အနာတမီ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အနာတမီဟူသော ဝေါဟာရသည် ဂရိဘာသာ စကားမှ ဆင်းသက်လာ၍ ခွဲစိတ်ခြင်း၊ ဖြတ်တောက်ခြင်းဟု အဓိပ္ပါယ်ရသည်။ ကိုယ်ခန္ဓာရှိ အသားမျှင်အားလုံးတို့ကို ဓား၊ ည|ပ်တို့နှင့် သတိရှိရှိဖြင့် ခွဲစိတ်ဖြတ်တောက်ခြင်းအားဖြင့် ဆေးကျောင်းသားတစ်ယောက်သည် ထိုအသားမျှင်တို့၏ အနေ အထားနှင့် ယင်းတို့၏ ဆောင်ရွက်မှုတို့ကို တိတိကျကျ သိရှိ နိုင်လေသည်။ သမိုင်းတင်သည့်အခါမှစ၍ လူသေကောင်ကို ဤကဲ့သို့ စူးစမ်းစစ်ဆေး လေ့လာခဲ့သော်လည်း လူတို့၏ အယူ သည်းမှု၊ အသိပညာ ကင်းမဲ့မှုတို့ကြောင့် အလယ်ခေတ် တစ်လျှောက်လုံးတွင် သိပ္ပံပညာနည်းဖြင့် ရှာဖွေလုပ်ကိုင်ခဲ့သော လူတစ်စုမှာ အတော်ပင် စိတ်ပျက်ခဲ့ရလေသည်။ ယခုခေတ် အနာတမီပညာကို စတင် ပြုစုပျိုးထောင်သူမှာ ဗီဆေးလိယပ် အမည်ရှိ ဗဲလဂျီယန် အမျိုးသားတစ်ဦး ဖြစ်သည်။ ၁၆ ရာစု ခေတ်မှာပင် ဣတာလျံလူမျိုးတစ်ဦးဖြစ်သော ဖဲလိုးပိယက် အမည်ရှိ ပုဂ္ဂိုလ်သည် နောက်ခေတ် သုတေသီများကို များစွာ ကူညီခဲ့လေသည်။


ရှေးခေတ်က ခွဲစိတ်စစ်ဆေးရန် လူသေကောင်ရဖို့ အရေး သည် မလွယ်ကူလှချေ။ သုသာန်မှ လူသေကောင်များကိုခိုး၍ ဆရာဝန်နှင့် ခွဲစိတ်ကုဆရာဝန်များကို ပေးရသည်။ ခွဲစိတ်ကု ဆရာဝန်များက မိမိတို့၏ ဆိုင်ရာ ကျောင်းသားများကို လူသေ ကောင်များဖြင့် လက်တွေ့သင်ကြားပေးရလေသည်။ ၁၉ ရာစု ခေတ်မှာပင် လူသတ်သမားကြီးများဖြစ်ကြသော ဗတ်နှင့် ဟဲတို့ သည် မိမိတို့ သတ်ဖြတ်ခဲ့သော အလောင်းကောင်များကို အက်ဒင်ဗရာမြို့မှ ဒေါက်တာနော့အား လက်တွေ့ စမ်းသပ်ရန် ရောင်းချကြသည်။ ယခုတိုင် လန်ဒန်မြို့ရှိ အချို့သော ဝတ် ကျောင်းပတ်လည် သုသာန်မြေဟောင်းများတွင် ညဉ့်အစောင့် များသည် လူသေအလောင်း သူခိုးများကို စောင့်ဖမ်းနေကြ ရသည်။ ကျွန်ုပ်တို့ခေတ်တွင်မူကား လူများသည် အမြင်ပို၍ ကျယ်လာသည်ဖြစ်ရကား ခွဲစိတ်ခြင်းကို သဘောပေါက်လာရာ ရောဂါဆန်းနှင့် သေဆုံးသောသူ၏ အလောင်းများကို ခွဲစိတ် စစ်ဆေးနိုင်ရန် ဆေးရုံရှိ ဆရာဝန်များထံ ထားခဲ့ကြလေသည်။ ဤသို့ ထားခဲ့ခြင်းအားဖြင့် ရောဂါပျောက်ကင်းရေးတွင် ဆရာဝန်များအား ကူညီရာရောက်သည်ဟု သိရှိလာကြသည်။ ခန္ဓာကိုယ် ဆောင်ရွက်မှုများကို အမျိုးမျိုးသော အင်္ဂါစုများ က ထိန်းသိမ်း စောင့်ရှောက်လျက် ရှိကြ၏။ ပါးစပ်မှ စအိုထိ တောက်လျှောက်တန်းလျက်ရှိသော အစာချေအင်္ဂါစုသည် အစာ ကို ညက်ညက်ကြေအောင် ဝါး၍ သက်ရှိတို့၏ လိုအပ်သော နေရာများသို့ပို့ပေးရန် ပြင်ဆင်မှုများ ပြုလုပ်ပေးရသည်။ အသက်ရှူမှု အင်္ဂါစုတွင် အဆုတ်နှင့် လေလမ်းများပါဝင်ရာ ယင်းတို့က အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် များကို လဲလှယ်ပေးရ၏။ သွေးကြောစုသည် နှလုံးဟုဆိုအပ် သော သန်မာသည့် အသားပြွတ်တစ်ခုဖြင့် ပြုလုပ်ထားရာ ထို နှလုံးသည် ကိုယ်အင်္ဂါ အစိတ်အပိုင်း အရပ်ရပ်သို့ သွေးများ ပျံ့နှံ့သွားစေရန် သွေးလွှတ် ကြော၊ သွေးပြန်ကြော၊ သွေးမျှင် ကြောတို့မှတဆင့် ပန်းထုတ်ပေးရသည်။ သွေးသည် အောက် ဆီဂျင်ကို တစ်ရှူးများဆီသို့ ပို့၍ ကာဗွန်အောက်ဆိုဒ်ကို ဖယ်ရှားပစ်သည်။

