သူရဲကောင်းဗိမာန် (နေပြည်တော်)

ဝီကီပီးဒီးယား မှ
သူရဲကောင်းဗိမာန် (နေပြည်တော်)
ကိုဩဒိနိတ်19°48′19″N 96°17′55″E / 19.8053°N 96.2986°E / 19.8053; 96.2986ကိုဩဒိနိတ်: 19°48′19″N 96°17′55″E / 19.8053°N 96.2986°E / 19.8053; 96.2986
တည်နေရာနေပြည်တော်မြန်မာနိုင်ငံ
ဖွင့်လှစ်၂ဝ၁၇ ခုနှစ် မတ်၂၇ ရက်
ရည်ရွယ်ကျဆုံးစစ်သည်တော်သူရဲကောင်းနှင့် အရပ်သားသူရဲကောင်းများ

သူရဲကောင်းဗိမာန် (နေပြည်တော်) သည် မြန်မာနိုင်ငံတော်အတွက် မိမိတို့၏ အသက်ကိုပင် စွန့်လွှတ်စွန့်စားစွာ ပေးဆပ်ခဲ့ကြသည့် အမွန်မြတ်ဆုံး တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်းတစ်ဦးစီကို မော်ကွန်းတင် ကမ္ပည်းရေးထိုးထားရှိသည့် အထိမ်းအမှတ်ဗိမာန်တစ်ခု ဖြစ်သည်။ သူရဲကောင်းဗိမာန် (နေပြည်တော်) ကို နေပြည်တော် ပြည်ထောင်စုနယ်မြေဇေယျာသီရိမြို့နယ်ရှိ တောင်ကုန်းပေါ်၌ စကျင်ကျောက်များဖြင့် တည်ဆောက်ထားပြီး ၂ဝ၁၇ ခုနှစ် မတ်၂၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။[၁]

သူရဲကောင်းဗိမာန် (နေပြည်တော်)ကို နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အသက်ကို စွန့်လွှတ်ခဲ့ရသည့် မြန်မာ့သူရဲကောင်းများကို ဂုဏ်ပြုရန်၊ အချုပ်အခြာ အာဏာနှင့် လွတ်လပ်စွာအုပ်ချုပ်ခွင့်ရရှိပြီးသည့်နောက် အသိအမှတ်ပြုဖွယ်ရာ ရဲစွမ်းသတ္တိရှိစွာ ကြိုးစားအားထုတ်မှုများ ပြုလုပ်ရာတွင် အသက်ကိုစွန့်လွှတ်ခဲ့သည့် သူရဲကောင်းများကို ဂုဏ်ပြုရန် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်သည့်အပြင် ယင်းသူရဲကောင်းများအား နောင်လာနောက်သားများက အမြဲအမှတ်ရနေစေရန်၊ မျိုးဆက်သစ်လူငယ်များ၏စိတ်ထဲတွင် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုသည့်စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်းလာစေရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။[၂]

ဗိမာန်[ပြင်ဆင်ရန်]

ဗိမာန်ကြီး၏ အဆောက်အဦးအတွင်း၌ အလျား၊ အနံ ၄ ပေ၊ အမြင့် ၁၂ ပေရှိ အထိမ်းအမှတ် စကျင်ကျောက်တိုင်ကြီးကို တွေ့ရှိရပြီး နံရံများ၌ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရင်း အသက်စွန့်လွှတ် ပေးလှူခဲ့ရသည့် အောင်ဆန်းသူရိယဘွဲ့ ရရှိသူ ၅ ဦး၊ သီဟသူရဘွဲ့ရရှိသူ ၃၄ ဦး၊ သူရဘွဲ့ရရှိသူ ၂၇၁ ဦးနှင့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၁၄၇၈ ဦး စုစုပေါင်း ၁၇၈၈ ဦးတို့၏ အမည်စာရင်းများကို နောင်လာနောက်သားများ အမြဲအမှတ်ရနေစေရန် အလျား ၁၂ ပေ၊ အနံ ၁၁ ပေရှိ ကြွေပြားဆိုင်းဘုတ် ၈ ချပ်ပေါ်၌ ရွှေရောင်စာလုံးများဖြင့် ထွင်းထုထားရှိသည်။

