သံနှင့်သံမဏိ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အခြားကြည့်ရန်။ သံ (သတ္တု)

သံသည်ဆီလီကွန်၊ အောက်ဆီဂျင်၊ အလျူမီနီယမ်မှလွဲလျှင် ကမ္ဘာပေါ်တွင် အတွေ့ရအများဆုံးဒြဗ်စင်ဖြစ်သည်။ ကျွန်ုပ်တို့နေထိုင်လျက်ရှိသော ကမ္ဘာကြီးကိုအပုံ ၂ဝပုံလျှင် တစ်ပုံမှာသံဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ကမ္ဘာမြေအလေးချိန်ပိသာ ၁ဝဝ လျှင်ပျမ်းမျှခြင်းအားဖြင့် ငါးပိသာမှာ သံဖြစ်၏။ အချို့သောလူများကမူကမ္ဘာမြေကြီး၏အလွန်နက်ရှိုင်းသော အရပ်ဒေသများတွင်သံ အမြောက်အမြားရှိသည်ဟု ယုံကြည်ကြသည်။ အကယ်၍ထိုသို့ယုံကြည်သည့်အတိုင်းသာ သံရှိရိုးမှန်လျှင် သံ၏အချိုးအစားမှာအတိုင်းထက် အလွန်ပိုလာဖွယ်ရာရှိူ၏။ ကမ္ဘာမြေကြီးပေါ်တွင်မူကား သံမှာနေရာတကာ တိုင်း၌လိုပင်ဖွဲ့စည်းပါဝင်လျက်ရှိ၏။ မြေဆီလွှာနှင့် ကျောက်များတွင် အနည်းနှင့်အများဆိုသလို သံတွေ့ရှိရ၏။ သွေးတွင်အနီရောင်ရှိခြင်းမှာ သံဓာတ်ကြောင့် ဖြစ်၏။ ယုတ်စွာ့အဆုံး အပင်များတွင် မရှိမဖြစ်သည့် သစ်စိမ်းဓာတ်ခေါ် ကလိုရိုဖီ၌ပင်လျှင် သံဓာတ်ပါရှိလေသည်။

ဤသို့ သံကို နေရာအနှံ့အပြားတွင်တွေ့ရှိကြရသော်လည်း ကျွန်ုပ်တို့သည်ခြံထဲရှိမြေမှဖြစ်စေ၊ကျောက်ဟူသမျှမှ ထူရိုက်ချေမှုန်း၍ဖြစ်စေ၊ သံကိုထုတ်ယူမရရှိနိုင်ချေ။ အဘယ် ကြောင့်ဆိုသော်ဤပစ္စည်းများ တွင်ထုတ်ယူနိုင်လောက်အောင်သံ မကြွယ်ဝသောကြောင့်ဖြစ်သည်။ သို့သော်သံသတ္ထုရိုင်းခေါ်အချို့ သောကျောက်များတွင်သံအမြောက်အမြားပါရှိသည်ကိုတွေ့ရ၏။ အကောင်းဆုံးသံသတ္ထုရိုင်းတွင်ရာခိုင် နှုန်း ၅ဝခန့် သံပါရှိသည်ကို၎င်း၊ အညံ့စားသံသတ္ထုရိုင်းတွင်ရာခိုင်နှုန်း ၃ဝမှ၅ဝအထိသံပါရှိသည်ကို၎င်း တွေ့ရ၏။ သံအလွန်ကြွယ်ဝသောသတ္ထုရိုင်းများမှာ ဟီမတိုက်၊လိုင်မိုနိုက်၊ မက်ဂနက်တိုက်နှင့်ဆစ်ဒါရိုက်ဟူ ၍လေးမျိုးရှိ၏။ ဟီမတိုက်ခေါ်သောဝေါဟာရမှာ ဂရိစကားဖြစ်၍သွေးဟုအဓိပ္ပါယ်ရသည်။ ဤသတ္ထု ရိုင်းကိုဟီမတိုက်ဟုခေါ်ရခြင်းမှာ သတ္ထုရိုင်းအမှုန့်တွင် သွေးကဲ့သို့နီရဲသော အရောင်ရှိခြင်းကြောင့်ဖြစ်၏။ ရာခိုင်နှုန်း ရဝ သံပါရှိခြင်းကြောင့်၎င်း၊ နေရာအနှံ့အပြားတွင် တွေ့ရှိရခြင်းကြောင့်၎င်း၊ သံသတ္ထုရိုင်းတို့ တွင်ဟီမတိုက်သည် အရေးအကြီးဆုံးဖြစ်၏။ ဟီမတိုက်မှာ လိုက်မိုနိုက်နှင့် မက်ဂနက်တိုက်တို့ကဲ့သို့ပင် အိုင်းယန်းအောက်ဆိုဒ်ဖြစ်၏။ များသောအားဖြင့် ထိုသတ္တိကိုအင်္ဂလန်နိုင်ငံ ကမ်ဗာလန်နှင့်လန်ကရှိုင်ယာတွင်၎င်း၊ အမေရိကန်နိုင်ငံ ဆူပီးရီးယားရေအိုင်တစ်ဝိုက်၌၎င်းတွေ့ရ၏။ အချို့လုပ်ငန်းများတွင်ဟီ မတိုက်ကုအမှုန့်ကြိတ်ပြီးလျှင် ခြယ်ဆေးအဖြစ်ဖြင့် အသုံးပြုကြသည်။

