အကြောပြတ်ခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အကြောပြတ်ခြင်း[ပြင်ဆင်ရန်]

“ဗိုက်အကြောပြတ်တယ်” လို့ ပြောလေ့ရှိတဲ့ဟာက ရောဂါတော့ မဟုတ်တတ်ဘူး။ ကျန်းမာရေးပြဿနာတော့ ဖြစ်တယ်။ ဗိုက်မှာတင် မဟုတ်ပါ။ ရင်သား၊ တင်ပါး၊ ပေါင် စတဲ့ နေရာတွေမှာပါ ဖြစ်တတ်တယ်။ ဖြစ်တဲ့နေရာမှာ ပြိုင်နေတဲ့ မျဉ်းကြောင်းတွေလို၊ ပါးလျ၊ ပြောင်ချော၊ အရောင်ဖျော့၊ ဖြစ်စမှာ အနီရောင်၊ ကြာရင် ငွေရောင်၊ အမာရွတ်လိုလို အပိုတွေ ဖြစ်လာတယ်။ အနားရှိတဲ့ ပုံမှန် အရေပြားထက် နဲနဲနိမ့်ပြီး၊ ထိ-ကိုင်ကြည့်ရင် ခံစားမှု မတူဘူး။

ကိုယ်ဝန်ဆောင်ရလို့ ဖြစ်ရတာက အများဆုံးပါ။ ကိုယ်ဝန်ရင့်လာချိန် ၇၅% ကနေ ၉၀% မိခင်လောင်းတွေမှာ ဖြစ်ပါတယ်။ ကိုယ်ဝန် မဟုတ်ဘဲ ရုတ်တရက် ၀လာ-ပိန်သွားတာကနေလည်း ဖြစ်တတ်တယ်။ တခြား အကြောင်းခံ ရောဂါတွေလည်း ရှိသေးတယ်။ (ကော်တီဇုန်း) လိမ်းဆေး ကြာကြာသုံးလို့၊ ဆီးချိုရောဂါ၊ Cushing syndrome, Ehlers-Danlos syndrome, Lichen planus ရောဂါတခုခုရှိလို့ ဖြစ်တတ်တယ်။ လူပျိုဝင်၊ အပျိုဖြစ်ဆိုတဲ့ အရွယ် ရောက်ချိန်မှာ ကိုယ်ခန္ဓာ အချိုးအစား ပြောင်းလာလို့လည်း ဖြစ်ရပါတယ်။

Collagen (ကိုလာဂျင်) တွေ ပုံမှန်မဟုတ် ဖြစ်လာလို့၊ အရေပြားရဲ့ အလည်ထပ် Dermis မှာ သွားဖြစ်ပါတယ်။ Glucocorticoid ဟော်မုန်းနဲ့ ဆိုင်သေးတယ်။ လူမဲတွေမှာ အဖြစ်နည်းတယ်။ မျိုးရိုးလိုက်တာလည်း ရှိတယ်။ အမေဖြစ်ရင် သမီးတွေမှာ အဖြစ်များလို့ မိန်းမ မယူခင် သူ့အမေကိုပါ လေ့လာသင့်တယ်။ ဈေးအကြီးဆုံး မော်ဒယ် ၁၀ ယောက်စာရင်းဝင် ဩစတြေးလျက Miranda Kerr ကလေး ယူတော့မယ် ဆိုတော့ သူ့အဖွါးကပြောတယ် "ခါးရ် မိသားစုမှာ ဗိုက်ကြောပြတ်တဲ့ ရာဇဝင် မရှိဘူး" တဲ့။

ကြောငြာပြီး ရောင်းတဲ့ (ခရင်မ်) တွေက လက်တွေ့မှာ တကယ်ကောင်းတယ်လို့ အာမမခံနိုင်ပါ။ အကြောပြတ်တာ ဖြစ်စေတဲ့ အခံရောဂါရှိရင် ကုသဘို့ လိုတယ်။ မဖြစ်အောင် ကာကွယ်ဘို့ လိုမယ်။ ဒါ့ကြောင့် ကိုယ်ခန္ဓာ အလေးချိန်ကို အပြောင်းအလဲ မမြန်အောင် သတိထားရမယ်။ ကော်တီဇုံးဆေးတွေ သိပ်လိုအပ်မှသာ သုံးပါ။ ကိုယ်ဝန်ဆောင်နေတုံးမှာ လေ့ကျင့်ခန်းလုပ်ပါ။ ဆီးချို ရှိ-မရှိစစ်ပါ၊ ကုပါ။ ဟော်မုန်းပါဆေးတွေကို သတိထားပါ။

