အကပ်ခံခြင်း
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဆက်ကပ်နည်း
[ပြင်ဆင်ရန်]ရဟန်းတော်များသည် မိမိပိုင်ပစ္စည်းကို ဖြစ်စေ၊ သူတပါးပိုင် ပစ္စည်းကို ဖြစ်စေ၊ လူ သာမဏေ တိရစ္ဆာန် တစ်ဦးဦးက ဆက်ကပ်မှသာ ဘုဉ်းပေး သုံးဆောင်ကောင်းသည်။ ရေနှင့် ဒန်ပူမှတပါး အခြားသော မည်သည့်ပစ္စည်ကိုမှ အကပ်မခံဘဲ မသုံးဆောင်ကောင်းပေ။ ထို့ကြောင့် ကပ္ပိယကာရကတို့သည် နည်းစနစ်တကျ ဆက်ကပ်နည်း သိထားရပေမည်။ အကပ်ခံမြောက်ရန်အတွက် အင်္ဂါ (၅) ပါး ရှိသည်။၎င်းတို့မှာ-[၁]
(၁) ကပ်မည့် ကပ္ပိယကာရက က ရှေးရှု ဆောင်ယူလာခြင်း၊ လက်ဖြင့် ရှေ့တိုးပေးခြင်း၊ ဦးခေါင်း စသည်ဖြင့် ရွက်ထားသော စားဖွယ်ခွက်ကို လှူလိုမူ ဦးခေါင်းအနည်းငယ် စောင်းပေးခြင်းတို့ကို ပြုလုပ်ရမည်။
(၂) ကပ်မည့်သူက အကပ်ခံမည့် ရဟန်း၏ နှစ်တောင့်ထွာ (ဟတ္ထပါသ်)အတွင်း၌ ရောက်ရှိနေရမည် လှမ်းယူသော လက်မှတပါး အနီးဆုံးကိုယ်အင်္ဂါ နောက်ဘက်စွန်းမှ စတင်တိုင်းထွာ၍ (၂) တောင့်ထွာ ကွာဝေးသောအရပ်အတွင်း၌ အကပ်ခံရမည် ရဟန်းနှင့် ကပ်လှူမည့်သူ ကပ္ပိယတို့ တည်ရှိနေရမည်။ အနီးကပ်ဆုံး ရှိနေရမည်။ နှစ်တောင့် ထွာထက် ဝေးကွာသောနေရာမှ မဆက်ကပ်ရ၊ ဆက်ကပ်လျှင် အကပ်မမြောက်၍ ရဟန်းတော်တို့အား အပြစ်ဖြစ်သည်။
(၃) အား အလယ်အလတ်ရှိသူ (သာမန်အင်အားရှိသူ တစ်ယောက်တည်း မြှောက် ချီမ, နိုင်သော ဝတ္ထု ပစ္စည်း ဖြစ်ရမည်။ စားပွဲခုံအကြီးကြီးများဖြင့် ဆက်ကပ်ရာ၌ အလွန်လေးလံလျှင် ဟင်းခွက်များကို တစ်ခွက်ချင်း ဆက်ကပ်ရမည်။ သို့မှ အကပ် မြောက်သည်။ ယင်းသို့ တစ်ခွက်ချင်း အကပ်ခံ ပြီးသောအခါ မိသားစုအားလုံး ကပ်လိုပါက စားပွဲခုံကြီးကို ညီညာစွာမ, ပြီး ထပ်မံ ကပ်နိုင်သည်။
(၄) ကိုယ်ဖြင့်ဖြစ်စေ၊ ကိုယ်နှင့်စပ်သော ကိုင်ထားသည့်ခွက် စသည်ဖြင့် ဖြစ်စေ၊ ပစ်၍ဖြစ်စေ ဤ(၃) မျိုးတွင် တစ်မျိုးမျိုးဖြင့် ကပ်သူက ပေးရမည်။
သို့သော်လည်း ပစ်ပေးခြင်းသည် အလွန်ရိုင်းပြသဖြင့် ကပ္ပိယတို့အနေဖြင့် ရှောင်ကြဉ်ရ ပေမည်။
(၅) ကိုယ်၏ အစိတ်အပိုင်း လက် စသည်ဖြင့် ဖြစ်စေ၊ ကိုယ်နှင့်စပ်သော ကိုင်ထားသည့်ခွက်၊ တုတ်၊ ခုံ စသည်ဖြင့် ခံ၍ ထိ၍ဖြစ်စေ ဤ(၂) မျိုးတွင် တစ်ပျိုးမျိုးဖြင့် အကပ်ခံသော ရဟန်းက ခံယူရမည်။
