း၊
  • ၆။ ရဟန်း တို့သည် ယုတ်ညံ့သော အဆွေခင်ပွန်း အပေါင်းအဖော် မရှိမူ၍ ယုတ်ညံ့သူတို့၌ စိတ် မညွတ်ခြင်း၊
  • ၇။ ရဟန်းတို့သည် အနည်းငယ်သော တရားထူး ရရုံမျှဖြင့် အရဟတ္တဖိုလ်သို့ မရောက်မီ လမ်းခုလတ်၌ ရပ်စဲ၍ မနေခြင်း၊ ဤရဟန်းတို့၏ မဆုတ်ယုတ်ကြောင်း (အပရိဟာနိယ) တရား ခုနစ်ပါးတို့ကို ကျင့်ကြံနေသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် မရှိဟု ဘုရားရှင် ဟောတော်မူ၏။ [၆][၅]

ဘိက္ခုအပရိဟာနိယတရား ၇ ပါး(၂)[ပြင်ဆင်ရန်]

  • ၁။ ရဟန်း တို့သည် မဂ်၏ အကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ ကို ပွားများနေခြင်း၊
  • ၂။ ရဟန်းတို့သည် မဂ်၏ အကြောင်းဖြစ်သော ပညာ ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်’ ကို ပွားများ နေခြင်း၊
  • ၃။ ရဟန်းတို့သည် မဂ်၏ အကြောင်းဖြစ်သော လုံ့လ ‘ဝီရိယသမ္ဗောဇ္ဈင်’ ကို ပွားများနေခြင်း၊
  • ၄။ ရဟန်းတို့သည် မဂ်၏ အကြောင်းဖြစ်သော နှစ်သက်မှု ‘ပီတိ သမ္ဗောဇ္ဈင်’ကို ပွားများနေခြင်း၊
  • ၅။ ရဟန်းတို့သည် မဂ်၏ အကြောင်းဖြစ်သော ငြိမ်းအေးမှု ‘ပဿဒ္ဓိသမ္ဗောဇ္ဈင်’ ကို ပွားများနေခြင်း၊
  • ၆။ ရဟန်းတို့သည် မဂ်၏ အကြောင်းဖြစ်သော တည်ကြည်မှု ‘သမာဓိသမ္ဗောဇ္ဈင်’ကို ပွားများနေခြင်း၊
  • ၇။ ရဟန်းတို့သည် မဂ်၏အကြောင်း ဖြစ်သော လျစ်လျူရှုှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်’ ကို ပွားများ နေခြင်း၊ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွား ရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် မရှိဟု ဘုရားရှင် ဟောတော်မူ၏။

[၇][၅]

ဘိက္ခုအပရိဟာနိယတရား ၇ ပါး(၃)[ပြင်ဆင်ရန်]

  • ၁။ ရဟန်းတို့သည် မကြာမကြာ စည်းဝေးခြင်း၊ အကြိမ်များစွာ စည်းဝေးခြင်း၊
  • ၂။ ရဟန်းတို့သည် သံဃကိစ္စ တို့ကို အညီအညွတ် ဆောင်ရွက်ကြခြင်း၊
  • ၃။ ရဟန်းတို့သည် ဘုရားရှင် မပညတ်သော အရာကို မပညတ်ဘဲ ပညတ်ပြီးသော အရာကို မပယ်ဖျက်ဘဲ ပညတ်ထားသမျှသော သိက္ခာပုဒ်တို့ကို ကောင်းစွာ ကျင့်ခြင်း၊
  • ၄။ ရဟန်းတို့သည် သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီး ဝါကြီးရဟန်းတို့ကို အရိုအသေအလေးအမြတ် မြတ်နိုးပူဇော်လျက် ထိုထေရ်ကြီး တို့၏ ဩဝါဒကိုလည်း နာယူသင့်သည်ဟု ထင်မှတ် ယုံကြည်ခြင်း၊
  • ၅။ ရဟန်းတို့သည် တဏှာ၏ အလိုသို့ မလိုက်ကြခြင်း၊
  • ၆။ ရဟန်းတို့သည် တောကျောင်း၌ မွေ့လျော်သော စိတ်ရှိခြင်း၊
  • ၇။ ရဟန်းတို့သည် သီလကို ချစ်မြတ်နိုးသော သီတင်းသုံးဖော်တို့ လာရောက် ခြင်းငှာ လာရောက်ပြီးသော သီတင်းသုံးဖော်တို့ ချမ်းသာစွာ နေရခြင်းငှာ ကိုယ်စီကိုယ်င သတိပြု နေခြင်း၊ ဤရဟန်းတို့၏ မဆုတ်ယုတ်ကြောင်း (အပရိဟာနိယ) တရား ခုနစ်ပါးကို ကျင့်သုံး နေသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊

ဆုတ်ယုတ်ရန် မရှိဟု ဟောတော်မူ၏။ [၈][၅]

ဘိက္ခုအပရိဟာနိယတရား ၇ ပါး(၄)[ပြင်ဆင်ရန်]