အချို့ဟီမတိုက်တို့သည်ပုံဆောင်ခဲများအဖြစ်ဖြင့် အစိတ်စိတ်ကွဲလျက်တွေ့ရတတ်၏။ ထိုပုံဆောင်ခဲများ၏ မျက်နှာတို့မှာမှန်ကဲ့သို့ တစ်ပြင်တည်းရှိကြ၏။ ဟီမတိုက်ကိုကျောက်ကပ်ပုံအတုံးအဖြစ်ဖြင့်လည်းအတွေ့များသ ဖြင့် တစ်ခါတစ်ရံ ကျောက် ကပ်သတ္တုရိုင်းဟူ၍ပင် ခေါ်ကြ၏။ လိုင်မိုနိုက်ခေါ် သတ္တုရိုင်းကို စပိန်နိုင်ငံ၌အမြောက်အမြား တူးဖေါ်ရရှိ၍များသောအားဖြင့်အင်္ဂလန်နိုင်ငံနှင့် ဂျာမဏီနိုင်ငံသို့ တင်ပို့ကြ၏။ လိုင်မိုနိုက်မှာ လက်တင်ဝေါဟာရဖြစ်၍ မြက်ခင်းဟုအဓိပ္ပါယ် ရ၏၊ ဤအမည်ဖြင့်မှည့်ခေါ်ရခြင်းမှာ လိုင်နိုင်မိုက်သတ္တုရိုင်းအညံ့စားတမျိုးကို ရွံနွံပေါ၍ စိုထိုင်းသော မြက်ခင်များပေါ်တွင် တွေ့ရှိခဲ့ရသောကြောင့်ဖြစ်၏။ လိုင်နိုမိုက်သတ္တုရိုင်းကိုတခါတရံအညိုရောင် ဟီမတိုက်ဟုလည်းခေါ်၏။ မက်ဂနက်တိုက်သတ္တုရိုင်းကိုမူကားဆွီဒင်နိုင်ငံ၊ဒင်နာမို ရာနှင့်ဂဲလီဗာအရပ်ဒေသများမှရရှိလေသည်။ ဒင်နာမိုရာအရပ်မှသံကို လူတို့သည်လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝဝခန့်ကပင်တူးဖေါ်အသုံးပြုခဲ့ကြ၏။ ဤ သတ္တုရိုင်းကို တနည်းအားဖြင့်လုဒ်စတုန်း (သံလိုက်ကျောက်) ဟူ၍လည်းခေါ်၏။ မက်ဂနက်တိုက်မှာ ကြွပ်ဆတ်၍ ပြောင်လက်သောအမည်းရောင်ရှိ၏။ သံလိုက်တန်ခိုးရှိခြင်း ကြောင့်သံနှင့်သံမဏိတို့ကို ဆွဲငင် နိုင်သောသတ္တိရှိ၏။ အချို့သတ္တုရိုင်းများတွင်သံရာခိုင်နှုန်းအမြောက်အမြားပါရှိ၏။ တစ်ခါတစ်ရံ သန့်သန့် ကိုလည်းတွေ့ရတတ်၏။ ရှေးအခါကလူတို့သည် ရေတွင်ပေါ်သောသစ်သားချောင်းများ တွင် မက်ဂနက် တိုက် သတ္တုရိုင်းအစငယ်တွင်မြုပ်၍ ကွန်ပါခေါ်အိမ်မြှောင်အဖြစ်ဖြင့်ရေကြောင်းခရီးသွားရာ တွင်အသုံးပြုခဲ့ကြ၏။ ဤသတ္တုရိုင်းကိုရှေးအခါက ဂရိနိုင်ငံမြောက်ပိုင်းမက်နီဇီယာခေါ်အရပ်၌ တွေ့ရှိခဲ့ခြင်း ကြောင့် မက်ဂနက်တိုက်အမည်မှာ မက်နီဇီယာနှင့် အဆက်အသွယ်ရှိခဲ့လေသည်။

ဆစ်ဒါရိုက်သတ္တုရိုင်းမှာ အမျိုးအမည်အားဖြင့် အလွန်များ၏။ အင်္ဂလန်နိုင်ငံ ယော့ရှိုင်ယာ၊ နော့သမ်တန်ရှိုင်ယာနှင့် ဝေလနယ်များတွင်တွေ့ရှိရသော သတ္တုရိုင်းများမှာ ဆစ်ဒါရိုက်အမျိုးတွင်အကြုံးဝင်၏။ ဆစ်ဒါရိုက်မှာ ဂရိစကားဖြစ်၍ သံဟု အဓိပ္ပါယ်ရသည်။ မွဲပြာရောင်၊ သို့မဟုတ် အညိုရောင်ပုံဆောင်ခဲများ ဖြစ်၍ မာလည်းအလွန်မာ၏၊။ အင်္ဂလန်နိုင်ငံတွင်တွေ့ရသော သံသတ္တုရိုင်းတို့တွင် အရေးအကြီးဆုံး ဖြစ်၏။ ဓာတ်သဘောအလိုအားဖြင့် အိုင်းယန်းကားဗွန်နိတ်ဖြစ်၏။ ထင်းမီးအလွန်ပေါသောနေရာများအတွက် သံရည်ကျိုယူရန် ကောင်းသော သတ္တုရိုင်းဖြစ်။ အခြားသတ္တုရိုင်းများနှင့်စာလျှင် သံရာခိုင်နှုန်း အလွန်နည်း၏။ အင်္ဂလန်နိုင်ငံတွင် ပထမ မတွေ့ခဲ့စဉ်က ကျောက်မီးသွေးနှင့်အတူ တစ်နေရာတည်း၌ တွေ့ရှိခဲ့ခြင်းကြောင့် ထိုနိုင်ငံတွင် စက်မှုလက်မှုပညာမှာ နေ့ခြင်းညခြင်းတိုးတက်ခဲ့၏။ ဤသတ္တုရိုင်းများအပြင် အိုင်းယန်းပိုင်ရိုက်တီး ခေါ် အိုင်းယတ်းဆာလဖိုဒ်မှလည်း သံကိုထုတ်ယူကြ၏။ သံရိုင်းအများဆုံးထွက်သောနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုနိုင်ငံဖြစ်၏။ အခြား သံထွက်ရာ၌ ထင်ရှားသော၊ နိုင်ငံများမှာ အင်္ဂလန်၊ ဂျာမဏီ၊ ပြင်သစ်၊ ရုရှနိုင်ငံတို့ဖြစ်၏။ ကမ္ဘာအရပ်ရပ်မှ ထုတ်လုပ်လျက်ရှိသော နှစ်စဉ်ပျမ်းမျှသံတန်ချိန်စာရင်းမှာ အမေရိကန်ပြည်ထောင်စုနိုင်ငံတန်ချိန် ၄ဝဝဝဝဝဝဝ၊ ဂျာမဏီနိင်ငံတန်ချိန် ၂ဝဝဝဝဝဝဝ၊ အင်္ဂလနိ်နိုင်ငံတန်ချိန် ၁ဝ၅ဝဝဝဝဝ ပြင်သစ် နိုင်ငံတန်ချိန် ၈ဝဝဝဝဝဝ၊ ရုရှနိုင်ငံတန်ချိန် ၄၂ဝဝဝဝဝအသီးသီးဖြစ်ကြ၏။ ကမ္ဘာ့ပေါ်တွင် အခြား သောနိုင်ငံများမှလည်းသံကို ထုတ်လုပ်လျက်ရှိကြ၏။ သို့သော်ဤစာရင်းနှင့်စာလျှင် သံအထွက်မှာ ပြောပလောက်အောင် မများချေ။ ဂျာမနီနိုင်ငံသည်သံဖြင့်အလွန်ကြွယ်ဝသည့်အရပ်ဒေသ ဖြစ်သော အယ် လဆက်လိုရိန်းနယ်ကို ပထမကမ္ဘာစစ်ကြီးအပြီးတွင် ထိုးအပ်ခဲ့ရသဖြင့်သံအထွက်တွင် များစွာဆုတ်ယုတ်ခဲ့လေသည်။