ဤအင်္ဂါငါးပါးနှင့် ပြည့်စုံမှသာ အကပ်ခံခြင်း မြောက်လေသည်။ အကပ်ခံပြီးမှသာ ရဟန်းတော်တို့ ဘုဉ်းပေးသုံးဆောင်ကောင်းသည်။သို့ဖြစ်၍ ကပ္ပိယ ကာရကတို့သည် ဆွမ်းခဲဖွယ် ဖျော်ရည် ဆေးဝါးများကို လှူဒါန်းကြရာ၌ စည်းစနစ်တကျ ရန် လေ့လာထား ရပေမည်။ [၁]
အကပ်ခံနည်းနှင့် ပတ်သက်၍ အချို့အချက်များမှာ ပို၍ ထင်ထင်ရှားရှား သိထားရန်လိုသဖြင့် အနည်းငယ် ဖော်ပြပါဦးမည်။ ယခုကာလ တစ်ယောက်တည်း ချီမ, နိုင်သော စားပွဲကို ဟင်းဖိတ်မည်စိုး၍ (၂) ယောက်၊ (၃) ယောက်ကိုင်လျက် ကပ်ခြင်း၊ စားပွဲအခင်းတို့ ကြမ်းပြင်မှာ ထိနေလျက် ကပ်ခြင်း၊ ကပ်မည့်သူက ရှေးရှုဆောင်၍ (၂) တောင့်ထွာအတွင်း ရောက် ရှိသော ဝတ္ထုကို လက်မြှောက်လှမ်းယူ၍ အကပ်ခံခြင်းများသည် အကပ်မြောက်ကြသည်။ [၁]
ဟတ္ထပါသ် ထိုင်နည်း
[ပြင်ဆင်ရန်]အကပ်ခံသူနှင့် သူတို့ကြား (၂) တောင့်ထွာ ဟတ္ထပါသ် ရှိရမည်ဟု ဆိုသဖြင့် (၂) တောင့်ထွာ ဟတ္ထပါသ် ထိုင်နည်းကို သိရှိရန် လိုအပ်လာပါသည်။ (၂) တောင့်ထွာ ဟတ္ထပါသ် ထိုင်ရာ၌ ရှေ့ကလာ၍ ကပ်ရာဝယ် ရဟန်းက ထိုင်နေလျှင် တင်ပါး၏ နောက်ဘက်အစွန်းဖြင့်လည်းကောင်း၊ ရဟန်းက ရပ်နေလျှင် ဖနောင့်စွန်းဖြင့် လည်းကောင်း၊ စောင်းလျက် လှဲနေလျှင် စောင်းသောနံပါး၏ ပြင်ဘက်စွန်းဖြင့် လည်းကောင်း၊ ဝမ်းလျားမှောက်၍ နေလျှင် ဦးခေါင်းနား လာ၍ ကပ်မူ ဦးခေါင်းစွန်း၏ အနီးဆုံးဖြစ်သော လည်ပင်းဖြင့် လည်းကောင်း ဤသို့လျှင် လှမ်းယူသောလက်မှတပါး အနီးဆုံး ကိုယ်အင်္ဂါ၏ နောက်ဘက်စွန်းဖြင့် တိုင်းရမည်။ ကပ်သူ ဒကာဘက်ကလည်း လှမ်း၍ပေးသော လက်မှတပါး အခြားသော အနီးဆုံးအင်္ဂါ၏ ဤဘက်အစွန်းဖြင့် တိုင်းတာ ရသည်။ စားပွဲကြီးအလယ်ခြား၍ အကပ်ခံကြရာ၌ အနီးဆုံး အင်္ဂါချင်း ဟတ္ထပါသ်ဖြစ်ရန် ခဲယဉ်းသဖြင့် အနီးဆုံးဖြစ်အောင် ကပ်၍ ရမည်။ [၁]
ကိုင်ရုံဖြင့် အကပ်မပျက်
[ပြင်ဆင်ရန်]အကပ်ခံရာ၌ အင်္ဂါငါးပါးသာရှိ၍ အကပ်ပျက် ကြောင်းကား အင်္ဂါ ၆-ပါးပင် ရှိသည်။ ကပ္ပိယကောင်း တစ်ယောက် အနေဖြင့် အကပ်ပျက်ကြောင်း ခြောက်ပါးကို မသိနိုင်သော်လည်း ကိုင်ရုံဖြင့် အကပ်မပျက်သည်ကို သိထား ကိုသင့်သည်။ ရဟန်းတော်များအား ခဲဖွယ်ဘောဇဉ်တို့ကို ပြီးလျှင် (လက်နဲ့ သွားမထိနဲ့၊ အကပ်ပျက်လိမ့်မယ် ဟု ပြောတတ်ကြသည်။ ကပ်ထားသော ခဲဖွယ်ဘောဇဉ်ကို အကပ်ခံထားသော ရဟန်းတော်က မစွန့်လျှင် လူသာမဏေများ ကိုင်မိထိမိရုံဖြင့် အကပ်မပျက်ပါ။ အချို့က ကပ်ပြီးသားကို ကိုင်မိထိမိက “အကပ်ပျက်သွားပြီ၊ ပြန်ကပ်”ဟု ပြောတတ် ကြသည်။ [၁]
