အထူးစုံစမ်းစစ်​ဆေး​ရေးဦးစီးဌာန

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အထူးစုံစမ်းစစ်​ဆေး​ရေးဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
Seal of BSI.jpeg
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန် ၁၉၇၂ (အထူးစုံစမ်းစစ်​ဆေး​ရေးဦးစီးဌာန)
ယခင်အဖွဲ့အစည်း အထူးစုံစမ်းစစ်ဆေးရေးဌာန(၁-၉-၅၁)
ဌာနချုပ် ရုံးအမှတ်(၄၉)၊ ​နေပြည်​တော်
ဝန်ကြီးများ ဒုတိယဗိုလ်ချုပ်ကြီး​ကျော်​ဆွေ
ဌာနအကြီးအမှူးများ ဦး​​​မောင်​မောင်​ကျော်၊ ညွှန်ကြားရေးမှူးချုပ်
မိခင်အဖွဲ့အစည်း ပြည်ထဲရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက် bsi.gov.mm

အထူးစုံစမ်းစစ်​ဆေး​ရေးဦးစီးဌာန(အင်္ဂလိပ်: Bureau of Special Investigation) သည် ပြည်ထဲ​​ရေးဝန်ကြီးဌာနလက်​အောက်ရှိ စသုံးလုံးဟုလူသိများ​သောဌာနတစ်ခုဖြစ်သည်။

သမိုင်း​​ကြောင်း[ပြင်ဆင်ရန်]

ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံလွတ်လပ်ရေးမရသေးမီကာလ ၁၉၄၇ ခုနှစ်တွင် စစ်အတွင်းက စစ်ဘေးစစ်ဒဏ်ခံခဲ့ရသော ပြည်သူလူထုအများစုသည် စာရိတ္တမဏ္ဍိုင် ကြံခိုင်မှုမရှိဘဲ အဘက်ဘက်မှပျက်စီးယိုယွင်းခဲ့ကြသည်။ ကုန်ပစ္စည်းအမျိုးမျိုးသိုလှောင်ရာ ပြည်သူ့ထောက်ပံ့ရေးဌာနတွင် ပြည်သူပိုင်ပစ္စည်းတန်ဖိုးသိန်းသန်းချီ၍ ဆုံးရှုံးနစ်နာစေသည့် ကိစ္စများ၊ ပြည်သူ့ဘဏ္ဍာငွေများစွာ ဆုံးရှုံးရသည့်ကိစ္စများနှင့် လာဘ်ပေးလာဘ်ယူပြုလုပ်သည့် အဂတိလိုက်စားမှုများ မကြာခဏဖြစ်ပွားခဲ့သည်။ ထိုသို့သောအခြေအနေတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံတော်၏အနာဂတ်ကောင်းစားရေးအတွက် “ဆိုရန်တိုဗီလာ”အဆောက်အဦ (ယခင် စာပေဗိမာန်အဆောက်အဦ၊ ယခု ဆက်သွယ်ရေး ကုမ္ပဏီ၊ ပြည်လမ်း၊ ဟံသာဝတီအဝိုင်းအနီး)တွင် စီးပွားရေးစီမံကိန်းများချမှတ်ရေးဆွဲသည့် အခါ စားသောက်ကုန်ဈေးနှုန်းကျဆင်းရေးကို အရေးကြီးဆုံးကိစ္စတစ်ရပ်အဖြစ် အကြောင်း ပြု၍ အစိုးရပိုင်ပစ္စည်းများ၊ ပြည်သူပိုင်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုမှ ကာကွယ်ရန်အထူး လိုအပ်ကြောင်း သုံးသပ်ခဲ့သည်။

