အကြမ်းဖက်မှုပုံဖော် ဝါဒဖြန့်ခြင်း

ဝီကီပီးဒီးယား မှ

အကြမ်းဖက်မှုပုံဖော် ဝါဒဖြန့်ခြင်း သည် ရန်သူကျူးလွန်သော ပြစ်မှုများနှင့်ပတ်သက်သော သတင်းအချက်အလက်များအား ဖြန့်ဖြူးခြင်းဖြစ်ပြီး အဖြစ်မှန်လည်း ဖြစ်နိုင်သည်။ သို့သော် တမင်ရည်ရွယ်ဖန်တီးထားသည်များ သို့မဟုတ် ချဲ့ကားထားသည်များ ပုံဖော်/ပါဝင်သည်။ ဓာတ်ပုံများ ၊ ဗွီဒီယိုများ ၊ သရုပ်ဖော်ပုံများ ၊ အင်တာဗျူးများနှင့် အခြား သတင်းတင်ဆက်ခြင်း သို့မဟုတ် အစီရင်ခံခြင်းများ ပါဝင်သည်။

စစ်၏ ပင်ကိုသဘာဝအရ ကြမ်းတမ်းသည့်သဘောရှိရာ ကြမ်းကြုတ်ရက်စက်မှုအား ဖန်တီးခြင်း သို့မဟုတ် ချဲ့ကားခြင်းသည် ဝါဒဖြန့်ရာတွင် အခရာဖြစ်လာသည်။ မျိုးချစ်စိတ်တခုတည်းဖြင့် လူအများ၌ အမုန်းစိတ်ဝင်စေရန် မဖြစ်နိုင်သည့်အတွက် ဝါဒဖြန့်ခြင်းလိုအပ်သည်။ "ခေတ်သစ်နိုင်ငံများတွင် စစ်ဆန့်ကျင်ရေးစိတ်ဓာတ် ကြီးမားလွန်းသည် ဖြစ်ရာ ခြိမ်းခြောက်ရန်စတတ်သော ၊ လက်ရဲဇက်ရဲသတ်ဖြတ်ရဲသော ဖိနှိပ်သူအား ခုခံစစ်အဖြစ် စစ်ပွဲတိုင်းစစ်ပွဲတိုင်းက ပုံပေါ်နေရမည်” ဟု Harold Lasswell က ရေးသားသည်။ မည်သူ့အား လူထုကမုန်းတီးရမည်နှင့်ပတ်သက်ပြီး ဝေဝါးခြင်းမရှိပေ။ သာမန်အခြေအနေတွင်ပင်လျင် လူတို့၏ထွက်ဆိုချက်မှာ အားထားလောက်ဖွယ်ရာ မရှိသည်ဖြစ်ရာ စစ်ကာလအတွင်း၌   ဘက်လိုက်မှု ၊ စိတ်ခံစားချက်များမှု နှင့် တလွဲမျိုးချစ်စိတ်တို့ဖြင့် ကမောက်ကမဖြစ်တတ်သောကြောင့် အမှန်တရား တည်ဆောက်ရာတွင် တန်ဖိုးမဲ့လာရလေသည်။

Paul Linebarger ၏ အဆိုအရ ရက်စက်ကြမ်းကြုတ်မှုပုံဖော် ဝါဒဖြန့်ခြင်းကြောင့် ရက်စက်ကြမ်းကြုတ်မှု ပိုကျူးလွန်စေရန် ရန်သူအား စေစားသကဲ့သို့ဖြစ်ရာ ရက်စက်ကြမ်းကြုတ်မှုအစစ်များ ဖြစ်လာနိုင်သည့်အပြင် ဝါဒဖြန့်ခြင်းပါကျူးလွန်မှုများအတွက် လက်စားချေရန် စိတ်ဆွပေးလိုက်သကဲ့သို့ဖြစ်သောကြောင့် မိမိတို့ဘက်သားများမှလည်း ယင်းကဲ့သို့ ကျူးလွန်မည့် အလားအလာပိုများစေသည်။ ရက်စက်ကြမ်းကြုတ်မှုပုံဖော် ဝါဒဖြန့်ခြင်းကြောင့် အများပြည်သူက ရက်စက်ကြမ်းကြုတ်မှုအစစ်အမှန်နှင့် ပတ်သက်သည့် အစီရင်ခံမှုများအပေါ် မယုံသင်္ကာဖြစ်စေတတ်သည်။ နာဇီလက်တွင်းကျရောက်နေသော ဥရောပ၌ ၎င်းကြုံတွေ့ခဲ့ရသည်များအား ပြန်ကြားဆက်သွယ်ရန် ကြိုးပမ်းရာ၌ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပုံကို ၁၉၄၄ ဇန်နဝါရီတွင် Arthur Koestler က ရေးသားခဲ့ရာ စစ်ပြီးကာလများအတွင်း အဖြစ်မှန်ပေါ်လာခဲ့သည့် ပထမကမ္ဘာစစ်တွင်းက ဂျာမန်န့်ကျင်ရေးစိတ်ဓာတ် အမွေကို ထောက်ရှု၍ ယင်းကဲ့သို့သတင်းပေးပို့မှုများအား ချင့်ချိန်နှိုင်းဆပြီးမှ လက်ခံကြရန်လိုသည်။

ဝါဒဖြန့်ခြင်းကဲ့သို့ပင် ချဲ့ကားထားသော သို့မဟုတ် ဖန်တီးထားသော ရန်သူ့ပြစ်မှုများအကြောင်း အသေးစိတ်ပါဝင်သည့် ရက်စက်ကြမ်းကြုတ်မှုကောလဟာလများကို ဆန့်ကျင်ဘက်အုပ်စုအား နာမည်ဖျက်ရန်အတွက်လည်း ဖြန့်သည်။

ရက်စက်ကြမ်းကြုတ်မှု ဇာတ်လမ်း[ပြင်ဆင်ရန်]