ရုရှနိုင်ငံတွင်မူကားယခုအခါသံအထွက်တွင်များစွာတိုးတက်ခဲ့၏ အချို့သောသူများက ယခုခေတ်တွင် အမေရိကန်နိုင်ငံမှလွဲလျှင် ရုရှနိုင်ငံသည်သံအထွက်ဆုံး နိုင်ငံဖြစ်သည်ဟုအသိအမှတ်ပြု ကြ၏။ ကမ္ဘာပေါ်တွင်တစ်နှစ်တစ်နှစ်လျှင်သံတန်ချိန်သန်းပေါင်း ၁ဝဝမျှထွက်၏ဟုဆိုလေသည်။ ဤလောက်များပြားသည့်သံကို စတုရန်းပုံသံတစ်တုံးတည်းဖြင့်ပြုလုပ်လိုက်မည်ဆိုပါကထိုသံတုံး ၏အနားများသည်မိုင်ဝက်စီရှိပြီးလျှင်ထိုသံတုံးကိုတစ်ပတ် ပတ်ကြည့်ရန်အနည်းဆုံးနာရီဝက်ခန့်ကြာပေမည်။ ယခုခေတ်သည်သံခေတ်ဖြစ်သည့်အလျောက် သံ၏အသုံးဝင်ပုံမှာ မရေမတွက်နိုင်အောင်များပြား လှ၏။ တစ်နေရာမှတစ်နေရာသို့သွားလာရန် ကျွန်ုပ်တို့အသုံးပြုလျက်ရှိ သော မီးရထား၊ မော်တော်ကား၊ သင်္ဘော စသည့်ယာဉ်ရထား များကို သံဖြင့်တည်ဆောက်ကြရ၏။ သံယက်မကြီး၊ သံဘောင်၊ သံတံခါး၊ သံကရိယာ၊ အိမ်ဆောက်ရာ၌သုံးသည့် အတိုအထွာသံထည်ပစ္စည်း စသည်တို့ရှိခြင်းကြောင့် အလွန်ကြီးကျယ်ခန့်ငြားသော တိုက်တာအဆောက်အအုံများကို ဆောက်လုပ်နိ်ုင်ကြ၏။ အိမ်တွင်းသုံးအိုးခွက်၊ ဓား၊ ကတ်ကျေးများသည် သံထည်ပစ္စည်းများဖြစ်သည်။

ယခုခေတ်စစ်သုံးပစ္စည်းဟူသရွေ့တွင် သံနှင့်ကင်းသည်ဟူ၍ပင် မရှိချေ။ လူတို့တွင်အထည်အလိပ်နှင့်တကွ အခြားသော အသုံးအဆောင်ဟူသမျှကို စက်များ ဖြင့်ပြုလုပ်လျက်ရှိကြရာ အကယ်၍သာ သံမရှိခဲ့ပါမူ ကျွန်ုပ်တို့၏နေထိုင်စားသောက်ရေး အဆင့်အတန်းသည် မည်သည့်အခြေသို့ဆိုက်ရောက်သွားမည်ကို စဉ်းစားကြည့်နိုင်လေသည်။

ယခုကျွန်ုပ်တို့သံဟုပြောဆိုသုံးစွဲလျက်ရှိသော သတ္တုမှာ သံအစစ်မဟုတ်သေးချေ။ သံအစစ်မှာ စိန် ထက်ပင် ရှား၏။ သဘာဝတွင် သံယံဇတအဖြစ်ဖြင့်တွေ့ရခဲ၏။ သို့သော်တစ်ခါတစ်ရံအခြားသောဂြိုဟ်များမှ သံတွေ ခဲအဖြစ်ဖြင့် ကမ္ဘာမြေပေါ်သို့ကျရောက်လာတတ်၏။ သံအစစ်တွင်ငွေကဲ့သို့အဖြူရောင် ရှိသည်ကိုသိလျှင်အချို့လူများ အံ့ဩကောင်းအံ့ဩကြပေမည်။ အညစ်အကြေးကင်းစင်သော သံသည် လူတို့တွင်အသုံးအဆောင်ပြုလုပ်ရန်အသုံးမဝင်ချေ။ သံသန့်သန့်ကို သယံဖာတအဖြစ်ဖြင့် မတွေ့ရှိရခြင်းမှာလည်း သံသည်အခြားသောဒြပ်စင်များနှင့် အလွယ်တကူပေါင်းစပ်နိုင် သောကြောင့် ဖြစ်၏။ ဤသို့ပေါင်းစပ်နိုင်သော ဂုဏ်ပင်လျှင် သံ၏အသုံးဝင်ခြင်းအကြောင်းရင်းဖြစ်ပေသည်။ အသုံးကိုလိုက်၍ ကျွန်ုပ်တို့သည်သံကို အမျိုးမျိုးပြုပြင်ယူနိုင်၏။ သံကိုအနည်းနည်းအဖုံဖုံစီမံပေးသောအခါစိန်ကဲ့သို့ မာသောသတ္တု၊ သို့မဟုတ်ကြေးနီကဲ့သို့ပျော့သောသတ္တုကို၎င်း၊ ဖန်ကဲ့သို့ကြွပ်ဆပ်သောသတ္တု၊ သို့မဟုတ် ငွေကဲ့သို့အပြား ရိုက်ခတ်နိုင်သောသတ္တုကို၎င်း၊ မီးနှင့်လျှပ်စစ်ကိုလိုက်နိုင်သော သတ္တု၊ သို့မဟုတ် ခုခံနိုင်သော သတ္တုကို၎င်း၊အသီးသီး ရရှိနိုင်၏။ ခြုံ၍ပြောရလျှင်သံတွင်အခြားသတ္တုများစွာ တွင်ရှိသည့်ဂုဏ်များကို စုပေါင်းလျက်တွေ့ရ၏။ သံကိုဆစ်သီယန်လူမျိုးတို့သည် တောမီးလောင်ရာမှ စတင်တွေ့ရှိခဲ့ကြသည်ဟု ရှေးအဆိုတစ်ရပ်ရှိလေသည်။