ဆိုရန်တိုဗီလာ” စီမံကိန်းကိုအကြောင်းပြု၍ လွတ်လပ်ရေးမတိုင်မီကာလ ပြည်သူ့ လွှတ်တော် မှ ၁၉၄၇ ခုနှစ်၊ အရေးကြီးသောကုန်ပစ္စည်းများနှင့် ဆောင်ရွက်မှုဆိုင်ရာအက်ဥပဒေ (The Essential Supplies and Services Act,1947) ကိုပြဌာန်းခဲ့ပါသည်။ ယင်းဥပဒေ ပုဒ်မ-၃ အရ မြန်မာနိုင်ငံအစိုးရ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနမှ ပြည်သူ့ ထောက်ပံ့ရေးပစ္စည်းများခိုးယူခြင်းမှကာကွယ်သည့်အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အမိန့်တွင် ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနမှ အတွင်းဝန်ခေါင်းဆောင်ပြီး အဖွဲ့ဝင် (၂)ဦး ပါဝင်သည့် ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများခိုးယူခြင်းမှကာကွယ်သည့်ကော်မတီ (Civil Supplies Theft Preventive Committe)ကို ဖွဲ့စည်းခဲ့ပါသည်။ ကော်မတီ၏တာဝန်မှာ ပြည်သူ့ထောက်ပံ့ရေးဌာနပိုင်ပစ္စည်းများ ယိုဖိတ်မှု၊ ပျောက်ဆုံးမှု၊ ခိုးယူမှု၊ အလွဲသုံးစားမှုများကို ကာကွယ်ရန်နှင့် စုံစမ်းစစ်ဆေးအရေးယူရန်ဖြစ်ကြောင်း သတ်မှတ်ခဲ့ပါသည်။ ကော်မတီ၏ ကြီးကြပ်မှုအောက်တွင် အင်းစိန်စုံထောက်ဌာနမှ ရဲဝန်ထောက်တစ်ဦး ဦးဆောင်သော ရဲအရာရှိ(၁၅)ဦး ပါဝင်သည့် စီမံကိန်းစစ်ဆေးရေးအဖွဲ့၏ (Project Investigation Squard) ကို အမှု စုံစမ်းစစ်ဆေးရန်အတွက် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၄၈ ခုနှစ်တွင် ပြည်သူ့ထောက်ပံ့ရေးဌာန ပစ္စည်းများခိုးယူခြင်းမှကာကွယ်သည့် ကော်မတီကို ပြည်သူ့ပစ္စည်းကာကွယ်ရေးကော်မတီ (The Public Property Protection Committee) ဟူ၍လည်းကောင်း၊ စီမံကိန်းစစ်ဆေးရေးအဖွဲ့ငယ်ကို ပြည်သူ့ပစ္စည်းကာကွယ်ရေး အဖွဲ့ (Public Property Protection Police) (ပီလေးလုံး)ဟူ၍လည်းကောင်း ပြောင်းလဲ ခေါ်ဝေါ်ခဲ့ရာ ရဲအဖွဲ့ငယ်၏အင်အားကို(၃၀)ဦးခန့်အထိတိုးမြှင့်ပြီး ခရိုင်ရဲဝန်အဆင့်ရှိ ပုဂ္ဂိုလ်က ဦးဆောင်စေခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် ပြည်သူ့ပစ္စည်းကာကွယ်ရေးကော်မတီသည် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန လက်အောက်သို့ပြောင်းရွှေ့ခဲ့ပါသည်။ ၁-၉-၅၁ ရက်နေ့ တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်စာအမှတ်၊ ၁၄၂ အိတ်ချ်စီ ၅၁ အရ အထူးစုံစမ်းစစ်ဆေးရေးဌာနကို သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၉၅၁ ခုနှစ်၊ အောက်တိုဘာလတွင် ၁၉၅၁ ခုနှစ်၊ အထူးစုံစမ်းစစ်ဆေးမှု အုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာနအက်ဥပဒေ (The Special Investigation Administrative Board and Bureau of Special Investigation Act-1951) ကိုပြဌာန်းပြီး ပြည်သူ့ပစ္စည်းကာကွယ်ရေးကော်မတီကို အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေး အဖွဲ့ဟု အမည်ပြောင်းကာ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် (၄)ဦးပါဝင်သောအဖွဲ့အား ပြန်လည်ဖွဲ့စည်းခဲ့ပြီး အထူးစုံစမ်းစစ်ဆေးရေးဌာနကို ပြန်တမ်းဝင်အရာရှိ(၂၀)ဦး၊ ပြန်တမ်းဝင်မဟုတ်သော အရာထမ်း(၂၂၇)ဦး၊ အမှုထမ်း(၆၈)ဦး စုစုပေါင်း(၃၁၅)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထိုအချိန်မှစ၍ သတင်းစာများက အထူးစုံစမ်းစစ်ဆေးရေးဌာနကို “စသုံးလုံး” ဟူ၍ လည်းကောင်း၊ အင်္ဂလိပ်အခေါ်အဝေါ်ဖြစ်သော (Bureau of Special Investigation)ကို (BSI) ဟုလည်းကောင်း အတိုကောက်အမည်ပေးသုံးစွဲလာကြသည်။[၁]

