အညံ့စွဲစိတ်

ဝီကီပီးဒီးယား မှ

အညံ့စွဲစိတ်[ပြင်ဆင်ရန်]

ဆိုက်ကိုအနာလစ်ဆစ်ခေါ် စိတ်အခြေစိစစ်မှု့ ပညာအရ ကလေးသူ ငယ်များ၏ စိတ်လှုပ်ရှားမှုတို့ကိုငယ်စဉ်က ချုပ်ချယ်ဖိနှိပ်ထားခဲ့ပါလျှင် ထိုသူငယ်များ၌ စိတ်၏အစွဲများ ဖြစ်ပေါ်လာတတ်သည်ဟု ဆိုသည်။ စိတ်လှုပ်ရှားမှုများ ဖြစ်သည့် ကြောက်စိတ်၊ မခံချင်စိတ်၊ ဒေါသစိတ်ဟူ သည်တို့ သည် ကလေးအရွယ်၌ မကြာခဏ ဖြစ်ပေါ်လာတတ်သည်။ ထိုစိတ်တို့ကို ဖိနှိပ်ချုပ်ချယ်လိုက်လျှင် ကလေးတို့ ကြီးပြင်း လာသောအခါ သေးသိမ် ညံ့ဖျင်းသည့် စိတ်ဓာတ်များ စွဲလာ ပြီးလျှင် လူထဲဲသူထဲသို့ မဝင်ရဲအောင် ဖြစ်သွားတတ်လေသည်။ ယင်းအစွဲစိတ်မျိုးကို အညံ့စွဲစိတ်ဟု ခေါ်သည်။ နှိပ်ကွပ်မှုများ လွန်းလျှင် တစ်ခါတစ်ရံ အကြောက်စွဲ စိတ်များပင် ကပ်ရောက် တတ်သည်။

အညံ့စွဲစိတ်ဟူသော ဝေါဟာရကို ဦးစွာပထမ တီထွင်၍ လူသိများအောင် ပြုလုပ်ခဲ့သူမှာ ဩစတြီးယား နိုင်ငံသား ဆရာဝန်ဖြစ်သူ အဲလဖရက်အက်ဒလာ (၁၈၇ဝ-၁၉၃၇) ဖြစ် သည်။ သူသည် ငယ်စဉ်က ဆိုက်ကို အနာလစ်ဆစ်ခေါ် စိတ် အခြေ စိစစ်မှုပညာအဖွဲ့နှင့် ကျောင်းကို တည်ထောင်သူ ဒေါက်တာ ဆစ်ဂမန်ဖရွိုက် လက်အောက်တွင် ပညာသင်ကြား ခဲ့သည်။ ပထမတွင် အက်ဒလာသည် ဖရွိုက်၏ ယူဆချက်နှင့် ဝါဒများကို အလွန်ကြိုက်နှစ်သက်ခဲ့သော်လည်း နောင်တွင် တစ်ယောက်နှင့်တစ်ယောက် အယူအဆချင်း မတူမှုကြောင့် သဘောချင်း မတိုက်ဆိုင် ဖြစ်ခဲ့ကြသည်။ စိတ်ပညာရှင် ဖရွိုက် က လူ၏ စိတ်နေစိတ်ထား အပြုအမူအားလုံးသည် ဖိုမဇာတိ စိတ်၏ စေ့ဆော်မှုပေါ်တွင် တည်နေသည်ဟု ဆိုသည်။ အက်ဒလာကမူ လူ၏အဓိက စေ့ဆော်မှု စွမ်းအင်သည် ဖိုမ ဇာတိစိတ် မဟုတ်ပဲ ထက်သန်သည့်စိတ်အလိုဟု ဆိုသည်။ သို့ဖြင့် သူတို့နှစ်ဦး ဝိဝါဒ ဖြစ်ပွားခဲ့သည်။


အက်ဒလာ၏ ယူဆချက်အရ စိတ်တုန်လှုပ်သည့်ရောဂါများ သည် ကိုယ်အဂ‡ါပျက်ခြင်း၊ ချို့တဲ့ချွတ်ယွင်း ခြင်းများမှအစ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ ဤသို့ စိတ်တုန်လှုပ်သည့်ရောဂါ စွဲကပ်လာသူများသည် အညံ့စွဲစိတ်များ ရရှိလာတတ်သည်ဖြစ်ရာ ထိုအဖြစ်မှ လွန်မြောက်အောင် ကြိုးပမ်းကြသည်။ ပုံစံအားဖြင့် နဂိုရှက်တတ်သော လူငယ်တစ်ယောက်သည် မိမိ၏ ကိုယ်အင်္ဂါ ချို့တဲ့ချွတ်ယွင်းမှု၌ အလွန်အမင်း စိတ်ထိခိုက်တတ်သည်ဖြစ်ရ ကား ထိုအဖြစ်မှ လွန်မြောက်အောင် မကြာခဏ စွန့်စွန့်စားစား ပြုလုပ်တတ်လေသည်။ တစ်ခါတစ်ရံ အခြားသူများကိုပင် ရန်စ ရန်လို ပြုလုပ်တတ်သည်။

အထက်ပါ သဘောတရားများကို အကြောင်းပြု၍ နာဗ် ကြောများကြောင့် ရောဂါအပြင်းအထန် စွဲကပ်သောသူများ (ဝါ) စိတ်အကြောင်းရင်းခံ ရောဂါစွဲကပ်သောသူများ၏ စိတ်နေ သဘောထားသည် ယောက်ျားပီသမှု ဖြစ်လိုသည့်ဆန္ဒပင် ဖြစ် သည်ဟု အက်ဒလာက ဆိုသည်။ ယင်းသဘောထားကိုသာ လိုဆန္ဒဟုခေါ်၍ ယောက်ျားရော မိန်းမများတွင်ပါ တွေ့ကြုံ ရသည်။

အက်ဒလာ၏ ယူဆချက် သဘောတရားများကို အတ္တ ဘောစိတ်ပညာဟု ခေါ်၍ သူ၏ သင်ပြချက်များကို လူအများ က လက်ခံကြသည်။ သူ၏ သင်ပြချက်များအရ ဩစတြီးယား နိုင်ငံ၊ ဗီယင်းနားမြို့တွင် ဥရောပတိုက်၌ ပထမဆုံးဖြစ်သည့် ကလေးသူငယ်များ ပြုစုစောင့်ရှောက်သော ဆေးခန်းများကို တည်ဆောက်ကြသည်။ သို့ရာတွင် ဤအဆောက်အအုံများသည် ၁၉၃၁ ခုနှစ် နောက်ပိုင်းတွင် ဖိနှိပ်ခြင်း ခံခဲ့ရသည်။ အက် ဒလာသည် မသေဆုံးမီနောက်ဆုံးနှစ်များ၌ တိုင်းတစ်ပါးတွင် သာ နေထိုင်တော့၏။ သူ၏ဝါဒကို ဟောပြောရန် အဗာဒင်း မြို့သို့ ရောက်ရှိနေစဉ် ၁၉၃၇ ခုနှစ် တစ်နေ့၌ လမ်းပေါ်တွင် ရုတ်တရက် အားပြတ် လဲကျသွားပြီးလျှင် သေဆုံးသွား လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)