ခန္ဓာကိုယ် အရိုးစုသည် ကိုယ်ထည်တစ်ခုလုံးကို ထောက်ပံ့ ၍ ဆောင်ထား၏။ အရိုးများတွင် ကြွက်စွန်းကြောများ ကပ် လျက်ရှိသောကြောင့် လှုပ်ရှားနိုင်၏။ နာဗ်ကြောများ ကပ်လျက် ရှိသောကြောင့် လှုပ်ရှားနိုင်၏။ နာဗ်ကြောအဖွဲ့သည် အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိစေသာ အာရုံများ၏ စေ့ဆော်မှုများကို သယ်ဆောင်ယူသွားသော အဖွဲ့အစည်း ဖြစ် သည်။ မာသောခေါင်းခွံဖြင့် ဖုံးအုပ်ကာကွယ်ထားသော ဦးနှောက်သည်ကား မှတ်ဉာဏ်နှင့် ဆင်ခြင်တုံတရားစသော စိတ်နှင့်ဆိုင်သည့် ဆောင်ရွက်မှုတို့ကို ပြုလုပ်ဆောင်ရွက်သော ဗဟိုဌာန ဖြစ်သည်။

ကျွန်ုပ်တို့၏ ခန္ဓာကိုယ် အဆောက်အအုံကို ခွဲစိတ် လေ့လာ သော အတတ်ပညာကို လက်တွေ့ အနာတမီဟု ခေါ်သည်။ ယင်းလက်တွေ့ပညာသည် ခွဲစိတ်ကုဆရာဝန်အတွက် အလွန် လိုအားအပ်သော အခြေခံပညာ ဖြစ်သည့်ပြင် သာမန် ဆရာဝန် အတွက်လည်း လိုပေသည်။ လူမှတစ်ပါး တိရစ္ဆာန် အမျိုးမျိုး ရှိရာတွင် တစ်မျိုးနှင့်တစ်မျိုး မည်သို့ အဆက်အသွယ်ရှိပုံကို လည်း နှိုင်းရှည့်၍ ခွဲစိတ် လေ့လာကြသေးသည်။ ၁၈ ရာစု ခေတ်တွင် ကူးဗီယေ, ဂျီအမည်ရှိ ပြင်သစ် အမျိုးသားတစ်ဦးသည် တိရစ္ဆာန်များကို ယင်းတို့၏ အသွင်ဖြင့် မဟုတ်ပဲ ကိုယ်တွင်း တည်ဆောက်ထားသည့် အနေအထားကိုလိုက်၍ အမျိုးအစား ခွဲခြင်းကို စတင် ပြုစု ပေးခဲ့သည်။


