ဗြဟ္မဇာလသုတ် နိဒါန်း

ဝီကီပီးဒီးယား မှ
၁၇:၀၆၊ ၄ ဇွန် ၂၀၂၀ နေ့က Dhawell.hlugalay (ဆွေးနွေး | ပံ့ပိုး) (ဗြဟ္မဇာလသုတ် နိဒါန်းပိုင်းကို ဖန်တီးသည်။) တည်းဖြတ်သည့်မူ

ဗြဟ္မဇာလသုတ် နိဒါန်းပိုင်းတွင် မြတ်စွာဘုရားသည် သူ၏ တပည့် ရဟန်းသံဃာများနှင့်အတူ ရာဇဂြိုဟ်(ပြည်)နှင့် နာဠန္ဒာ (မြို့) အကြား၌ ခရီးရှည်ကြွနေစဉ်၊ သုပ္ပိယပရိဗိုဇ်နှင့် သူ၏တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်တို့သည်လည်း ခရီးလမ်းတူနေကြသဖြင့် မြတ်စွာဘုရားနှင့် ရဟန်းသံဃာများ၏ နောက်မှ အစဉ်လိုက်ကုန်၏။ ထိုခရီးစဉ်အတွင်း သုပ္ပိယပရိဗိုဇ်သည် ဘုရား တရား သံဃာ၏ အပြစ်ကို များစွာပြောပြီး၊ ဗြဟ္မဒတ်လုလင်မှာကား ဘုရား တရား သံဃာ၏ ဂုဏ်ကို များစွာပြော၏။ ဤသို့ဆရာတပည့်နှစ်ဦး တိုက်ရိုက်ဆန့်ကျင်သော စကားကိုပြောဆိုမှုကို ရဟန်းသံဃာများအချင်းချင်း စုဝေးပြောဆိုနေသည်ကို မြတ်စွာဘုရားကတွေ့သဖြင့်၊ ဘုရား တရား သံဃာတို့အား အပြစ်ပြောခြင်းအပေါ် စိတ်နှလုံးမသာကြလျှင် ကိုယ့်ကိုယ်ကိုယ်ပင် အန္တရာယ် ဖြစ်စေပြီး၊ သူတစ်ပါးတို့၏ စကားကောင်းဆိုးကိုလည်း မခွဲနိုင်၊ ထိုကြောင့် မဟုတ်သည်ကို မဟုတ်သည့်အတိုင်းဖြေရှင်းရန် ထိုရဟန်းတို့အား ဟောကြားသည်။ ထို့အတူ ဘုရား တရား သံဃာတို့၏ ဂုဏ်ကိုပြောခြင်းအပေါ်လည်း စိတ်တက်ကြွခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် အန္တရာယ် မဖြစ်စေသင့်၊ ဟုတ်မှန်သည်ကို ဟုတ်မှန်သည့်အတိုင်း ဝန်ခံလိုက်ရန်သာ ထိုရဟန်းတို့အား ဟောကြားသည်။

ဗြဟ္မဇာလသုတ် ပရိဗ္ဗာဇကကထာနှင့် မြန်မာပြန် (နိဒါန်း)

စဉ် ပါဠိ[၁] မြန်မာပြန်[၂]
၁။ ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ အန္တရာ စ ရာဇဂဟံ အန္တရာ စ နာဠန္ဒံ အဒ္ဓါနမဂ္ဂပ္ပဋိပန္နော ဟောတိ မဟတာ ဘိက္ခုသင်္ဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ။ သုပ္ပိယောပိ ခေါ ပရိဗ္ဗာဇကော အန္တရာ စ ရာဇဂဟံ အန္တရာ စ နာဠန္ဒံ အဒ္ဓါနမဂ္ဂပ္ပဋိပန္နော ဟောတိ သဒ္ဓိံ အန္တေဝါသိနာ ဗြဟ္မဒတ္တေန မာဏဝေန၊ တတြ သုဒံ သုပ္ပိယော ပရိဗ္ဗာဇကော အနေကပရိယာယေန ဗုဒ္ဓဿ အဝဏ္ဏံ ဘာသတိ၊ ဓမ္မဿ အဝဏ္ဏံ ဘာသတိ၊ သံဃဿ အဝဏ္ဏံ ဘာသတိ၊ သုပ္ပိယဿ ပန ပရိဗ္ဗာဇကဿ အန္တေဝါသီ ဗြဟ္မဒတ္တော မာဏဝေါ အနေကပရိယာယေန ဗုဒ္ဓဿ ဝဏ္ဏံ ဘာသတိ၊ ဓမ္မဿ ဝဏ္ဏံ ဘာသတိ၊ သံဃဿ ဝဏ္ဏံ ဘာသတိ။ ဣတိဟ တေ ဥဘော အာစရိယန္တေဝါသီ အညမညဿ ဥဇုဝိပစ္စနီကဝါဒါ ဘဂဝန္တံ ပိဋ္ဌိတော ပိဋ္ဌိတော အနုဗန္ဓာ ဟောန္တိ ဘိက္ခုသံဃဉ္စ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ငါးရာခန့်မျှသော ရဟန်းသံဃာနှင့်အတူ ရာဇဂြိုဟ် (ပြည်) နှင့် နာဠန္ဒာ (မြို့) အကြား၌ ခရီးရှည်ကြွတော်မူ၏၊ သုပ္ပိယပရိဗိုဇ်သည်လည်း တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင် နှင့်အတူ ရာဇဂြိုဟ် (ပြည်) နှင့် နာဠန္ဒာ (မြို့) အကြား၌ပင် ခရီးရှည်သွား၏။ ထို (ခရီး) ၌ သုပ္ပိယပရိဗိုဇ်သည် ဘုရား တရား သံဃာ၏ အပြစ်ကို များစွာသော အကြောင်းဖြင့် ပြော၏၊ သုပ္ပိယပရိဗိုဇ်၏ တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်သည်ကား ဘုရား တရား သံဃာ၏ ဂုဏ်ကို များစွာသော အကြောင်းဖြင့် ပြော၏၊ ဤသို့လျှင် ထိုဆရာတပည့်နှစ်ဦးတို့သည် အချင်းချင်း တိုက်ရိုက်ဆန့်ကျင်သော စကားကို ပြောလျက် မြတ်စွာဘုရားနှင့် ရဟန်းသံဃာ၏ နောက်မှ နောက်မှ အစဉ်လိုက်ကုန်၏။