ထိုသံမှာအခြားဂြိုဟ်များမ ှကျဆင်းလာသော သံတွေခဲများဖြစ်၍ တောမီးမလောင်မီ မြေပေါ်တွင်ရှိနေကြဟန်တူသည်။ ဤုယူဆချက်မှာအတော်အတန်ယုတ္တိရှိပေသည်။ အဘယ်ကြောင့်ဆိုသော် မဂိုဘုရင်ကြီး ဂျဟင်ဂါ၏ လက်သုံးတော်ဓားမှာ ၁၆၂ဝပြည့်နှစ်တွင်အိန္ဒိယနိုင်ငံ၌ ကျဆင်းသော သံတွေခဲမှ ပြုလုပ်ရရှိခဲ့သောကြောင့်ဖြစ်၏။ သို့သော်လူအများထင်မှတ်သောယူဆချက်တရပ်အရမှာသံရိုင်း ထွက်ရာ တောင်ကုန်းတို့၏ဘေးတွင် အလွန်ပူပြင်းသော မီးဖိုများကိုပြုလုပ်ခဲ့ရာမှအစပြု၍ သံကိုတွေ့ရှိခဲ့ခြင်းဖြစ် သည်ဟုဆိုလေသည်။ အစပထမ၌သံကိုအနီးရှိသံရိုင်းမှရရှိနိုင် ကြောင်းမသိရှိခဲ့ကြချေ။ အချိန်ကာလကြာမြင့်၍ နေရာအနှံ့အပြားတွင် အထက်ပါနည်းအတိုင်း သံကိုတွေ့ရှိလာသောအခါမှသံရိုင်းကို အသုံးပြုရမှန်း သိရှိလာခဲ့ ကြသည်။ စတင်သုံးစွဲစဉ်ကသံသည်အလွန်အဖိုးထိုက်တန်ခဲ့၏။ နယ်သစ်ရှာဖွေသူတို့သည် မိမိ တို့ရောက်ရှိရာအရပ်ဒေသများ၌ ရွှေနှင့်တိရစ္ဆာန်တို့၏အမွေးများကဲ့သို့အလွန်အဖိုးထိုက်တန်သော ပစ္စည်း များထိုတိုင်းရင်းသားများထံမှ သံတိုမယ်နများဖြင့် လဲလှယ်ယူခဲ့ကြသည်။ နာမည်ကျော် ရေကြောင်းခရီးသွား ကက်ပတိန်ကွတ်သည် တာဟီးတီကျွန်း၌သံမှိုများကို သစ်သားဖောက်ရန် ကရိယာအဖြစ်ဖြင့်ငှားရမ်းလျက် စီးပွားလမ်းဖြောင့်နေသော ထိုကျွန်းသားတို့မှ အကြီးအကဲ တစ်ယောက်ကိုတွေ့ခဲ့ရလေသည်။

ရှေးအခါကသံရည်ကျိုရန် လူများအသုံးပြုခဲ့ကြသော မီးဖိုများမှာ ထင်းမီးသွေးထိုးပေးရသည့်ရိုးရိုး မီးဖိုများဖြစ်၏။ ထိုစဉ်အခါကမီးအပူမှာ အလွန်နည်းသဖြင့် တစ်ကြိမ်လျှင် ပေါင်၂ဝဝ၊သို့မဟုတ်၃ဝဝခန့် ကိုပင်ခဲခဲယဉ်းယဉ်းကျိုယူခဲ့ ကြရသည်။ သံကျိုရန်ကိစ္စမှာအချိန်လည်းကြာ၍ စရိတ်လည်း အလွန်ကြီး လေးခဲ့လေသည်။ နောင်အခါသံလုပ်ငန်းကြောင့် ထင်းများရှားပါးလာသဖြင့် လူတို့သည်ကျောက်မီးသွေးကို တစ်စတစ်စသုံး စွဲလာခဲ့ကြ၏။ ကျောက်မီးသွေးဖိုများမှာ ကြီးလည်းကြီး၍ ပူလည်းအလွန်ပူသဖြင့် တစ်ကြိမ်လျှင် သံရိုင်းတန်ချိန် ၄ဝဝမှ ၁ဝဝဝအထိကျိုယူနိုင်၏။ သံကိုကျိုရာ၌အဓိကရည်ရွယ်ချက်မှာ သံမှအညစ် အကြေးများကို ဖယ်ရှားပစ်ရန်သံတွင်ပေါင်းစပ် ပါရှိသော အောက်ဆီဂျင်ကိုထုတ်ပစ်ရန်နှင့် သံကိုမာသည်ထက် မာလာအောင်ပြုပြင်ပေးရန်တို့ ဖြစ်၏။ သံရိုင်းကို လေပြင်းဖိုတွင်ထည့်၍ ကျိုသောအခါတစ်ကြိမ်တည်းဖြင့် ဤလုပ်ငန်းသုံးမျိုးစလုံး ပြီးမြောက်သွားသည်။ ထိုသို့ကျိုရာ၌ ထုံးနှင့်ကျောက်မီးသွေးကို မီးဖိုထဲသို့အချိုးကျရောပေးရ၏။ သံရိုင်းအရည်ပျော် သွားသောအခါထုံးသည်သံတွင်ပါရှိသည့် အညစ်အကြေးများနှင့်ပေါင်းစပ်၍ချော်ဖြစ်သွားသည်။ မီးဖို ထဲသို့ထည့်ပေးရသော ကျောက်မီးသွေးအနက်အချို့မှာ ထင်းမီးဖြစ်သွား၍ အချို့မှာသံရိ်ုင်းအရည်ပျော်လာသောအခါ သံတွင်ပါရှိသည့် အောက်ဆီဂျင်နှင့်ပေါင်းစပ်ပြီးလျှင် ဓာတ်ငွေ့အဖြစ်ဖြင့်ထွက်သွားလေသည်။

ဤပြောင်းလဲမှုများဖြစ်နေစဉ် ကျောက်မီးသွေးမှကာဗွန်အနည်းငယ်ခန့်သည် သံနှင့်ပေါင်းစပ်သွား၍သံကို မာလာစေသည်။ လေပြင်းဖိုသည်အလွန်ပြင်းထန်သောအပူကြောင့် ပျက်စီးသွားခြင်းမရှိစေရန် အတွင်းတွင်မီးခံအုတ်ဖြင့် ခံထားသည့် သံမဏိအဆောက်အအုံကြီးဖြစ်၏။ အမြင့်မှာ ပေ ၉ဝခန့်ရှိ၏။ မီးဖိုကြီးကိုအထက်မှ အောက်သို့အလျားလိုက် ခွဲကြည့်ပါမူ မီးခိုးတိုင်ကြီးကဲ့သို့တွေ့ရသည်။ မြေပြင်မှမီးဖိုထိပ်သို့ရထားငယ်များ တက်ရောက်နိုင်ရန် လမ်းငယ်တစ်လမ်းပြုလုပ်ထားသည်။ ထိုရထားငယ်ဖြင့် သံ၊ ထုံးကျောက်နှင့်ကုတ် ကျောက်မီးသွေးများကိုမီးဖိုထဲသို့ တစ်ထပ်စီဖြစ်နေအောင် လောင်းထည့်ပေးရ၏။ ဤုသို့လောင်းထည့်ပေးနေစဉ် မီးဖို၏အောက်ဘက်မှနေ၍ မီးဖိုထဲသို့လေပူများကို အဆက်မပြတ်မှုတ်သွင်းပေးလေသည်။ သံရိုင်းသည်မီးဖိုထိပ်မှ အောက်ဘက်သို့တဖြည်းဖြည်းဆင်းလာ ၍ လေပူနှင့်တွေ့ထိလာသည့်အခါ တစ်ဖြည်းဖြည်း တိုး၍ပူလာ သည်။ မီးဖို၏အောက်ဘက်ဆုံး လေပူဝင်ရောက်ရာနေရာ အနားတစ်ဝိုက်တွင်မူကား အပူဆုံးဖြစ်၍ သံမှာ အရည်ပျော်သွားပြီးလျှင် မီးဖို၏အောက်ဆုံးနေရာသို့ထိုင် ကျသွားသည်။ ချော်သည်လည်း သံကဲ့သို့ပင်အရည်ပျော်၍ သံရည်၏မျက်နှာပြင်ပေါ်တွင်ပေါလောပေါ်နေလေသည်။ မီးဖိုမှ အရည်ပျော်နေသည့်သံကို လေးနာရီလျှင်တစ်ကြိမ်ခန့်စီထုတ်ယူ ၍ ချော်ရည်ကိုမူကားချော်ရည်ထုတ်ပေါက်မှ စွန့်ထုတ်ပစ်လိုက် သည်။ သံရည်ကျိုနေစဉ် အပူကိုလျှော့၍ရပ်နားလိုက်ပါက အထဲမှပစ္စည်းအရောသည် ခဲသွားပြီးလျှင် မီးဖိုမှာ နောင်ကို သုံးမရတော့ပေ။ ထိုကြောင့် သံရည်ကျိုစရှိသော ဖိုများတွင် ၁၂ရာသီလုံး နေ့ရောညဉ့်ပါ မရပ်မနားပဲလုပ်ကိုင်ကြရလေ သည်။

