အချိန်၊ မြန်မာ့ရိုးရာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မြန်မာနာရီ နှင့် စက်နာရီ တိုင်းတာပုံ ကွာခြားချက်

မြန်မာအချိန် စနစ် သည် ယခုကာလ စက်နာရီများကဲ့သို့ တစ်ရက်ကို သန်းခေါင်မှ သန်းခေါင် တိုင်းတာခြင်း မဟုတ်ပါ။ မြန်မာ တစ်ရက်မှာ တစ်နေ့နှင့် တစ်ည ဖြစ်ပါသည်။ တစ်နေ့ ဆိုသည်မှာ နေထွက်မှနေဝင်ထိ ဖြစ်ပြီး တစ်ည ဆိုသည်မှာ နေဝင်မှ နေထွက်ထိ ဖြစ်၏။ မြန်မာနာရီအားဖြင့် တစ်ရက်တွင် နာရီ ၆၀ ရှိသည်။ နေ့နာရီ ၃၀၊ ည နာရီ ၃၀ ဖြစ်၏။ မြန်မာနာရီတွင်မူ နေ့နာရီ ၃၀၊ ညနာရီ ၃၀ သတ်မှတ်ထားသောကြောင့် နေ့နာရီ ၃၀ ကျော်သွားသည်ကို ၃၁ နာရီ ၃၂ နာရီ စသဖြင့် ရေးရိုးထုံးစံမရှိပါ။ မြန်မာက တစ်ရက်လျှင် နာရီ ၆၀ ရှိသည်။ စက်နာရီက တစ်ရက်လျှင် ၂၄ နာရီ ရှိသည်။ သို့အတွက် မြန်မာ တစ်နာရီလျှင် စက် ၂၄ မိနစ်ရှိ၏။

အချိန် ရေတွက်ပုံ စနစ်[ပြင်ဆင်ရန်]

မျက်စိတစ်မှိတ် သို့မဟုတ် မျက်တောင်တစ်ခတ်ကြာချိန်ကို တစ်ခဏ ဟု ခေါ်ကာ မြန်မာနာရီအတိုင်းအတာကို အောက်ပါ အတိုင်းသတ်မှတ်ပါသည်။

မြန်မာအချိန်များ ခွဲခြားခေါ်ပုံ
၁၀ ခဏ = လယ
၁၀ လယ = ခရာ
၁၀ ခရာ = ပြဏ်
ပြဏ် = ဗီဇနာ
၁၅ ဗီဇနာ = ပါဒ်
ပါဒ် = နာရီ
နာရီခွဲ = ပဟိုရ်
ပဟိုရ် = နေ့/ည
၆၀ နာရီ = ရက်

တစ်ရက် ရှစ် ပဟိုရ်[ပြင်ဆင်ရန်]

နေ့တာ ဟူသည် နေထွက်မှ နေဝင်အထိကာလ၊ ညဉ့်တာဟူသည် နေဝင်မှ နေထွက်ထိကာလ ဖြစ်၏။ ဒိနဒ္ဓဟူသည် နေ့ထက်ဝက်ကိန်း (ဒိန = နေ့ + အဒ္ဓ=ထက်ဝက်) ဖြစ်ပြီး နေထွက်မှ မွန်းတည့်၊ မွန်းတည့်မှ နေဝင်ထိ ကိုခေါ်သည်။ နိသဒ္ဓဟူသည် ညဉ့်ထက်ဝက်ကိန်း (နိသ = ည + အဒ္ဓ=ထက်ဝက်) ဖြစ်ပြီး နေဝင်မှ သန်းခေါင်၊ သန်းခေါင်မှ နေထွက်ထိ ကိုခေါ်သည်။ နေ့ဗဟိုရ်မှာ နိသဒ္ဓ၏ ထက်ဝက်ဖြစ်ပြီး ညဉ့်ဗဟိုရ်မှာ ဒိနဒ္ဓ၏ ထက်ဝက်ဖြစ်သည်။ ထို့ကြောင့်တစ်ရက်တွင် နေ့ ၄ ဗဟိုရ်၊ ညဉ့် ၄ ဗဟိုရ်။ စုစုပေါင်း ၈ ဗဟိုရ်ရှိသည်။