ထူးခြားသည်မှာ အောင်ဆန်းသူရိယ ဆာ့ခ်ဗဟာဒူးရွိုင်း၊ လှသောင်း စောမြင့်၊ ဟရန်သီဟို၊ စသော ကျဆုံး စစ်သည်တော်သူရဲကောင်းများ သာမက စောဘရီ၊ သူရမချစ်ပို၊ ပုံချိုကျေးရွာမှ ဦးလောဖာ၊ ဦးပါလီ ကဲ့သို့သော ကျဆုံး အရပ်သားသူရဲကောင်းများကိုပါ မော်ကွန်းတင်ကမ္ပည်းရေးထိုးထား ရှိသည်။

မြန်မာမှုလက်ရာ[ပြင်ဆင်ရန်]

သူရဲကောင်းဗိမာန် (နေပြည်တော်)ကို တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပရာ စစ်ရေးပြကွင်း၏ အရှေ့ဘက် ပေ ၃၀၀၀ ခန့်အကွာ အကျယ်အဝန်း ၃၈.၅ ဧကခန့်ရှိ တောင်ကုန်းပေါ်၌ ၂၀၁၆ ခုနှစ်၊ မတ် ၂၉ ရက်တွင် စတင်ပန္နက်ရိုက်၍ စကျင်ကျောက်များဖြင့် တည်ဆောက်ထားပြီး ဗိမာန်ကြီး၏အလျား၊ အနံ၊ အမြင့်မှာ ၅၄ ပေစီရှိကာ မြန်မာမှုလက်ရာ ၃၄ မျိုးဖြင့် ပုံဖော်ထုဆစ်ထားသည်။ ဗိမာန်ကြီးသို့ ဝင်လာရာလမ်းသည် အလျား ၁၆၄၆ ပေရှည်လျားပြီး လမ်း၏ ဝဲဘက်ခြမ်း၌ စတုရန်းပေ ၂၄၈၀၀ ပေခန့်ကျယ်ဝန်းသည့် ရေကန်ကြီးကို ထည့်သွင်းတည်ဆောက်ထားကာ လမ်းဘေးဝဲယာတွင် အလွန်လှပသည့် ပန်းများကို မျက်စိပသာဒဖြစ်ဖွယ်ရာ စိုက်ပျိုးထားသည်ကို မြင်တွေ့ရသည်။ အဆိုပါ ဗိမာန်ကြီး၏ အနောက်တောင်ဘက်တွင် မင်းသုံးပါးရုပ်တုနှင့် တပ်မတော်နေ့စစ်ရေးပြကွင်းကြီးကို တွေ့မြင်နိုင်သည်။

သူရဲကောင်းဗိမာန်အတွင်းရှိ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းချ၍ မြန်မာနိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရသူများအား အလေးပြုရန်နေရာ ရှိသည်။ သူရဲကောင်းဗိမာန် အဆောက်အဦးအတွင်း ဂုဏ်ပြုကျောက်တိုင်ဘေး၌ ကြယ်လေးပွင့်မှ ဂုဏ်ပြုမီးညွန့်များအား စက်ခလုတ်နှိပ်ထွန်းညှိပေးရန်နေရာအား ပြုလုပ်ထားသည်။

ထင်ရှားသောဧည့်သည်များ[ပြင်ဆင်ရန်]