လေပြင်းဖိုမှထုတ်ယူရရှိသော သံကို သွန်းသံဟု ခေါ်သည်။ သွန်းသံတွင် ရာခိုင်နှုန်း ၉၂ မှ ၉၄ အထိ သံပါရှိ ၏။ သွန်းသံတွင် ကာဗွန်အချိုးအစားမှာ ရာခိုင်နှုန်း ၂့၆ မှ ၄့၃ အထိရှိတတ်၍ ဆီလီကွန်အချိုးအစားမှာလည်း ထိုလောက်နီးပါးမျှပါရှိလေသည်။ ထိုအပြင် မန်ဂနိ၊ ဖော့စဖောရပ်နှင့် ဆာလဖာတို့ကဲ့သို့ အညစ်အကြေး များလည်းအနည်းငယ်စီ ပါရှိသေး၏။ အရည်မှအခဲသို့ ပြောင်းသောအခါ ကြွထတတ်သောသဘောရှိ၍ အသုံးအဆောင် များကို ပုံသွန်းယူရာ၌ သွန်းသံကိုအသုံးပြုနိုင်၏။ သို့သော် သံတွင်ပေါင်းစပ်ပါရှိသည့် အညစ်အကြေးများကြောင့် ကြွပ်ဆပ်သဖြင့် ပန်းပဲများအသုံးပြုရန်မသင့်တော်ချေ။ သွန်းသံကို မီးဖိုများ၊ ပိုက်လုံးများနှင့် ရေဒီယေတာများ ပြုလုပ်ရာ၌အသုံးပြု၏။ သွန်းသံမှအညစ်အကြေးများကိုဖယ်ရှားလိုက်သောအခါ ချွတ်သံကိုရ၏။ ချွတ်သံတွင် သံရာခိုင်နှုန်း ၉၉့၈ မှ ၉၉့၉ အထိ ရှိတတ်၍ ကာဗွန်ရာခိုင်နှုန်း ဝ့၃မျှသာရှိ၏။ ဤသံပြု လုပ်နည်းကို ၁ရ၈၄ခုနှစ်တွင် ဟင်နရီကော့အမည်ရှိ သော ပုဂ္ဂိုလ်ကြီး ကစတင်တီထွင်ခဲ့၏။ သွန်းသံကို ချွတ်သံသို့ ပြုပြင်ယူလိုသောအခါ မီးလွှဲမီးဖိုကြီးများတွင် သံရိုင်းအနည်း ငယ်နှင့် ရော၍ကျိုပေးပြီးလျှင် နာနာမွှေပေးရသည်။ ထိုအခါ ဆာလဖာနှင့် ဖော့စဖောရပ်တို့သည် သံရိုင်းတွင်ရှိသည့် အောက်ဆီဂျင်နှင့်ပေါင်းစပ်၍ ချော်ဖြစ်သွားကြသည်။ ကာဗွန်မှာမူကား အောက်ဆီဂျင်နှင့်ပေါင်းစပ်ပြီးလျှင် ဓာတ်ငွေ့အဖြစ်ဖြင့်ထွက်သွားသည်။ ချွတ်သံကိုရဲနေအောင် မီးဖုတ်၍ အလိုရှိသောပုံကိုထုရိုက်ယူနိုင်သောကြောင့် ပန်းပဲများ အသုံးပြုကြ၏။ အလွန်မာသောကြောင့်လည်း ကျောက်ဆူးများ သံကြိုးများ၊ တံခါးမင်းတုပ်များနှင့် သံဝိုင်ယာကြိုးများ ပြုလုပ် ယူနိုင်၏။ သွန်းသံကဲ့သို့ အလွယ်တကူ အရည်မပျော်သဖြင့် ချွတ်သံကို သံချောင်းများပြုလုပ်ရာ၌အသုံးပြု၏။ ယခုအခါ များသောအားဖြင့်ချွတ်သံကို ဗက်ဆီမာမီးဖိုဖြင့်ဖြစ်စေ၊ လေဖွင့်မီးဖိုများဖြင့်ဖြစ်စေ ပြုလုပ်လေ့ရှိကြ၏။ သွန်းသံထက်သန့်၍ ချွတ်သံလောက်လဲမစစ်သောသံကို သံမဏိဟုခေါ်သည်။သံမဏိ၌ ဆာလဖာ၊ ဖော့စဖောရပ်နှင့် ဆီလီကွန် လုံးဝကင်း၏။ သို့သော်ကာဗွန်ပါရှိသောအချိုးမှာ သွန်းသံထက်နည်း၍ ချွတ်သံထက်ပို၏။ ကာဗွန် ့၉ရာခိုင်နှုန်းမှ ၁့၅ရာခိုင်နှုန်းအထိပါရှိသည့်သံမဏိကို မီးဖြင့်ဆေးပေးသော အခါ အလွန်မာလာ၍ ချွတ်သံ၊ သွန်းသံနှင့် အခြားသတ္တု များကိုပင် ဖြတ်တောက်နိုင်၏။ ကာဗွန်ရာခိုင်နှုန်းကိုလျှော့ပေး သောအခါ သံမဏိအပျော့စားကိုရ၏။ ဤသံမဏိဖြင့်သွန်းယူ သော အသုံးအဆောင်များသည် အခြားသံဖြင့်သွန်းယူသော အသုံးအဆောင်များထက်ပို၍ခိုင်ခန့်၏။ ကာဗွန်ရာခိုင်နှုန်းကို ထပ်၍လျှော့လိုက်သောအခါ အဆောက်အအုံပစ္စည်း အသုံးအဆောင်များပြုလုပ်ရန် သံမဏိအပျော့စားကိုရ၏။ သံမဏိသည်သွန်းသံကဲ့သို့မာ၏။ ကာဗွန်အလွန်မများလွန်းလျှင် ချွတ်သံကဲ့သို့ပန်းပဲတင်နိုင်၏။ ထုရိုက်၍ လည်းဆက်ယူနိ်ုင်၏။ ဖော့စဖောရပ်နှင့်ဆာလဖာ(ကန့်)ပါသော သံမဏိသည် ကြွပ်ဆပ်သဖြင့်အသုံးမဝင်ချေ။ ထိုကြောင့် ရှေးအခါကလူတို့ သည် သွန်းသံမှသံမဏိလုပ်လိုသောအခါ ပထမချွတ်သံပြုလုပ်၍ ချွတ်သံမှတဖန်ဆီမင်းတေး ယှင်းခေါ်နည်းဖြင့်ပြုလုပ်ယူကြ၏။ ဤနည်းတွင်ချွတ်သံကိုတစ်ပေခန့်ရှိသောအချောင်းများဖြစ်အောင် ဖြတ်တောက်၍ မီးခံလုံတွင်ထင်းမီးသွေးနှင့်အတူ လေလုံပိတ်ထည့်ပြီးလျှင်ခုနစ်ရက်မှ ၁ဝရက်အထိနီရဲနေ အောင်အပူတိုက်ပေး၏။ ထိုနောက်လုံကိုရက်သတ္တတစ်ပတ်ခန့် တဖြည်းဖြည်းအအေးခံယူသည်။ လုပ်ငန်းပြီးဆုံးသောအခါ သံမဏိတုံးတွင် အဖေါင်းအဖုများကိုတွေ့ရ၏။ သံလုပ်ငန်းတွင် ကျွမ်းကျင်သူတို့သည် ထိုအဖေါင်းအဖုများကိုကြည့်၍ သံမဏိ၏အမျိုးအစားကိုချင့်ချိန်နိုင်ကြသည်။ ခရစ် ၁ရ၄ဝ ဖြည့်နှစ်တွင် အဂ‡လန်နိုင်ငံရှက်ဖီးမြို့မှ ဗင်ဂျမင်ဟန့်စမင် ဆိုသူသည် အဖောင်းအဖုပါသံမဏိကို ရွှံ့စေးလုံတွင်ကျို၍ သံမဏိအကောင်းစားတစ်မျိုးကို ရရှိခဲ့၏။ ထိုသံမဏိကို လုံသံမဏိဟုခေါ်သည်။ လုံသံမဏိတွင် ကာဗွန်သည်မူလ သံမဏိမှာကဲ့သိုမညီမညာပြန့်မနေပဲ သံတစ်တုံးလုံးတွင် သမလျက်ရှိသဖြင့် သံမဏိမှာပိုမို ကောင်းမွန်လာသည်။