နေ့တာ အတိုအရှည်[ပြင်ဆင်ရန်]

နေ့နာရီ ၃၀၊ ညနာရီ ၃၀ ဆိုသော်လည်း ၁၂ လ လုံးအတွက် မဟုတ်ပါ။ နေ့တာ၊ ညတာ တူညီသောလများအတွက်သာ ဖြစ်သည်။ နေအသွားအလာပေါ် မူတည်ပြီး နေ့တာ၊ ညတာ အတိုအရှည်များ တစ်လနှင့်တစ်လ မတူပါ။A မြန်မာဆယ့်နှစ်လ ၏ နေ့တာ၊ ညတာ အတိုအရှည် တို့ကို မှတ်သားထားနိုင်ရန်အတွက်-

ပတ်သံတာရှည်၊ တီးသံမြည်၊ လက်ဆည်ကန်စာရေး။

တစ်ဆယ်လောင်းမည်၊ ထမ်းပိုးရည်၊ ယင်းသည် နာရီပေး။

ဆယ့်နှစ်လလည်၊ နေ့ဖို့ရည်၊ ညဉ့်သည် အကြွင်းဆေး။

[၁] ဟူ၍ သံပေါက်လင်္ကာဖြင့် စပ်ဆိုမှတ်တမ်းတင်ထား၏။ B

ပတ်၊ သံ၊ တာ၊ ရှည်၊ တီး၊ သံ၊ မြည် - လင်္ကာကို ဇယားဖြင့်ဖော်ပြရလျှင် အောက်ပါအတိုင်းရပါသည်။

တွက်နည်း နေ့နာရီ ညနာရီ (၆၀-နေ့နာရီ)
တန်ခူး ပတ် (၅ + ၁၀) x ၂ = ၃၀ ၃၀ ၃၀
ကဆုန် သံ (၆ + ၁၀) x ၂ = ၃၂ ၃၂ ၂၈
နယုန် တာ (၇ + ၁၀) x ၂ = ၃၄ ၃၄ ၂၆
ဝါဆို ရှည် (၈ + ၁၀) x ၂ = ၃၆ ၃၆ ၂၄
ဝါခေါင် တီး (၇ + ၁၀) x ၂ = ၃၄ ၃၄ ၂၆
တော်သလင်း သံ (၆ + ၁၀) x ၂ = ၃၂ ၃၂ ၂၈
သီတင်းကျွတ် မြည် (၅ + ၁၀) x ၂ = ၃၀ ၃၀ ၃၀
တန်ဆောင်မုန်း လက် (၄ + ၁၀) x ၂ = ၂၈ ၂၈ ၃၂
နတ်တော် ဆည် (၃ + ၁၀) x ၂ = ၂၆ ၂၆ ၃၄
ပြာသို ကန် (၂ + ၁၀) x ၂ = ၂၄ ၂၄ ၃၆
တပို့တွဲ စာ (၃ + ၁၀) x ၂ = ၂၆ ၂၆ ၃၄
တပေါင်း ရေး (၄ + ၁၀) x ၂ = ၂၈ ၂၈ ၃၂

ဤသည်ကိုကြည့်ခြင်းဖြင့် ဝါဆိုလတွင် နေ့ ၃၆ နာရီရှိပြီး နေ့တာ အရှည်ဆုံး၊ ပြာသိုလတွင် ည ၃၆ နာရီရှိပြီး ညတာ အရှည်ဆုံးဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ထို့ကြောင့် ရှေးလူကြီးများက နေ့ကိုလို ဝါဆို၊ ညကိုလို ပြာသို ဟု ဆိုစမှတ်ပြုကြခြင်း ဖြစ်ပါသည်။

