ဟန် ခရစ်ရှန် အင်န်ဒါဆင်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဟန် ခရစ်ရှန် အင်န်ဒါဆင်
HCA by Thora Hallager 1869.jpg
Photograph taken by Thora Hallager, 1869
မွေးဖွား (1805-04-02)၂ ဧပြီ၊ ၁၈၀၅
Odense, Funen, Kingdom of Denmark
ကွယ်လွန် ၅ ဩဂုတ်၊ ၁၈၇၅(1875-08-05) (အသက် ၇၀)
Østerbro, Copenhagen, Kingdom of Denmark
အလုပ်အကိုင် စာရေးဆရာ
ဘာသာစကား ဒိန်းမတ်ဘာသာ
နိုင်ငံလူမျိုး ဒိန်းမတ်လူမျိုး
စာပေအမျိုးအစား ကလေးစာပေ၊ ခရီးသွားစာပေ

လက်မှတ်

ဟန် ခရစ်ရှန် အင်န်ဒါဆင် (/ˈhɑːnz ˈkrɪsən ˈændərsən/; Danish: [hans kʰʁæsd̥jan ˈɑnɐsn̩] ( ); အလွယ်အားဖြင့် HC Andersen (ဟုတ်စီ အန်ဒါဆင်) (ဧပြီ ၂၊ ၁၈၀၅ – ဩဂုတ် ၄၊ ၁၈၇၅) သည် ဒိန်းမတ်စာရေးဆရာနှင့် ကဗျာဆရာဖြစ်ပြီး သူ၏ပုံပြင်များသည် ကမ္ဘာကျော်လေသည်။ သူ့ကဗျာနှင့် ပုံပြင်များကို ဘာသာစကားပေါင်း ၁၅၀ ကျော်ဖြင့် ဘာသာပြန်ထားပြီး ရုပ်ရှင်နှင့်ပြဇတ်များတွင်လည်း အသုံးပြုကြသည်။ ဟုတ်စီအန်ဒါဆင်သည် ငယ်စဉ်က ဆင်းရဲခဲ့၏။

ကျွန်ုပ်တို့ မြန်မာရှေးပုံပြင်များတွင် အထူးကျော်ကြားသည့် ရွှေယုန်နှင့် ရွှေကျား သက်ငယ်ရိတ်သွားသည့် ပုံများကဲ့သို့ပင် အနောက်နိုင်ငံ၌ ကလေးတိုင်းသိသော ပုံဝတ္ထုတစ်ခုမှာ အကျည်းတန်သည့် ဘဲကလေးပုံပြင်ပင်ဖြစ်သည်။ ငယ်စဉ်က အလွန်အရုပ်ဆိုး အကျည်းတန်ခဲ့သည့် ဘဲကလေးသည် ကြီးလာသောအခါ ကျက်သရေရှိလှသော ငန်းကြီးဖြစ်လာသည့် အကြောင်းပင်ဖြစ်သည်။ ထိုဝတ္ထုဖြင့် ကလေးများပုံပြင်ကို စာပေသမိုင်းဝင်ဖြစ်အောင် မြှင့်တင်ပေးလိုက်သူကား ဒိန်းမတ်နိုင်ငံသား ဟန်းစ်ခရစ်ရှင် အန်ဒါဆန် အမည်ရှိသော စာရေးဆရာကြီး ဖြစ်လေသည်။ အန်ဒါဆန်သည် ဒိန်းမတ်နိုင်ငံ အိုဒင့်စယ်မြို့ငယ်ကလေး၌ ၁၈ဝ၅ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အန်ဒါဆန်သည် ငယ်စဉ်က အလွန်အရုပ်ဆိုးလေသည်။ အရပ်ရှည်ကိုင်း၊ ပိန်လှီ၍ ကလန်ကလားနိုင်သော ကလေးဖြစ်လေသည်။ ရုပ်ဆင်းအင်္ဂါ မပြေပြစ်သည့်အထဲတွင် ရှေးဘဝကုသိုလ် ကံကလည်း မှေးမှိန်ရကား အန်ဒါဆန်သည် အလွန်ဆင်းရဲသော ဖိနပ်ချုပ်သမား၏ သားကလေးဖြစ်ရရှာလေသည်။ သူ့အားငယ်စဉ်က မည်သူတစ်ဦးတစ်ယောက်ကမျှ ဖက်လဲတကင်းအရောတဝင် ချစ်ခင်ပေါင်းသင်းမည့်သူမရှိ၊ တနေ့တနေ့ သူ၏ အခန်းကျဉ်းကလေးထဲ၌သာ အရုပ်များဖြင့် ပြဇာတ်ခင်းတမ်း ကစားယင်း အချိန်ကုန်ရလေတော့သည်။

