အနုသယ
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
အနုသယ ဆိုသည်မှာ သတ္တဝါတို့၏ သန္တာန်၌ အဖန်ဖန်ဖြစ်ရန် အကြောင်းအဖြစ်ဖြင့် ကိန်းအောင်းနေတတ်သော ကိလေသာဓာတ်ခံများ ဖြစ်ပါသည်။ လျော်ကန်သော အကြောင်းတရားများနှင့် တွေ့ကြုံသည့်အခါ ပေါ်ထွက်လာနိုင်သော၊ မပယ်သတ်ရသေးသည့် ကိလေသာအနုဓာတ်များဟု ဆိုနိုင်ပါသည်။ ဥပမာအားဖြင့် ကြွက်သေတစ်ကောင်မှ အဆိပ်အတောက်သည် ကိန်းအောင်းနေပြီး သင့်လျော်သောအခြေအနေတွင် အစွမ်းပြသကဲ့သို့၊ အနုသယကိလေသာတို့သည်လည်း သန္တာန်၌ ကိန်းဝပ်နေပြီး အာရုံစသော အကြောင်းတိုက်ဆိုင်မှုရှိလျှင် ပေါ်ထွက်လာတတ်သည်။[၁]
အဋ္ဌကထာများတွင် အနုသယကို အောက်ပါအတိုင်း ရှင်းလင်းထားပါသည်-
- အနုသယနဋ္ဌေန: သတ္တဝါတို့၏ သန္တာန်၌ အစဉ်ကိန်းအောင်းနေတတ်သော သဘော။
- အပ္ပဟီနဋ္ဌော: အရိယာမဂ်ဖြင့် မပယ်သတ်ရသေးသော သဘော။
- အနုရူပံ ကာရဏံ လဘိတွာ ဥပ္ပဇ္ဇန္တီတိ အတ္ထော: သင့်လျော်သောအကြောင်းကိုရလျှင် ဖြစ်ပေါ်လာတတ်သောသဘော။
အနုသယ (၇) ပါး
[ပြင်ဆင်ရန်]သတ္တဝါတို့ သန္တာန်၌ ကိန်းအောင်းနေတတ်သော အနုသယကိလေသာ (၇) ပါးရှိပါသည်-
- ကာမရာဂါနုသယ: ကာမဂုဏ်အာရုံတို့၌ တပ်မက်ခြင်း၏ အနုသယဓာတ်ခံ။
- ပဋိဃာနုသယ: ဒေါသ၊ အမျက်ထွက်ခြင်း၊ မကျေနပ်ခြင်း၏ အနုသယဓာတ်ခံ။
- မာနာနုသယ: ထောင်လွှားခြင်း၊ မာန်မာနတက်ခြင်း၏ အနုသယဓာတ်ခံ။
- ဒိဋ္ဌာနုသယ: မှားယွင်းသောအယူဝါဒ (မိစ္ဆာဒိဋ္ဌိ) ၏ အနုသယဓာတ်ခံ။
- ဝိစိကိစ္ဆာနုသယ: ရတနာသုံးပါး၊ ကံ၊ ကံ၏အကျိုး စသည်တို့၌ ယုံမှားသံသယဖြစ်ခြင်း၏ အနုသယဓာတ်ခံ။
- ဘဝရာဂါနုသယ: ဘဝကို တပ်မက်ခြင်း (ရူပဘဝ၊ အရူပဘဝကို တပ်မက်ခြင်း) ၏ အနုသယဓာတ်ခံ။
- အဝိဇ္ဇာနုသယ: သစ္စာလေးပါးကို မသိခြင်း၊ မောဟ၏ အနုသယဓာတ်ခံ။
အနုသယ၏ သဘောသဘာဝနှင့် လက္ခဏာများ
[ပြင်ဆင်ရန်]- ကိန်းဝပ်နေသော သဘော: အနုသယသည် စိတ်၌ ထင်ရှားပေါ်ပေါက်နေသော ကိလေသာ (ပရိယုဋ္ဌာနကိလေသာ) တို့၏ အခြေခံအကြောင်းတရားဖြစ်ပြီး၊ သန္တာန်၌ ငုပ်လျှိုးကိန်းအောင်းနေပါသည်။ ဥပမာအားဖြင့် ကာမရာဂါနုသယ ကိန်းနေသူသည် ကာမဂုဏ်အာရုံနှင့်တွေ့လျှင် ကာမရာဂစိတ်များ ထကြွသောင်းကျန်းလာတတ်သည်။