အချိန်သိရန်[ပြင်ဆင်ရန်]

ရေနာရီ[ပြင်ဆင်ရန်]

ရှေးမြန်မာမင်း တို့၏ ရေနာရီ ပြုလုပ်ပုံမှာ ရတနာအပြည့်စီချယ်ထားသော ရေအင်တုံထဲတွင် ရေအပြည့်ထည့်၍ ရေမျက်နှာပြင်ပေါ်တွင် အပေါက်ဖောက်ထားသော ကြေးဖလားတင်ထား၏။ ကြေးဖလားမှာ ကြေးနီအချိန် ၁၆ ကျပ်သား လေး၏။ အစောက် ၇ လက်သစ်၊ မျက်နှာဝအကျယ် ကိုးလက်သစ်ရှိသည်။ ဖလား၏ အောက်ခြေတွင် မိန်းမပျိုတစ်ဦး၏ ဆံခြည်မျှင် ၁၆ မျှင် ဝင်ရုံမျှအပေါက်တစ်ပေါက် ဖောက်ထားသည်။ ကြေးဖလား တစ်ခါမြုပ်လျှင် တစ်နာရီ ဟု သတ်မှတ်သည် ဖလား တစ်ခါနစ်လျှင် ငွေမောင်း တစ်ခါတီးသည်။ ဤသည်ကိုရေတွက်၍ တစ်နာရီ တစ်မောင်းဟု ခေါ်၏။

ပဟိုရ်စည် တီးပုံ[ပြင်ဆင်ရန်]

တစ်ရက်လျှင် ပဟိုရ်စည် ၈-ကြိမ်တီးသည်။ နေ့ ၄ ကြိမ်၊ ည ၄ ကြိမ် ဖြစ်၏။ တစ်ရက်အတွင်း ပဟိုရ်စည်တီးပုံများကို ဖော်ပြရလျှင် အောက်ပါအတိုင်းဖြစ်ပါသည်။

နေ့အတွက် ပဟိုရ်စည်တီးပုံမှာ နေ့တာနှင့်ညတာညီမျှသော တန်ခူးလနှင့် သီတင်းကျွတ်လများတွင် နံနက် နေထွက်ချိန်မှစ၍ ရေနာရီ တစ်နာရီလျှင် မောင်းတစ်ချက်၊ ၂ နာရီလျှင် မောင်းနှစ်ချက် အစဉ်အတိုင်း တီးသွားပြီး ၇ မောင်း ကျော် ၇ နာရီ ၂ ပါဒ်၊ သို့မဟုတ် ၇ နာရီခွဲရှိသောအခါ ခေါင်းလောင်းသံ ၁၁ ချက် နှင့် စည်သံ ၁၁ ချက်ကို တစ်လှည့်စီ တီးပါ သည်။ ဤကဲ့သို့ ခေါင်းလောင်းနှင့် စည် ၁၁-ချက်စီ တီးသည်ကို နေ့တစ်ချက်တီးဟု ခေါ်၏။ ထိုတစ်ချက်တီး အချိန်သည် စက်နာရီ နံနက် ၉ နာရီနှင့် ညီမျှ၏။

ထိုကဲ့သို့ တစ်ချက်တီးပြီးနောက် ရေနာရီ တစ်နာရီလျှင် မောင်းတစ်ချက်တီးပြန်၏။ ထိုအချိန်ကို တစ်ချက်တီးကျော် တစ်မောင်းဟူ၍ ခေါ်ပါသည်။ အထက်ပါအတိုင်း ၇ နာရီနှင့် ၂ ပါဒ်ရှိလာပြန်သောအခါ ခေါင်းလောင်းနှင့်စည် ၂၂ ချက်စီ တီးပြန်၏။၎င်းကို ၂ ချက်တီးဟု ခေါ်သည်။ ထို နေ့ ၂ ချက်တီးအချိန်မှာ စက်နာရီ မွန်းတည့် ၁၂ နာရီနှင့် ညီမျှသည်။

