ဗဟိန်း၊ ကို: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီး ကိုဗဟိန်း မှ​ ဗဟိန်း၊ ကို သို့​
(ကွဲပြားမှု မရှိ)

၀၅:၃၅၊ ၁၁ ဇန်နဝါရီ ၂၀၁၁ ရက်နေ့က မူ

ကိုဗဟိန်းကို ၁၉၁၉ ခုနှစ် ဝါဆိုလဆန်း ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၇ နာရီ အချိန်တွင် အင်းဝမြို့ ကိုင်းတန်းရပ်၌ ဖွားမြင်ခဲ့သည်။ အဖ ဦးမှင်၊ အမိ ဒေါ်ဦးတို့၏ ပဉ္စမမြောက်သား ဖြစ်သည်။

မန္ဒလေးမြို့ အေဘီအမ် မိန်းကလေးကျောင်း၊ သကျသီဟ ဘုရားအနီး ဆရာငုံကျောင်း၊ မန္တလေးမြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်းများတွင် ပညာဆည်းပူးခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် မန္တလေး ဥပစာ ကောလိပ်၌ စတင်ပညာသင်ကြားခဲ့သည်။ ၁၉၃၅-၃၆ ခုနှစ်တွင် မန္တလေး ဥပစာ ကောလိပ် ကျောင်းသားများ သမဂ္ဂအမှုဆောင် ဖြစ်ခဲ့သည်။ ၁၉၃၆ ခု ကျောင်းသား သပိတ်တွင် စစ်ကိုင်း အစိုးရ အထက်တန်းကျောင်းသို့ သပိတ် သွားတားရာ၊ ကျောင်းအုပ်ကြီး မစ္စတာဒေါင်းနှင့် စကောက်များက ဝိုင်းရိုက်သဖြင့် ဒဏ်ရာရှိခဲ့သည်။ ၁၉၃၆ -၃၇ ခုနှစ်တွင် မန္တလေး ဥပစာ ကောလိပ်ကျောင်းသားများ သမဂ္ဂ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့၍ အထက်တန်းကို ပါဠိဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့လေသည်။

ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူး၍ ၁၉၃၈-၃၉ ခုတွင် တကသ အမှုဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ တကသ ဥက္ကဌ ကိုအောင်ဆန်း နှုတ်ထွက်သွားသောအခါ တကသ ဥက္ကဌအဖြစ်ထက် ဗကသ ဥက္ကဌအဖြစ် လူသိများခဲ့သည်။

၁၉၃၈ ခုနှစ်၌ ရေနံမြေ သပိတ် ပေါ်ပေါက်ခဲ့သည်။ ရေနံမြေ သပိတ်သမားများသည် ရန်ကုန်မြို့သို့ ချီတက် ဆန္ဒပြရန်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ရေနံချောင်းမြို့မှ ထွက်ခဲ့ကြသည်။ ဥက္ကဌ ကိုဗဟိန်းနှင့် ကိုဗဆွေတို့သည် ရေနံချောင်းမြို့တွင် ပေါ်ပေါက်လျက်ရှိသော ကျောင်းသား သပိတ်အရေးနှင့် ရေနံမြေမှ ချီတက်လာသော သပိတ်သမားများ အရေးကို စုံစမ်းရန်ခရီးထွက်ခဲ့ကြသည်။ မကွေးမြို့၌ ရေနံမြေမှ ချီတက်လာသော သပိတ်သမားများအား တရားဟောနေစဉ်၊ အဖမ်းခံခဲ့ရလေသည်။ သမဂ္ဂ ဥက္ကဌနှင့် အတွင်းရေးမှုးအား ဖမ်းဆီးသဖြင့် ​ကျောင်းသား သပိတ် ပေါ်ပေါက်ခဲ့လေသည်။

ကျောင်းသားများသည် အတွင်းဝန်များရုံး သို့ ချီတက် ဆန္ဒပြကြရာ၊ ဂေါ်ရာစာသင်များက မြင်းနှင် တိုက်၊ နံပါတ်တုတ်နှင့် ရိုက်သဖြင့်၊ ဂျပ်ဆင် ကောလိပ်မှ ကိုအောင်ကျော် ကျဆုံးခဲ့သည်။ ကျောင်းသား အများအပြား ဒဏ်ရာ ရခဲ့ကြသည်။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား သပိတ်ပေါင်းစုံ စုစည်းမိကာ၊ ၁၃၀၀ ပြည့် အရေးတော်ပုံဟု သမိုင်းဝင် မှတ်တမ်းတင်ခဲ့ကြရသည်။ ကျောင်းသူ၊ ကျောင်းသားများ မြို့မသပိတ် စခန်းတွင် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။ ဒေါက်တာဘမော် အစိုးရ ပြုတ်ကျ၍ ဦးပု အစိုးရ တက်ပြီး၊ ကျောင်းသား သပိတ်အရေး ပြီးဆုံးခဲ့ရ​လေသည်။

ကိုဗဟိန်းသည် ၁၉၃၉ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်၍ ဒို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်လုပ်ဆောင်ခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး၊ အင်္ဂလိပ်အပြေးတွင် မန္တလေးထောင်မှ သခင်နုတို့နှင့်အတူ လွတ်မြောက်ခဲ့သည်။ ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရလက်ထက်တွင်၊ နိုင်ငံခြားရေးဌာန အတွင်းဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဂျပန်​တော်လှန်ရေးတွင် တောင်ငူခရိုင်တွင် တာဝန်ယူခဲ့သည်။

ကိုဗဟိန်းသည် ဗမာပြည် ကွန်မြူနစ်ပါတီကို တည်ထောင်သူ တစ်ဦးဖြစ်ပြီး၊ ၁၉၄၆ ခုနှသ် ကွန်မြူနစ်ပါတီ ပြောင်ထူ​​ထောင်သော အခါတွင် ဗဟိုကော်မတီ ဖြစ်ခဲ့သည်။ နောင်တွင် ပေါလစ်ဗျူရို အဖွဲ့ဝင် ဗမာပြည် အလုပ်သမားများ သမဂ္ဂ(A.B.T.U.C)၏ ဥက္ကဌ ဖြစ်ခဲ့လေသည်။ ၁၉၄၆ ခု နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီးတွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးမော်ကွန်းဝင် စာရင်းတွင် ပထမအဆင့်ကျေညာပေးခြင်း ခံခဲ့ရသူ ဖြစ်လေသည်။[၁]

ကိုးကား

  1. “ဒုတိယကမ္ဘာစစ်မတိုင်မီ တကသ ဥက္ကဌများ”