သံဃာအား ဘုရားမဆန်သာ

ဝီကီပီးဒီးယား မှ

သံဃာအား ဘုရားမဆန်သာသည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။

အဓိပ္ပာယ်[ပြင်ဆင်ရန်]

သံဃာအများစု၏အလိုကို မြတ်စွာဘုရားသော်မှ လွန်ဆန်၍ မပြုသကဲ့သို့ ဦးစီးခေါင်းဆောင်ပြုသူသည် အများစု၏ ဆန္ဒ ကို မလွန်ဆန်သာချေ။

မြတ်စွာဘုရား ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဃောသိတာရုံကျောင်းရှိ ဝိနည်းဓိုရ်ရဟန်းနှင့် ဓမ္မ ကထိက ရဟန်းနှစ်ပါးတို့ ဝိနည်း ကိစ္စ နှင့် ပတ်သက်၍ အငြင်းပွားရာမှ ရဟန်းများ အချင်းများကြသည်။ မြတ်စွာ ဘုရားက အချင်းမများကြရန် အဖန်ဖန် ဆုံးမတော်မူသော်လည်း ရဟန်းများက မနာယူကြသဖြင့် မြတ်စွာဘုရားသည် ပါလိလေယျတောသို့ တစ်ပါးတည်း ကြွတော်မူပြီး ဆင်မင်း၏ အလုပ်အကျွေးကို ခံယူတော်မူလျက် သီတင်းသုံးနေတော်မူသည်။ ထိုအကြောင်းကို ကောသမီပြည် ဒါယကာ၊ ဒါယကာမများ ကြားသိ၍ ဃောသိတာရုံကျောင်းရှိ ရဟန်းများအား ဆည်းကပ် လှူဒါန်းခြင်း မပြုဘဲ နေကြကုန်၏။ ထိုရဟန်းတို့သည် ဝါတွင်းသုံးလပတ်လုံး ဆင်းရဲစွာ နေကြရကုန်၏။ ထိုအခါမှ ဘုရား၏ ဂုဏ်ကျေးဇူးကို အောက်မေ့လျက် နောင်တကြီးစွာရပြီး အချင်းချင်း ပြန်လည်သင့်မြတ်ကြကုန်၏။ ထိုအကြောင်းကို ရှင်အာနန္ဒာ သိလျှင် အခြံအရံ ရဟန်းငါးရာနှင့်အတူ ပါလိလေယျတောသို့ ကြွရောက်ပြီး မြတ်စွာဘုရားအား ဇေတဝန်ကျောင်းသို့ ပြန်လည်ကြွမြန်းပါရန် ပင့်လျှောက်၏။ မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ အမှူးပြုသော သံဃာတော်များ၏ ဆန္ဒကို လိုက်လျော၍ ဇေတဝန်ကျောင်းသို့ ပြန်ကြွတော်မူသည်။ ထိုအကြောင်းကို ကောသမ္ဗီရဟန်းများ ကြားသိလျှင် သာဝတ္တိပြည်သို့ သွား၍ မြတ်စွာဘုရားအား အလွန်ကျိုးနွံရိုသေစွာ ကန်တော့ကြပြီး မြတ်စွာဘုရား ၏ အဆုံးအမကို ခံယူကြလေသည်။ ဤသို့လျှင် မြတ်စွာဘုရားသည်ပင် သံဃာတို့၏ ဆန္ဒကို မလွန်ဆန်သာပဲ လိုက်လျောတော်မူခဲ့လေသည်။

ကိုးကား[ပြင်ဆင်ရန်]