ဦးစီးဌာနဖွဲ့စည်းပုံအဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် အထူးစုံစမ်း စစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာနဟူ၍ အက်ဥပဒေအရတည်ရှိ ခဲ့ရာမှ ၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ တက်ရောက်လာ ပြီးနောက် ၁၉၆၃ ခုနှစ်၊ မတ်လ (၁)ရက်နေ့မှစ၍ အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့ ကိုဖျက်သိမ်းပြီး အဖွဲ့၏ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် (၄)ဦးတို့အား ရာထူးအသီးသီးမှရပ်စဲခဲ့သည်။ အထူးစုံစမ်းစစ်ဆေးရေးဌာနမှာ ပြည်ထဲရေးဝန်ကြီးဌာန၏ တိုက်ရိုက်ကြီးကြပ်မှုအောက်သို့ ရောက်ရှိလာပြီး ၁-၃-၆၃ တွင် အထူးစုံစမ်းစစ်ဆေးရေးဌာနကို အမျိုးသားထောက်လှမ်းရေး အဖွဲ့၌ ထည့်သွင်းဖွဲ့စည်းခဲ့သည်။ အမျိုးသားထောက်လှမ်းရေးအဖွဲ့မှ အထူးစုံစမ်း စစ်ဆေးရေးဌာနသို့လုပ်ငန်းတာဝန်များခွဲဝေပေးခြင်း၊ လုပ်ငန်းအရပ်ရပ်နှင့် ဝန်ထမ်းရေးရာ ကိစ္စအဝဝကို ကြီးကြပ်ကွပ်ကဲခြင်းပြုလုပ်ပါသည်။ အုပ်ချုပ်ရေးဆိုင်ရာအမိန့်နာခံမှုကို ပြည်ထဲရေးဝန်ကြီးဌာနအတွင်းဝန်၏လက်အောက်တွင်ထားရှိသည်။ မှုခင်းရေးရာကိစ္စရပ် နှင့် ပတ်သတ်သောအဆုံးအဖြတ်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဖွဲ့စည်းသော မှုခင်းကော်မတီ မှချမှတ်ပေးသည်။

၁၉၇၂ ခုနှစ်တွင် ကိုလိုနီခေတ်တစ်လျှောက်အသုံးပြုခဲ့သော ဗျူရိုကရေစီ အုပ်ချုပ်ရေး ယန္တရားအဟောင်းကို လုံးဝဖျက်သိမ်း၍ ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရားအသစ်ဖြင့် တိုင်းပြည်ကိုပြန်လည်တည်ဆောက်လုပ်ကိုင်မည်ဖြစ်ခြင်းကြောင့် အစိုးရအဖွဲ့အစည်း အားလုံးသည် ယင်းအုပ်ချုပ်ရေးစနစ်အသစ်နှင့်အညီ ပြုပြင်ဖွဲ့စည်းကြရသည့်နည်းတူ အထူးစုံစမ်းစစ်ဆေးရေးဌာနဖွဲ့စည်းပုံကိုပြုပြင်ဖွဲ့စည်းပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဟုအမည်ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ အလားတူ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန ကို ပြည်ထဲရေးဝန်ကြီးဌာနအမည်ဖြင့် ပြုပြင်ဖွဲ့စည်းခဲ့ပြီး အတွင်းဝန်ဟူ၍ လုံးဝမထား ရှိတော့ဘဲ ဦးစီးဌာနများကို ဒုတိယဝန်ကြီး၊ ဝန်ကြီးများကတိုက်ရိုက်ကြီးကြပ်ကွပ်ကဲခဲ့သည်။ သို့ဖြစ်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ အမိန့်နာခံမှု လမ်းကြောင်းမှာ ယခင်ကကဲ့သို့ အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန်ဟူ၍ ကြားနှစ်ဆင့် မခံတော့ဘဲ ဒုတိယဝန်ကြီးနှင့် ဝန်ကြီးတို့က တိုက်ရိုက်ကြီးကြပ်ကွပ်ကဲသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ဖွဲ့စည်းပုံကို လုပ်ငန်းလိုအပ်ချက်နှင့်အညီပြင်ဆင် တိုးချဲ.ဖွဲ့စည်းခွင့်ရရှိရေးအတွက် ၁၃-၈-၉၉ ရက်နေ့ (၁၄၃၀)အချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံတင်ပြခဲ့ပါသည်။ ယင်းတင်ပြချက်အပေါ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောတူညီချက်အရ အရာထမ်း (၂၀၂)နေရာနှင့် အမှုထမ်း (၁၅၂၉) နေရာ၊ စုစုပေါင်းရာထူး (၁၇၃၁) နေရာဖြင့် တိုးချဲ့ ဖွဲ့စည်း ခွင့်ရရှိရေးအတွက် ၃-၃-၂၀၀၀ ရက်နေ့တွင်ပြုလုပ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၈/၂၀၀၀) သို့တင်ပြခဲ့သည်။ အဆိုပါတင်ပြချက်ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသို့ တင်ပြခဲ့ရာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏သဘောတူညီချက်အရ ပြင်ဆင်တိုးချဲ.ဖွဲ့စည်းခဲ့သည်။

