သုစိပုဘာ ဝိလိသိဓာ

ဝီကီပီးဒီးယား မှ

သုစိပုဘာ ဝိလိသိဓာ ဆိုသည်မှာ သျှင်မဟာရဋ္ဌသာရ၏ ဆုံးမစာ ပင်ဖြစ်သည်။

စာသင်သားတို့အား ဆုံးမသော ဧကပိုဒ်ရတု[ပြင်ဆင်ရန်]

သုစိပုဘာ ဝိလိသိဓာ
အက္ခရာစွဲသုံး ဤရှစ်လုံးကို
သီကုံးပန်းသွင် နေ့တိုင်းဆင်လော့

စာသင်ပျိုနု အခြေပြုတို့
ဥဇုဘူတ လုံ့လပြင်းစွာ
သူ့ထက်ငါဟု နှုတ်မှာရွရွ ကြိုးပမ်းကလျှင်
သိပ္ပကျေးဇူး အထူးသိမြင်
ပညာရှင်ဟု မထင် မပေါ် မကျော်စောဘဲ
တီမှာလွဲအံ့

အရဲကြိုးကုတ် ကြက်ရဲသုတ်သို့
အားထုတ်ခုံမင်
မသင်မအံ မကြံမမေး
ဆွေးနွေးရောနှော
ဟောပြောမဲ့ထွေ
ပေချပ်ရေဖြင့် ကုန်စေဆန်းသာ
သင်ချေပါလည်း
ဘယ်မှာဂုဏ်ရှင် ကျော်စောထင်လိမ့်

စာသင်ဟူက
ကျမ်းထိုမျှကို တွေ့ကမရှောင်
ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးသို့
လွှသွားပမာ ကျောက်ထက်စာသို့
လိုရာရအောင် ကြံဆောင်လေ့ကျက်
အနက် အဓိပ္ပာယ် နှုတ်ဝယ်ရွရွ ထားချေမှတည့်
တစ်စပေါ်လျှင် ချည်စငင်သို့
သဘင်ပွဲမှောက် ဆိုရေးရောက်က
လန့်ကြောက်မရှိ
သတိမြဲခိုင် ကျောက်တိုင်ပမာ
ကေသရာသို့ ရွံ့ရှာမဲ့လျှင်
 ဆိုခင်းနည်းနာ အဖြာဖြာကို
မကြာနှုတ်လျှောက် ခန့်ချင့်ထောက်လော့

အံ့လောက်ဖွယ်သာ ဂါထာပါဌ်သား
စကားဝိုက်လည်
စဉ်ရှည်ရှေးတီး စကားကြီးက
စသည်ထိုထို ဝိဂြိုဟ်ဝစနတ် ဓာတ်ရပစ္စည်း
ထုံးနည်းပမာ
ဂါထာဆန်းဂိုဏ်း ကရိုဏ်းဌာန်စစ်
ဖွင့်လှစ်ဋီကာ အဋ္ဌကထာပါဠိ အောက်ထက်ညှိ၍
ကဝိလက္ခဏာ အဖြာဖြာကို
သေချာဆည်းဆ ဆိုဝံ့ကလျှင်
ဘဝဤတွင် ခုမျက်မြင်လည်း
မထင်ဘယ်မှာ ရှိဘိရာအံ့
သံသရာလည်း ပမာကဲလွန်
အဆုံးစွန်မူ ညီမွန်တုလွတ်
သုံးလူ့နတ်ဝယ်
အကျွတ်ဘယ်မှာ ဝေးတော့မည်။

ခက်ဆစ်ရှင်းလင်းချက်[ပြင်ဆင်ရန်]

  • သု = သုဏေယျ… နာကြားရာ၏။
  • စိ = စိန္တေယျ.. ကြံစည်ရာ၏။
  • ပု = ပုစ္ဆေယျ.. မေးမြန်းရာ၏။
  • ဘာ = ဘာသေယျ.. ရွတ်ဖတ်ရာ၏။
  • ဝိ = ဝိစာရေယျ .. စူးစမ်းဆင်ခြင် စိစစ်ရာ၏။
  • လိ = လိခေယျ.. ရေးမှတ်ရာ၏။
  • သိ = သိက္ခေယျ.. သင်ကြားရာ၏။ (တစ်ပါးသူအားပြန်လည်သင်ကြားရာ၏)
  • ဓာ = ဓာရေယျ.. နှုတ်တက်ဆောင်ရာ၏။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာညွန့်ပေါင်းကျမ်း။ ပထမတွဲ။ စာပေဗိမာန်။ နိုဝင်ဘာ ၁၉၉၁။ p. စာ(၆၁)။