အန်ဒါဆန်၌ အလွန်ဆင်းရဲသော အဖွားတစ်ယောက်ရှိ ၏။ သူ့အဘွားသည် အရူးထောင်ရှိ ဥယျာဉ်ကို ကြည့်ရှုစောင့်ရှောက်ရသူဖြစ်သည်။ ဥယျာဉ်တွင်းရှိ အမှိုက်သရိုက်များကို တစ်နှစ်လျှင်နှစ်ကြိမ်ကျစုရုံး၍ အကုန်အစင်မီးရှို့ပစ်ရ၏။ ထိုသို့ မီးရှို့ချိန်ရောက်တိုင်း အန်ဒါဆန်သည် သူ့အဘွားထံသွားခဲ့၍ အရူးထောင်အတွက် ချည်ငင်ဗိုင်းငင်နေသည့် အဖွားအိုများထံမှ ရှေးပုံပြင်များကို နားထောင်မှတ်သားလေ့ရှိသည်။ ထိုပုံပြင်များမှာ ရှေးဒိန်းမတ်လူမျိုးတို့ ဘိုးစဉ်ဘောင်ဆက်ပြောကြားခဲ့သော ကလေးပုံပြင်များဖြစ်လေသည်။ အန်ဒါဆန်သည် ပုံပြင်များကို နားထောင်၍ မရောင့်ရဲနိုင်လောက်အောင် စွဲခဲ့လေသည်။ အန်ဒါဆန် အသက် ၁၁ နှစ်အရွယ်တွင် ဖခင်ဖြစ်သူ သေဆုံးသွား၏။ မိခင်ဖြစ်သူသည် သားငယ်အား တတ်နိုင်သရွေ့ ကျောင်းထားပါသော်လည်း အန်ဒါဆန်သည် စာသင်ရန် စိတ်မရှိချေ။ အားလျှင် သီချင်းဆိုခြင်း၊ ပြဇာတ်ခင်းခြင်းတို့ဖြင့်သာ အချိန်ကုန်စေခဲ့သည်။ သူ့စိတ်၌ ဇာတ်လိုက်မင်းသား သို့မဟုတ် စာဆိုတော်ကြီးတစ်ဦး ဖြစ်ချင်၏။ သို့ရာတွင် ဤမျှကံမွဲ၍ အရုပ်ဆိုးသော ကလေးငယ်အား မည်သူကမျှ စာဆိုတော်ကြီး တစ်ဦးဖြစ်လာလိမ့်မည်ဟု မမျှော်မှန်းခဲ့ချေ။ အန်ဒါဆန်ကို ရူးကြောင်ကြောင် ပေါတောတော ကောင်ကလေးဟူ၍သာ မှတ်ချက်ချကြ၏။ ယင်းသို့ သူ့အပေါ်တွင် အထင်အမြင်သေးကာ အရေးမယူ အလေးမမူခဲ့သောသူတို့ကို အကြောင်းပြရန် သူစာရေးဆရာကြီး ဖြစ်လာသောတစ်နေ့တွင် သူ့ဘဝအကြောင်းကို ပြန်ပြောင်းသုံးသပ်ထားသည့် အကျည်းတန်သည့် ဘဲကလေး ခေါ် ပုံဝတ္ထုကို ရေးသားခဲ့လေသည်။

အန်ဒါဆန်သည် အသက် ၁၄ နှစ် အရွယ်သို့ရောက်လျှင် ကိုပင်ဟေဂင်မြို့တော်ကြီးသို့ သွားရောက်၍ ဇာတ်သမားသဘင်သည်အလုပ်ဖြင့် ကြီးပွားရာလမ်းစကို ရှာကြံမိ၏။ သို့ရာ တွင် ကုသိုလ်မလိုက်သဖြင့် မည်သည့်ဇာတ်ရုံ၊ ကပွဲရုံကမျှ လက်မခံသောကြောင့် ငတ်ပြတ်နေရှာလေသည်။ ထိုအခါ ပြဇာတ်များရေးသည့်ဘက်သို့ လက်တည့်စမ်းပြန်ရာ လက်ဦးတွင် မအောင်မြင်ချေ။ တစ်နေ့တွင် အန်ဒါဆန်၏ အရည်အချင်းကို ယုံကြည်သော ဒိန်းမတ်လူမျိုး အရာရှိတစ်ဦးဖြစ်သူ ဂျိုးနတ်ကော်လင်းက အန်ဒါဆန်အား ကြည့်ရှုစောင်မကာ ကျောင်းထားပေးသည်။ အန်ဒါဆန်သည် ပြဇာတ်များ၊ ကဗျာများနှင့် ဆောင်းပါးအတိုအထွာများ ဆက်၍ရေးလေသည်။ သူရေးသော ပြဇာတ်တစ်ခုကို ကိုပင်ဟေဂင်မြို့၌ ကပြရသဖြင့် အန်ဒါဆန် သည် ဝမ်းသာမဆုံးဖြစ်ရလေသည်။ ထိုအချိန်မှစ၍ သူသည် တစ်စတစ်စ နာမည်ကြီးလာသည်။