နောက်ရာစုခေတ်တွင် ချားလ်စ်ဒါဝင်က အချို့ တိရစ္ဆာန်အစုများ သည် တစ်စုနှင့်တစ်စု တည်ဆောက်ထားပုံခြင်းတူကြောင်း ဖော်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် ရှေး တိရစ္ဆာန်တစ်မျိုးတည်းမှ ဆင်းသက်ပေါက်ဖွားလာခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။


ဆောင်ရွက်မှု အနာတမီသည် ခန္ဓာကိုယ် အစိတ်အပိုင်း များ၏ လုပ်ကိုင်မှုနှင့် ပတ်သက်သည်။ ဤပညာရပ်ခွဲနှင့် စပ် လျဉ်း၍ ၁၆၂၈ ခုနှစ်က အင်္ဂလိပ်လူမျိုး ဝီလျံဟားဗေးဆိုသူ သည် သွေးလှည့်ပတ်ခြင်းအကြောင်းကို ပြဆိုခဲ့၏။ သူသည် ပက်ဒူးအားမြို့၌ ဗီဆေးလိယပ်နှင့် ဖဲလိုးပိယက်တို့ ပြုစုလုပ် ကိုင်ခဲ့သော အလုပ်များကို နည်းခံ၍ လေ့လာသင်ကြားခဲ့သည်။ သွေးလှည့်ပတ်ခြင်းအကြောင်းကို ဟားဗေး မတွေ့မီက သွေး သည် လှည့်ပတ်မသွားဘဲ ကိုယ်တွင်း၌ ရှေ့တိုးနောက်ဆုတ်ကာ လှုပ်ရှားလျက်ရှိသည်ဟူ၍ပင် အတော်ဆန်းဆန်း တွေးတော ယူဆခဲ့ကြသည်။


များစွာသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့၏ အမည်များ သည် ထိုအစိတ်အပိုင်းများကို ပထမဆုံး တွေ့ရှိသော ကာယ ဗေဒဆရာတို့၏ အမည်ကိုအစွဲပြု၍ ခေါ်ထားကြခြင်း ဖြစ် သည်။ ခေါင်းခွံရှိ ဂေလင်သွေးပြန်ကြောများ၊ ဦးနှောက်ရှိ ဆီလဗီယက်ပပ်ကြားများ၊ ပေါင်ခြံရှိ ပေါပပ်ရိုးဆက်ရွတ်များ၊ ပေါင်အတွင်းအောက် ပိုင်းရှိ ဟန်းတားပေါင်ဖျားမြောင်း စသည် တို့သည် ထိုပုဂ္ဂိုလ်တို့၏ အမည်ကို အစွဲပြု၍ ခေါ်ထားခြင်း ဖြစ်သည်။ ဂေလင်သည် ဂရိလူမျိုးဖြစ်၍ ရောမမြို့မှ ဆရာဝန် ဖြစ်သည်။ ဆီလဗီယက်သည် လေဒင် တက္ကသိုလ်မှ ဒပ်ချ လူမျိုး ပါမောက္ခဖြစ်၍ ပေါပပ်ကား ပြင်သစ်ကာယဗေဒဆရာ ဖြစ်သည်။ ဂျွန်ဟန်းတားသည် လင်းနာ့ရှိုင်ယာနယ်တွင် မွေးဖွား၍ ၁ဝ နှစ်သားအရွယ်တွင် သူ၏ဖခင် သေဆုံးသွား လေသည်။ ထိုကြောင့် ဂျွန်သည် အိမ်ထောင်ပရိဘောဂ လုပ်ကိုင်သူ ဆွေမျိုးတစ်ဦးထံသို့သွား၍ အလုပ်သင်ရသည်။ ဂျွန် အသက် ၂ဝ နီးပါးမျှ ရှိသောအခါ အလုပ်အကိုင် မကောင်းသဖြင့် လန်ဒန်မြို့တွင် အနာတမီ ကထိကဖြစ်နေသော သူ၏အစ်ကိုထံ စာရေး၍ အကူအညီ တောင်းရလေသည်။ သူ၏အစ်ကို ဝီလျံဟန်းတားကလည်း စာရေးသည့်အတိုင်း လန်ဒန်သို့ခေါ်ယူ၍ ခွဲစိတ်ခန်းတွင် အကူအညီအဖြစ်ဖြင့် လုပ်ကိုင်စေလေသည်။