အစဉ်အတိုင်းဆက်တီးလာရာ ၇ နာရီ ၂ ပါဒ် ရှိလာပြန်သောအခါ ခေါင်းလောင်းနှင့် စည် ၃၃ ချက်စီ တီးပြန်သည်။၎င်းကို ၃ ချက်တီးဟု ခေါ်၏။ ထို ၃ ချက်တီးအချိန်သည် စက်နာရီ ညနေ ၃ နာရီနှင့် ညီမျှ၏။ ထို့နောက် ၇ နာရီ ၂ ပါဒ် တွင် ခေါင်းလောင်းနှင့်စည် ၄၄ ချက်စီ တီးပြန်သည်။၎င်းကို ၄ ချက်တီးဟုခေါ်၏။ ထို ၄ ချက်တီး အချိန်ကား နေဝင်ချိန် စက် ၆ နာရီပင် ဖြစ်တော့သည်။ ညအတွက် ပဟိုရ်စည် ၄ ကြိမ် တီးပုံမှာလည်း အထက်ပါ နေ့အတွက် ပဟိုရ်စည် တီးပုံအတိုင်းပင် ဖြစ်၏။

ပဟိုရ်စည် တီးပုံတီးနည်း အကျဉ်းချုပ်မှာ- နေ့တာ၊ ညတာ တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ။ နေ့နှင့်ည နာရီတို့ကို လေးပိုင်းစီပိုင်းပြီး တစ်ပိုင်းလျှင် တစ်ပဟိုရ် တီး၏။ ဤကဲ့သို့ ပဟိုရ်စည်ကို နေ့တာ၊ ညတာ အတိုအရှည်လိုက်၍ တီးသဖြင့် မည်သည့်လမဆို နေထွက်နှင့် နံနက် လေးချက်တီး၊ နေဝင်နှင့် ညနေလေးချက်တီး၊ မွန်းတည့်နှင့် နေ့နှစ်ချက်တီး၊ သန်းခေါင်နှင့် ညနှစ်ချက်တီးတို့ အမြဲ ညီလေသည်။

ပဟိုရ်စည်တီးချိန်များကို စက်နာရီနှင့်ယှဉ်ကြည့်လျှင် အောက်ပါအတိုင်း ရသည်။

စက်နာရီ မြန်မာနာရီ ပဟိုရ်
နံနက် ၉ နာရီ ၇ နာရီ ၂ ပါဒ် နေ့ပဟိုရ် ၁ ချက်တီး
မွန်းတည့် ၁၂ နာရီ ၁၅ နာရီ နေ့ပဟိုရ် ၂ ချက်တီး
ညနေ ၃ နာရီ ၂၂ နာရီ ၂ ပါဒ် နေ့ပဟိုရ် ၃ ချက်တီး
နေဝင်ချိန် ၆ နာရီ နေ့ နာရီ ၃၀ နေ့ပဟိုရ် ၄ ချက်တီး
ည ၉ နာရီ ၇ နာရီ ၂ ပါဒ် ညပဟိုရ် ၁ ချက်တီး
သန်းခေါင် ၁၂ နာရီ ၁၅ နာရီ ညပဟိုရ် ၂ ချက်တီး
သန်းခေါင်ကျော် ၃ နာရီ ၂၂ နာရီ ၂ ပါဒ် ညပဟိုရ် ၃ ချက်တီး
နေထွက်ချိန် ၆ နာရီ ညနာရီ ၃၀ ညပဟိုရ် ၄ ချက်တီး