အမေရိကန် လူမှုဗေဒပညာရှင်များ ဖြစ်သည့် David G. Bromley  နှင့် Anson D. Shupe  တို့က သတ်မှတ်သည့် ရက်စက်ကြမ်းကြုတ်မှုဇာတ်လမ်း  (ရက်စက်ကြမ်းကြုတ်မှုပုံပြင် ဟုလည်း ရည်ညွှန်း) အသုံးအနှုန်းမှာ ရင်းနှီးပတ်သက်မှုတရပ်ရပ်၏ လူမှုဥပစာကို ချိုးဖောက်ရန် မျက်နှာပြောင်တိုက် ပြုလုပ်သည့် အခင်းအကျင်းအတွင်းက လုပ်ရပ် သို့မဟုတ် (အစစ်အမှန်သော်လည်းကောင်း စိတ်ကူးမှန်းဆ၍သော်လည်းကောင်း) ဖြစ်ရပ်များ၏ ကိုယ်စားပြုသင်္ကေတကို ညွှန်းဆိုသည်။ ယင်းကဲ့သို့ဇာတ်လမ်းဆင်ခြင်းသည် အများသဘောတူလက်ခံထားသည့်ဘောင်အကန့်အသတ်ကို ပြန်လည်အတည်ပြုသည့် နည်းလမ်းတရပ်အဖြစ် ရည်ရွယ်သည်။ သတင်းပို့သူ၏ မနှစ်သက်မလိုလားမှု သို့မဟုတ် ရွံရှာစက်ဆုပ်မှုအား ဝေမျှခံစားခြင်းဖြင့် နားဆင်သူပရိသတ်က ဝေဖန်ပိုင်းခြားသုံးသပ်မှုဆိုင်ရာဖော်ပြချက်ကို ပြန်သတ်မှတ်ပြီး ကျူးလွန်သူကို အများပြည်သူလက်ခံထားသည့် ဆင်ခြင်တုံတရား ဘောင်ပြင်ပ၌ ထားရှိသည်။ Bromley ၊ Shupe နှင့် Joseph Ventimiglia တို့က ၁၉၇၉ တွင် ဤအသုံးအနှုန်းကို တီထွင်ခဲ့သည်။

အခြေခံကျသည့်တန်ဖိုးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုဟု မြင်သည့် ဖြစ်ရပ်ဟု Bromley နှင့်အခြားသူများက ရက်စက်ကြမ်းကြုတ်မှုကို သတ်မှတ်သည်။ အောက်ပါအချက် ၃ ရပ်ပါဝင်သည် -

  1. မတရားမှုအတွက်ထွက်ပေါ်လာသည့် အမျက်ဒေါသ သို့မဟုတ် မခံမရပ်နိုင်ဖြစ်ခြင်း
  2. ပြစ်ဒဏ်ချမှတ်သည့်နည်းလမ်းများအား ခွင့်ပြုခြင်း
  3. ကျူးလွန်သူများအား ထိန်းချုပ်နိုင်မည့်အင်အားများ စုစည်းခြင်း

ဇာတ်လမ်း၏စစ်မှန်မှုကိုမူ ထည့်တွက်စရာမလိုဟု စဉ်းစားသည်။

လူနာများက ဆရာဝန်များအကြောင်း ပြောပုံပြောနည်းအား ဆွေးနွေးရာတွင် အသုံးပြုရန် ဤအသုံးအနှုန်းကို Stimson နှင့် Webb တီထွင်ခဲ့သည်။ အလုပ် သို့မဟုတ် လူ့ဘောင်အဆင့်အတန်း (social standing) နှင့် စပ်လျဉ်းသည့် တရားလက်လွတ်ပြောဆိုမှုများမှ အသက်မွေးဝမ်းကျောင်း၏သဘောသဘာဝကို ကာကွယ်ပေးရန်အတွက်သော်လည်းကောင်း ၊ မည်သို့မည်ပုံဇာတ်လမ်းထွင်သည်ကို စစ်ဆေးရန်အတွက်လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်တွင်လည်း အသုံးချသည်။

နိဿယများ[ပြင်ဆင်ရန်]

ရန်သူအနေဖြင့် ကိုယ့်ကိုယ်ကိုကာကွယ်ရန် တန်ပြန်ထောက်လှမ်းရေးလုပ်ငန်း၏ အချိန် နှင့် ရင်းမြစ်များ ဆုံးရှုံးရသည်ဖြစ်ရာ အရင်းခံအလိမ်အညာတခု ဖန်တီးပြီး ရန်သူအား မကောင်းဆိုးရွားအဖြစ် ပုံဖော်ခြင်းအားဖြင့် ရက်စက်ကြမ်းကြုတ်မှုပုံဖော် ဝါဒဖြန့်ခြင်းကို ထောက်လှမ်းရေးလုပ်ငန်းတခုအနေဖြင့် ဆောင်ရွက်သည်။ ရက်စက်ကြမ်းကြုတ်မှုပုံဖော် ဝါဒဖြန့်ခြင်းသည် ပြောင်ပြောင်တင်းတင်းသော်လည်းကောင်း ၊ သတင်းအမှောင်ချထား၍သော်လည်းကောင်း သို့မဟုတ် သူ့လူကိုယ့်ဘက်သားသတင်းဖြန့်ခြင်းသော်လည်းကောင်း ဖြစ်နိုင်သည်။ ရက်စက်ကြမ်းကြုတ်မှုပုံဖော် ဝါဒဖြန့်ခြင်းသည်  မူလသဘောအားဖြင့် ဗြောင်ကျကျပြုလုပ်ခြင်းဖြစ်ပြီး သတင်းရင်းမြစ်ကို ဖုံးကွယ်ရန် မကြိုးစားသည့်အတွက် များသောအားဖြင့် ပြောင်ပြောင်တင်းတင်းသတင်းဖြန့်ခြင်းဖြစ်သည်။ ဝါဒဖြန့်သူ၏ ပန်းတိုင်ကား ထင်မြင်ချက် ၊ သဘောထား ၊ ခံယူချက် နှင့် မူဝါဒများအပေါ် ဩဇာသက်ရောက်ရန်သည်။ အစိုးရအဖွဲ့အဆင့်တိုင်းရှိ တာဝန်ရှိသူများအား ပစ်မှတ်ထားသည်။ အများပြည်သူ စိတ်လှုပ်ရှား အမျက်ဒေါသထွက်စေရန် အကြမ်းဖက်မှုပုံဖော်ဝါဒဖြန့်မှုက ရုန့်ရင်းကြမ်းတမ်းပြီး မျှော်လင့်ချက်မဲ့ကာ ကြမ္မာဆိုးကျလေဟန် သရုပ်ဖော်သည်။ ရန်သူအား လွယ်လွယ်ကူကူသတ်ဖြတ်စေရန် လူ့ဂုဏ်သိက္ခာကျဆင်းအောင် ပြုသည်။ စစ်ပွဲများပြင်းထန်လာသည်နှင့်အမျှ လူကြီးလူကောင်းမဆန်ကြတော့ပေ။ ရန်သူအား လူသားတဦးသာဖြစ်သည်ဟု မစဉ်းစားတော့ဘဲ ကျိုးကြောင်းဆင်ခြင်ဉာဏ်မရှိသည့် တဇောက်ကန်းသမားအနေဖြင့်သာ စဉ်းစားတော့သည်။ ထို့ကြောင့် “မုသားသည် စစ်ဆင်ရေးအတွက် အလွန်အသုံးဝင်သော လက်နက်အဖြစ် လက်ခံထားပြီး နိုင်ငံတိုင်းက မိမိလူမိမိအယုံသွင်းရန် ၊ ကြားနေများအား ဆွဲဆောင်ရန် နှင့် ရန်သူအား လှည့်စားရန် တမင်ရည်ရွယ်အသုံးပြုကြသည်။” ဟု Harold Lasswell က ဆိုသည်။ ရက်စက်ကြမ်းကြုတ်မှုပုံဖော် ဝါဒဖြန့်ခြင်းသည် အမုန်းတရားနှိုးဆွရန် အခန့်သင့်အသုံးချနိုင်သည့်လက်သုံးထုံးစံတခု ၊ “ပထမပိုင်း အမျက်မထွက်ကြသေးပါက ရက်စက်ကြမ်းကြုတ်မှုအား အသုံးပြုပါ။ လူသားတို့သိသမျှ ပဋိပက္ခတိုင်း၌ တပြေးညီအောင်မြင်စွာ အသုံးပြုနိုင်ခဲ့ပြီးဖြစ်သည်။”