- မပယ်ရသေးသော ကိလေသာ: ဤအနုသယကိလေသာတို့သည် အရိယာမဂ်ဉာဏ်ဖြင့် မပယ်သတ်ရသေးသမျှ ကာလပတ်လုံး သတ္တဝါတို့၏ သန္တာန်၌ ဆက်လက်တည်ရှိနေပါသည်။
- ခိုင်မြဲစွဲမြဲမှု: ဤကိလေသာများသည် သတ္တဝါတို့၏ သန္တာန်၌ အလွန်ခိုင်မြဲစွာ ကိန်းဝပ်နေတတ်ပြီး၊ နုတ်ပယ်ပစ်ရန် ခဲယဉ်းသည်။
- အကြောင်းတရားအဖြစ်: အနုသယသည် ထင်ရှားသောကိလေသာများ (ပရိယုဋ္ဌာန) ဖြစ်ပေါ်ရန် အကြောင်းခံဖြစ်သလို၊ သံသရာဝဋ်ဆင်းရဲ၌ ဆက်လက်ကျင်လည်စေရန်လည်း အဓိကအကြောင်းရင်း ဖြစ်သည်။
- ကာလသုံးပါးနှင့် ဆက်စပ်မှု: အချို့ဋီကာများက အနုသယသည် အနာဂတ်၌ ဖြစ်ပေါ်လာနိုင်သည့် ကိလေသာအလားအလာကို အဓိကရည်ညွှန်းသည် ("အနာဂတာ ဧဝ ဟိ ကာမရာဂါဒယော နိပ္ပရိယာယတော အနုသယာတိ ဝတ္တဗ္ဗတံ အရဟန္တိ") ဟု ဖွင့်ဆိုကြသည်။ အချို့က အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် သုံးပါးလုံးနှင့် ဆက်စပ်နိုင်သည်ဟု ဆိုသော်လည်း၊ အဘိဓမ္မာအဋ္ဌကထာကမူ အရိယာမဂ်ဖြင့် မပယ်ရသေးသောကြောင့် "ရှိသည်" ဟုသာ ခေါ်ဆိုရကြောင်း ဖွင့်ဆိုသည်။[၂]
စေတနာသုတ္တန်လာ အနုသယ၏ အခန်းကဏ္ဍ
[ပြင်ဆင်ရန်]သံယုတ္တနိကာယ်လာ စေတနာသုတ္တန်တွင် အနုသယ၏ သံသရာလည်ပတ်စေပုံကို အောက်ပါအတိုင်း ရှင်းပြထားပါသည်-
၁။ ရဟန်းတို့၊ သတ္တဝါတို့သည် (ဘဝသစ်ကိုဖြစ်စေတတ်သော) စေတနာကိုလည်း ဖြစ်စေ၏၊ (တဏှာဒိဋ္ဌိတို့ဖြင့်) ကြံစည်စိတ်ကူးမှု ဝိတက်ကိုလည်း ဖြစ်စေ၏၊ (ကာမရာဂါနုသယ စသည့်) အနုသယဓာတ်ကိုလည်း ဖြစ်စေ၏။ ဤ စေတနာ၊ ဝိတက်၊ အနုသယ တရားသုံးပါးသည် ကမ္မဝိညာဏ် (ဘဝသစ်ကိုဖြစ်စေနိုင်သော ဝိညာဏ်) တည်ရန် အကြောင်း (အာရမ္မဏ) ဖြစ်၏။ ကမ္မဝိညာဏ် တည်လျှင် နောင်ဘဝသစ် (ပုနဗ္ဘဝ) ဖြစ်ပွား၏။ ဘဝသစ်ဖြစ်ပွားလျှင် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ တည်းဟူသော ဆင်းရဲအစုအပုံကြီး ဖြစ်ပေါ်လာ၏။