နေ့စွဲ ကျော်ကြားသောဧည့်သည် နိုင်ငံသား မှတ်ချက်
၂၃ မေ ၂၀၁၇ ဗိုလ်ချုပ်ကြီး Michail Kostarakos  အီးယူ ဥရောပသမဂ္ဂစစ်ရေးကော်မတီဥက္ကဋ္ဌ အဖြစ်သွားရောက် ဂုဏ်ပြုပန်းခြင်းချ၍ အလေးပြု [၃]
၂ ဇွန် ၂၀၁၇ ဗိုလ်ချုပ်ကြီး Fang Fenghui  တရုတ် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် အဖြစ်သွားရောက် ဂုဏ်ပြုပန်းခြင်းချ၍ အလေးပြု[၄]
၁၈ စက်တင်ဘာ ၂၀၁၇ ဗိုလ်ချုပ်ကြီး Surapong Suwan-ath  ထိုင်း တော်ဝင်ထိုင်းတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် အဖြစ်သွားရောက် ဂုဏ်ပြုပန်းခြင်းချ၍ အလေးပြု[၅]
၂ အောက်တိုဘာ ၂၀၁၇ ဗိုလ်ချုပ်ကြီး Ngô Xuân Lịch  ဗီယက်နမ် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး အဖြစ်သွားရောက် ဂုဏ်ပြုပန်းခြင်းချ၍ အလေးပြု[၆]
၈ ဇန္နဝါရီ ၂၀၁၈ ဒုဗိုလ်ချုပ်ကြီး Perry Lim  စင်ကာပူ စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ်သွားရောက် ဂုဏ်ပြုပန်းခြင်းချ၍ အလေးပြု
၂၀ ဇန္နဝါရီ ၂၀၁၈ ဗိုလ်ချုပ်ကြီး Sergey Shoygu  ရုရှား ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး အဖြစ်သွားရောက်၍ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ ဂုဏ်ပြု ပန်းခွေချ အလေးပြုခဲ့ [၇]
၁၅ ဇွန် ၂၀၁၈ ဗိုလ်ချုပ်ကြီး Wei Fenghe  တရုတ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး အဖြစ်သွားရောက်၍ ဂုဏ်ပြုပန်းခြင်းချ၍ အလေးပြု
၄ စက်တင်ဘာ ၂၀၁၈ လေတပ်ဗိုလ်ချုပ်ကြီး Birender Singh Dhanoa  အိန္ဒိယ အိန္ဒိယ လေတပ်ဦးစီးချုပ် အဖြစ်သွားရောက်၍ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ ဂုဏ်ပြု ပန်းခွေချ အလေးပြုခဲ့ [၈]
၁၄ ဇွန် ၂၀၁၉ လေတပ်ဗိုလ်ချုပ်ကြီး Rozzano D. Briguez  ဖိလစ်ပိုင် ဖိလစ်ပိုင် လေတပ်ဦးစီးချုပ် အဖြစ်သွားရောက်၍ ဂုဏ်ပြုပန်းခြင်းချ၍ အလေးပြု

ဖွင့်ချိန်[ပြင်ဆင်ရန်]

သူရဲကောင်းဗိမာန် (နေပြည်တော်)အား မိဘပြည်သူ များလေ့လာနိုင်ရန်အတွက် နေ့စဉ်နံနက် ၁၀ နာရီမှ ည ၉ နာရီအထိဖွင့်လှစ်ထားရှိရာ မည်သူမဆိုအခမဲ့ဝင်ရောက်၍ အပန်းဖြေလေ့လာနိုင်သည်။

အခြားကြည့်ရန်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. သူရဲကောင်းဗိမာန် နေပြည်တော်တွင် ဖွင့်လှစ် | DVB
  2. တပ်မတော်နေ့အထိမ်းအမှတ် သူရဲကောင်းဗိမာန်(နေပြည်တော်)ဖွင့်လှစ် | Ministry Of Information
  3. CEUMC official visit to MYANMAR - EEAS - European External Action Service - European Commission။ 1 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 September 2017 တွင် ပြန်စစ်ပြီး။
  4. Senior General Min Aung Hlaing welcomes Chinese general - Ministry Of Information။ 1 September 2017 တွင် ပြန်စစ်ပြီး။
  5. Senior General Min Aung Hlaing welcomes Chief of Defence Forces of Royal Thai Armed Forces | Global New Light Of Myanmar။ 2017-09-19 တွင် ပြန်စစ်ပြီး။
  6. Đại tướng Ngô Xuân Lịch thăm Myanmar thúc đẩy quan hệ quốc phòng။ 19 April 2018 တွင် ပြန်စစ်ပြီး။
  7. What Did the Russian Defense Minister’s Myanmar Visit Accomplish?။ 12 June 2018 တွင် ပြန်စစ်ပြီး။
  8. အိန္ဒိယ လေတပ် ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ။ 16 October 2018 တွင် ပြန်စစ်ပြီး။