အသက် ၂၅ နှစ်အရွယ်တွင် ဒိန်းမတ်နိုင်ငံမှ ထွက်ခွာကာ ဥရောပတိုက်သို့ ခရီးအလည်ထွက်၍ နိုင်ငံအသီးသီးမှ စာဆိုတော်ပညာရှိများနှင့် မိတ်ဖွဲ့၍ သူတို့စာပေကို လေ့လာလေ သည်။ ရောက်ရာနိုင်ငံများကလည်း သူ့အား လှိုက်လှဲစွာဆီးကြို ကြသည်။ ဂျာမန်စာဆိုကြီး ဟိုင်းနရစ်ဟိုင်း(န)ပြင်သစ်စာရေးဆရာ ဒျူးမားနှင့် ဗစ်တာဟျူးဂိုးအင်္ဂလိပ်စာရေးဆရာကြီး ချားဒစ်ကင်းတို့နှင့် အတော်ပင်ရင်းနှီးခဲ့သည်။ မြို့စားနယ်စားများ၊ မင်းညီမင်းသားများနှင့် ရှင်ဘုရင်များကိုယ်တိုင်က အားရဝမ်းသာ လက်ခံစကားပြောကြသည်။ နောက်ဆုံး၌ ဒိန်းမတ်ဘုရင်ကိုယ်တိုင်က အန်ဒါဆန်အား ပင်စင်ချီးမြှင့်ခဲ့လေသည်။ ၁၈၇၂ ခုနှစ်တွင် အန်ဒါဆန်သည် အိပ်ရာပေါ်မှလိမ့် ကျ၍ ဒဏ်ရာပြင်းထန်စွာရပြီးလျှင် နာလန်မထူတော့ရာ ၁၈၇၅ ခုနှစ်တွင် ကွယ်လွန်သည်။ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ ပန်းဥယျာဉ်တစ်ခုတွင်း၌ ဟန်းစ်အန်ဒါဆန်၏ အထိမ်းအမှတ် ကျောက်ရုပ် စိုက်ထူထားရာ လူမျိုးမရွေး အရွယ်မရွေး ကလေးအပေါင်းတို့၏ လေးစားကြည်ညိုရာ ဖြစ်လျက်ရှိသည်။

အန်ဒါဆန် ပြုစုရေးသားခဲ့သော ထင်ရှား သည့် ကလေးပုံပြင်များမှာ အကျည်းတန်သည့် ဘဲကလေး၊ ငန်းရိုင်းများ၊ လောင်စာဗူး၊ ရေသူမကလေး၊ ဖိနပ်နီ၊ သမ်ဗယ်လီနား၊ မင်းသမီးနှင့်စားတော်ပဲ၊ နှင်းဘုရင်မ၊ ဧကရာဇ်ဘုရင်၏ဝတ်ရုံသစ် စသည်တို့ ဖြစ်ကြသည်။ သူ၏ အခြားထင်ရှားသော လက်ရာများမှာ တယောသမားမျှသာ၊ စာဆိုဈေး၊ ရုပ်ပုံမပါသော ရုပ်ပုံစာအုပ်၊ ခြေလျင်ခရီး၊ လက်တန်းစာဖွဲ့သူ၊ အိုတီ စသည်တို့ ဖြစ်သည်။ ဥရောပရှုခင်းသာအကြောင်း ရေးသားထားသော လက်တန်းစာဖွဲ့သူ စာအုပ်ဖြင့် သူ့အား လူသိများခဲ့သည် ဟူ၍လည်းကောင်း၊ အိုတီဝတ္ထုသည် သူ၏အကောင်းဆုံး လက်ရာဟူ၍လည်းကောင်း ဆိုကြသော်လည်း စင်စစ် သူ၏ဒဏ္ဍာရီ ပုံပြင်များကသာလျှင် သူ့အား ကမ္ဘာကျော်စေခဲ့သည်မှာ အမှန်ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)