၂။ (ပါဠိဖြည့်ရန်) ထိုအခါ မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်အတူ အမ္ဗလဋ္ဌိကာ (ဥယျာဉ်) မင်းကွန်း[မှတ်စု ၁] ၌ တစ်ညဉ့်တည်းခိုရန် ချဉ်းကပ်တော်မူ၏၊ သုပ္ပိယပရိဗိုဇ်သည်လည်း တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်နှင့်အတူ အမ္ဗလဋ္ဌိကာ (ဥယျာဉ်) မင်းကွန်း ၌ပင် တစ်ညဉ့်တည်းခိုရန် ချဉ်းကပ်၏၊ ထိုအမ္ဗလဋ္ဌိကာ (ဥယျာဉ်) ၌လည်း သုပ္ပိယပရိဗိုဇ်သည် ဘုရား တရား သံဃာ ၏အပြစ်ကို များစွာသောအကြောင်းဖြင့် ပြော၏၊ သုပ္ပိယပရိဗိုဇ်၏ တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်သည်ကား ဘုရား တရား သံဃာ၏ ဂုဏ်ကို များစွာသောအကြောင်းဖြင့် ပြော၏၊ ဤသို့လျှင် ထိုဆရာတပည့် နှစ်ဦးတို့သည် အချင်းချင်း တိုက်ရိုက်ဆန့်ကျင်သောစကားကို ပြောလျက် နေကုန်၏။
၃။ (ပါဠိဖြည့်ရန်) ထိုအခါ ညဉ့်၏ (အဆုံး) မိုးသောက်ချိန်၌ (အိပ်ရာမှ) ထကြ၍ တန်ဆောင်းဝန်း၌ များစွာသော ရဟန်းတို့ စုဝေးထိုင်နေကြရာတွင် ဤစကားဖြစ်ပေါ်၏ -

"အံ့ဖွယ်ရှိပါပေစွ ငါ့သျှင်တို့၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ ငါ့သျှင်တို့၊ သိတော်မူသော မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် သတ္တဝါတို့၏ အထူးထူးသော အလိုဆန္ဒကို (အတိုင်းမသိ) ကောင်းစွာ ထိုးထွင်းသိတော်မူပါပေ၏၊ ဤသုပ္ပိယပရိဗိုဇ်သည် ဘုရား တရား သံဃာ၏အပြစ်ကို များစွာသောအကြောင်း ဖြင့် ပြော၏၊ သုပ္ပိယပရိဗိုဇ်၏ တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်သည်ကား ဘုရား တရား သံဃာ၏ဂုဏ်ကို များစွာသောအကြောင်းဖြင့် ပြော၏၊ ဤသို့လျှင် ဤဆရာတပည့် နှစ်ဦးတို့သည် အချင်းချင်း တိုက်ရိုက်ဆန့်ကျင်သော စကားကို ပြောလျက် မြတ်စွာဘုရားနှင့် ရဟန်းသံဃာ၏ နောက်မှ နောက်မှ အစဉ်လိုက်ကုန်၏"ဟု စကားဖြစ်ပေါ်၏။

၄။ (ပါဠိဖြည့်ရန်) ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို သိတော်မူသဖြင့် တန်ဆောင်းဝန်းသို့ ကြွတော်မူ၍ ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးလျှင် "ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကုန်သနည်း၊ သင်တို့၏ မပြီးသေးသော အကြားစကား[မှတ်စု ၂]သည်ကား အဘယ်နည်း"ဟု မိန့်တော်မူ၏၊ ဤသို့ မိန့်တော်မူသောအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤသို့ လျှောက်ကြကုန်၏ -