ပထမကမ္ဘာစစ်၏ အတိုင်းအတာနှင့် ပျက်စီးမှုကြောင့် နိင်ငံများအနေဖြင့် စိတ်ဓာတ်မြှင့်တင်နေရန် လိုအပ်သည်။ ရန်သူ့အား မုန်းတီးမှုကို စုစည်းရန် ၊ မိမိတို့ အရေး၏ တရားမျှတမှုနှင့်ပတ်သတ်ပြီး လူထုအား အယုံသွင်းရန် ၊ ကြားနေနိုင်ငံများ၏ တက်တက်ကြွကြွထောက်ခံမှု နှင့် ပူးပေါင်းမှုများ စုစည်းရန် ၊ မိမိ၏မဟာမိတ်များထံမှ ထောက်ခံမှုအား အားကောင်းစေရန် ဝါဒဖြန့်ခြင်းအား အသုံးပြုသည်။

သမိုင်းတလျောက် ရက်စက်ကြမ်းကြုတ်မှုပုံဖော် ဝါဒဖြန့်ခြင်း[ပြင်ဆင်ရန်]

၂၀ ရာစု မတိုင်မီ[ပြင်ဆင်ရန်]

Accounts of Irish atrocities during the Rebellion of 1641 are now dismissed as propaganda, but led to real massacres.[၁]

ခရူးစ်ဆိတ်စစ်ပွဲ ကာလ Clermont ရှိ တရားသဘင်တခုတွင် ရန်သူက “အရှေ့ဘက်ပြည်နယ်များရှိ ခရစ်ယာန်ဘုရားကျောင်းများအား ဖျက်ဆီးခြင်း ၊ ခရစ်ယာန်မျိုးသားများအား လိင်တံအရေပြားဖြတ်ပစ်ခြင်း ၊ အမျိုးသမီးများအား စော်ကားခြင်း နှင့် ထိုသူတို့အား မသတ်မီ ပြောရက်စရာမရှိအောင် ညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်ခဲ့သည်” ဟု အခိုင်အမာပြောဆိုခြင်းဖြင့် Urban II က အစ္စလာမ်ဘာသာဝင်များနှင့် စစ်ပွဲအား မမှားကြောင်းအကြောင်းပြသည်။ ပြည်သူ့ခရူးဆိတ်အား အားတက်သရောထောက်ခံမှု စုဆောင်းရာတွင် Urban II ၏ ဒေသနာက အောင်မြင်ခဲ့သည်။

ခရစ်ယာန်များအပေါ် ဂျူးတို့၏ ရက်စက်ကြမ်းကြုတ်မှုများအကြောင်း ကျယ်ကျယ်လောင်လောင်ပေါ်ထွက်လာသည့် ဇာတ်လမ်းများမှာ အလယ်ခေတ်၌ ပြန့်နှံ့ခဲ့သည်။ ဂျူးတို့၏ ကျွန်ဘဝမှလွတ်မြောက်ခြင်းအထိမ်းအမှတ်ပွဲတော် (Passover) ကာလအတွင်း ခရစ်ယာန်ဘာသာဝင်ကလေးငယ်များ၏ သွေးကို သောက်သုံးရန် ဂျူးများက ပြန်ပေးဆွဲ သတ်ဖြတ်သည်ဟူသည့် စွပ်စွဲမှုကို သွေးကြွေးအမိန့် (blood libel) သိရှိကြသည်။

၁၇ ရာစုအတွင်း၌ အရပ်သားများအား နှိပ်စက်ခြင်း နှင့် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း အပါအဝင် ကက်သလစ်ဂိုဏ်းဝင်အိုင်းရစ်ရှ်များက ပရိုတက်စတင့်ဂိုဏ်းဝင် အင်္ဂလိပ်လူမျိုးများအပေါ် ကျူးလွန်သည်ဟု အဆိုရှိသည့် ရက်စက်ကြမ်းကြုတ်မှုကို သရုပ်ဖော်ပန်းချီများအား အင်္ဂလိပ်သတင်းစာများက လုပ်ကြံဖန်တီးခဲ့သည်။ ပြင်းထန်သည့်လက်တုံ့ပြန်မှုပြုကြရန် ကြွေးကြော်တောင်းဆိုခြင်းဖြင့် အင်္ဂလိပ်လူထုက ဤဇာတ်လမ်းများအား တုံ့ပြန်ခဲ့သည်။ ၁၆၄၁ အိုင်းရစ်ရှ်ပုန်ထမှုကာလ၌ ဗိုက်ကြီးသည်များအား ဗိုက်ဖွင့်ပြီး သန္ဓေသားများ ဆွဲထုတ်ပစ်ခြင်းအပါအဝင် ရက်စက်ကြမ်းကြုတ်မှုအကြောင်း ထိတ်လန့်ချောက်ချားဖွယ်သတင်းများကို Oliver Cromwell က အိုင်းရစ်ရှ်သူပုန်များအား သတ်ဖြတ်မှုအတွက် အကြောင်းပြချက်အဖြစ်ပေးခဲ့သည်။