သို့သော်လည်း ဤပဟိုရ်စည် ဆိုသည်မှာ ရွှေနန်းတော်တွင် ထားရှိသော ရေနာရီကိုကြည့်လျှက် ရွှေမြို့တော် ပဟိုရ်စည်မျှော်စင် မှ တီးသဖြင့် သာမန် တိုင်းသူ ပြည်သားများ၏ အရာမဟုတ်။ ရွှေမြို့တော်သူ၊ ရွှေမြို့တော်သား တို့သာ ထို စည်တီးသံဖြင့် အချိန်ကို သိနိုင်ပေမည်။ ရွှေနန်းတော်နှင့် ဝေးကွာသော တောအရပ် များတွင်မူ နေလုံးကြီးကို ကြည့်လျှက် နေထွက်တပြူချိန်၊ နေထန်းတစ်ဖျား၊ ဆွမ်းခံဝင်ချိန်၊ မွန်းတည့်ချိန်၊ မွန်းတိမ်းချိန်၊ ညနေစောင်းချိန် စသဖြင့် လည်းကောင်း၊ ညပိုင်းအတွက် နေဝင်ဖျိုးဖျ၊ သူငယ်အိပ်ချိန်၊ သက်ကြီးခေါင်းချချိန်၊ သန်းခေါင်ကြက်၊ လင်းအားကြီးကြက် စသဖြင့် ကြက်တွန်သံကို အစွဲပြု၍ လည်းကောင်း မှတ်သား ကြရ၏။

အရပ်သုံး နေနာရီတွက်ပုံ[ပြင်ဆင်ရန်]

မြန်မာပြည် အတွက် မွန်းတည့်ဖဝါးများပြပုံ

နေပြည်တော်နှင့်မနီးသော ကျေးတောရွာများတွင် ဗဟိုရ်စည်သံမကြားရသောကြောင့် နာရီကို အတိအကျသိရန် မလွယ်။ သို့အတွက် မွန်းတည့်ချိန်ကိုမှတ်သားပြီး အချိန်ကို ခန့်မှန်းကြသည်။ မွန်းတည့်ချိန်ကို မိမိအရိပ်မှ ထွက်လာသော ဖဝါး အရှည်ဖြင့်တိုင်းတာ တွက်ချက်၏။ လူတစ်ဦး၏ ခြေဖဝါး ၇ ဆသည် အရပ်နှင့် ညီသည် ဆို၏။

နေသည် အယာဉ်သုံးပါးနှင့်သွားနေသည်ဖြစ်ရာ နေမွန်းတည့်ချိန်တွင်ရှိသော ဖဝါး အတိုင်းအတာများ မှာလည်း မတူပါ။ သက်ဆိုင်ရာလများ အလိုက်ရှိသည့် ဖဝါးအတိုင်းအတာကို အောက်ပါ လင်္ကာဖြင့် မှတ်သားထားပါသည်။

စစ်ကိုင်းအနောက်၊ အုတ်ကျောက်ဆစ်ရာ၊ မှတ်သားပေလော့

ဆိုလိုသည်မှာ တန်ခူးလတွင် မွန်းတည့်ချိန်၌ တိုင်းကြည့်ပါက ၃ ဖဝါးရှိမည်။ နတ်တော်လတွင် မွန်းတည့်ချိန်၌ ၅ ဖဝါး ရှိမည်။ ဝါဆိုလတွင်မူ မွန်းတည့်ချိန်၌ အရိပ်မထွက်။

သို့သော်ဒေသကိုလိုက်ပြီး မွန်းတည့်ဘဝါးလည်းကွာသွားပါသည်။ ယခုမှတ်ထားသော မွန်းတည့်ဘဝါးမှာ ရွှေနန်းတော်တည်ရှိရာ (အမရပူရမန္တလေး) အရပ်ကို မူတည် တိုင်းတာထားခြင်း ဖြစ်ပါလိမ့်မည်။ နေ၏ကြနီ္တနှင့် မိမိရှိရာ ဒေသ၏ လတ္တီတွဒ် တူညီပါက မွန်းတည့်ဘဝါး သုည ဖြစ်မည်။ ဥပမာ - ရန်ကုန်၏ တည်နေရာသည် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ဖြစ်၏။ ထို့ကြောင့် နေ၏ ကြနီ္တ(declination) ၁၇ ဒီဂရီဖြစ်ချိန် (မေလခန့်) တွင် ရန်ကုန်မွန်းတည့်ဘဝါးမှာ သုည ဖြစ်သည်။