"အသျှင်ဘုရား ညဉ့်၏ (အဆုံး) မိုးသောက်ချိန်၌ (အိပ်ရာမှ) ထကြ၍ ဤတန်ဆောင်းဝန်း၌ အကျွန်ုပ်တို့ စုဝေးထိုင်နေကြရာတွင် ဤစကားဖြစ်ပေါ်ပါသည် - 'အံ့ဖွယ်ရှိပါပေစွ ငါ့သျှင်တို့၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ ငါ့သျှင်တို့၊ သိတော်မူသော မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် သတ္တဝါတို့၏ အထူးထူးသော အလိုဆန္ဒကို (အတိုင်းမသိ) ကောင်းစွာ ထိုးထွင်း သိတော်မူပါပေ၏၊ ဤသုပ္ပိယပရိဗိုဇ်သည် ဘုရား တရား သံဃာ၏အပြစ်ကို များစွာသော အကြောင်းဖြင့် ပြော၏၊ သုပ္ပိယပရိဗိုဇ်၏ တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်သည်ကား ဘုရား တရား သံဃာ၏ဂုဏ်ကို များစွာသော အကြောင်းဖြင့် ပြော၏၊ ဤသို့လျှင် ဤဆရာတပည့် နှစ်ဦးတို့သည် အချင်းချင်း တိုက်ရိုက်ဆန့်ကျင်သော စကားကို ပြောလျက် မြတ်စွာဘုရားနှင့် ရဟန်းသံဃာ၏ နောက်မှ နောက်မှ အစဉ်လိုက်ကုန်၏'ဟု စကား ဖြစ်ပေါ်ပါသည်။ ဤသည်ကား အကျွန်ုပ်တို့၏ မပြီးသေးသော အကြားစကားဖြစ်ပါသည်၊ ထိုအခါ မြတ်စွာဘုရား ကြွရောက်တော်မူလာပါသည် အသျှင်ဘုရား"ဟု လျှောက်ကြကုန်၏။

၅။ (ပါဠိဖြည့်ရန်) ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ) ၌ သင်တို့သည် ရန်ငြိုးထားခြင်း နှလုံးမသာခြင်း စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်။

ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ် ဖြစ်ရာ၏။ ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင် သင်တို့သည် သူတစ်ပါးတို့၏ စကားကောင်း စကားဆိုးကို သိနိုင်ကြပါမည်လော။ မသိနိုင်ကြပါ အသျှင်ဘုရား။ ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ "ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ"ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းရမည်။

၆။ (ပါဠိဖြည့်ရန်) ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ ဂုဏ်ကိုဖြစ်စေ သံဃာ၏ဂုဏ်ကိုဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ) ၌ သင်တို့သည် နှစ်သက်ခြင်း ဝမ်းသာခြင်း စိတ်တက်ကြွခြင်း မဖြစ်စေသင့်။

ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ ဂုဏ်ကိုဖြစ်စေ သံဃာ၏ ဂုဏ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် နှစ်သက်ကြလျှင် ဝမ်းသာကြလျှင် စိတ်တက်ကြွကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏။ ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ သံဃာ၏ဂုဏ်ကိုဖြစ်စေ ပြောကြရာ၌ "ဤစကားသည် ဤအကြောင်းကြောင့်လည်းဟုတ်ပေ၏၊ ဤအကြောင်းကြောင့်လည်း မှန်ပေ၏၊ စင်စစ်အားဖြင့် ဤဂုဏ်သည် ငါတို့၌ ထင်ရှားရှိပေ၏"ဟုဟုတ်မှန်သည်ကိုဟုတ်မှန်သည့်အတိုင်း သင်တို့ ဝန်ခံရမည်။

မှတ်စု

  1. မင်းကွန်း = မင်းတို့၏ နားနေရန် ပြုလုပ်ထားသော အဆောက်အအုံ။
  2. အကြားစကား ဟူသည် = ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်း စာသင်ခြင်း စသည်တို့၏ အကြား၌ ဖြစ်သော အလွတ်စကား (ဗြဟ္မဇာလသုတ်ဖွင့် အဋ္ဌကထာ)၊ ငါဘုရားမလာမီ အကြား၌ ဖြစ်သောစကား (ပေါဋ္ဌပါဒသုတ်ဖွင့် အဋ္ဌကထာ)။

ကိုးကား

  1. သာသနာရေးဦးစီးဌာန (၂၀၁၀။)။ ဆဋ္ဌသင်္ဂီ တိပိဋကံ၊ သုတ္တန္တပိဋကေ ဒီဃနိကာယေ၊ သီလက္ခန္ဓဝဂ္ဂပါဠိ။ p. စာ ၁-၃။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. သာသနာရေးဦးစီးဌာန (၂၀၁၁။)။ ဆဋ္ဌသံဂါယနာတင်ပိဋကတ်တော် ဒီဃနိကာယ်ဝင် သုတ္တန်ပိဋကတ် သီလက္ခန္ဓဝဂ်ပါဠိတော် မြန်မာပြန်။ p. စာ ၁-၃။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)