အမျိုးသမီးနှင့်ကလေးများအား ဦးရေဆုတ်ပစ်သည့်ဇာတ်ကြောင်းများအပါအဝင် ဗြိတိန်မဟာမိတ် ဌာနေအမေရိကန်တိုင်းရင်းသားများက ကျူးကျော်နယ်ချဲ့သူကိုလိုနီများအပေါ် ကျူးလွန်လေဟန် ရက်စက်ကြမ်းကြုတ်မှုများအား စာရင်းပြုစုထားသည့် ဗြိတိသျှအေးဂျင့်နှင့် ကနေဒါမြို့တော်ဝန်အကြားက ပေးစာတစောင်ကို ဖော်ထုတ်ရေးသားထားသည်ဆိုသော သတင်းဆောင်းပါးတစောင်ကို ၁၇၈၂ ခုနှစ်၌ ဘန်ဂျမင်ဖရန်ကလင်က ရေးသားထုတ်ဝေခဲ့သည်။ ဗြိတိသျှသတင်းစာစောင်များက ပြန်လည်ရိုက်နှိပ်ပြီး ထိုမှတဆင့် အမေရိကန်ပြည်ထောင်စုနှင့် ငြိမ်းအေးပြေလည်မှုအား လိုလားသည့်ဘက်သို့ ဗြိတိန်ပြည်သူတို့၏ သဘောထားယိမ်းယိုင်လာလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် အဆိုပါဇာတ်ကြောင်းကို လုပ်ကြံဖန်တီးထားခြင်းဖြစ်သည်။

၁၈၅၇ ဆီပွိုင်းသူပုန်ထမှုအပြီးတွင် အထူးသဖြင့်ဥရောပအမျိုးသမီးများအား Cawnpore ကဲ့သို့ အရပ်များတွင် အဓမ္မကျင့်မှုသတင်းများ ဗြိတိသျှနှင့် ကိုလိုနီသတင်းစာများ၌ စတင်ဖြန့်လာသည်။ နောက်ဆက်တွဲ တရားဝင်စစ်ဆေးမှုက မည်သည့်သက်သေအထောက်အထားမျှ မတွေ့ရှိရပေ။

စပိန်-အမေရိကန်စစ်ရိပ်သန်းနေသည့်ကာလတွင် ကျူးဘန်းများအပေါ် စပိန်တို့၏ ရက်စက်ကြမ်းကြုတ်မှု ဇာတ်လမ်းများအား ပူလစ်ဇာနှင့် ဟာ့စ်က ထုတ်ဝေခဲ့သည်။ တခါတရံမှန်ကန်သည်ဆိုသော်ငြားလည်း အဆိုပါဇာတ်လမ်းအများစုမှာ အ‌ရောင်းမြှင့်တင်ရန် လုပ်ကြံဖန်တီးမှုများသာဖြစ်သည်။

၂၀ ရာစု[ပြင်ဆင်ရန်]

ပထမကမ္ဘာစစ်[ပြင်ဆင်ရန်]


Stories of German soldiers impaling children on their bayonets were based on extremely flimsy evidence.[၂]

ရက်စက်ကြမ်းကြုတ်မှုပုံဖော် ဝါဒဖြန့်ခြင်းကို စစ်မက်ဖြစ်ပွားသောနိုင်ငံတိုင်းက အသုံးပြုကြရာ ပထမကမ္ဘာစစ်အတွင်း အကြီးအကျယ်ပျံ့နှံ့ခဲ့ပြီး ၎င်းမှာ စစ်ပွဲအစောပိုင်းကာလများတွင် မျိုးချစ်စိတ်ဖန်တီးရာ၌ အဓိကအခန်းကဏ္ဍမှာ ပါဝင်ခဲ့သည်။ ဗြိတိန်ဝါဒဖြန့်ချိရေးက စစ်ရေးကြိုးပမ်းမှုအား မြှင့်တင်ရန် လိမ်ညာဖန်တီးထားသော ရက်စက်ကြမ်းကြုတ်မှုများ အလွန်အကျွံအသုံးပြုခဲ့သည်ဟု လက်ခံထားကြသည်။

ယင်းကဲ့သို့ဇာတ်လမ်းများအနက် ၁ ခုမှာ ဂျာမန်စစ်သားများက ဘယ်လ်ဂျီယံကလေးများ၏ လက်များအား ဖြတ်တောက်ပစ်ခြင်းဖြင့် ကိုယ်အင်္ဂါပျက်ယွင်းအောင်ပြုလုပ်ကြခြင်းဖြစ်ပြီး အချို့ဗားရှင်းတွင် စားပစ်ကြသည်ဟူသတတ်။ အလားတူကိုယ်လက်အင်္ဂါပျက်စီးသွားသော ကလေးများအား တွေ့ခဲ့ရသည်ဟု မျက်မြင်သက်သေ ထွက်ဆိုချက်များလည်း ရှိသည်။ လက်တွေ့တွင် ကလေးတယောက်အနေဖြင့် အလားတူဒဏ်ရာရရှိပြီး ဆေးကုသမှုချက်ချင်းမရပါက အသက်ရှင်ရန်ခဲယဉ်းသည်ဟု Arthur Ponsonby က နောက်ပိုင်းတွင် ထောက်ပြသည်။

အခြားရက်စက်ကြမ်းကြုတ်မှုဇာတ်လမ်းတပုဒ်တွင် ကနေဒီယန်စစ်သားများမှာ ဂျာမန်တို့၏ လှံစွပ်သေနတ်ဖြင့် ကွပ်မျက်ခံရခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်အား မျက်မြင်ကိုယ်တွေ့ကြုံခဲ့ကြောင်း ကနေဒီယန်များစွာက အခိုင်အမာဆိုသော်လည်း ဖြစ်ပွားပုံကို ပြောရာ၌ မူကွဲအမျိုးမျိုးဖြစ်နေသည်။ ကနေဒီယန် အထူးတပ်ဖွဲ့က ထိုကိစ္စအားစုံစမ်းစစ်ဆေးရာ မမှန်ကန်ကြောင်းတွေ့ရသည်။

