အစ်ကနျူမန်နကျယ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အစ်ကနျူမန်နကျယ်[ပြင်ဆင်ရန်]

အစ်ကနျူမန်နကျယ်သည် ပျား၊ ပုရွက်ဆိတ်နှင့် နကျယ်တို့ပါဝင်သည့် ဟိုင်မင်နော့တာရာ မျိုးစဉ်ဝင် အင်းဆက်ပိုးမျိုးဖြစ်၍ အစ်ကနျူမန်နီဒီးမျိုးရင်း၌ ပါဝင်သည်။ ပျားများ၊ နကျယ်များကဲ့သို့ပင် အမြှေးပါးအတောင် လေးခုရှိသည်။ အစ်ကနျူမန်နကျယ်များသည် အရွယ်အစားစား ရှိကြသည့်အနက် အချို့မှာ ပရွက်ဆိတ်သာသာရှိ၍ အချို့ကား နှစ်လက်မ၊ သုံးလက်မမျှမက ရှည်ကြသော်လည်း အားလုံးတွင် အပ်ချည်ကဲ့သို့သော ဦးမှင်များ သေးသွယ်ရှည်လျားသော ဝမ်းပိုက် နှင့် ရှည်လျားသော ခြေထောက်များရှိကြသည်။ အမတွင် အပ် ကဲ့သို့ချွန်သော ဥတံတစ်ခုပါရှိ၍ ထိုဥတံသည် လေးလက်မ လောက်ရှည်တတ်သည်။

အစ်ကနျူမန်နကျယ်၏ ပိုးလောင်းများသည် အခြားအင်းဆက်ပိုးများကို မှီခိုစားသောက်၍ ကြီးပြင်းတတ်သော အလေ့ရှိသည်။ အစ်ကနျူမန်နကျယ်အမသည် ဥများအုလိုသော အခါ ချွန်သောဥတံဖြင့် အခြားပိုးလောင်းတစ်ကောင်၏ ကိုယ်ထဲသို့ ထိုးဖောက်သွင်းလိုက်ပြီးလျှင် ဥများကိုအုသည်။ နကျယ် ပိုးလောင်းကလေးများသည် ဥများမှပေါက်လာကြပြီးလျှင် ထိုပိုး ကောင်လေးများကိုပင် စားသောက်လျက် တဖြည်းဖြည်းကြီးပြင်း လာကြသည်။ နောက်ဆုံးတွင် အစားခံရသော ပိုးလောင်းကောင်မှာ သေသွားသည်။ နကျယ်ပိုးလောင်းများသည် အပြင်သို့ထွက် လာကြပြီးလျှင် ချည်မျှင်ကလေးများဖြင့် သူတို့၏ကိုယ်ကိုရစ်ကာ ပိုးအိမ်လုပ်၍နေကြလေသည်။ ပိုးအိမ်များငင်၍ ပြီးသော အခါ ပိုးလောင်းများသည် ပိုးတုံးလုံးအဖြစ်သို့ ရောက်ရှိလာကြ၏။ ပိုးတုံးလုံးများအဖြစ်တွင် တဖြည်းဖြည်းပြောင်းလဲလာရာ နောက်ဆုံးတွင် အင်္ဂါစုံပိုးကောင်ကြီးအဖြစ်သို့ ရောက်ရှိလာကြလေသည်။

အစ်ကနျူမန်နကျယ်များသည် အပင်များကို ဖျက်ဆီးတတ်သော ပိုးကောင်အမြောက်အမြားကို ဤနည်းဖြင့် စားသောက်ကြသောကြောင့် ယင်းတို့သည် တောင်သူလယ်သမား တို့အား များစွာကျေးဇူးပြုပေသည်။ အစ်ကနျူမန်နကျယ်များသည် ပိုးကောင်များကို ဥများမှစ၍ ပိုးကောင်ကြီးများအထိ စားကြသည်။ အထူးသဖြင့် ပေါက်ဖတ်များကို စားကြသည်။ အချို့က ပိုးတောင်မာ၊ ယင်နှင့် အခြားနကျယ်များ၏ ပိုးလောင်းများကို စားကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)