အကြောပြတ်တာက အမာရွတ်သဘောနဲ့ တူတယ်။ အမာရွတ်ဆိုတာမျိုးက ပျောက်သွားအောင် လုပ်လို့ မရသလောက်ပါ။ အနာ-ဒဏ်ရာ ဖြစ်တုံးက အရေပြားကို ဘယ်လောက်ထိ နက်သွားခဲ့သလဲ အပေါ်မှာ မူတည်ပြီး အကြီး-အသေး၊ အပျောက် နှေး-မြန် ကွာတယ်။ ဖြစ်တဲ့နေရာအရလည်း မတူကြသလို၊ လူအပေါ်မှာပါ တည်သေးတယ်။ အသေားအရေ ကောင်းသူ၊ အရွယ်ငယ်ငယ်မှာ အပေါ်ယံဖြစ်တဲ့ အမာရွတ်ဆိုရင် ကြာလေလေ ပျောက်လေလေ။

စိတ်ဓာတ် မကျပါနဲ့အုံး။ သုတေသနတခုက Gotu kola, Vitamin E, Collagen hydrolysates တွေက အကြောပြတ်တာ အတွက် အကျိုးရှိတယ်လို့ ဆိုပါတယ်။ Gotu kola ဆိုတာ တခြားမဟုတ်ဘူး မြင်းခွါရွက်ပါ။ Collagen hydrolysates ဆိုတာကလည်း Shampoos, Conditioners, Soaps, Face cares, Make-up လူသုံး ပစ္စည်းတွေမှာပါတဲ့ ဓာတ်ပါဘဲ။ ဗီတာမင် E ကို စာတပုဒ် ရေးထားပါတယ်။

နောက် သုတေသနတခုက Vitamin E, Panthenol, Hyaluronic acid, Elastin နဲ့ Menthol တွေပါတဲ့ (Verum) Cream က ကောင်းတယ်လို့ ဆိုတယ်။ Cocoa butter ဆိုတာကလည်း ရေငွေ့ပေးတာမို့ ကောင်းတယ် ပြောတယ်။ သုတေသနတော့ မရှိသေးဘူး။

Dermatologic Surgery ဂျာနယ်က Radiofrequency combined with 585-nm pulsed dye laser နဲ့ ၃၇ ယောက်ကို ကုတာ၊ ၃၃ ယောက်မှာ အလွန်ကောင်းတဲ့ ရလဒ်ရတယ်လို့ ဆိုပါတယ်။ Tummy tuck ခေါ်တဲ့ ခွဲစိတ် ဖယ်ရှားမှုလည်း လုပ်ကြတယ်။ Fractional laser resurfacing (လေဆာ) နည်းသစ်ကလည်း ပိုကောင်းသတဲ့။

Dermatological Treatment ဂျာနယ် “Treatment of striae distensae with a TriPollar radiofrequency device: A pilot study" စာတမ်းမှာ အမျိုးသမီး ၁၇ ယောက်ကို ၆ ပါတ် ကုသပေးတာ ဆေးပါတ် ပြည့်ပြီးနောက် ၁ ပါတ်မှာ ၃၈့၂% က ၂၅့၅% နဲ့ ၁၁့၈% က ၅၁့၇၅% တိုးတက်မှုတွေ့ရတယ်။ ၂၃% က ကျေနပ်ကြပြီး၊ ၁၂% ကတော့ ကျေနပ်မှုမရှိဘူး ဆိုပါတယ်။

“အကြောပြတ်တာ ကျန်းမာရေးပြဿနာ” လို့ ရေးခဲ့ပါတယ်။ လူဆိုတာ မွေးတုံးကထက် ဖြစ်နိုင်ရင် ပိုလှချင်၊ ပိုကောင်းချင်၊ ပိုကျန်းမာ သန်စွမ်းချင်ကြတယ်။ လျော့သွား၊ ကျသွား၊ ပြောင်းသွားရင်လည်း နဂိုအနေ ပြန်ဖြစ်ချင်ကြတယ်။ ဒီအထိတော့ (နော်မယ်)ပါ။ မဖြစ်နိုင်ဘူး ဆိုတာကိုပါ ဖြစ်ချင်နေရင်တော့ ေ၀ဒနာ တိုးတာပါ။ ဒါ့ကြောင့် ကံနဲ့ စိတ်ဟာ အကြောင်းတရား တွေထဲမှာ ပါနေတာပေါ့။ အဲဒါကြောင့်လည်း စိတ်ကို ထားတတ်အောင် ပြုပြင်နည်းတွေ၊ ကံတရား ကောင်းအောင် ကျင့်ကြံစရာတွေ ပေါ်ပေါက်လာခဲ့တယ်။

