မာလုတဇာတ်

ဝီကီပီးဒီးယား မှ
(သံဝိဓာနသိက္ခာပုဒ်၊ သပ္ပါဏကဝဂ် မှ ပြန်ညွှန်းထားသည်)

ဧကကနိပါတ် - ၂- သီလဝဂ် -၁၇- မာလုတဇာတ်။ ။ လေကို အကြောင်းပြု၍ အငြင်းပွားသောခြင်္သေ့နှင့် ကျား အကြောင်း။

အငြင်းဖြစ်ပွားရဟန်းနှစ်ပါး[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကာဠ မည်သောတောထွက်ရဟန်းကြီးနှင့် ဇုဏှ မည်သောတောထွက် ရဟန်းကြီး နှစ်ဦးတို့သည် ကောသလတိုင်း၌ တစ်ခုသော ကျောင်းတွင် အတူတကွနေကြကုန်သတတ်။

တစ်နေ့သ၌ဇုဏှရဟန်းကြီးသည် ကာလရဟန်းကြီးကို “ ငါ့ရှင် ကာဠ ... ဘယ်အခါ ချမ်းသနည်း” ဟု မေး၏။ကာလရဟန်းကြီးက “ငါ့ရှင် ဇုဏှ ... အချမ်းမှာ လဆုတ် အခါသာ ချမ်းသည်” ဟု ဆိုလေ၏။

ဘုရားထံမှောက်နှစ်ဦးလျှောက်[ပြင်ဆင်ရန်]

တစ်နေ့သ၌ ကာဠ ရဟန်းကြီးဇုဏှ ရဟန်းကြီးကို “ ငါ့ရှင် ဇုဏှ ... ဘယ်အခါ ချမ်းသနည်း” ဟု မေး၏။ ဇုဏှ ရဟန်းကြီးက“ငါ့ရှင် ကာဠ ... အချမ်းမှာ လဆန်းအခါသာ ချမ်းသည်” ဟု ဆိုလေ၏။

ထိုရဟန်းကြီးနှစ်ပါးတို့သည် အငြင်းအခုံ ဖြစ်လတ်သော် မြတ်စွာဘုရားထံသွား၍ လျှောက်ထားကြသောအခါမြတ်စွာဘုရားက “ရဟန်းတို့ ... ဤပြဿနာကို ရှေးအခါကလည်း သင်တို့နှစ်ဦးအားဖြေကြားဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ငြင်းခုံစကားမေးလျှောက်ကြား[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါတောင်ခြေရင်းတစ်ခု၌ ခြင်္သေ့နှင့် ကျားတို့သည် အဆွေခင်ပွန်းဖွဲ့ကာ လိုဏ်ဂူတစ်ခုဝယ် နေကြကုန်၏။ ဘုရားအလောင်းလည်းရသေ့ရဟန်းပြုကာ တောင်ခြေရင်း၌ပင် နေလေ၏။

တစ်နေ့သ၌ခြင်္သေ့နှင့် ကျားတို့သည် အချမ်းကို အမှီပြုကာ အငြင်းအခုံ ဖြစ်ကြကုန်၏။ ကျားက“လဆုတ်အခါသာ ချမ်းသည်၊ ခြင်္သေ့က လဆန်းအခါသာ ချမ်းသည်၊ ဤသို့ အချင်းချင်း ငြင်းခုံကာယုံမှားသံသယ ဖြစ်လတ်သော် အမှန်ကို ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်ရကား ရသေ့ထံ သွား၍မေးလျှောက်ကြကုန်၏။

ပြဿနာဆုံးဖြတ် လောင်းတော်မြတ်[ပြင်ဆင်ရန်]

ထိုအခါ ဘုရားအလောင်း ရသေ့က“အချင်းတို့ ... အချမ်းဟူသည်မှာ လေကြောင့် ဖြစ်ရသည်၊ သို့အတွက် လဆုတ်အခါ ဖြစ်စေ၊လဆန်းအခါ ဖြစ်စေ လေလာသောအခါ ချမ်းသည်” ဟု မှတ်ကြပါ၊ သင်တို့နှစ်ဦးလုံးမှာအမှားဟူ၍ မဆိုသာ၊ အမှန်းချည်းပင် ဖြစ်သည်ဟု ဆုံးဖြတ်ချက် ချလိုက်သောအခါနှစ်ဦးလုံးပင် ကျေနပ်သဘောကျလေကုန်၏။

ဤဒေသနာတော် အဆုံး၌တောထွက်ရဟန်းကြီး နှစ်ပါးတို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-

ရဟန်းတို့ -

ထိုအခါ ကျားသည် - ယခုအခါ ကာဠမထေရ်။

ခြင်္သေ့သည် - ဇုဏှ မထေရ်။

ပြဿနာဖြေကြားပေးသော ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁)လဆန်း ချမ်းသည်၊ ဆုတ်ချမ်းသည်၊ အတည်မမှတ်သင့်။

(၂)လေလာသောအခါ၊ ချမ်းသည်သာ၊ ကောင်းစွာမှတ် ယူလင့်။

မာလုတဇာတ်ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