အနိစ္စသုတ်

ဝီကီပီးဒီးယား မှ

(၁၁)သုတ် ရှိပါသည်။

[၁] ခန္ဓာငါးပါး၏ မမြဲပုံကို ရှုမြင်သော အကြားအမြင်များသော အရိယာသာဝကသည် ခန္ဓာငါးပါး၌ ငြီးငွေ့စိတ်ပျက်၏။ ငြီးငွေ့စိတ်ပျက်ခြင်းကြောင့် တပ်မက်မှု ကင်း၏။ တပ်မက်မှု ကင်းခြင်းကြောင့် (ကိလေသာအနှောင်အဖွဲ့မှ) လွတ်မြောက်၏။ (ကိလေသာ အနှောင်အဖွဲ့မှ) လွတ်မြောက်ပြီ-ဟု သိမြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်ဖြစ်၏။ မိမိမှာ ဇာတိမရှိတော့ပုံ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပုံ၊ ပြုဖွယ်ကိစ္စအားလုံး ပြီးစီးသွားပုံ၊ မဂ်ကို ပွားများဖွယ် မလိုတော့ပုံတို့ကို သိမြင်၏-ဟု ဟောတော်မူသည့်သုတ်။


[၂] ရုပ်သည်မမြဲ၊ မမြဲသောရုပ်သည် ဆင်းရဲသောသဘောရှိ၏၊ ဆင်းရဲခြင်းသဘော ရှိသော ရုပ်သည် အတ္တ (အသက်, လိပ်ပြာ, ဝိညာဏ်ကောင်) မဟုတ်၊ အတ္တမဟုတ်သော ရုပ်ကို “ငါ့ဥစ္စာမဟုတ်, ငါမဟုတ်, ငါ၏အတ္တမဟုတ်” ဟု မှန်ကန်သော ဝိပဿနာပညာ, မဂ်ပညာဖြင့် ရှုမြင်ရမည်။ မှန်ကန်သော (ဝိပဿနာပညာ, မဂ်) ပညာဖြင့် အမှန်အတိုင်း သိမြင်သောပုဂ္ဂိုလ်၏ စိတ်သည် တပ်မက်မှုကင်း၏။ တစုံတခုသော အာရုံကို (တဏှာ, ဒိဋ္ဌိတို့ဖြင့်) မစွဲမူ၍ အာသဝတို့မှ လွတ်မြောက်၏။ ဤနည်းအတိုင်း ကျန်ခန္ဓာလေးပါးတို့၌လည်း အမှန်အတိုင်း သိမြင်လာအောင် အားထုတ်ရမည်။ သိမြင်လျှင် အာသဝတို့မှ လွတ်မြောက်တော့သည်သာ။

ရူပဓာတ် အစရှိသော ခန္ဓာငါးပါးတို့၌ တပ်မက်မှုကင်းသော (ယောဂီ) ရဟန်း၏ စိတ်သည် (တဏှာ, ဒိဋ္ဌိတို့ဖြင့်) တစုံတခုသော အာရုံကို မစွဲယူတော့မူ၍ အာသဝတို့မှ လွတ်မြောက်တော့၏။ လွတ်မြောက်ပြီးခြင်းကြောင့် (ပြုဖွယ်ကိစ္စ မရှိတော့သည်၏ အဖြစ်၌) တည်နေပြီ။ ထိုသို့ တည်နေခြင်းကြောင့် ရောင့်ရဲတင်းတိမ်အားရကျေနပ်နိုင်၏။ ထိုသိုရောင့်ရဲနိုင်ခြင်းကြောင့် (တဏှာ, ဒိဋ္ဌိတို့ဖြင့်) မတောင့်တတော့ပေ၊ တောင့်တမှု မရှိခြင်းကြောင့် ကိုယ်တိုင်သာလျှင် ကိလေသာအပူမီးတောက်တို့ အပြီးတိုင် ငြိမ်းပျောက် တော့၏။ မိမိမှာ ဇာတိမရှိတော့ပြီ-အစရှိသည်ဖြင့် အထက်သုတ်အတိုင်း သိမြင်လေ တော့၏-ဟု ဟောတော်မူသည့်သုတ်။