ဘယ်လ်ဂျီယံအမျိုးသမီးများ အထူးသဖြင့် သီလရှင်များ၏ ရင်သားများအား ဂျာမန်များက ဖြတ်တောက်ခဲ့သည်ဟုလည်း အခြားသတင်းများက ဖြန့်ခဲ့သည်။ ဂျာမန်စစ်သားများ၏ ရုပ်အလောင်းများကို လက်နက်များအတွက် ချောဆီဖြစ်စေ ၊ ကြက်ဝက်ဘဲများအတွက် အစာအနေနှင့်ဖြစ်စေ ပြောင်းသည့် ဂျာမန်အလောင်းစက်ရုံအကြောင်း သတင်းတပုဒ်ကို ၁၉၇၁ ဧပြီတွင် တိုင်းမ်စ် သတင်းဆောင်းပါး တရပ်၌ ဖော်ပြခဲ့သည်။ စစ်လွန်နှစ်များအတွင်း ဗြိတိန်နှင့်ပြင်သစ်ရှိ စုံစမ်းစစ်ဆေးရေးများက ဤဇာတ်လမ်းများမှာ အစစ်အမှန်မဟုတ်ကြောင်း ဖော်ထုတ်သည်။

၁၉၁၅ တွင် ဗြိတိန်အစိုးရက ထင်ပေါ်ကျော်ကြား ခေတ်ပေါ်သမိုင်းပညာရှင် တဦးဖြစ်သည့် ဗိုင်းကောင့်ဘရိုက်စ်ကို ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်သည့် စွပ်စွဲချက်များကို စုံစမ်းရန် ဂျာမန်တို့၏ရက်စက်ရမ်းကားမှု စွဲချက်ဆိုင်ရာ ကော်မတီအား နာယကပြုရန် စေသည်။ စွဲချက်အများအပြားအား အထင်အရှားသက်သေခံသော ထိုအစီရင်ခံစာကို အမေရိကန်ပြည်ထောင်စု၌ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေရာ စစ်ပွဲသို့ဝင်ရောက်ရန် အမေရိကန်ပြည်သူများအား စည်းရုံးသိမ်းသွင်းရာ၌ အထောက်အကူဖြစ်ခဲ့သည်။ အစီရင်ခံစာ၏ စစ်မှန်မှုကို အနည်းငယ်ကသာ ဝေဖန်ခဲ့သည်။ စစ်ကြီးပြီးနောက် အစီရင်ခံစာစာရွက်စာတမ်းကိုစစ်ဆေးရန်ရှာဖွေသည့် သမိုင်းပညာရှင်များမှာ ဖိုင်တွဲများထူးဆန်းစွာပျောက်ဆုံးသွားကြောင်း ကြားသိရသည်။ မပျောက်ပျက်သွားသော ကော်မတီဝင်များအကြားက ပေးစာများအရ ၎င်းတို့စုံစမ်းစစ်ဆေးသည့် ဇတ်လမ်းများအပေါ် အများယုံကြည်လက်ခံစွမ်းအား သံသယကြီးစွာဖြစ်မိကြောင်း ပေါ်ပေါက်လာရလေသည်။

ဒုတိယကမ္ဘာစစ်[ပြင်ဆင်ရန်]

ရှေ့ယခင်ကာလပဋိပက္ခကာလများအတွင်းကပင် ရက်စက်ကြမ်းကြုတ်မှုပုံဖော်ဝါဒဖြန့်မှုအား အသုံးပြုမှုကို အယုံအကြည်မဲ့နေခဲ့ပြီးဖြစ်ရာ ဒုတိယကမ္ဘာစစ်အတွင်း၌ ပထမကမ္ဘာစစ်အတွင်းကကဲ့သို့ အတိုင်းအတာဖြင့် အသုံးမပြုတော့ပေ။ Hitler's ChildrenWomen in Bondage နှင့် Enemy of Women ကဲ့သို့ အချို့ဝါဒဖြန့်ရုပ်ရှင်များတွင်မူ ခြွင်းချက်အ‌နေဖြင့် ဂျာမန်များ (နာဇီမျှသာမဟုတ်) ကို အမျိုးသမီးများနှင့်အပြစ်မဲ့သူများအား စော်ကားသည့် ၊ ယဉ်ကျေးသောလူ့အဖွဲ့အစည်း၏ ရန်သူများအဖြစ် ပုံဖော်ကြသည်။ ယခုအခါ Hitler's Children  ဇတ်ကားကို "ပြူးတူပြဲတဲ" အဖြစ်လည်းကောင်း ၊ Women in Bondage  စရိတ်နည်း အမြတ်ထုတ်ရုပ်ရှင်အဖြစ်လည်းကောင်း သတ်မှတ်ကြပြီး နောက်ဆုံးတကားမှာမူ “ရုပ်ရှင်တွင်ပါသမျှမှာ အမှန်အတိုင်းသာဖြစ်သည်” ဟု ကြိုတင်ကြေညာချက် ပါရှိသည်။ သို့သော်ဖြစ်ရပ်မှန်များမှာ မကြာခဏ ပုံဖျက်ခြင်း သို့မဟုတ် အထိတ်တလန့်ဖြစ်အောင် ပိုပိုသာသာ ပြုလုပ်ထားလေ့ရှိသည်။

ဆိုဗီယက်-အာဖဂန် စစ်ပွဲ[ပြင်ဆင်ရန်]

The PFM-1 mine was claimed to have been deliberately designed to attract children

အနောက်နိုင်ငံများက ကျောထောက်နောက်ခံပြုသည့် ၁၉၈၅ ကုလသမဂ္ဂအစီရင်ခံစာ တစောင်အရ ကေဂျီဘီများက မိုင်းများကို ကလေးကစားစရာနှင့်ဆင်တူစေရန် တမင်ပြုလုပ်ပြီး ဆိုဗီယက်-အာဖဂန်စစ်ပွဲအတွင်း အာဖဂန်ကလေးငယ်များအတွက် ရည်ရွယ်အသုံးချခဲ့သည်။

