နသန္နီယယ် ဟောသွန်း

ဝီကီပီးဒီးယား မှ
(ဟောသွန်း၊ နသန္နီယယ် မှ ပြန်ညွှန်းထားသည်)

နသန္နီယယ်ဟောသွန်းသည်နာမည်ထင်ရှားသော အမေရိကန်လူမျိုး စာရေးဆရာတစ်ဦးဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့နယ်သစ်တည်ရန် ရောက်ရှိလာကြသော ပျူရီတန်ဂိုဏ်းသားဘိုးဘေးမိဘတို့မှ ဆင်းသက် ပေါက်ဖွား လာသူလည်းဖြစ်သည်။ ထိုကြောင့် ဟောသွန်းသည်စည်းကမ်း ကြီးသောပျူရီတန်တို့၏ ဩဇာအောက်တွင်ကြီးပြင်း လာခဲ့ရလေသည်။ သို့ရာတွင်သူသည်လူတို့၏အတွင်းစိတ်နေ သဘောထားကိုမကွယ်မထောက်ဘဲနှိုက်နှိုက်ချွတ်ချွတ်ထုတ်ဖော် ရေးသားခဲ့သဖြင့်ကမ္ဘာကျော်စာဆိုတစ်ဦးအဖြစ်ထင်ရှားခဲ့ လေသည်။ နသန္နီယယ်ဟောသွန်းသည် ၁၈ဝ၄ ခုနှစ် ဇူလိုင်လ ၄ရက်နေ့တွင်မတ်ဆချူးဆက်ပြည်နယ်ဆေးလမ်းမြို့၌ဖွားမြင် သည်။ လေးနှစ်သားအရွယ်တွင် ဖခင်ကွယ်လွန်သဖြင့် မိခင်လည်းလူမမယ်သားငယ်နှင့်ပူဆွေးဒုက္ခရောက်ခဲ့ရလေသည်။ ဟောသွန်းသည်ငယ်စဉ်ကစ၍ဖတဆိုးသားတစ်ယောက် ဖြစ်ခြင်းကြောင့်အထီးတည်းသာနေလေ့ရှိသည်။ စာဖတ်ဝါသနာပါသဖြင့်ဂျွန်ဗန်ညန်၏ပီးလဂရင်းပရိုဂရတ် ရှိတ်စပီးယား၏ပြဇာတ်များ၊ မီလတန်၏ကဗျာများကို အထူးဖတ်ရှုလေ့လာသည်။ ၁၈၂၁ ခုနှစ်တွင်ဟောသွန်းသည်မိန်းပြည်နယ်ရှိ ဗိုးဒွိုင်းကောလိပ်ကျောင်းသို့တက်ရောက်၍ ပညာသင်ကြားခဲ့ရာ၊ ၁၈၂၅ ခုနှစ်၌ကျောင်းထွက်ခဲ့သည်။ ကောလိပ်ကျောင်းတွင်နာမည်ကျော်ကဗျာစာဆို အိပ်ဒဗျူလောင်းဖဲလိုးနှင့်လည်းကောင်း၊နောင်အခါ အမေရိကန်နိုင်ငံ၏သမတဖြစ်မည့် ဖရန်ကလင်ပီးယား (စ)နှင့်လည်းကောင်းမိတ်ဆွေဖြစ်ခဲ့လေသည်။ ဟောသွန်းသည် ကျောင်းထွက်ပြီးနောက် ၁ဝနှစ်ကျော်မျှ ပြင်ပလောကနှင့် အဆက်အဆံကင်းလျက်နေထိုင်ခဲ့သည်။ ထိုကာလအတွင်းစာအမြောက်အမြားရေးသားခဲ့သော်လည်း မည်မည်ရရဟူ၍ပုံတိုများစာအုပ် (၁၈၃၇) ကိုသာ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့လေသည်။ ဟောသွန်းသည် ၁၈၃၉ ခုနှစ်မှ ၁၈၄၁ ခုနှစ် အထိဗော့စတန်မြို့ရှိအကောက်ရုံးတွင်ဝင်ရောက်အမှုထမ်းသည်။ ထိုနောက်နယူအင်္ဂလန်မှဒဿနိကဗေဒပညာရှင်တစ်စုနှင့် အတူဗရွတ်ဖမ်းခေါ်အရပ်တွင် စုပေါင်းနေထိုင်မှုစံနစ်ကို တစ်နှစ်ခန့်လက်တွေ့စမ်းသပ်ကျင့်သုံးခဲ့သည်။ ၁၈၄၂ ခုနှစ်တွင် ဆိုဖီယာပီးဗော်ဒီဆိုသူနှင့် ထိမ်းမြားလက်ထပ်ပြီးလျှင် မတ်ဆချူးဆက်ပြည်နယ်၊ ကွန်းကော့မြို့တွင် အိုးမန့်(စ) အမည်ရှိအိမ်၌နေထိုင်လေသည်။ ထိုအိမ်၌နေထိုင်စဉ် စာအုပ်များကိုရေးသားထုတ်ဝေခဲ့သော်လည်းစီးပွားရေး မချောင်လည်သဖြင့်ဆေးလမ်းမြို့သို့ပြောင်းရွှေ့ခဲ့ပြီးနောက် အကောက်ရုံး၌ ဝင်ရောက်အမှုထမ်းရလေသည်။ ဟောသွန်းသည် ပျူရီတန် ဩဇာအောက်တွင် ကြီးပြင်း ရသူဖြစ်သည့်အားလျော်စွာ ၁၈၅ဝ ပြည့်နှစ်တွင် ပုံနှိပ်ထုတ်ဝေသော သည်စကားလက် လက်တားခေါ် ဝတ္ထုစာအုပ်တွင်လူ့လောကအဖြစ်အပျက်နှင့်စပ်လျဉ်း၍ မိမိ၏အယူအဆကို ပွင့်လင်းပြတ်သားစွာ ထုတ်ဖော်ရေးသားခဲ့ လေသည်။ ထိုဝတ္ထုသည်ဟောသွန်း၏ အကောင်းဆုံး လက်ရာဖြစ်၍ ထိုစာအုပ်ဖြင့်ပင်နာမည်ထင်ရှားလာလေသည်။ ထိုနောက်မြင်းမိုရ်ခုနစ်ဖက်ပိတ်အိမ်တင်းဂဲဝုပုံပြင်များ အစရှိသောထင်ရှားသည့်စာအုပ်များကိုဆက်လက်ရေးသား ထုတ်ဝေခဲ့သည်။ ၁၈၅၃ခုနှစ်တွင် သမတပီးယား(စ)ကဟောသွန်းကို ကောင်စစ်ဝန်ခန့်၍အင်္ဂလန်နိုင်ငံ၊လီဗာ ပူးမြို့သို့စေလွှတ်ခဲ့သည်။ ထိုရာထူးတွင်လေးနှစ်အမှုထမ်းပြီးနောက် ဣတလီနိုင်ငံ၌ တစ်နှစ်ကျော်မျှ နေထိုင်သည်။ ၁၈၆ဝ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံသို့ပြန်လာသည်။ ထိုနောက်ကျန်းမာရေး ချွတ်ယွင်းလာရာ နသန္နီယယ်ဟောသွန်းသည် ၁၈၆၄ခုနှစ်မေလ ၁၉ ရက်နေ့တွင် နယူးဟမ္ပရှိုင်းယားပြည်နယ်၊ ပလင်းမတ်မြို့၌ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)