[၃] ခန္ဓာငါးပါးတို့၌ အထက်သုတ်ဝယ် ဟောတော်မူသည့်အတိုင်း (ဝိပဿနာဉာဏ်, မဂ်ဉာဏ်တို့ဖြင့်) သိမြင်အောင် ရှုမှတ်ရမည်။ ဤသို့ အမှန်အတိုင်း သိမြင်လျှင် (အတိတ် ခန္ဓာအဖို့ အစုသို့ အစဉ်အလိုက်သော) ပုဗ္ဗန္တာနုဒိဋ္ဌိ (၁၈) ပါး၊ (အနာဂတ်ခန္ဓာအဖို့ အစုသို့ အစဉ်လိုက်သော) အပရန္တာနုဒိဋ္ဌိ (၄၄) ပါး ဟူသော မိစ္ဆာအယူ (၆၂) မျိုးတို့ မဖြစ်တော့ပေ။ အပရန္တာနုဒိဋ္ဌိ မဖြစ်တော့သည်ရှိသော် မိစ္ဆာအယူဟူသော စွမ်းအား မိစ္ဆာ အယူဖြင့် မှားမှားယွင်းယွင်း နှလုံးသွင်းမှု မဖြစ်တော့ပေ။ ထိုသို့ မိစ္ဆာအယူဟူသော စွမ်းအား, မိစ္ဆာအယူဖြင့် မှားမှားယွင်းယွင်း နှလုံးသွင်းမှု မရှိတော့လျှင် ခန္ဓာငါးပါး၌ တပ်မက်မှုကင်းလျှင် အာသဝတို့မှ လွတ်မြောက်တော့၏ အစရှိသည်ဖြင့် အထက်က သုတ်အတိုင်း ဟောတော်မူသည့်သုတ်။


[၄] ဘုရားရှင်က “မမြဲသောတရား၌ တဏှာဆန္ဒကို ပယ်ရမည်” ဟု လျှောက်ထား လာသော အညတရ ရဟန်းအား အကျဉ်းချုပ် တရားကို ဟောတော်မူရာ အညတရ ရဟန်းက “သိပါပြီ မြတ်စွာဘုရား၊ သိပါပြီ မြတ်စွာဘုရား” ဟု လျှောက်ထားသဖြင့် ဘုရားရှင်က မေးတော်မူရာ အညတရ ရဟန်းက “ခန္ဓာငါးပါး၏ မမြဲပုံ၊ ထိုမမြဲသော ခန္ဓာငါးပါး၌ တဏှာဆန္ဒကိုပယ် (နိုင်အောင်အားထုတ်) ရမည်” ဟု သိမြင်ပါကြောင်း လျှောက်ထားပါသည်။ ဘုရားရှင်က သာဓုခေါ်တော်မူပြီး သင်လျှောက်ထားသည့် အတိုင်း ရှုမြင်ရမည်ဟု ခန္ဓာတစ်ပါးစီ တစ်ပါးစီကို ထပ်မံရှင်းလင်း၍ ဟောတော်မူသည့်ဒေသနာတော်အဆုံး၌ အညတရရဟန်း ရဟန္တာဖြစ်ပုံကို ဟောတော်မူသည့်သုတ်။


[၅]

မမြဲသော ခန္ဓာငါးပါး၌ လိုချင်မှုဆန္ဒကိုပယ် (နိုင်အောင်အားထုတ်)ရမည်ဟု ဟောတော်မူသည့်သုတ်။


[၆] မမြဲသောခန္ဓာငါးပါး၌ တပ်မက်မှု “ရာဂ”ကို ပယ်ရမည်ဟု ဟောတော်မူသည့်သုတ်။


[၇] မမြဲသော ခန္ဓာငါးပါး၌ ဆန္ဒရာဂကိုပယ် (နိုင်အောင်အားထုတ်)ရမည်ဟု ဟောတော်မူသည့်သုတ်။


[၈] ဘုရားရှင်အား အရှင်ရာဓထေရ်က အနိစ္စမည်သော တရားကို မေးမြန်းလျှောက်ထားရာ ဘုရားရှင်က ခန္ဓာငါးပါး၏ အနိစ္စဖြစ်ပုံမှ အစပြု၍ ပစ္စဝေက္ခဏာဉာဏ်ဖြစ်ပုံ အထိ ဟောတော်မူသည့်သုတ်။


[၉] သုခ, ဒုက္ခ, အဒုက္ခမသုခ-ဟူသော ဝေဒနာသုံးပါး၏ မမြဲပုံ၊ ကံအစရှိသော အကြောင်းလေးပါးတို့ ပေါင်းစုပြုပြင်ပုံ၊ အကြောင်းတရားကို စွဲ၍ အကျိုးတရားတို့ ဖြစ်ပေါ်လာပုံ၊ ကုန်ခြင်းသဘော, ပျက်ခြင်းသဘော, တပ်မက်မှုကင်းကွာခြင်းသဘော, (ကိလေသာတို့) ချုပ်ငြိမ်းခြင်းသဘောရှိပုံကို ဟောတော်မူသည့်သုတ်။