နျူးယော့ခ်တိုင်းမ်စ် ကဲ့သို့ သတင်းစာများက “ကြောက်မက်ဖွယ်ရာကောင်းသော ၊ ကလေးငယ်များအား တမင်ကိုယ်လက်အင်္ဂါချို့တဲ့စေခြင်း” အဖြစ် ရှုံ့ချကာ ဇာတ်လမ်းများအား ဖော်ပြခဲ့သည်။ ယင်းဇတ်လမ်းများကို လူထုက သံသယပွားကြသည်ဟု မှတ်ချက်ပြုသော်လည်း ဘာဂျာ ၊ ရေဒီယို ၊ ငှက် စသည့် အဆင်းသဏ္ဌာန်ရှိ ထောင်ချောက်ဗုံး ကစားစရာများ အမှန်ပင်ရှိသည့်အကြောင်း သက်သေခံသော ကုလသမဂ္ဂ အရာထမ်း ၁ဦး၏  “အငြင်းပွားဖွယ်ရာမရှိသောသက်သေခံထွက်ဆိုချက်” က ထိုဇာတ်လမ်းများကို သက်သေခံလျက်ရှိကြောင်း ရေးသားသည်။

အမေရိကန်ထုတ် BLU-43 Dragontooth ၏ ဒီဇိုင်းအား ပုံတူကူးချထားသော အ‌ရောင်တောက်ပသည့် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် PFM-1 မိုင်း မှ ဤဇတ်လမ်း အစပြုခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။ စွပ်စွဲချက်များမှာ “သိသာသည့် သတင်းရေးသားခြင်းဆိုင်ရာအကြောင်းများအတွက် စိတ်ဝင်စားစေယုံ” တပါး လက်တွေ့ပေါ်အခြေခံမှုမရှိဟု အာဖဂန်နစ္စတန်၏ မိုင်းအသုံးပြုမှုပူးပေါင်းဆောင်ရွက်ရေးစင်တာက အစီရင်ခံသည်။

ယူဂိုဆလာ့ဗ် စစ်ပွဲများ[ပြင်ဆင်ရန်]

ခရိုအေးရှန်းစစ်သားများ၏ သတ်ဖြတ်ခြင်းခံရသော ကလေး ၄၁ ဦး၏ အလောင်းများကို တွေ့မြင်ခဲ့ရသည်ဟု ဆာဘီးယန်းဓာတ်ပုံဆရာတဦးက ၁၉၉၁ နိုဝင်ဘာတွင် စွပ်စွဲပြောဆိုသည်။ ကမ္ဘာ့တနံတလျားရှိ မီဒီယာများက ထိုဇာတ်လမ်းအား ဖြန့်ဝေခဲ့သော်လည်း နောက်ပိုင်း၌ ယင်းဓာတ်ပုံဆရာက လုပ်ကြံဖန်တီးပြောဆိုခဲ့ခြင်းသာ ဖြစ်ကြောင်း ဝန်ခံသည်။ သတင်းလိမ် ထွက်ပြီးနောက် တရက်တွင် မှုခင်းဖြစ်ပွားသည်ဟုအဆိုရှိသောနေရာ၌ ဖမ်းမိသည့် ခရိုအေးရှန်းတိုက်ခိုက်ရေးသမားများအား တရားလက်လွတ်ကွပ်မျက်ခဲ့သည့် ဆားဘီးယန်းသူပုန်များထံ လက်စားချေလိုသည့်ဆန္ဒသွတ်သွင်းပေးခဲ့မှုအတွက် ဤရက်စက်ကြမ်းကြုတ်မှုဇာတ်လမ်းကို အပြစ်ဖို့ခဲ့ကြသည်။

ပင်လယ်ကွေ့စစ်ပွဲ[ပြင်ဆင်ရန်]

၁၉၉၀ ဩဂုတ်တွင် ကူဝိတ်နိုင်ငံအား အီရတ်က ကျူးကျော်ခဲ့သည်။ အီရတ်စစ်သားများက ဆေးရုံသုံးဖန်ပေါင်းချောင်များအတွင်းမှ ကလေးများအား ထုတ်ယူပြီး သေစေရန် ကြမ်းပြင်ပေါ်လွှင့်ပစ်ထားခဲ့သည့်အတွက် မွေးကင်းစကလေးငယ် အစုလိုက်အပြုံလိုက်သေဆုံးသွားခြင်းကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ကြောင်း နေးရာ ဟုသာ သိရှိရသော ကူဝိတ်မိန်းကလေးငယ်က ၁၉၉၀ အောက်တိုဘာ ၁၀ ရက်တွင် ကွန်ဂရက်ရှင်နယ်ကော်မတီ၏ ရှေ့မှောက်၌ သက်သေထွက်ဆိုသည်။ သူမ၏ထွက်ဆိုချက်မှာ အမေရိကန်ပြည်ထောင်စုတခုလုံးအနှံ့ရှိ သတင်းစာ ၊ ရေဒီယိုနှင့် တီဗွီများ၌ ခေါင်းစီးသတင်းဖြစ်ခဲ့သည်။ ထိုဇာတ်လမ်းမှာ လိမ်ဆင်သာဖြစ်ကြောင်း ၁၉၉၂ ဒီဇင်ဘာလ၌ စီဘီစီ-ရုပ်မြင်သံကြား၏ To Sell a War အစီအစဉ်ထက်တွင် ပေါ်ပေါက်သွားသည်။ နေးရာမှာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ကူဝိတ်သံအမတ်ကြီး၏ သမီးဖြစ်ပြီး သူမပြောခဲ့သည့် “ရက်စက်ကြမ်းကြုတ်မှုများ” ကို အမှန်တကယ်မြင်တွေ့ခဲ့ခြင်းမရှိကြောင်း ပေါ်ပေါက်သွားသည်။ အီရတ်ဆန့်ကျင်စစ်အား အမေရိကန်ပြည်သူတို့၏ ထောက်ခံမှု မြှင့်တင်ရေး လူထုဆက်ဆံရေးကမ်ပိန်းတခုပြုလုပ်ရန် ကူဝိတ်အစိုးရက ငှားရမ်းထားသော လူထုဆက်ဆံရေး အကျိုးတော်ဆောင် Hill & Knowlton က သူမ၏ သက်သေခံထွက်ဆိုချက်ကို လူအများသိစေရန် အကြီးအကျယ်လုပ်ဆောင်ပေးခဲ့သည်။

ပေါင်းစည်းရေး ချာ့ချ်[ပြင်ဆင်ရန်]