အထက်ပါကဲ့သို့ဖွဲ့စည်းခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် အရာထမ်း(၂၈၈) နေရာ၊ အမှုထမ်း (၅၇၃)နေရာ စုစုပေါင်း(၈၆၁)နေရာ ထပ်မံတိုးချဲ့ဖွဲ့စည်းရန်လိုအပ်လာသဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြရာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၁၄) မှသဘောတူခွင့်ပြုချက်ရရှိသဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ၂၄-၆-၂၀၁၄ ရက်စွဲပါ စာအမှတ်၊ပထရ/ဖ(၇၄၆)/ရေး ၁ ဖြင့်တိုးချဲ့ ဖွဲ့စည်းခွင့်ပြုခဲ့သည်။ ဖွဲ့စည်းခဲ့သည့်ဝန်ထမ်း အင်အားမှာ အရာထမ်း (၄၉၀) နေရာ၊ အမှုထမ်း (၂၁၀၂) နေရာ၊ စုစုပေါင်း (၂၅၉၂) နေရာ ဖြစ်ပါသည်။ ဦးစီးဌာနရှိ တိုင်းဒေသကြီး/ပြည်နယ်ရုံးများတွင် အခြားမိတ်ဖက်အဖွဲ့အစည်း များနှင့် ရာထူးအလိုက်ဆက်ဆံရာတွင်အဆင်ပြေစေရန်နှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ရာထူးအဆင့်မှ ညွှန်ကြားရေးမှူးရာထူးအဆင့်သို့ တိုးမြှင့်ခန့်ထားရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြရာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၀-၁၁-၂၀၁၆ ရက်စွဲပါ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၁၆)မှ သဘောတူညီချက်ရရှိသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁-၁၂-၂၀၁၆ ရက်စွဲပါစာအမှတ်၊ ပထရ/ဖ (၂၂၈၆)/ ရေး ၁ ဖြင့် ဖွဲ့စည်းခွင့်ပြုခဲ့သည်။ ဖွဲ့စည်းခွင့်ပြုသည့်ဝန်ထမ်းအင်အားမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)နေရာ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် (၁၅)ခုတွင် အရာထမ်း(၃၁)နေရာနှင့် အမှုထမ်း(၁၀၅) နေရာထပ်မံတိုးချဲ့ဖွဲ့စည်းသဖြင့် ဦးစီးဌာနတွင် အရာထမ်း(၅၂၁)နေရာ၊ အမှုထမ်း (၂၂၀၇) နေရာ စုစုပေါင်း(၂၇၂၈)နေရာတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