[၁၀] ဝိဝေကနိဿိတ, ဝိရာဂနိဿိတ, နိရောဓနိဿိတ, ဝေဿဂ္ဂပရိဏာမီဖြစ်သော မမြဲဟုမှတ်သားမှု အနိစ္စသညာနှင့်တကွဖြစ်သော ဗောဇ္ဈင်ခုနစ်ပါးကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမားလှ၏ဟု ဟောတော်မူသည့်သုတ်။


[၁၁] တစုံတခုသော သင်္ခါရကို မြဲ၏ဟု ရှုမြင်သော ရဟန်းသည် အနုလောမိကခန္တီဉာဏ် (လောကုတ္တရာတရား အားလျော်သောပညာ) နှင့် မပြည့်စုံနိုင်၊ အနုလောမိက ခန္တီဉာဏ်နှင့် မပြည့်စုံသည်ရှိသော် သမ္မတ္တနိယာမ (မဖောက်မပြန်သောသဘောဟု ဆိုအပ်သော မဂ်)သို့ မသက်ဝင်နိုင်၊ သမ္မတ္တနိယာမသို့ မသက်ဝင်သည်ရှိသော် အရိယာဖိုလ်လေးခုကို မျက်မှောက်မပြုနိုင်ပုံကိုလည်းကောင်း၊

အလုံးစုံသော သင်္ခါရတို့ကို မမြဲဟုရှုမြင်သော ရဟန်းသည် အနုလောမိက ခန္တီဉာဏ်နှင့် ပြည့်စုံ၏၊ အနုလောမိကခန္တီဉာဏ်နှင့် ပြည့်စုံလျှင် သမ္မတ္တနိယာမသို့ သက်ဝင်နိုင်၏၊ သမ္မတ္တနိယာမသို့ သက်ဝင်လျှင် ဖိုလ်လေးပါးကို မျက်မှောက်ပြုနိုင်၏ ဟုလည်းကောင်း ဟောတော်မူသည့်သုတ်။ [၁၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၁၈။ သံ၊မြန်၊၂၊၁၇။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ ၂-အနိစ္စဝဂ္ဂ၊ ပဌမသုတ်။
  2. -သံ၊၂၊၃၇။ သံ၊မြန်၊၂၊၃၆။ သံ၊ဋ္ဌ၊၂၊၂၄၈။ သံ၊ဋီ၊၂၊၂၁၉-၂၂၀။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ ၅-အတ္တဒီပဝဂ္ဂ၊ တတိယသုတ်။
  3. -သံ၊၂၊၃၇။ သံ၊မြန်၊၂၊၃၇။ သံ၊ဋ္ဌ၊၂၊၂၄၈။ သံ၊ဋီ၊၂၊၂၂၀။ -သံယုတ္တနိကာယ၊ ...၊ ၅-အတ္တဒီပဝဂ္ဂ၊ စတုတ္ထသုတ်။
  4. -သံ၊၂၊၆၃။ သံ၊မြန်၊၂၊၆၀-၆၁။ သံ၊ဋ္ဌ၊၂၊၂၅၈။ -သံယုတ္တနိကာယ၊ ...၊ (၇)၂-အရဟန္တဝဂ္ဂ၊ စတုတ္ထသုတ်။
  5. -သံ၊၂၊၁၄၅။ သံ၊မြန်၊၂၊၁၃၆။ -သံယုတ္တနိကာယ၊ ...၊ (၁၄)၄-ကုက္ကုဠဝဂ္ဂ၊ ဒုတိယသုတ်။
  6. -သံ၊၂၊၁၄၆။ သံ၊မြန်၊၂၊၁၃၆။ -သံယုတ္တနိကာယ၊...တတိယသုတ်။
  7. -သံ၊၂၊၁၄၆။ သံ၊မြန်၊၂၊၁၃၇။ -သံယုတ္တနိကာယ၊ ...၊ စတုတ္ထသုတ်။
  8. -သံ၊၂၊၁၅၉။ သံ၊မြန်၊၂၊၁၅၁။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၂-ရာဓသံယုတ္တ၊ ၂-ဒုတိယဝဂ္ဂ၊ တတိယသုတ်။
  9. -သံ၊၂၊၄၁၆။ သံ၊မြန်၊၂၊၄၁၀။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၂-ဝေဒနာသံယုတ္တ၊ ၁-သဂါထာဝဂ္ဂ၊ နဝမသုတ်။
  10. -သံ၊၃၊၁၁၆။ သံ၊မြန်၊၃၊၁၂၁။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္ဈင်္ဂသံယုတ္တ၊ ၈-နိရောဓဝဂ္ဂ၊ ပဉ္စမသုတ်။
  11. -အံ၊၂၊၃၈၄။ အံ၊မြန်၊၂၊၄၈၅။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ ၁၀-အာနိသံသဝဂ္ဂ၊ တတိယသုတ်။
  12. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