လအလိုက် နေဝင် နေထွက်[ပြင်ဆင်ရန်]

ပြက္ခဒိန်ကို ဆန်းစစ်ရန် နေဝင်၊ နေထွက်များကိုလည်း သိထားရန် လိုပါသည်။C မြန်မာတို့က နေထွက်ချိန် ကို အောက်ပါအတိုင်း လင်္ကာကလေး ဖြင့် မှတ်ထားပါသည်။

သောင်းနေထွက်၊ ဖက်မေနှင်း၊ မင်းလှထွေ၊ မေထပ်ထပ်၊ မတ်လည်တို၊ ပျိုပျိုထွေး၊ သွေးထွက်ထွက်၊ သက်အောင်နေ၊ သေချန်ထား၊ သားစုတ်တံ၊ ဟန်ချောထူ၊ သူအတင်း၊ နေထွက်လင်းသည်၊ မြန်တွင်းပြည်သူ၊ မှတ်စေသောဝ်။

တန်ခူး = သောင်းနေထွက် ၆း၀၀
ကဆုန် = ဖက်မေနှင်း ၅း၅၀
နယုန် = မင်းလှထွေ ၅း၄၀
ဝါဆို = မေထပ်ထပ် ၅း၃၀
ဝါခေါင် = မတ်လည်တို ၅း၄၀
တော်သလင်း = ပျိုပျိုထွေး ၅း၅၀
သီတင်းကျွတ် = သွေးထွက်ထွက် ၆း၀၀
တန်ဆောင်မုန်း = သက်အောင်နေ ၆း၁၀
နတ်တော် = သေချန်ထား ၆း၂၀
ပြာသို = သားစုတ်တံ ၆း၃၀
တပို့တွဲ = ဟန်ချောထူ ၅း၂၀
တပေါင်း = သူအတင်း ၆း၁၀

အရုဏ်တက်ချိန်မှာ နေမထွက်မီ ၄၈ မိနစ်ဖြစ်ပြီး ဆည်းဆာချိန်မှာ နေဝင်ပြီး ၄၈ မိနစ်ဖြစ်ပါသည်။

သင်္ကြန်စာ[ပြင်ဆင်ရန်]

သင်္ကြန်စာတွင် ဖော်ပြထားသည့် မြန်မာပဟိုရ် နေ့ ၃ ချက်တီး ကျော်၊ ၁ နာရီ၊ ၁ ပါဒ်၊ ၉ ဗီဇနာ၊ ၅ ပြာဏ်၊ ၁ ခရာ ဟူသည်မှာ အချိန်ကို မြန်မာ့ရိုးရာနာရီနှင့် ဖော်ပြထားခြင်းဖြစ်ပါသည်။ ဤ စာကြောင်း၏ ရှေ့ဘက်တွင်ပါသည့် မြန်မာစံတော်ချိန်၊ နေ့စက်၊ ၃ နာရီ၊ ၄၀ မိနစ်၊ ၄၉ စက္ကန့် ဟူသည်ကား မြန်မာ့ရိုးရာနာရီနှင့် ညီမျှသည့် လက်ရှိသုံး စက်နာရီအချိန်ပင် ဖြစ်ပါသည်။

မှတ်ချက်[ပြင်ဆင်ရန်]

