သံပြောင်းပြသင်္ကေတ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သံရှည်၊ သံတို၊ သံလေးဖြစ်ကြောင်းပြသော သင်္ကေတကို သံပြောင်းပြသင်္ကေတဟု ခေါ်သည်။ မြန်မာစာ ရေးသားဖော်ပြရာ၌ သံပြောင်းပြသင်္ကေတ (၃) မျိုးကို အသုံးပြုသည်။ ၎င်းတို့မှာ ’

(က) သေးသေးတင် ( ံ )

(ခ) အောက်မြစ် (့ ့ )

(ဂ) ဝစ္စနှစ်လုံးပေါက် (း း ) တို့ ဖြစ်သည်။

သေးသေးတင် ( ံ )[ပြင်ဆင်ရန်]

သရအက္ခရာ၊ ဗျည်းအက္ခရာတို့အပေါ်တွင်ရှိသော အစက်အပြောက်သင်္ကေတကို သေးသေးတင် ဟု ခေါ်သည်။ ထိုသင်္ကေတချည်းသက်သက် အသံထွက်အောင် မရွတ်ဆိုနိုင်ချေ။ သံတိုသရ (အ၊ အိ၊ အု) တို့နှင့် တွဲ၍ –အံ၊ အိံ၊ အုံ— ဟူ၍ အသံထွက်လာသည်။ ဖော်ပြပါ သံတိုသရ (အ၊ အိ၊ အု) တို့ကို သံရှည်သရများအဖြစ် အသံပြောင်းလိုလျှင် သံပြောင်းပြသင်္ကေတ (ံ) နှင့် တွဲရသည်။

ဥပမာ − သံတိုသရ + သံပြောင်းပြသင်္ကေတ = သံရှည်သရ

  • အ + ံ = အံ (ကံ၊ ခံ၊ စံ စသည်)
  • အိ + ံ = အိံ (တာဝတိံကဲ့သို့သော ပါဠိစကားလုံးများကို ရေးရာတွင် အသုံးပြုသည်။)
  • အု + ံ = အုံ (ကုံ၊ ခုံ၊ စုံ စသည်)

အောက်မြစ် ( ့ )[ပြင်ဆင်ရန်]

သရအက္ခရာ၊ ဗျည်းအက္ခရာတို့၏ အောက်တွင်ရှိသော အစက်အပြောက်သင်္ကေတကို အောက်မြစ် ဟု ခေါ်သည်။ ထိုသင်္ကေတချည်းသက်သက် အသံထွက်အောင် ရွတ်ဆို၍ မရချေ။ (၁)သံရှည်သရ (အေ၊ အဲ၊ အော၊ အူ)၊ (၂) သံရှည်အသတ် (−င်၊ −ဉ်၊ −ည်၊ −န်၊ −မ်) တို့နှင့်တွဲ၍ ရွတ်ဆိုမှသာ –အေ့၊ အဲ့၊ အော့၊ အဉ့်၊ အည့်— စသည့် အသံများ ထွက်လာသည်။

ဖော်ပြပါ သံရှည်သရ၊ သံရှည်အသတ်တို့ကို သံတိုသရများအဖြစ် အသံပြောင်းလိုလျှင် သံပြောင်းသင်္ကေတ အောက်မြစ် ( ့ ) နှင့် တွဲရသည်။

ဥပမာ

(၁) သံရှည်သရ + သံပြောင်းသရ = သံတိုသရ

  • အေ + ့ = အေ့ (စေ့၊ မေ့၊ တေ့ စသည်)
  • အဲ + ့ = အဲ့ (ကဲ့၊ ခဲ့၊ တဲ့ စသည်)
  • အော + ့ = အော့ (ကော့၊ ဆော့၊ တော့ စသည်)
  • အူ + ့ = အူ့ (လူ့၊ သူ့ စသည်)


(၂) သံရှည်သရ + သံပြောင်းပြသင်္ကေတ = သံတိုသရ

  • အင် + ့ = အင့် (ဆင့်၊ တင့်၊ နင့် စသည်)
  • အဉ် + ့ =အဉ့် (စဉ့်၊ ညဉ့် စသည်)
  • အည် + ့ = အည့် (သည့်၊ မည့် စသည်)
  • အန် + ့ = အန့် (ကန့်၊ စန့်၊ တန့် စသည်)


(၃) အောက်မြစ် ( ့ )သည် ပိုင်ဆိုင်ခြင်းပြသင်္ကေတ လည်း ဖြစ်သည်။

  • လူ၏ သဘောကို သိရန် ခက်သည်။ → လူ့သဘောကို သိရန် ခက်သည်။
  • သူ၏ ရွာသို့ ပြန်သွားသည်။ → သူ့ရွာသို့ ပြန်သွားသည်။
  • ကျွန်တော်၏ စာအုပ်ကို ပြန်ပေးပါ။ → ကျွန်တော့် စာအုပ်ကို ပြန်ပေးပါ။

ဝစ္စနှစ်လုံးပေါက် ( း )[ပြင်ဆင်ရန်]

သရအက္ခရာ၊ ဗျည်းအက္ခရာတို့၏ ရှေ့၌ရှိသော အစက်အပြောက်သင်္ကေတ (၂) ခုကို ဝစ္စနှစ်လုံးပေါက် ဟုခေါ်သည်။ ဝစ္စနှစ်လုံးပေါက်သင်္ကေတ ( း ) ချည်းသက်သက် အသံထွက်အောင် မရွတ်ဆိုနိုင်ချေ။ (၁) သံရှည်သရ (အာ၊ အီ၊ အူ၊ အေ၊ အို) နှင့် (၂) သံရှည်အသတ် (−င်၊ −ဉ်၊ −ည်၊ −န်၊ −မ်) တို့နှင့် တွဲ၍ ရွတ်ဆိုမှသာ အသံထွက်သည်။

ဖော်ပြပါ သံရှည်သရများနှင့် သံရှည်အသတ်များပါသော သရများကို အသံလေးများအဖြစ် အသံပြောင်းလိုလျှင် သံပြောင်းပြသင်္ကေတ ဝစ္စနှစ်လုံးပေါက် ( း ) နှင့် တွဲရသည်။

ဥပမာ

(၁) သံရှည်သရ + သံပြောင်းပြသင်္ကေတ = သရသံလေး

  • အာ + း = အား (စား၊ ဆား၊ တား စသည်)
  • အီ + း =အီး (စီး၊ ဆီး၊ တီး စသည်)
  • အူ + း = အူး (စူး၊ ဆူး၊ တူး စသည်)
  • အေ + း = အေး (စေး၊ ဆေး၊ တေး စသည်)
  • အို + း = အိုး (စိုး၊ ဆိုး၊ တိုး စသည်)


(၂) သံရှည်အသတ် + သံပြောင်းပြသင်္ကေတ = သရသံလေး

  • အင် + း = အင်း (ကင်း၊ ခင်း၊ စင်း စသည်)
  • အဉ် + း = အဉ်း (စဉ်း၊ ယဉ်း စသည်)
  • အည် + း = အည်း (စည်း၊ ဆည်း၊ တည်း စသည်)
  • အန် + း = အန်း (စန်း၊ ဆန်း၊ တန်း စသည်)
  • အမ် + း = အမ်း (စမ်း၊ နမ်း၊ ဖမ်း စသည်)

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း