ထိုအချိန်မှစ၍ ရှက်ဖီးအရပ်သည်စားပွဲဓားနှင့်အခြား ဖြတ်တောက်ရန် ကိရိယာများပြုလုပ်ရာ၌ နာမည် ကျော်ကြားခဲ့၏။ ယခုအခါသံမဏိကိုလေဖွင့်မီးဖိုဖြင့် ပြုလုပ်ရရှိသည့် သံမဏိမှဖေါ်ယူကြ၏။ လုံမှာငယ်သဖြင့် တစ်ကြိမ်လျှင်ပေါင် ၆ဝ မှ ၁ဝဝအထိသာရရှိနိုင်သည်။ ကာဗွန်အနည်းအများကိုလိုက်၍ လုံသံမဏိအမျိုးမျိုးရှိ၏။ မုတ်ဆိတ်ရိတ်ဓား (ကာဗွန်၁.၅%)၊ ကိရိယာတန်ဆာပလာ (ကာဗွန် ၁%)၊နှင့်ညှပ်ပုံ (ကာဗွန် .၇၅%) တို့သည် အားလုံးလုံသံမဏိဖြစ်သော်လည်း သံမဏိအမျိုးအစားမှာ တစ်ခုနှင့်တစ်ခုမတူချေ။ သံမဏိကိုဆီမင်တေးယှင်းနည်းဖြင့် ပြုလုပ်သောအခါ စရိတ်ကြီးလေးသည့်အပြင် အချိန်လည်းကြာ၏။ ထိုကြောင့် ရှေးအခါက သွန်းသံ သို့မဟုတ် ချွတ်သံဖြင့် ပြုလုပ်၍ရသော ပစ္စည်းများကို သံမဏိဖြင့်အစားထိုးပြီးလျှင်အသုံးမပြုနိုင်ခဲ့ကြ ချေ။ သို့သော် ၁၉ ရာစုနှစ် အလယ်ပိုင်းတွင် အင်္ဂလိပ်လူမျိုး ဆာဟင်နရီဗက်ဆီမာဆိုသူပုဂ္ဂိုလ်ကြီးသည် အချိန်ကုန်သက်သာ ၍ ငွေကုန်နည်းသည့်နည်းကိုတွေ့ရှိခဲ့၏။ ထိုနည်းတူ သွန်းသံကို လုံများတွင်ထည့်၍ အောက်တွင်ဆက်ထားသည့်ပိုက်လုံးများဖြင့် သံထဲသို့လေမှုတ်ပေး၏။ ထိုအခါ သံတွင်ပါရှိသည့် မန်ဂနိ၊ ကာဗွန်နှင့်ဆီလီကွန်တို့မှာမီးလောင်သွားပြီးလျှင် သွန်းသံသည် ချွတ်သံအဖြစ်သို့ပြောင်းသွား၏။ အညစ်အကြေးများ မီးလောင် ပြီးစီးသောအခါ ကာဗွန်ကိုအချိုးအတိုင်းရောပေး၍ ချော်ကို ထုတ်ပြီးလျှင် သံမဏိကိုလောင်းယူရ၏။ ဗက်ဆီမာ ပထမ တီထွင်ခဲ့သောနည်းတွင် ဖေ့စဖောရပ် ထုတ်ပစ်ရန်အစီအစဉ် မပါရှိသောကြောင့် ဖော့စဖောရပ် ့၁ရာခိုင်နှုန်းထက် ပိုမိုပါရှိသည့် သွန်းသံကို သံမဏိပြုလုပ်၍အသုံးမပြုနိုင်ပေ။ ၁၈ရ၁ ခုနှစ်သို့ရောက်ရှိလာသောအခါ လုံ၏အတွင်းဘက်တွင် ထုံး နှင့်မက်ဂနိဇီယာ အရောကိုခံ၍ သံမှဖော့စဖောရပ် ထုတ်ပစ်သောနည်းကိုတွေ့ရှိခဲ့၏။ ထိုသို့ တွေ့ရှိခဲ့သည်နှင့် မရှေးမနှောင်းပင် ဂျာမနီနိုင်ငံသည် အယ်လဆက်လိုရိန်းနယ်ကို ပြန်၍သိမ်းပိုက်ခဲ့၏။ ပြည်နယ်တွင်သံအမြောက်အမြားထွက်ခဲ့ သော်လည်း ထိုသံတွင် ဖော့စဖောရပ် .၃% ပါရှိခြင်း ကြောင့် ရှေးအခါကအသုံးမဝင်ခဲ့ချေ။ ဂျာမနီလက်အောက်သို့ ရောက်ရှိပြီးမှသာ သံမှဖော့စဖောရပ်ထုတ်ပစ်နည်းကိုသိရှိခဲ့ကြ သဖြင့် ဥရောပတိုက်ရှိနိုင်ငံများအနက် ဂျာမနီနိုင်ငံသည် သံမဏိလုပ်ငန်းတွင်အကြီးကျယ်ဆုံး နိုင်ငံဖြစ်ခဲ့လေသည်။