A.^ နေမင်းသည် ဥတ္တရဒိဂ်သွားလျှင် မြန်မာပြည်တွင် နေ့တာ ရှည်မည်။ မဇ္ဈေသွားလျှင် နေ့တာညတာ တူမည်။ ဒက္ခိဏဒိဂ် သွားလျှင် နေ့တာတိုမည်။ ပြိဿ၊ မေထုန်၊ ကြကဋ်၊ သိဟ်၊ ကန် ရာသီများတွင် ဥတ္တရဒိဂ်သွားသည်။ မြန်မာလများအနေနှင့် ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလများ ဖြစ်ပါသည်။ မိဿ (တန်ခူး) နှင့် တူရာသီ (သီတင်းကျွတ်လ) တို့တွင် မဇ္ဈေသွားသည်။ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန် ရာသီများတွင် ဒက္ခိဏဒိဂ် သွားသည်။ မြန်မာလို တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်းလ တို့ဖြစ်၏။
B. ^ ထိုသံပေါက် သုံးပုဒ်တွင် ပထမသံပေါက်မှာ တစ်ဆယ့်နှစ်လအတွက် တစ်လုံးကောက် အက္ခရာနံသင့်ဂဏန်း တစ်ဆယ့်နှစ်လုံး ချရန်ဖြစ်သည်။ (ဥပမာ - တန်ခူး = ပတ်၊ ကဆုန် = သံ စသည်) ချရာတွင်- ပတ်=၅။ သံ=၆။ တာ=၇။ ရှည်=၈။ တီး=၇။ သံ=၆။ မြည်=၅။ လက်=၄။ ဆည်=၃။ ကန်=၂။ စာ=၃။ ရေး=၄ - ဟူ၍ ဂဏန်းချရပေသည်။ တစ်ဆယ်လောင်းမည် ဆိုသည်မှာ ထိုနံသင့်ဂဏန်းများကို ၁၀ ပေါင်းပါဟု ဆိုလိုသည်။ ဥပမာ - တန်ခူးလအတွက် (ပတ် = ၅) ဖြစ်၏။၎င်းကို ၁၀ ပေါင်းသော် (၅+၁၀=၁၅) ဖြစ်၏။ ထမ်းပိုးရည် - ဟူသည် နှစ်ဆပြုပါ။ သို့မဟုတ် ပေါင်းရဂဏန်းကို ၂ နှင့် မြှောက်ပါဟု ဆိုလိုသည်။ ဥပမာ - တန်ခူးလမှ ပေါင်းရဂဏန်းသည် ၁၅ ဖြစ်၏။၎င်းကို ၂ နှင့်မြှောက်သော် (၁၅ x ၂ = ) ၃၀ ရသည်။ နေ့ဖို့ရည် - ဟူသည် ထိုရသော ဂဏန်းမှာ နေ့နာရီပေါင်း ဖြစ်သည်ဟု ဆိုလိုသည်။ ညဉ့်သည် အကြွင်းဆေး - ဟူသည်ကား ၆၀ မှ ထို နေ့နာရီကို နှုတ်။ အကြွင်းသည် ညနာရီပေါင်း ဖြစ်သည် ဟူ၏။ ဥပမာ - တန်ခူးလတွင် နေ့နာရီပေါင်း ၃၀ ဖြစ်ကြောင်း အထက်တွက်ကိန်းအရသိရပြီ။ တစ်ရက်ရှိနာရီပေါင်း ၆၀ မှ ထိုနေ့နာရီ ၃၀ ကိုနှုတ်လိုက်သော ၃၀ ကြွင်းမည်။ ထိုနာရီသည်ကား ညဉ့်နာရီပင် ဖြစ်တော့၏။ ထို့ကြောင့် တန်ခူးလတွင် နေ့နာရီ ၃၀၊ ညနာရီ ၃၀ ရှိသည်ဟု သိရသည်။