ဂျွန်သည် တစ်နှစ်နီးပါးမျှ လုပ်ကိုင်ပြီးသောအခါ အနာ တမီပညာ၌ အတော်ဗဟုသုတရလာပြီဖြစ်ရကား ဆေးကျောင်း သား အတန်းတစ်တန်းကို သင်ကြားရန် တာဝန်ပေးခြင်း ခံရ လေသည်။ ထိုနောက် ချဲလဆီနှင့် စိန်ဗာသောလမျူးဆေးရုံ တို့တွင် ခွဲစိတ်ခြင်းဆိုင်ရာ ပညာရပ်ကို သင်ကြား တတ် မြောက်ပြီးနောက် ဆေးရုံ တစ်ခုတွင် ခွဲစိတ်ဆရာအဖြစ် ခန့် ထားခြင်း ခံရလေသည်။ ဂျွန်သည် မိမိဝါသနာပါသည့် ပညာ ရပ်တွင် လေ့လာဆည်းပူးသင်ကြားရသဖြင့် အံ့ဩလောက် အောင် တိုးတက်မှုရလာသောကြောင့် လူထု၏ကြည်ညို လေးစားမှု၊ ဂုဏ်ပြုမှုကို ရရှိလေသည်။ သူရရှိသော ငွေများကို နှိုင်းရှည့် အနာတမီ ပညာသင်ကြားရန်အတွက် နမူနာများကို စုဆောင်းရာ၌ အသုံးပြုခဲ့သည်။ အသက် ၆၅ နှစ်တွင် ဂျွန် ဟန်းတား သေဆုံး၏။ သေဆုံးပြီးနောက် သူစုဆောင်းထား သော နမူနာများကို ဗြိတိသျှ အစိုးရက ပေါင် ၁၄ဝဝဝ နှင့် ဝယ်၍ တော်ဝင်ခွဲစိတ်ရေး ဆရာဝန်များ ကောလိပ်သို့ လွှဲအပ် လိုက်လေသည်။ ဟန်းတားသည် သူ၏ခေတ်တွင် အနာတမီ ပညာ၌ ထူးခြားပြောင်မြောက်အောင် တတ်စွမ်းသည်သာမက ရောဂါစူးစမ်းရေး ဆရာဝန် အကြီးဆုံးလည်း ဖြစ်ခဲ့လေသည်။ ဖဲလိုးပိယက် (၁၅၂၃-၆၂)သည် ဣတလီနိုင်ငံ၊ မိုးဒေနာ မြို့တွင် မွေးဖွား၍ ဖာရာရားမြို့တွင် အနာတမီ ပါမောက္ခ ဖြစ်လာသည်။ ထိုနောက် သူသည် ပက်ဒူးအား တက္ကသိုလ်၌ အနာတမီ၊ ခွဲစိတ်ပညာနှင့် ရုက္ခဗေဒ ပညာရပ်တို့ကို သင်ကြား ပြသ၏။

ဗီဆေးလိယပ် (၁၅၂၄-၆၄)သည် ဗရပ်ဆဲမြို့တွင် မွေးဖွား ၏။ သူလည်း ကျော်ကြားသော ပက်ဒူးအား တက္ကသိုလ်သို့ သွား၍ အနာတမီနှင့် ခွဲစိတ်ပညာကို သင်ကြားပြသသည်။ ထိုနောက် ဣတာလျံတက္ကသိုလ်များ သို့လည်းကောင်း၊ ဗားလ မြို့တက္ကသိုလ်သို့လည်းကောင်း သွားရောက် သင်ကြားပြသ သည်။ ဗီဆေးလိယပ်သည် ဧကရာဇ်ဘုရင် ပဉ္စမမြောက် ချား ၏ သမားတော်ချုပ်အဖြစ် ခန့်အပ်ခြင်းခံရပြီးသည်နောက် လူသေကောင်များကို ခွဲစိတ်သောကြောင့် ယင်းရာထူးမှ ထွက်ရ လေသည်။ ၁၅၄၃ ခုနှစ်တွင် သူသည် အလွန်အရေးကြီးသည့် နှလုံးနှင့် ယင်း၏ အခင်များအကြောင်းစာအုပ်ကို ရေးသား ထုတ်ဝေလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)