မြူမှုန်မဝင်စေရန် သတိပြုဖွယ်
[ပြင်ဆင်ရန်]ကပ္ပိယကာရကတို့က သံဃာတော်တို့အား ဆွမ်း ဘောဇဉ် အာဟာရတို့ကို ပြီးနောက် ရဟန်းတော်တို့ ဘုဉ်းပေးသုံးဆောင်နေသောအခါ တံမြက်စီးလှည်းခြင်း၊ ဖုန်ခါခြင်း စသည်တို့ကို ဆွမ်းဝိုင်းအနီး၌ မပြုလုပ်ရပါ၊ အာဟာရများကို ရဟန်းတော်တို့ အကပ်ခံရာ၌ ရထရဏုမြူသည် အကပ်ခံနိုင်သော အသေးဆုံးအာဟာရ ဖြစ်သည်။ အကပ်ခံပြီးသော အာဟာရထဲသို့ ရထရေဏုမြူကျလျှင် အကပ်ပျက်တော့သည်သာ။ သို့ဖြစ်၍ ဆွမ်းခံတုန်းဖြစ်စေ၊ ဆွမ်းစားတုန်းဖြစ်စေ သပိတ်အတွင်း ခွက်များအတွင်းသို့ ထိုမြူမှုန်မျိုးကျလျှင် ထိုမြူမှုန်နှင့်တကွ ဆွမ်းအနည်းငယ်ကို ယူပစ်ရမည်၊ ပို၍ ကောင်းသည်မှာ ထပ်၍ အကပ်ခံရမည်။ ဆွမ်းလုတ်ကို ပါးစပ်သို့ သွတ်သွင်းပြီးနောက် ဆွမ်းလုံးတစ်လုံး ဖြစ်စေ ပါးစပ်အတွင်းမှ သပိတ်ထဲသို့ ပြန်ကျလျှင် ထပ်၍ အကပ်ခံလေ့ရှိကြ၏။ သို့သော် ထိုပြန်ကျလာသော ဆွမ်းလုံးသည် ပါးစပ်ထဲ၌ရှိသော သွားရည် နှုတ်ခမ်းရည် စသည်နှင့် မလူးဘဲ ပြန်ကျလျှင် အကပ်မပျက်သေးပါ၊ သွားရည် စသည်နှင့် လူးပြီးမှ ပြန်ကျလျှင်သာ ထိုသွားရည်အတွက် အကပ်ပျက်ရသည်။ ထို့ကြောင့် ပါးစပ်မှ ဆွမ်းလုံးပြန်ကျသည့် အခါ ထပ်၍ အကပ်ခံလေ့ရှိရာ၌ ဆွမ်းတစ်လုံးကျသည့်အတွက် သပိတ်အတွင်းရှိဆွမ်းများ အကပ်ပျက်သောကြောင့် မဟုတ်ပါ။ ပြန်ကျလာသော ဆွမ်းလုံးက သွားရည် စသည်ဖြင့် လူးလာခဲ့လျှင် အကပ်ပျက်ရာ ရောက်သောကြောင့် ထိုပြန်ကျ လာသော ဆွမ်းလုံးကို ထပ်၍ အကပ်ခံခြင်း ဖြစ်ပါသည်။
ဆွမ်း-အချိုပွဲ စသည်တို့ကို ဘုဉ်းပေးရာ၌ လက် မဆေးဘဲ စားလျှင် လက်၌ ရထရေဏုမြူမျှလောက်ရှိသော မြူမှုန်များ ကပ်နေခဲ့သော် ထိုမြူမှုန်များအတွက် လက်ဖြင့်ထိရာ ခဲဖွယ်ဘောဇဉ်တို့ပါ အကပ်ပျက်တတ်ရကား ဆွမ်းစားခါနီး၌ လက်ဆေး၊ ဆွမ်းစားပြီးနောက် အချိုပွဲစားခါနီး လက်ဆေးတော်မူကြသည်။ အစားအစာ ဘုဉ်းပေးမည်ဟု လက်ဆေးပြီးပါက လက်သုတ် သင်္ကန်း စသည်ကို မကိုင်ဘဲ အားလုံး ကိစ္စပြီးမှ ထပ်မံ၍ လက်ဆေးတော်မူကြပြန်သည်။ ကပ္ပိယ ကာရကတို့သည် လက်ဆေးရေများ အလုံအလောက် အမြဲတမ်း ထားရှိရမည်။ လက်သုတ်ပဝါသန့်သန့်များကိုလည်း အဆင်သင့် ထားရှိရမည်။ [၁]