C. ^ အင်္ဂလိပ်ပြက္ခဒိန်တွင် နေထွက်၊ နေဝင်၊ လထွက်၊ လဝင်၊ လပြည့်၊ လကွယ်၊ နကြေတ်၊ လကြတ် စသည်တို့နှင့် မပတ်သက်။ ခုနှစ်ကို ၄ နှင့်စားတတ်လျှင်ပင် ပြက္ခဒိန်တွက်တတ်ပြီ။ သို့သော် မြန်မာပြက္ခဒိန်မှာ ဤမျှမလွယ်။ ကောင်းကင်မှ လ နှင့် နက္ခတ်အသွားအလာများအပေါ် မူတည်တွက်ချက်ထားသဖြင့် ထို နေထွက်၊ နေဝင်၊ လထွက်၊ လဝင်၊ လပြည့်၊ လကွယ်၊ နကြေတ်၊ လကြတ် စသည်တို့နှင့် တိုက်ရိုက်ပတ်သက်နေသည်။
မည်ကဲ့သို့ပတ်သက်သနည်းဟူမူ မြန်မာပြက္ခဒိန်တွင် ကောင်းကင်မှ လမင်းကြီးအတိုင်း လပြည့်နေ့၊ လကွယ်နေ့ စသဖြင့် ထည့်သွင်းစီရင်ရသည်။ ထိုအခါ ကောင်းကင်မှ လပြည့်ချိန်တွင် ပြက္ခဒိန်မှရက်မှာလည်း လပြည့်နေ့ ဖြစ်နေမှ မှန်ကန် သောပြက္ခဒိန်ဖြစ်မည်။ သို့မဟုတ်ပဲ ကောင်းကင်မှ လမပြည့်သေးဘဲ ပြက္ခဒိန်တွင်လပြည့်ရက်ဖြစ်နေပါက ပြက္ခဒိန် မှားနေ ကြောင်း သိရမည်။ အကယ်၍ အမှန်တကယ် လမပြည့်သေးဘဲ ပြက္ခဒိန်တွင် လပြည့်ဟုဖော်ပြထားပါက လပြည့်၊ လကွယ် ရက်များတွင် ဥပုသ်စောင့်သော ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများအဖို့ အဖိတ်နေ့ကို လပြည့်၊ လကွယ်နေ့ ထင်ကာ ဥပုသ်စောင့်နေ မိပေလိမ့်မည်။
အတွက်အချက်များမပါဘဲ၊ မည်သည့်စာအုပ်ကိုမှမကြည့်ဘဲ မျက်စိအမြင်ဖြင့် အလွယ်ဆုံးစစ်ဆေးနိုင်သောနည်း ရှိပါ သည်။ လပြည့်နေ့ဟူသည် နေနှင့်လ သမသတ် (၁၈၀ ဒီဂရီတည့်တည့်) ကျသော အချိန်ဖြစ်သဖြင့် နေဝင်ချိန်နှင့် လထွက်ချိန် တစ်ပြိုင်နက်ဖြစ်ရမည်။ (အထက်တွင်ဖော်ပြခဲ့သော လပြည့်လကွယ် အခြင်းအရာပုံတွင် ကြည့်ပါ။)
နေလုံးကြီးစတင်မြုပ်ချိန်နှင့် လမင်းကြီးထွက်ပြူလာချိန် တစ်ချိန်တည်းဖြစ်နေသောနေ့သည် လပြည့်နေ့ဖြစ်၏။
သို့သော် လက်တွေ့တွင် လပြည့်ချိန်တည့်တည့်သည် နေဝင်ချိန်ထက် အနည်းငယ်စောတတ်၊ နောက်ကျတတ်သဖြင့် နေလုံးကြီး မြုပ်ချိန်နှင့် လမင်းကြီး ထွက်ပြူလာချိန် အနည်းငယ်ကွာတတ်သည်။ သို့သော်အရမ်းမကွာလှ။ နေဝင်ချိန်နှင့် လထွက်ချိန် တစ်ပြိုင်တည်းဖြစ်လျှင်ပင် လပြည့်နေ့ဟု ယူဆ၍ရပါသည်။ လပြည့်နေ့၌ နေဝင်ပြီးမှ လထွက်ခြင်း၊ နေမဝင်မီ လထွက်ခြင်းတို့တွေ့ရပါက ပြက္ခဒိန်မှားနေပြီ ဟု တစ်ထစ်ချမှတ်ယူနိုင်ပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ကဝိလက္ခဏာ သတ်ပုံကျမ်း

http://shwenyein.blogspot.com/2012/07/blog-post_1466.html