ထို့နောက် ၂၂-၂-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်( ၄/၂၀၁၈)မှ သဘောတူခွင့်ပြုချက်အရ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၁၂-၃-၂၀၁၈ ရက်စွဲပါစာအမှတ်၊ ပထရ/ဖ (၃၃၄)/ ဦး ၅ ဖြင့် တိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲ့သည်။ ဖွဲ့စည်းခွင့်ပြုသည့်ဝန်ထမ်းအင်အားမှာ အရာထမ်း(၄၉)နေရာ၊ အမှုထမ်း(၆၉)နေရာ၊ စုစုပေါင်း (၁၁၈)နေရာကိုထပ်မံတိုးချဲ့ကာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ဖွဲ့စည်းပုံကို အရာထမ်း(၅၇၀)နေရာ၊ အမှုထမ်း(၂၂၇၆)နေရာ၊ စုစုပေါင်း(၂၈၄၆) နေရာဖြင့် ဖွဲ့စည်းခွင့်ပြုထားရှိပါသည်။ အဆိုပါဖွဲ့စည်းပုံအသစ်တွင် စီမံခန့်ခွဲရေးရာဌာနကို စီမံခန့်ခွဲရေးနှင့် လေ့ကျင့်ရေးဌာနအဖြစ်အမည်ပြောင်းလဲခြင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်းအမည်သတ်မှတ်၍ သင်တန်းကျောင်း(၁)ခု အသစ်တိုးချဲ့ဖွဲ့စည်းခြင်း၊ ထောက်ပိုင်းဆိုင်ရာကိစ္စရပ်များကို သီးခြားဆောင်ရွက်နိုင်ရန် စီမံ ရေးရာဌာနစု(၁)ခုတိုးချဲ့ဖွဲ့စည်းခြင်း၊ သတင်းနှင့်နည်းပညာဌာနတွင် နည်းပညာဌာနစု (၁)ခု ကို တိုးချဲ့ဖွဲ့စည်းခြင်းအပါအဝင် ဌာန၊ နေပြည်တော် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံး၊ တိုင်းဒေသကြီးရုံးနှင့် ပြည်နယ်ရုံးများအားလုံးတွင် အင်အားတိုးချဲ့ခြင်းနှင့် ဒုတိယ စုံစမ်းရေးမှူးရာထူး၊ လက်ထောက်စုံစမ်းရေးမှူးရာထူး အင်အားအချို့ ထုတ်နှုတ်ပြင်ဆင် ဖွဲ့စည်းသည့်အပြင် နေပြည်တော် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံး၊ တိုင်းဒေသကြီးရုံး နှင့် ပြည်နယ်ရုံးဝန်ထမ်းအင်အားကို တစ်ပြေးညီ (၁၃၁)ဦးဖြင့် ဖွဲ့စည်းထားရှိသည်။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် အောက်ပါရည်ရွယ်ချက်များဖြင့်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။

  • ဖြစ်ရပ်မှန်ပေါ်ပေါက်​အောင် စုံစမ်းဖော်ထုတ်၍ တာဝန်ရှိသူများအား ပြစ်မှုကြောင်း အရ လည်းကောင်း၊ ဌာနဆိုင်ရာအရလည်းကောင်း အရေးယူနိုင်ရေး။
  • ပြစ်မှုကျူးလွန်ရာ၌ အကျုံးဝင်သည့်ငွေကြေး၊ ပစ္စည်းများသိမ်းဆည်း နိုင်ခြင်းဖြင့်ဆုံးရှုံးသွားသော ပြည်သူ့ဘဏ္ဍာများ ပြန်လည်ရရှိရေး။
  • ဖြစ်ရပ်သည် မည်သည့်အကြောင်းကြောင့်ဖြစ်ရသည်၊ မည်သူ့တွင်တာဝန်ရှိသည်၊ မည်သို့ပြုပြင်သင့်သည်တို့ကိုပါ ဖော်ထုတ်သုံးသပ်၍ နောင်အလားတူဖြစ်ရပ်မျိုး မပေါ်ပေါက်စေရန်စီမံခန့်ခွဲရေးအပိုင်းမှ ကြိုတင်တားဆီးကာကွယ်နိုင်ရေး။

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးစီးဌာနသမိုင်း။ ​အထူးစုံစမ်းစစ်​ဆေး​ရေးဦးစီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန

ပြင်ပလင့်ခ်[ပြင်ဆင်ရန်]