၁၉၇၄ နှင့် ၁၉၇၇ ကာလအတွင်း ပေါင်းစည်းရေးချာ့ချ်အဖွဲ့ဝင်များအကြောင်း သတင်းဆောင်းပါး ၁၉၀ အား လေ့လာမှုမှတဆင့် Bromley နှင့် အခြားသူများက ၁၈၈ ခုတွင် ရက်စက်ကြမ်းကြုတ်မှု ဇတ်လမ်းများ နှင့် ချာ့ချ်အပေါ် ရန်လိုစိမ်းကားမှုများပါဝင်ကြောင်း တွေ့ရသည်။ အများဆုံးတွေ့ရသော ရက်စက်ကြမ်းကြုတ်မှုမှာ -

  1. တကိုယ်ရည်လွတ်လပ်ခွင့်နှင့် မိမိသဘောဆန္ဒအတိုင်းပြုမူပိုင်ခွင့်အား စိတ်ပိုင်းဆိုင်ရာအရချိုးဖောက်မှု
  2. စီးပွားရေးအရချိုးဖောက်မှု - ပိုင်ဆိုင်ပစ္စည်းများ ရောင်းချပြီး ရောင်းရငွေကို ချာ့ချ်အား ပေးရန် အဖွဲ့ဝင်များအား ချာ့ချ်က ဖိအားပေး ခိုင်းစေသည်ဟု သတင်းပို့သည်။
  3. မိဘ-သားသမီးဆက်ဆံရေးအား ဖြတ်တောက်ပစ်ခြင်း -  ချာ့ချ်အဖွဲ့ဝင်များ၏ ငြင်းပယ်ခံရသော မိသားစုများ၏ ရန်လိုစိမ်းကားမှုမှ ကြီးထွားလာသည်။
  4. နိုင်ငံခြားသားများ ဦးစီးသော ချာ့ချ်ဖြစ်သဖြင့် နိုင်ငံရေးနှင့်ဥပဒေဆိုင်ရာ ရက်စက်ကြမ်းကြုတ်မှု

အမေရိကန်လူမှုဗေဒပညာရှင် Kurtz ၏ အဆိုအရ ယင်းဇတ်လမ်းများတွင် အမှန်တရားပါသော်လည်း ယင်းကဲ့သို့အဖြစ်များမှာ အဖွဲ့အစည်းများစွာတွင် ဖြစ်လေ့ရှိပြီး ချာ့ချ်အကြောင်းဖော်ပြမှုက အဆိုးမြင်သဘောဆန်သည်။

ပေါင်းစည်းရေးချာ့ချ်အဖွဲ့ဝင်များအား ယုံကြည်ကိုးကွယ်မှုစွန့်လွှတ်စေခြင်းအတွက် ရက်စက်ကြမ်းကြုတ်မှုဇာတ်လမ်းများအား အကြောင်းပြသည်။ ယင်းအသုံးအနှုန်းကို ကိုးကွယ်ယုံကြည်မှုအသစ်နှင့်စပ်လျဉ်းသည့် လှုပ်ရှားမှုများ နှင့် ဘာသာရေးဂိုဏ်းဂဏများအကြောင်း ဇာတ်လမ်းများတွင်လည်း အသုံးပြုသည်။

၂၁ ရာစု[ပြင်ဆင်ရန်]

အီရတ်စစ်ပွဲ[ပြင်ဆင်ရန်]

၂၀၀၃ အီရတ်ကျူးကျော်မှုမတိုင်မီ ဆက်ဒန် နှင့် ကူဇိတ်ဟူစိန်တို့က ၎င်းတို့၏ Baathist  စည်းမျဉ်းဥပဒေအားဆန့်ကျင်သူများကို ပလတ်စတစ်ဖြတ်စက် သို့မဟုတ် သစ်ဖြတ်စက်များအတွင်းထည့်ပစ်ကြသည်ဆိုသော သတင်းများ ယူကေနှင့်ယူအက်စ်တွင် ထွက်ပေါ်လာသည်။ ကမ္ဘာတဝှမ်းမှ အာရုံအား ဆွဲဆောင်နိုင်ခဲ့ပြီး "လူတွေကို အစိတ်စိတ်အမြွှာမြွှာဖြတ်တောက်ပစ်တာကြည့်ပြီးမှ စစ်ပွဲကို မထောက်ခံဘူးလို့ပြောပါ” ကဲ့သို့ ခေါင်းစဉ်တပ်ထားသော ဇာတ်လမ်းများဖြင့် စစ်အရေးယူမှုအား ထောက်ခံမှုကို မြှင့်တင်နိုင်ခဲ့သည်။ တနှစ်အကြာတွင် ထိုကဲ့သို့စက်များရှိကြောင်း ပံ့ပိုးပေးနိုင်သည့် သက်သေအထောက်အထားမရှိကြောင်း ဆုံးဖြတ်လိုက်သည်။

သူနှင့် အခြားမရိန်းတပ်သားများက ၄နှစ်သမီးတဦးအပါအဝင် အပြစ်မဲ့သူ အီရတ်အရပ်သား ဒါဇင်ပေါင်းများစွာကို တမင်ကြံရွယ်သတ်ခဲ့သည်ဟု မရိန်းတပ်ကြပ်ကြီးဟောင်း ဂျင်မီမက်ဆေးက ၂၀၀၄ ခုနှစ်တွင် အခိုင်အမာဆိုသည်။ ကမ္ဘာတလွှားရှိ သတင်းဌာနအဖွဲ့အစည်းများက သူ၏ စွပ်စွဲချက်များကို ဖြန့်ချိခဲ့သော်လည်း ပင်တဂွန်၏ အတည်ပြုချက်ဖြင့် တပ်ဖွဲ့အတွင်းလိုက်ပါသွားပြီး သူ၏တိုက်ပွဲသတင်းယူခဲ့သော သတင်းထောက် ၅ ဦးတွင် မည်သူကမျှ အီရတ်အရပ်သားများအား အရမ်းကာရော သို့မဟုတ် လက်လွတ်စပါယ် ပစ်ခတ်ခဲ့ခြင်းအား မြင်တွေ့ခဲ့သည်ဟု မပြောခဲ့ပေ။ “မမှန်မကန်သော်လည်းကောင်း ချဲ့ကားခြင်းသော်လည်းကောင်း” ဟု သူ၏ စွဲချက်ကို St. Louis Post-Dispatch  က သတ်မှတ် ပယ်ချလိုက်သည်။