၂။ ရဟန်းတို့၊ အကယ်၍ ထိုစေတနာနှင့် ဝိတက်တို့ကို မဖြစ်စေသော်လည်း၊ အနုသယဓာတ်သည် ကိန်းအောင်းနေသေးလျှင်၊ ထိုအနုသယဓာတ်သည်ပင် ကမ္မဝိညာဏ်တည်ရန် အကြောင်းဖြစ်ပြီး အထက်ပါအတိုင်း ဆင်းရဲအစုအပုံကြီး ဖြစ်ပေါ်လာစေနိုင်၏။
ဤသုတ္တန်အရ၊ အရိယာမဂ်ဖြင့် အနုသယကို မပယ်သတ်ရသေးသမျှ ကာလပတ်လုံး၊ ထင်ရှားသော ကုသိုလ်၊ အကုသိုလ်စေတနာများ မပြုလုပ်သည့်အချိန်၌ပင်၊ ကိန်းအောင်းနေသော အနုသယဓာတ်ကြောင့် ဘဝသစ် ဖြစ်ပေါ်နိုင်သေးသည်ကို သိရပါသည်။ ဝိပဿနာရှုပွားနေသော ယောဂီသည် အရဟတ္တမဂ် မရသေးလျှင်၊ ဘဝသစ်ဖြစ်စေနိုင်သော စေတနာ၊ ကပ္ပနာများ မရှိသော်ငြားလည်း၊ မပယ်ရသေးသော အနုသယကြောင့် ဝိပဿနာကုသိုလ်သည်ပင် လောကီအဆင့်၌ရှိနေသေးပါက နောင်ဘဝကို ဖြစ်စေနိုင်သေးသည်။ အနုသယသည် လောကီကုသိုလ်စေတနာများ၌လည်း ကိန်းဝပ်နိုင်ကြောင်း ဋီကာတို့၌ ဖွင့်ဆိုထားသည်။
အနုသယကို ပယ်သတ်ခြင်း
[ပြင်ဆင်ရန်]အနုသယကိလေသာတို့ကို အရိယာမဂ်ဉာဏ် (သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်) တို့ဖြင့်သာ အဆင့်ဆင့် ပယ်သတ်နိုင်ပါသည်။ ၎င်းတို့သည် "မဂ္ဂဝဇ္ဈ" (မဂ်ဖြင့်သာ ပယ်သတ်အပ်သောတရား) များ ဖြစ်ကြသည်။ ရဟန္တာအဖြစ်သို့ ရောက်သောအခါ အနုသယအားလုံး အကြွင်းမဲ့ ချုပ်ငြိမ်းသွားပါသည်။ ထို့ကြောင့် "ရဟန္တာ၌ အနုသယရှိသလော" ဟုမေးလျှင် "မရှိ" ဟု ဖြေရမည် ဖြစ်သည်။[၃]
အခြားအယူအဆအချို့ (အကျဉ်း)
[ပြင်ဆင်ရန်]ရှေးအခါက အန္ဓကနှင့် အချို့သော ဥတ္တရာပထက ဗုဒ္ဓဘာသာဂိုဏ်းခွဲတို့က အနုသယကို အာရုံမရှိသောတရား (အနာရမ္မဏ)၊ အကြောင်းကင်းသောတရား (အဟေတုက)၊ စိတ်နှင့်မယှဉ်သောတရား (စိတ္တဝိပ္ပယုတ္တ) စသည်ဖြင့် ယူဆခဲ့ကြသော်လည်း၊ ထိုအယူအဆများကို ထေရဝါဒကျမ်းဂန်များ၌ ပယ်ဖျက်ရှင်းလင်းထားပါသည်။[၄]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ အနုသယ (ပု) [အနု+သိ+အ] (၁) သတ္တဝါတို့ သန္တာန်၌- ကိန်း-တည်နေ-တတ်သော- အဖန်ဖန်ဖြစ်တတ်သော-တရား၊ ကြွက်အဆိပ်ကဲ့သို့ လျော်သောအကြောင်းကို