အော်လစ်ဗာ ဝင်းဒဲ ဟုမ်း

ဝီကီပီးဒီးယား မှ
(ဟုမ်း ၊ အော်လစ်ဗာ ဝင်းဒဲ မှ ပြန်ညွှန်းထားသည်)

အမေရိကန် စာရေးဆရာကြီး အော်လစ်ဗာ ဝင်းဒဲဟုမ်း သည် ၁၈ဝ၉ ခုနှစ်တွင် မက်ဆချူးဆက်ပြည်နယ်ကိမ်း ဗရစ်မြို့၌ မွေးဖွားလေသည်။ ဟုမ်းသည် စာရေးဆရာအ ဖြစ်နှင့်သာမက ဆရာဝန်အဖြစ်ဖြင့်လည်းကောင်း၊ ကထိက အဖြစ်ဖြင့်လည်းကောင်း၊ကျောင်းဆရာအဖြစ်ဖြင့်လည်းကောင်း နာမည်ကျော်ကြားခဲ့လေသည်။ ဟားဗတ်ကောလိပ်ကျောင်းမှ ဒီဂရီရပြီးသောအခါတွင် တစ်နှစ်ကြာမျှ ဥပဒေပညာကို သင်ကြားပြီးမှ ဆေးပညာကို ပြောင်း၍ သင်ကြားလေသည်။ ပြင်သစ်နိုင်ငံ ပါရစ်မြို့သို့လည်း သွားရောက်ကာ သုံးနှစ်ကြာမျှ ဆေးပညာကို ဆည်းပူးခဲ့လေသည်။ ထိုနောက် အမေရိကန် ပြည်ထောင်စုသို့ပြန်ကာဆေး ပညာကို ဆက်၍ သင်ကြား ပြန်ရာ ၁၈၃၆ ခုနှစ်တွင် အမ်ဒီဘွဲ့ ကို ရရှိလေသည်။

ဟုမ်းသည် ဒါ့တမောက်ကောလိပ်တွင်အနာတမီ ပညာရပ်များ ပို့ချသော ပါမောက္ခအဖြစ်လည်းကောင်း၊ ဟားဗတ်ဆေး ကျောင်းတွင် အနာတမီ ပညာဘက် ဆိုင်ရာ အကြီး အမှူးအဖြစ် လည်းကောင်း အမှုထမ်းခဲ့ဘူးလေသည်။ ဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်း နေရသော်လည်း ဟုမ်းသည် စာရေး ဆရာအလုပ်ကိုလည်း လက်မလွှတ်ချေ။ ဟုမ်း၏ နာမည်ကျော်ကြားဆုံးသော စာအုပ်မှာ ထမင်း စားပွဲဝိုင်းက အရှင်သခင်ဖြစ်သည်။ ရှေးဦးစွာ မဂ္ဂဇင်းတစ်ခု တွင် ဆောင်းပါးတိုများအဖြစ်ဖြင့် ပါရှိရာ လူကြိုက်များခဲ့လေ သည်။ ထိုစာအုပ်မှာ ဟာသဉာဏ် ရွှင်သော ပညာရှိကြီး၏ စပ်မိစပ်ရာ ပြောဆိုချက်များကို စုဆောင်းထားသည့် စာများ ဖြစ်သည်။ ထိုစာအုပ်မှာ ထွေရာလေးပါး အကြောင်းအမျိုးမျိုး တို့ကို ရေးသားထားသည့်အထဲတွင် စဉ်းစားဖွယ်ရာ ပညာရှိ စကားများ ပါရှိလေသည်။ တစ်ခါတစ်ရံတွင် ကဗျာဆံသော စာသားကလေးများ ကြားညှပ်ကာ စာဖတ်သူတို့၏ စိတ်ကို ကြည်နူးစေလိုက်သေးသည်။

ဟုမ်း၏ စာသားများတွင် ဖြတ်ထိုးဉာဏ်ကောင်းပုံ၊ စဉ်းစား ဉာဏ်ရှိပုံ၊ ဟာသဉာဏ် ကွန့်မြူးပုံတို့မှာ ထင်ရှား ပေါ်လွင်လေ သည်။ စာရေးရာတွင် ရယ်ရွှင်ဖွယ်ရာ အခန်းကလေးများပါ အောင် ရေးတတ်ပုံမှာ ဟုမ်း၏ ထူးခြားချက် ဖြစ်သည်။ အသက် ၂၁ နှစ်အရွယ်တွင် ဟုမ်းသည် ကဗျာတစ်ပုဒ်ကို စ၍ ရေးခဲ့၏။ ထိုနောက် ဆေးပညာနှင့် သက်ဆိုင်သော စာများ လည်း ရေးသားခဲ့သေး၏။ စိတ်ပညာရပ်နှင့်ဆိုင်သည့် ပြဿနာအမျိုးမျိုးကို သုံးသပ်ထားသောဝတ္ထုများလည်း ရေးသားခဲ့လေ၏။

ဟုမ်းသည် အခြားဝတ္ထုများအပြင် ဥရောပနိုင်ငံသို့ လှည့် လည်သွားလာသည့် အကြောင်းများကိုလည်း ရေးသားခဲ့လေ သည်။ အမေရိကန် စာရေးဆရာကြီး အီမာဆင်၏ အတ္ထုပ္ပတ္တိ ကိုလည်း ရေးခဲ့သည်။ ဟုမ်းသည် ၁၈၉၄ ခုနှစ် အသက် ၈၅ နှစ်ကျော်တွင် ကွယ်လွန်သွားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)