အထက်ဖေါ်ပြပါသံမဏိထုတ်လုပ်နည်းကိုတီထွင်သူပုဂ္ဂိုလ်ကြီး အားအစွဲပြု၍ ဗက်ဆီ မာနည်းဟုခေါ်၏။ ဗက်ဆီမာသံမဏိကို စက်၊ တံတား၊ အဆောက်အအုံတို့နှင့် စပ်လျဉ်းသောအသုံး အဆောင်များ ပြုလုပ်ရန်အသုံးပြုကြ၏။ ဗက်ဆီမာဆာဟင်နရီ

ဗက်ဆီမာလုံ၏ပုံသဏ္ဌာန်မှာ လည်တစ်ဖက်စောင်းနေ သော ပုလင်းပုနှင့်တူ၏။ လုံသည်အချင်း၁ဝ ပေ၊ အမြင့်ပေ ၂ဝအသီးသီးရှိ၏။ ကိုယ်ထည်ကိုသံမဏိဖြင့်ပြုလုပ်ထား၍ အတွင်းဘက်၌အလွန်ပြင်းထန်သောအပူကိုခံနိုင်ရန်မီးခံပစ္စည်း ဖြင့်စီမံထား၏။ သံမဏိကျိုရန်သွန်းသံတန်ချိန် ၃ဝခန့် ထည့်ထား သော လုံ၏အလေးချိန်မှာတန် ၂ဝဝအထိပင်ရှိသည်။ လုံအောက်၌လေသေတ္တာတလုံးရှိရာထို သေတ္တာမှ လေပိုက်လုံးများသည်လုံနှင့်လုံ၏အတွင်းခံကိုဖောက်၍ အထဲသို့ဝင်ရောက်၏။ လုံ၏ဘေး တစ်ဖက်တစ်ချက်မှ ထိုးထွက်လျက်ရှိသည့် သံချောင်းကြီးနှစ်ချောင်းသည်လုံကို ထောက်ပေါ်တွင်တည်မြဲနေစေနိုင်သည့်အပြင် ပြွန်တွင်း ရေဖိအားကိုအသုံးပြု၍ဖြစ်စေ၊ လျှပ်စစ်ဓာတ်ကိုအသုံးပြု၍ ဖြစ်စေ၊ လုံကိုအလိုရှိရာအနေအထားသို့ ပြုပြင်ပေးနိုင်သည်။

သံမဏိကျိုရာတွင်ပထမဆုံး လုံကိုအလျားလိုက်စောင်း၍ သွန်းသံ လောင်းထည့်ပေးရသည်။ ထိုနောက်လုံကို တဖြည်းဖြည်းထောင်ယူ၍လေမှုတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် မီးပွင့်များစဉ်ထွက်လာပြီးလျှင် အထဲမှနီဝါရောင် သန်းနေသည့်မီးတောက်တစ်ခုထွက်ပေါ်လာသည်။ သံထဲသို့ လေကိုမှုတ်ပေးသောအခါ ပထမဆုံး ဆီလီကွန်သည် အောက်ဆီဂျင်နှင့်ပေါင်းစပ်၍ ချော်ဖြစ်သွားသည်။ မိနစ်အနည်း ငယ်ကြာသောအခါကာဗွန်သည် မီးလောင်ကျွမ်းလာသဖြင့် မီးတောက်သည် မျက်စိကျိန်းလောက်အောင်ဝင်းထိန်လာပြီးလျှင် လုံထဲ၌ရှိသည့်သတ္တုမှာလည်းကျိုက်ကျိုက်ဆူလာသည်။

ဆယ်မိနစ်ခန့်ကြာသောအခါ သံတွင်ကာဗွန်ကုန်သွားပြီးဖြစ်၍ လေပေါက်များကို ပိတ်ပစ်လိုက်ရ၏။ ချက်ချင်းပင်မီးတောက်မှာလည်း ငြိမ်းသွားလေသည်။ ထိုအခါလုံကိုစောင်းပေး၍ကာဗွန်ကိုလိုသလောက် ထည့်ပေးပြီးလျှင်သံမဏိကိုပုံစံခွက် များတွင်လောင်းယူသည်။ သံမဏိကျိုယူရန်အခြားနည်းတစ်နည်းရှိသေး၏။ ထိုနည်းကိုလေဖွင့်မီးဖိုနည်းဟူ၍၎င်း၊ တီထွင်သူ ပုဂ္ဂိုလ်ကြီးအား အစွဲပြုပြီး ဆီမင်မာတင်နည်းဟူ၍၎င်းခေါ်၏။ ဤနည်း၏အခြေ ခံသဘောမှာ သံတွင်လိုသောကာဗွန်ကိုချန်လှပ်ထား၍ အပိုအလျှံဟူသမျှကိုမီးလောင်သွားစေခြင်းပင်ဖြစ်၏။ ထိုကြောင့်သံမဏိ ကျိုနေစဉ်ကာဗွန်အချိုးအစားကို မကြာမကြာ စစ်ဆေးပေးရး၏။ သံမဏိတွင်လိုသည့်ကာဗွန်အချိုးအစားသို့ ရောက်သောအခါ ကျိုခြင်းကိုရပ်ဆိုင်း၍ သံမဏိကိုထုတ်ယူရ သည်။ တစ်ကြိမ်ကျိုရာ၌ သံတန်ချိန် ၅ဝ မှရ၅ အထိ ကျိုလေ့ရှိ၍ အချိန် ၈ နာရီ မှ ၁ဝ နာရီအထိကြာတတ်သည်။