ထောင် ၂ နှစ် ကျနေစဉ်အတွင်း လျှပ်စစ်ဖြင့်ရှော့ရိုက်ခြင်း နှင့် ထပ်တလဲလဲ အဓမ္မပြုကျင့်ခြင်းများ အပါအဝင် Baathist ရဲတပ်ဖွဲ့ဝင်များ၏ လူမဆန်သောဆက်ဆံမှုပြုခံခဲ့ရသည်ဟု ဂျူမနာဟန်နာဆိုသူ အီရတ်အမျိုးသမီးတဦးက ၂၀၀၃ ဂျူလိုင်တွင် သက်သေထွက်ဆိုသည်။ ဝါရှင်တန်ပို့စ်၏ မျက်နှာဖုံးစာမျက်နှာတွင် ဤဇာတ်လမ်းကို ဖော်ပြခဲ့ပြီး ထိုစဉ်က လက်ထောက် ကာကွယ်ရေးအတွင်းဝန် Paul D. Wolfowitz က အထက်လွှတ်တော် ပြည်ပဆက်ဆံရေးကော်မတီထံ တင်ပြခဲ့သည်။ သူမ၏ မည်သည့်စွဲချက်ကိုမျှအတည်မပြုနိုင်ကြောင်းနှင့် သူမဇာတ်ကြောင်းတွင် ရှေ့နောက်မညီညွတ်မှုများပါဝင်ကြောင်း ၂၀၀၅ ဇန်နဝါရီ အက်စ်ကွိုင်းယား နှင့် ဝါရှင်တန်ပို့စ်ပါ ဆောင်းပါးများက ကောက်ချက်ချထားသည်။ သူမအနှိပ်စက်ခံရသည့် အကျဉ်းထောင်တခုတည်းတွင်ပင် ကွပ်မျက်ခံခဲ့ရသည်ဆိုသော သူမ၏ခင်ပွန်းဖြစ်သူမှာလည်း အမှန်တကယ်တွင် အသက်ရှင်နေဆဲဖြစ်သည်။

အခြားဖြစ်ရပ်များ[ပြင်ဆင်ရန်]

Jenin တိုက်ပွဲအတွင်း ဒုက္ခသည်စခန်းတွင် အရပ်သားများ အစုလိုက်အပြုံလိုက်အသတ်ခံရမှု ရှိခဲ့သည်ဟု ပါလက်စတိုင်းအရာရှိများက စွပ်စွဲပြောဆိုခဲ့သော်လည်း စွပ်စွဲချက်များမှာ မှားယွင်းကြောင်း နိုင်ငံတကာစုံစမ်းစစ်ဆေးမှုများက သက်သေပြခဲ့သည်။

၂၀၁၀ တောင်ပိုင်း ခစ်ဂစ်စတန် လူမျိုးရေးအဓိကရုဏ်းများဖြစ်ပွားနေစဉ်အတွင်း ဥဇဘက်များက ဒေသခံအမျိုးသမီးများအဆောင်ကို ချိုးဖျက်ဝင်ရောက်ပြီး ခစ်ဂစ်အမျိုးသမီးအများအပြားကို အဓမ္မကျင့်ခဲ့ကြသည်ဟူသော ကောလဟာလမှာ ခစ်ဂစ်လူမျိုးများအကြား ပျံ့နှံ့လာခဲ့သည်။ အဆိုပါတိုက်ခိုက်မှုမျိုးဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံရဲတပ်ဖွဲ့က အတည်ပြုချက် မည်သည့်အခါကမျှ ပေးခဲ့ခြင်းမရှိပေ။

အာရပ်နွေဦး အတွင်း မွမ်မာဂဒါဖီ၏ “ဗိုင်ယာဂရာအားဖြည့်မုဒိမ်းမှုများ” ကျူးလွန်ရန် အမိန့်ပေးခံထားရသော သစ္စာခံများက ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို လစ်ဗျားမီဒီယာများက သတင်းတင်ဆက်ခဲ့သည်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ နောက်ပိုင်းစုံစမ်းစစ်ဆေးမှုများတွင် အဆိုပါစွပ်စွဲချက်များနှင့်စပ်လျဉ်းသည့် သက်သေအထောက်အထားများ မတွေ့ရှိရသည့်အပြင် သူပုန်များက ထိုစွပ်စွဲချက်များကို တမင်သက်သက်လိမ်လည်နေကြကြောင်း သိရသည့်အတွက် အမှုများစွာတွင် ၎င်းတို့အား ပယ်ချခဲ့ရသည်။

Sloviansk ရှိ ယူကရိန်းစစ်သားများက ၃ နှစ်သား ယောက်ျားလေး ၁ ဦးအား ကားစင်တင်ပြီး မိခင်ဖြစ်သူအား သေစေသည်အထိ တင့်ကားဖြင့် တရွတ်တိုက်ဆွဲခဲ့သည်ဟူသော သတင်းပေးပို့ချက်ကို ၂၀၁၄ ဇူလိုင်တွင် ရပ်ရှန်း ပြည်သူ့အသံလွှင့်ဌာန ချန်နယ်ဝမ်းက ထုတ်လွှင့်ခဲ့သည်။ မြို့နေလူထုအများအပြားအား သတ်ဖြတ်မှုကို အတင်းအကျပ်ကြည့်ရှုစေခဲ့သည်ဟု သက်သေခံထွက်ဆိုချက်က အခိုင်အမာဆိုခဲ့သော်လည်း အင်တာဗျူးခံရသည့် မျက်မြင်သက်သေတဦး၏ ပြောဆိုမှုအား အခြားမည်သူကမျှ ထပ်ဆင့်ထောက်ခံပေးနိုင်ခြင်းမရှိသည့်အပြင် အခြားမီဒီယာများကလည်း ယင်းဇာတ်လမ်းကို အတည်မပြုနိုင်ခဲ့ပေ။   Novaya Gazeta သတင်းထောက်တဦးမှာလည်း မြို့မှ အခြားမျက်မြင်သက်သေ မည်သူ့ကိုမျှ မရှာဖွေနိုင်ခဲ့ပေ။

ကိုးကား[ပြင်ဆင်ရန်]

  1. How lies about Irish 'barbarism' in 1641 paved way for Cromwell's atrocitiesThe Guardian။ 14 July 2014 တွင် ပြန်စစ်ပြီး။
  2. Alleged German atrocities: Bryce report။ The National Archives။ 13 July 2014 တွင် ပြန်စစ်ပြီး။