ကောင်းခြင်းငါးဖြာထဲမှာ ဆံပင်၊ အသား၊ အရိုး၊ အရွယ် နဲ့အတူ အရေ၏ ကောင်းခြင်းလည်း ပါတယ်။ အမျိုးသမီး တွေသာမက အမျိုးသားတွေအတွက်လည်း ဗိုက်စူ၊ ဗိုက်ပူတွေ မဖြစ်ချင်ကြတာမို့ “ဗိုက်ခေါက်ကျန်းမာရေး” က အတော် အရေးပါလှတယ်။ ဗိုက်ကြောပြတ်တာက အရေပြားမှာ ဖြစ်တာပါ။ အရေပြားအောက်မှာ အဆီပြင်၊ ကြွက်သား၊ နောက်ခံ အရွတ်ပြား၊ အတွင်းဆုံးကြမှ ဗိုက်ကိုဖုံးနေတဲ့ အလွှာဆိုပြီး ၅ ထပ်ရှိတယ်။ ဗိုက်မစူချင်ရင် ဗိုက်လှချင်ရင် အရေပြား လှရမယ်။ အဆီမထူရဘူး။ (ဗယ်လီ) ခေါ်တဲ့ ဗိုက်ကြွက်သား သန်နေရမယ်။ တချို့သိပ်မသိကြတာက အရွတ်ပြားရဲ့ အရေးပါမှုဘဲ။ ဗိုက်ကို ခွဲစိတ်ရရင် ဒီအထပ်ကို ကျကျနန ပြန်ချုပ်ပေးရတာ လက်ဝင်တဲ့ အလုပ်တခုပေါ့။

အထပ်ရှိသမျှ ကောင်းနေရမယ်။ အပေါ်ယံလေးနဲ့ မလုံလောက်ဘူး။ (တိုးရစ်) တွေ လာမဲ့နေရာတွေမှာသာ လမ်းတွေ၊ အိမ်တွေကို မြင်ကောင်းအောင် လုပ်ထားသလိုမျိုး။ စစ်ဆေးတဲ့သူ လာချိန်မှာ တခါမှ မတခါဘူးတဲ့ ခြင်တောင်တွေ၊ မွေ့ယာတွေ ထုတ်ပေးထားတာမျိုး ဆိုတာတွေက တကယ့် အကောင်း၊ အစစ်အမှန် မဟုတ်ဘူး။

လူတယောက်ကို ကြည့်တာနဲ့ ဗီတာမင်ဘီ ၂ နည်းနေတာကို သိနိုင်တယ်။ ပါးစပ်ဘေးစွန်းတွေမှာ အရောင်ဖျော့နေ၊ နီနေ။ အနာဖြစ်ချင်နေတာ မြင်ရမယ်။ ဆက်သိဘို့က သူ့မှာ ဘီ ၂ နည်းနေရင် ဘီ ၁ လည်း နည်းနေနိုင်သလို၊ တခြားတခြား အာဟာရတွေပါ နည်းနိုင်တယ်လို့ မှန်းတတ်ရတယ်။ ဒီဆင်ခြင်မှုသဘောအတိုင်းဘဲ ဗိုက်ကြောပြတ်သူတယောက်မှာ အရေပြား အောက်လွှာတွေလည်း တခုခု လိုနေနိုင်တယ်လို့ သံသယဝင်ဘို့ ထိုက်တယ်။

ရေနဲ့ အာဟာရဓာတ်ပြည့်၀နေတဲ့ အရေပြားဆိုရင် အကြောပြတ်တာဟာ အဖြစ်နည်းတယ်။ ရေသောက် မနည်းစေနဲ့။ မျှတတဲ့ အစားအစာစားပါ။ အသား-ငါး၊ အသီးအရွက်-အသီးအနှံ၊ ပဲတွေ စုံအောင်စားရတာမျိုးပြောတာပါ။ လှုတ်ရှား ရုံးကန်နိုင်ဘို့ Energy အား ဖြစ်စေတဲ့အစာ၊ ကြီးထွားဘို့၊ ပျက်တာတွေပြုပြင်ဘို့ Protein (ပရိုတင်း)၊ နည်းနည်းစီနဲ့ နေ့တိုင်း မပါမဖြစ်တာတွေက ဆီ၊ ဗီတာမင်တွေနဲ့ ဓာတ်ဆားတွေဖြစ်တယ်။ ဗီတာမင် A နဲ့ E ကို သောက်သင့်တယ်။ သူနည်းနေရင် ပြော့ဖတ်ဖတ် ဖြစ်နေတာမို့ (ပိုတက်ဆီယံ) ပါ ဖြည့်ပေးဘို့ လိုတယ်။ အကြောပြတ်ပြီးသူတွေအတွက်ပါ ကောင်းပါတယ်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Dr. တင့်ဆွေ