ဇိုမှာ ခွက်ပုံ၊ သို့မဟုတ် ပုဂံပြားပုံသဏ္ဌာန်ရှိသည်။ သို့သော် အောက်ခြေတွင် အနောက်ဘက်ဗုံဗိုင်ခေါင်းတပ်ဆင်ထားသည့် အပေါက်ဆီသို့ နိမ့်လျောလျက်ရှိသည်။ သံမဏိကျိုရာ၌ ပူပြင်းသောမီး၏ ဒဏ်ကိုခံနိုင်ရန်အတွက် ဓာတ်ငွေ့နှင့်လေ အရောကိုသုံး၏။ ဤဖိုများတွင် အပူပြန်လည်ထုတ်ယူသည့် စနစ်ကိုအသုံးပြုကြသဖြင့် ထင်းမီးကုန် အလွန်သက်သာသည်။ အပူပြန်လည်ထုတ်ယူပုံစံနစ်မှာ အောက်ပါအတိုင်းဖြစ်သည်။ မီးဖို၏တဖက်တချက်တွင် အခန်းကြီးနှစ်ခန်းရှိသည်။ ထိုအခန်းထဲ၌ ပုဆစ်ကွက်ပုံအပေါက်များဖောက်ထားသော အုတ်နံရံများရှိသည်။ သံရည်ပူပေါ်မှထွက်လာသောဓာတ်ငွေ့ပူကို ထိုအခန်းနှစ်ခန်းအနက် တစ်ခန်းတွင်ဖြတ်သန်းသွားစေသည်။ အုတ်နံရံနီရဲလာသောအခါ ဓာတ်ငွေ့ပူကိုထိုအခန်းတွင်ရပ်တန့်၍ အခြားအခန်းတွင်လွှတ်ပေးပြန်သည်။ ထိုသို့လွှတ်ပေးထားစဉ် နီရဲနေသောအုတ်နံရံများရှိသည့်အခန်းမှဖြတ်၍မီးဖိုအတွင်းသို့လေ နှင့် ဓာတ်ငွေ့သစ်ကိုသွင်းပေးလေသည်။ ဤနည်းဖြင့် အလဟဿ ဖြစ်သွားမည့်အပူမှာ သံမဏိကျိုရာ၌ပြန်လည် အသုံးဝ်လာသဖြင့် ထင်းမီးသွေးအတွက်ကုန်ကျမည့်စရိတ်ကို များစွာသက်သာစေသည်။

ဆီမင်မာတင်နည်းမှာ နှေးသော်လည်းတစ်ခါကျိုချက် ရာတွင် အခြားနည်းမှာထက် သံမဏိအရများသည်။ ဤသို့ အရများသဖြင့်လည်းကြီးမားသောအထည်ပစ္စည်းများသွန်းလုပ်ရာ ၌ များစွာအသုံးဝင်သည်။ အချိန်ကြာသဖြင့်လည်း ကျိုချက်နေ စဉ် သံမဏိ၏ ဓာတ်ဂုဏ်နှင့်ရုပ်ဂုဏ်များကို စမ်းသပ်စစ်ဆေး နိုင်သည်။ ဗက်ဆီမာနည်းမှာ ထင်းမီးအတွက်စရိတ်သက်သာ သော်လည်း ယခုခေတ်တွင်ဤနည်းနှင့်သင့်တော်သည့်သတ္တုရိုင်း များ ရှားပါးသွားသည်ဖြစ်၍ လေဖွင့်မီးဖိုမှာ တဖြည်းဖြည်း အသုံးများလာသည်။ ယခုခေတ်တွင်လုံသံမဏိနှင့် သံမဏိရောများကို များသောအားဖြင့်လျှပ်စစ်ဓာတ်ဖြင့်ကျိုယူ ကြ၏။ လျှပ်စစ်ဓာတ်ဖြင့်ကျိုယူရာတွင် အပေါဆုံးပစ္စည်းများကို အသုံးပြုနိုင်၍အကောင်းဆုံးနှင့် အချိုးအစားတိကျမှန်ကန်ဆုံး သံမဏိကိုရ၏။ သို့သော်များသောအားဖြင့်သံမဏိကျိုယူရာတွင် ဗက်ဆီမာနည်းနှင့်လေဖွင့်မီးဖိုမီးကို သာအသုံးများလေသည်။

လွန်ခဲ့သောအနှစ် ၃ဝခန့်ကပင်လူတို့သည် အင်ဂျင်နီယာလုပ်ငန်းအမျိုးမျိုးအတွက် သံမဏိထက်အလွန် ခိုင်မာသည့် သံမဏိစပ်များကိုပြုလုပ်နိုင်ခဲ့ကြသည်။ ယခုခေတ်အင်ဂျင်နီယာအလုပ်ရုံများတွင် အပူခံသံမဏိဖြင့် ပြုလုပ်သော ကိရိယာများကိုတွေ့မြင်ရ၏။ ထိုကိရိယာများမှာ များသောအားဖြင့်သတ္တုများကိုဖြတ်တောက်ရာ၌သုံးသည့် ကိရိယာမျာုးဖြစ်၏။ အပူခံသံမဏိမှာ အလွန်မာလှသဖြင့် အသွားများနီရဲနေစေကာမူ ရိုးရိုးသံမဏိနှင့်ချွတ်သံများကို ဖြတ်တောက်နိုင်လေသည်။ အပူခံသံမဏိမှာအခြားမဟုတ်၊ သံ၊ ကာဗွန်၊ တန်စတင်၊ ကရိုမီယမ်၊ မန်ဂနိနှင့်ဗာနေးဒီယန်တို့ဖြင့် ရောစပ်ပြုလုပ်ရသော သံမဏိစပ်တစ်မျိုးဖြစ်သည်။ ရှေးအခါက သတ္တုများကို စက်တင်ရာတွင်အချိန်များစွာကြန့်ကြာခဲ့၏။ ယခုအခါ အပူခံသံမဏိအကျိုးကျေးဇူးကြောင့် အလုပ်မှာ လေးဆမှငါးဆအထိပို၍ တွင်ကျယ်လာသဖြင့်အချိန်ကုန်၊ ငွေကုန် အလွန်သက်သာလေသည်။ ကရိုမီယမ်ဖြင့်ရောစပ် ယူရသော ကရိုမီယန်သံမဏိစပ်မှာအလွန်ခိုင်မာသောကြောင့် သံချပ်ကာအသုံးအဆောင်များနှင့် သံချပ်ကာများကို ဖျက်ဆီးနိ်ုင်သည့်အမြောက်ဆန်များ ပြုလုပ်ရန်အသုံးပြုသည်။ အစွန်းခံသံမဏိမှာ သံမဏိစပ်တစ်မျိုးဖြစ်၍ ဤသံမဏိမျိုးဖြင့် ဓားကဲ့သို့ သံချေးကင်းစင်လိုသောပစ္စည်းများကိုပြုလုပ်ယူကြ သည်။

မော်တော်ကားများ၌အသုံးပြုကြသည့် ဗာ့ (အဆို့ရှင်) များကို အပူခံနိုင်ရည်ရှိအောင် နစ်ကယ်နှင့် သံမဏိရောစပ် ထားသော နိကယ်သံမဏိစပ်ဖြင့်ပြုလုပ်ကြရ၏။နစ်ကယ်သံမဏိ တစ်မျိုးဖြစ်သော အင်ဗာခေါ် သံမဏိစပ်သည် အပူချိန်ပြောင်း လဲခြင်းကြောင့် ကြွလာခြင်း၊ သို့မဟုတ် ကျုံ့ဝင်ခြင်းဟူ၍ အလျင်းလိုပင်မရှိသဖြင့် နာရီချိန်သီးတံများနှင့် သံမဏိပေကြိုး များပြုလုပ်ရာ၌အသုံးဝင်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)