ရထရေဏုမြူ
[ပြင်ဆင်ရန်]လှည်းရထား သွားသောအခါ ထွက်ပေါ်လာသော မြူမှုန်ကို ရထရေဏုမြူဟု ခေါ်၏။ တံမြက်စီးလှည်းခြင်း၊ ဖုန်ခါခြင်း၊ လေကြမ်းတိုက်ခြင်း စသည်တို့ကြောင့် ဖြစ်ပေါ် လာသော မြူမှုန်များကိုလည်း ရထရေဏုမြူဟုပင် ဆိုရ၏။ ထိုမြူအောက်ငယ်သော နံရံပေါက်မှ ဝင်သည့် နေရောင်ဖြင့်သာ မြင်နိုင်သောမြူကို တဇ္ဇာရီမြူဟု ခေါ်၏။ ထိုတဇ္ဇာရီမြူမှုန်နှင့် အဏုမြူ၊ ပရမာဏုမြူတို့မှာ အကပ်မပျက်ပါ။
သို့ဖြစ်၍ ကပ္ပိယကာရကတို့သည် သံဃာတော်တို့ ဆွမ်းဘုဉ်းပေးနေစဉ် အနီးအပါး၌ တံမြက်လှည်းခြင်း၊ ဖုန်ခါခြင်း စသည်တို့ကို မပြုလုပ်ရပေ၊ စောစောကပင် ကြိုတင်၍ သန့်ရှင်းစင်ကြယ်အောင် တံမြက်လှည်းမှု၊ ဖျာခင်းမှု စသည်တို့ကို ဆောင်ရွက်ထားရပေမည်။ [၁]
ရေ၊ ဒန်ပူတို့ကိုလည်း ပါ
[ပြင်ဆင်ရန်]ဒန္တပေါဏသိက္ခာပုဒ်အရ ရေနှင့် ဒန်ပူသည် အကပ်ခံစရာ မလိုပါ။ ရေဟူသည် ရထရေဏုမြူ ပမာဏရှိသော မြူမှုန် မပါသည့် သန့်ရှင်းသောရေတည်း၊ ထိုသန့်ရှင်းသောရေသည် ကာလိကလေးပါးမှ အလွတ်ဖြစ်၍ အကပ်မခံဘဲ သောက် ကောင်း၏။ ကိုယ်တိုင်လည်း ကျိုချက်ကောင်း၏။ ရထရေဏု မြူမှုန်များပါသောရေကား မြူအတွက် အကပ်မခံဘဲ မသောက် ရပေ၊ သို့ဖြစ်၍ သံဃာတော်တို့သည် သန့်စင်သောရေ ရရှိရန် ရေကိုစစ်၍ သောက်ရသည်။
ဒန်ပူတိုက်သည့် အလေ့သည် သံဃာတော်တို့၏ အလေ့တစ်ခု ဖြစ်သည်။ ရှေးခေတ် အိန္ဒိယထုံးစံမှာ သွားဖြင့် ဝါး၍ ဒန်ပူရည် ထွက်လာအောင် ဝါးပြီးမှ ဒန်ပူစားလေ့ရှိ၏။ ထိုသို့ အရည်ထွက်မှ သွားပိုးမစားနိုင်ဘဲ သွားစင်ကြယ်သည် ဟု အယူရှိသည်။ ထိုသို့ ဒန်ပူစားရာ၌ ဒန်ပူရည်များ လည်ချောင်းတွင်းမဝင်လျှင် အကပ်ခံဖွယ် မလိုသောကြောင့် ဒန္တပေါဏသိက္ခာပုဒ်အရ ခြွင်းချက်အဖြစ် ခွင့်ပြုတော်မူခဲ့သည်။ အကယ်၍ လည်ချောင်းအတွင်းသို့ ဒန်ပူရည်ဝင်လျှင်ကား အကပ်ခံမှသာ အပ်စပ်သည်။ အကပ်မခံလျှင် အပြစ်ရှိတော့ သည်သာ၊ သို့ဖြစ်၍ ကပ္ပိယကာရကတို့သည် ဒန်ပူကို ဆက်ကပ်ရာ၌ စနစ်တကျ ခြင်းသည် အကောင်းဆုံး ဖြစ်သည်။ သံဃာတော်တို့အတွက် အကောင်းဆုံး ဖြစ်ပေသည်။ [၁]