၁။ ရဟန်းတို့သည် ယုံကြည်ခြင်း ‘သဒ္ဓါ’ တရားနှင့် ပြည့်စုံခြင်း၊ ၂။ ရဟန်းတို့သည် မကောင်းမှုမှ ရှက်ခြင်း ‘ဟိရီ’ တရားရှိခြင်း၊ ၃။ ရဟန်းတို့သည် မကောင်းမှုမှ ကြောက်ခြင်း ‘ဩတ္တပ္ပ’ တရားရှိခြင်း၊ ၄။ ရဟန်းတို့သည် များသော အကြားအမြင် ‘ဗဟုသုတ’ ရှိခြင်း၊ ၅။ ရဟန်းတို့သည် အားထုတ်သော လုံ့လ ‘ဝီရိယ’ ရှိခြင်း၊ ၆။ ရဟန်းတို့သည် စွဲမြဲသော ‘သတိ’ ရှိခြင်း၊ ၇။ ရဟန်း တို့သည် ဝိပဿနာ ‘ပညာ’နှင့် ပြည့်စုံခြင်း၊ ဤမဆုတ်ယုတ်ကြောင်း (အပရိဟာနိယ) တရားတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွားရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် မရှိဟု ဘုရားရှင် ဟောတော်မူ၏။ [၉][၅]

ဘိက္ခုအပရိဟာနိယတရား ၇ ပါး(၅)=[ပြင်ဆင်ရန်]

၁။ ရဟန်းတို့သည် မမြဲဟု မှတ်မှု ‘အနိစ္စသညာ’ ကို ပွားများနေခြင်း၊ ၂။ ရဟန်းတို့သည် အတ္တ မဟုတ်ဟု မှတ်မှု ‘အနတ္တသညာ’ ကို ပွားများနေခြင်း၊ ၃။ ရဟန်းတို့သည် မတင့်တယ်ဟု မှတ်မှု ‘အသုဘ သညာ’ ကို ပွားများနေခြင်း၊ ၄။ ရဟန်းတို့သည် အပြစ်ဟု မှတ်မှု ‘အာဒီနဝ သညာ’ ကို ပွားများ နေခြင်း၊ ၅။ ရဟန်းတို့သည် ပယ်ရန်မှတ်မှု ‘ပဟာနသညာ’ကို ပွားများနေခြင်း၊ ၆။ ရဟန်း တို့သည် တပ်မက်ခြင်းကင်းရန် မှတ်မှု ‘ဝိရာဂသညာ’ ကို ပွားများနေခြင်း၊ ၇။ ရဟန်းတို့သည် ချုပ်ခြင်းကို မှတ်မှု ‘နိရောဓသညာ’ ကို ပွားများနေခြင်း၊ ဤမဆုတ်ယုတ်ကြောင်း ‘အပရိ ဟာနိယ’ တရား ခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွား ရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် မရှိဟု ဘုရားရှင် ဟောတော် မူ၏။ [၁၀][၅]

မဆုတ်ယုတ်ကြောင်း တရား ၄ ပါး[ပြင်ဆင်ရန်]

  • ၁။ သီလနှင့် ပြည့်စုံခြင်း၊
  • ၂။ ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိခြင်း၊
  • ၃။ အစားအစာ၌ အတိုင်းအရှည်ကို သိခြင်း၊
  • ၄။ နိုးကြားခြင်း၌ ယှဉ်ခြင်း။ [၁၁][၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတအရှင်ဩဘာသာဘိဝံသသုတေသန သရုပ်ပြအဘိဓာန်
  2. ဒီဃ-၂-ပါ-၆၂၊ ဒီဃ-၂-ဋ္ဌ-၁၀၇။ ။ သာရန္ဒဒသုတ်၊ အံ-၇-ပါ-၄၀၇-၈၊ အံ-၇-ဋ္ဌ-၁၅၁။ ။ ဝဿကာရသုတ်၊ အံ-၇-ပါ-၄၀၉၊ အံ-၇-ဋ္ဌ-၁၅၅။ ။
  3. ပိဋကတ်လမ်းညွှန် (ဦးသီဟဗလ)
  4. (ဒီ၊၂၊၆၈။) (ဒီ၊မြန်၊၂။၇၉။)
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ ၅.၄ ၅.၅ ၅.၆ ♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  6. (ဒီ၊၂၊၆၆။) (ဒီ၊မြန်၊၂။၇၆။)
  7. (ဒီ၊၂၊၆၇။) (ဒီ၊မြန်၊၂။၇၈။)
  8. (ဒီ၊၂၊၆၅။) (ဒီ၊မြန်၊၂။၇၅။)
  9. (ဒီ၊၂၊၆၆။) (ဒီ၊မြန်၊၂။၇၇။)
  10. (ဒီ၊၂၊၆၇။) (ဒီ၊မြန်၊၂။၇၈။)
  11. (အံ၊၁၊၃၄၈။) (အံ၊မြန်၊၁။၃၆၃။)