မာတိကာသို့ ခုန်သွားရန်

အခွန်အယူခံခုံအဖွဲ့

ဝီကီပီးဒီးယား မှ
အခွန်အယူခံခုံအဖွဲ့
Revenue Appellate Tribunal
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းခြင်းဩဂုတ် ၁၊ ၂၀၁၈; ၈ နှစ် အကြာက (၂၀၁၈-၀၈-01)
(ဥပဒေပြဋ္ဌာန်းခြင်း)
ဌာနချုပ်ရုံးအမှတ်(၄၆)၊ နေပြည်တော်
ဆောင်ပုဒ်ယုံကြည် မျှတ မှန်ကန် အခွန်အယူခံ
ဌာနအကြီးအမှူးများဦးမြင့်ဦး၊ ဥက္ကဋ္ဌ
မိခင်အဖွဲ့အစည်းပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
အခွန်အယူခံခုံအဖွဲ့ဥပဒေ (၂၀၁၈)

မြန်မာနိုင်ငံရှိ အခွန်အယူခံခုံအဖွဲ့ (အင်္ဂလိပ်: Revenue Appellate Tribunal of Myanmar) သည် ပြည်ထောင်စုအစိုးရမှ ကောက်ခံသော အမျိုးမျိုးသော အခွန်အခများ၊ ဘဏ္ဍာရေးဆိုင်ရာ တာဝန်များနှင့် အခကြေးငွေများနှင့် ပတ်သက်သည့် အယူခံဝင်မှုများကို ကြားနာစစ်ဆေးဆုံးဖြတ်ရန် တာဝန်ရှိသည့် လွတ်လပ်သော တရားစီရင်ရေးဆန်ဆန် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်း၏ အခန်းကဏ္ဍမှာ အခွန်ထမ်းများနှင့် အခွန်အာဏာပိုင်များအကြား အငြင်းပွားမှုများကို တရားမျှတမှန်ကန်စွာ ဖြေရှင်းပေးရန်ဖြစ်သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ အခွန်အယူခံစနစ်သည် အုပ်ချုပ်မှုနှင့် ဥပဒေရေးရာ မူဘောင်များ ပြောင်းလဲလာသည်နှင့်အမျှ အဓိကကာလများစွာဖြင့် တဖြည်းဖြည်း ဖြစ်ပေါ်တိုးတက်လာခဲ့သည်။

ဗြိတိသျှကိုလိုနီခေတ် (၁၈၈၆-၁၉၄၈)

[ပြင်ဆင်ရန်]

၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့က မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက် ၁၈၈၆ ခုနှစ်တွင် ဗြိတိသျှအိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းခဲ့သည်။ ၁၉၂၂ ခုနှစ် မြန်မာနိုင်ငံ အမြတ်ခွန်အက်ဥပဒေ (ဗြိတိသျှအိန္ဒိယ၏ ၁၉၂၂ ခုနှစ် အက်ဥပဒေအမှတ် ၁၁) ကို ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေအရ အမြတ်ခွန်ဝန်ထောက်၏ စည်းကြပ်ကောက်ခံမှုကို ကျေနပ်မှုမရှိပါက ရက်ပေါင်း ၃၀ အတွင်း လက်ထောက်အမြတ်ခွန်မင်းကြီးထံသို့ အယူခံဝင်ရောက်နိုင်ပြီး လက်ထောက်အမြတ်ခွန်မင်းကြီး၏ အမိန့်ကို ကျေနပ်မှုမရှိပါက အမြတ်ခွန်မင်းကြီးထံသို့ ထပ်မံအယူခံဝင်ခွင့် ပြုထားခဲ့သည်။[]

လွတ်လပ်ရေးရပြီးခေတ် (၁၉၄၈-၁၉၇၁)

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၅၃ ခုနှစ် မြန်မာနိုင်ငံ အမြတ်ခွန် (ပြင်ဆင်ချက်) အက်ဥပဒေ (၁၉၅၃ ခုနှစ် ပါလီမန်အက်ဥပဒေအမှတ် ၇၇) ကို ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေပုဒ်မ ၇ ဖြင့် ၁၉၂၂ ခုနှစ် အမြတ်ခွန်အက်ဥပဒေတွင် "အခန်း ၂-က၊ အယူခံခုံအဖွဲ့" ခေါင်းစဉ်ဖြင့် ပုဒ်မ ၅-က နှင့် ပုဒ်မ ၅-ခ တို့ကို ဖြည့်စွက်ခဲ့သည်။ ထို့နောက် အမြတ်တော်ခွန်အယူခံခုံရုံးကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာန၊ ယစ်မျိုးနှင့် အခွန်တော်ဌာနခွဲ၏ (၅-၂-၁၉၅၄) ရက်စွဲပါ ပြန်တမ်းအမှတ် (၆၃) ဖြင့် အဖွဲ့ဝင်သုံးဦးပါဝင်သည့် အဖွဲ့အစည်းအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။[]