ရလျှင် ဖြစ်ပေါ်နိုင်သောတရား၊ အနုသယတရား။ သတ္တာနုသယာ ကာမရာဂါနုသယော၊ ပဋိဃာနုသယော၊ မာနာနုသယော၊ ဒိဋ္ဌာနုသယော၊ ဝိစိကိစ္ဆာနုသယော၊ ဘဝရာဂါနုသယော၊ အဝိဇ္ဇာနုသယော။ (ဒီ၊၃၊၂၁ဝ။ သံ၊၃၊၅၅။ အံ၊၂၊၄၀၁။ အဘိ၊ဝိ၊၃၉၇။ ယမက၊၂၊ ၅၅။) အနုသယာတိ ကေနဋ္ဌေန အနုသယာ? အနုသယနဋ္ဌေန။ ကော စ သော အနုသယနဋ္ဌော နာမာတိ အပ္ပဟီနဋ္ဌော။ ဧတေဟိ အပ္ပဟီနဋ္ဌေန တဿ တဿ သန္တာနေ အနုသေန္တိ နာမ၊ တသ္မာ အနုသယာတိ ဝုစ္စန္တိ။ အနုသေန္တီတိ အနုရူပံ ကာရဏံ လဘိတွာ ဥပ္ပဇ္ဇန္တီတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၃၊၃၁၉။ မဟာနိ၊ဋ္ဌ၊၂၀၅။ ပဋိသံ၊ဋ္ဌ၊၂၊၈။) သုခါယ ပနာယျေ ဝေဒနာယ ကိံ အနုသယော အနုသေတိ...။ မ၊၁၊၃၇၇။ = ကတမော အနုသယော အနုသေတိ၊ အပ္ပဟီနဋ္ဌေန သဿိတော ဝိယ ဟောတိ။ (မ၊ဋ္ဌ၊၂၊၂၆၆။) တုဝံ (သဗ္ဗေ၊အံ) အနုသယေ ဆေတွာ။ မ၊၂၊၃၅၄။ အံ၊၃၊၆၂။ သုတ္တနိ၊၃၆၂၊၃၇ဝ။ ထေရ၊၃၃၂။ “အသ္မီ”တိ အနုသယော။ သံ၊၂၊၁၀၇။ အဘိ၊ဝိ၊၁၇၀။ မဟာနိ၊၂၆၀။ အတ္ထိ အရဟတော အနုသယာတိ? န ဟေဝံ ဝတ္တဗ္ဗေ။ အတ္ထိ အရဟတော အနုသယာတိ? အာမန္တာ။ အဘိ၊က၊၇၈။ တိက္ခိန္ဒြိယမုဒိန္ဒြိယဝသေနေဝ ပဋိက္ခေပပဋိဇာနနာနိ ဝေဒိတဗ္ဗာနိ။ (အဘိ၊ဋ္ဌ၊၃၊၁၄၅။) အာရဒ္ဓဝီရိယဿ အနုသယာ ပျန္တီ ဟောန္တိ။ (ပဋိသံ၊၁၇ဝ။)
- ↑ (အနုသယ၏ အဖွင့်တို့ကား ဋီကာတို့၌ များစွာလာသည်။ ယင်းတို့တွင် မဂ်ဖြင့် မပယ်အပ်သေးသည်ဖြစ်၍ လျောက်ပတ်သော အကြောင်းကို ရလျှင် ဖြစ်ပေါ်လာနိုင်သည်ကိုပင် ကိန်းသည်ဟု ဆိုရပုံကို၎င်း, မဂ်ဖြင့် မပယ်အပ်သော အခြင်းအရာမျှကို အနုသယခေါ်သည် မဟုတ်၊ မဂ်ဖြင့် မပယ်အပ်သေး၍ ခိုင်မြဲခြင်းသို့ ရောက်သော ကိလေသာကိုသာ အနုသယဟု ခေါ်ရပုံကို၎င်း ဆိုခဲ့ပြီး ဋ္ဌ-တို့နှင့်တကွ ဒီ၊ဋ္ဌ၊၃၊၂၂၃။ သံ၊ဋ္ဌ၊၃၊၁၇၅။ အဘိ၊ဋ္ဌ၊၃၊၂၁၅၊၃၁၉။ မဟာနိ၊ဋ္ဌ၊၃၅၊၈၁၊၂၅၈။ ပဋိသံ၊ဋ္ဌ၊၁၊၂၅၇။ နေတ္တိ၊ဋ္ဌ၊၁၇ဝ။ ဝိသုဒ္ဓိ၊၂၊၃၂၅။ သာရတ္ထ၊၁၊၇၇။ သီ၊ဋီ၊သစ်၊၁၊၁၀၁။ မ၊ဋီ၊၂၊၂၈၆။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၁။ ဝိသုဒ္ဓိ၊ဋီ၊၂၊၄၉၇-တို့တွင် ကြည့်။) (ယင်းအနုသယတို့ အတိတ်, အနာဂတ်, ပစ္စုပ္ပန် ၃-မျိုးလုံး ဖြစ်နိုင်ပုံကို အဘိ၊ဋ္ဌ၊၃၊၃၁၉။ မဟာနိ၊ဋ္ဌ၊၂၁၅-၆။ ပဋိသံ၊ဋ္ဌ၊၂၊၈-တို့တွင်၎င်း၊ ယင်း ၃-မျိုးတွင်လည်း အနာဂတ်သာ မုချအားဖြင့် အနုသယ မည်သည် ဟူသော အဆိုကို မ၊ဋီ၊၂၊၂၈၆-၇။ အနုဋီ၊၃၊၁၉၆။ သံ၊ဋီ၊၂၊၈၁။ သာရတ္ထ၊၁၊၅-တို့တွင်၎င်း ကြည့်။) (အဘိ၊ဋ္ဌ၊၃၊၂၁၅။ ဝိသုဒ္ဓိ၊၂၊၃၂၈-နှင့် အနုသယိတကိလေသတို့လည်း ကြည့်။) (ယင်း အနုသယတို့၏ ခိုင်မြဲခြင်းသို့ ရောက်မှုဟူသည်မှာလည်း ကာမရာဂ စသော ၇-ပါးတို့၏သာ အခြားတရားတို့နှင့် မဆက်ဆံသော သဘောဖြစ်ပုံနှင့် ယင်းသဘောဟူသည်လည်း နုတ်ပယ်ပစ်ရန် ခဲယဉ်းလောက်အောင် စွဲမြဲစွာ သတ္တဝါတို့ သန္တာန်၌ ကိန်းနေမှုကိုပင် ဆိုလိုကြောင်းကို မဟာနိ၊ဋ္ဌ၊၈၁။ ဒီ၊ဋီ၊၃၊၂၅၉။ သံ၊ဋီ၊၂၊၄၁၃။ မူလဋီ၊၃၊၁၄၂။ အနုဋီ၊၃၊၁၉၇။ ဝိသုဒ္ဓိ၊ဋီ၊၂၊၄၉၇-တို့တွင် ကြည့်။)
- ↑ နိဗ္ဗာနဂါမိနိပဋိပဒါ - တတိယတွဲ - ဖားအောက်တောရဆရာတော်
- ↑ (အနုသယတို့ ကြွက်အဆိပ်နှင့် တူပုံ အဆိုကို သာရတ္ထ၊၁၊၇၅-တွင်၎င်း, ယင်းတို့ မဂ္ဂဝဇ္ဈ ဖြစ်ပုံကို အဘိ၊ဋ္ဌ၊၃၊၂၁၅။ ဝိသုဒ္ဓိ၊၂၊၃၂၃-၆။ သံ၊ဋီ၊၂၊၂၁၆။ အနုဋီ၊၃၊၁၉၆-တို့တွင်၎င်း, အခြားသော တရားများ ရှိလျက် ဤ ၇-ပါးကိုသာ အနုသယခေါ်ရပုံကို မူလဋီ၊၃၊၁၄၂။ မ၊ဋီ၊၂၊၂၈၇-တို့တွင်၎င်း ကြည့်။) (အနုသယနှင့် သံယောဇဉ်တို့ တခြားစီ ဖြစ်သည်ဟု လွဲမှားစွာ ယူသူတို့ ရှိကြောင်းကို မ၊ဋ္ဌ၊၃၊၁၀၁-တွင် ကြည့်။) (ဤအနုသယတို့ကို အန္ဓကနှင့် အချို့သော ဥတ္တရာပထက ဂိုဏ်းသားတို့က အနာရမ္မဏ, အဗျာကတ, အဟေတုက, စိတ္တဝိပ္ပယုတ္တဟု ယူပုံနှင့် ယင်းအယူတို့ကို နှိမ်နင်းပုံကို အဘိ၊က၊ ၂၉၉-၃ဝဝ၊ ၃၂၃-၄၊ ၃၂၅-၇။ အဘိ၊ဋ္ဌ၊၃၊၂၁၅၊၃၁၉-တို့တွင်၎င်း, အနုသယနှင့် ပရိယုဋ္ဌာနတို့ တခြားစီဟု ယူသော အန္ဓကဂိုဏ်းသားတို့ အယူနှင့် ယင်းကို နှိမ်နင်းပုံကို အဘိ၊က၊ ၃၆၂-၃။ အဘိ၊ဋ္ဌ၊၃၊၂၄၂-တို့တွင်၎င်း ကြည့်။) (အနုသယ ယမိုက်၊ ဋီကာကျော်၊ မဏိမဉ္စူ တို့လည်း ကြည့်။) (၂) ကိန်းခြင်း။ အနုသယဝစန-ကြည့်။