ဆိုရှယ်လစ်ခေတ် (၁၉၇၂-၁၉၈၈)

[ပြင်ဆင်ရန်]

၁၉၇၂ ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၂၃-၁၀-၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၂၉ အရ အမြတ်တော်ခွန်အယူခံခုံရုံးကို အခွန်အယူခံခုံအဖွဲ့ အဖြစ် ပြောင်းလဲသတ်မှတ်ပြီး ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်လေးဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၎င်း၏ စီရင်ပိုင်ခွင့်ကို အမြတ်ခွန်အယူခံမှုများအပြင် အခြားသော အခွန်အကောက်များဖြစ်သည့်-

  • ရောင်းခွန်
  • ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်
  • ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်
  • ပွဲခွန်
  • ပင်လယ်နှင့် ကုန်းဘက်ဆိုင်ရာ အကောက်ခွန်
  • ယစ်မျိုးခွန်
  • တံဆိပ်ခေါင်းခွန်
  • ရုံးခွန်

စသည်တို့အထိ ချဲ့ထွင်ခဲ့သည်။ အဆိုပါအခွန်များနှင့် ပတ်သက်သည့် အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှုများကို ဆုံးဖြတ်ရန် ၎င်းအား လုပ်ပိုင်ခွင့် ပေးခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ဝန်ကြီးအဖွဲ့၏ (၁၁-၁၂-၁၉၇၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၂ အရ အခွန်အယူခံခုံအဖွဲ့ကို ပိုမိုမြင့်မားသည့် အဆင့်သို့ တိုးမြှင့်ဖွဲ့စည်းခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ လူမှုဝန်ထမ်းဝန်ကြီးဌာန ဝန်ကြီးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ ပါဝင်ခဲ့သည်။ ဤအဆင့်မြှင့်တင်ထားသော အဖွဲ့သည် အမြတ်ခွန်၊ ဝင်ငွေခွန်၊ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်၊ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်၊ ပွဲခွန်၊ ပင်လယ်ကြောင်းနှင့် ကုန်းလမ်းဆိုင်ရာ အကောက်ခွန်၊ ယစ်မျိုးခွန်၊ တံဆိပ်ခေါင်းခွန်နှင့် ရုံးခွန်ဆိုင်ရာ အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှုများကို ဆက်လက်ကြားနာ စစ်ဆေးဆုံးဖြတ်ခဲ့သည်။[]

နဝတ/ နအဖခေတ် (၁၉၈၉-၂၀၁၀)

[ပြင်ဆင်ရန်]

၁၉၈၉ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၂၈-၇-၁၉၈၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆/၈၉ အရ အခွန်အယူခံခုံအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး တရားသူကြီးချုပ်နှင့် စာရင်းစစ်ချုပ်တို့က ရွေးချယ်ပေးသော ဝန်ထမ်းတစ်ဦးစီတို့မှ အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့သည်။ ဤဖွဲ့စည်းပုံသည် အမြတ်ခွန်၊ ဝင်ငွေခွန်၊ ရောင်းခွန်၊ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်၊ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်၊ ပွဲခွန်၊ ပင်လယ်ကြောင်းနှင့် ကုန်းလမ်းအကောက်ခွန်၊ ယစ်မျိုးခွန်၊ တံဆိပ်ခေါင်းခွန်နှင့် ရုံးခွန်ဆိုင်ရာ အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှုများကို ဆက်လက်ကြားနာ စစ်ဆေးဆုံးဖြတ်ခဲ့သည်။[]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ခေတ် (၂၀၁၁-၂၀၂၁)

[ပြင်ဆင်ရန်]

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ထူထောင်ပြီးနောက်ပိုင်းတွင်လည်း ထပ်မံပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ပြည်ထောင်စုအစိုးရအဖွဲ့၏ (၃၁-၅-၂၀၁၇) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၄/၂၀၁၇ ဖြင့် အခွန်အယူခံခုံအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ညွှန်ကြားရေးမှူးချုပ်၊ အခွန်အယူခံခုံအဖွဲ့ရုံးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးတစ်ဦးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ပေးအပ်သည့် ညွှန်ကြားရေးမှူး (ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနမှ မဟုတ်) တစ်ဦးတို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့သည်။ ဤအဖွဲ့သည် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ပင်လယ်ကြောင်းနှင့် ကုန်းလမ်းအကောက်ခွန်ဆိုင်ရာ အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှုများကို ကြားနာစစ်ဆေးဆုံးဖြတ်ရန် လုပ်ပိုင်ခွင့် အပ်နှင်းခြင်းခံရသည်။[]

ဥပဒေမူဘောင်နှင့် လက်ရှိဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် အခွန်အယူခံဝင်ခွင့်ကို သွယ်ဝိုက်၍ ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၉၆၊ ဇယား (၁)၊ ပြည်ထောင်စုဥပဒေပြုစာရင်း၊ အပိုဒ် ၃၊ အပိုဒ်ခွဲ (ဍ) တွင် "အခွန်အယူခံခြင်း" ဟု တိတိကျကျ ဖော်ပြထားသည်။

ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ အခွန်အယူခံခုံအဖွဲ့ဥပဒေ (မူကြမ်း) ကို (၉-၁-၂၀၁၃) ရက်နေ့တွင် စတင်ရေးဆွဲခဲ့သည်။ ဤမူကြမ်းကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် (၃၁-၇-၂၀၁၈) ရက်နေ့၌ အဆုံးအဖြတ်ရယူ အတည်ပြုခဲ့ပြီး ၂၀၁၈ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃ ဖြင့် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

ဥပဒေပြဋ္ဌာန်းပြီးနောက် နိုင်ငံတော်သမ္မတရုံး၏ (၂၇-၂-၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၂/၂၀၁၉ အရ အခွန်အယူခံခုံအဖွဲ့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာ အသွင်ကူးပြောင်းနိုင်ရန် အသွင်ကူးပြောင်းရေးကာလကို ၁-၈-၂၀၁၈ ရက်နေ့မှ ၃၁-၇-၂၀၂၀ ရက်နေ့အထိ သတ်မှတ်ခဲ့သည်။

အသွင်ကူးပြောင်းရေးကာလ ကုန်ဆုံးချိန်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သည် အခွန်အယူခံခုံအဖွဲ့ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(က)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ရှစ်ဦးပါဝင်သော အခွန်အယူခံခုံအဖွဲ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၀ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။[]

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၂၆) ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေအမှတ် ၉/၂၀၂၆ ဖြင့် အခွန်အယူခံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ []

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ် (၂၀၂၁ - လက်ရှိ)

[ပြင်ဆင်ရန်]

အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးတို့ နုတ်ထွက်သွားပြီးနောက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၂၁ ဖြင့် အခွန်အယူခံခုံအဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးတို့ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၂၄ ဖြင့် အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်တစ်ဦးကိုလည်းကောင်း ခန့်အပ်တာဝန်ပေးခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၊ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၅) အရ အခွန်အယူခံခုံအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

အဖွဲ့ဝင်များ

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၊ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၅) အရ အခွန်အယူခံခုံအဖွဲ့ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းသည် []-

အခွန်အယူခံခုံအဖွဲ့ဝင်များ
စဉ် အမည် တာဝန်ကာလ
၁။ ဦးမြင့်ဦး ဥက္ကဋ္ဌ  နှစ်၊ ၆၈ ရက်
၂။ ဦးကျော်ကျော် အဖွဲ့ဝင်
၃။ ဦးဇေယျကြည်ညွန့်
၄။ ဒေါ်ရီရီမြင့်
၅။ ဦးဝင်းနိုင်
၆။ ဦးဝင်းတင်
၇။ ဦးကြည်
၈။ ဦးမျိုးအောင်

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 5 ခုံအဖွဲ့အကြောင်း RATB။ 29 July 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-7-25 တွင် ပြန်စစ်ပြီး။
  2. ခုံအဖွဲ့အကြောင်း Myanmar National Portal။ 22 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-7-27 တွင် ပြန်စစ်ပြီး။
  3. အခွန်အယူခံခုံအဖွဲ့ရုံး တည်နေရာနှင့် နောက်ခံသမိုင်းအကျဉ်း MOFP။ 8 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-7-26 တွင် ပြန်စစ်ပြီး။
  4. အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ | Ministry Of Information (in en)။ 2026-02-27 တွင် ပြန်စစ်ပြီး။
  5. ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၈) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ e-book မြန်မာနိုင်ငံပြန်တမ်း။ 2025-7-27 တွင် ပြန်စစ်ပြီး။