သီလ၊ ဦး ဆရာတော်

ဝီကီပီးဒီးယား မှ
ဘုန်းတော်ကြီး ဦးသီလ (၁၈၃၂-၁၉၀၇)

ဆရာတော် ဦးသီလ(မြန်မာ ၁၁၉၄-၁၂၆၉)[ပြင်ဆင်ရန်]

ဆရာတော်ဦးသီလဟု အများခေါ်ဝေါ်ကြသော တောရဆရာတော်ဘုရားကြီးသည် ပဲခူးမြို့ မြောက်ဘက် နှစ်မိုင်ခန့်ဝေးသော အထက် ဇိုင်းဂနိုင်းကြီးရွာ၌ သက္ကရာဇ် ၁၁၉၄ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက်၊ သောကြာ နေ့နံနက် ၈ နာရီအချိန်တွင် ဖွားမြင်သည်။ အဘမှာကုန်သည် ဦးထွန်းအောင်ဖြစ်၍ အမိဒေါ်ချိုဖြစ်သည်။ ငယ်မည်မှာ မောင်ရွှေသာ ဖြစ်၏။ ဦးရွှေသာ၊ ဒေါ်သူဇာ၊ ဒေါ်အို၊ ဒေါ်လှအောင်၊ ဦးဘိုးကျော်ဟူသော မွေးချင်းငါးယောက်ရှိသည့်အနက် ဦးသီလဆရာတော်လောင်း ဦးရွှေသာသည် အကြီးဆုံး ဖြစ်သည်။

မောင်ရွှေသာသည် ၁ဝ နှစ်သားအရွယ်တွင် ကော့ပြင်ရွာဘုန်းတော်ကြီးဦးမှူးထံ၌ စာပေသင်ကြားရန် ကျောင်းသားအဖြစ် အပ်နှံခံရသည်။ ၁၂ဝ၆ ခုနှစ်တွင်အသက် ၁၂နှစ် အရွယ် ရောက်သောအခါ ရှင်သာမဏေအဖြစ်သို့ရောက်သည်။ ဘွဲ့တော်မှာ ရှင်သီလသာရဖြစ်သည်။ ရှင်သာမဏေဝတ်ဖြင့် ခုနစ်ဝါနေပြီးနောက် ၁၂၁၃ ခုနှစ်တပို့တွဲလတွင် ကျိုက်ဒေးယျုံဘုရား ကုန်းတော်အရံအတွင်းရှိ ဘုန်းကြီးကျောင်း၌ ပီလခတ်ရွာဘုန်းတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ကာရက သံဃာများစွာဖြင့် ရဟန်းဘောင်သို့တက်တော်မူသည်။

ကော့ပြင်ရွာဘုန်းတော်ကြီးဦးမှူးထံ၌ ရဟန်းနှစ်ဝါရသည့်တိုင်အောင် နေပြီးနောက်၊ ပဲခူးမြို့ထောင့်ကျောင်း ဆရာတော်ကြီး ဦးဟစန္ဒာလင်္ကာရဘွဲ့တော်ရှိသော ဘုန်းတော်ကြီး ဦးပုံထံ၌ ငါးဝါရသည့် တိုင်အောင်ပရိယတ္တိဓမ္မ အခြေခံစာပေတို့ကို နေ့ညဉ့်မပြတ်သင်ကြား အားထုတ်နေလေသည်။ ဦးသီလသည်ထိုစဉ်က ပြတ်ပြတ်သားသား မှတ်သားဖွယ် တရားများကို ဟောကြားနိုင်သဖြင့် အများကြည်ညိုကြသည်။ ၁၂၁၈ ခုနှစ်ရဟန်းဝါ ငါးဝါရပြီးသောအခါ ရန်ကုန်မြို့သို့ကြွလာ၍ ယခုပုဇွန်တောင် ကျိုက်ထီးရိုးကျောင်းတိုက်တည်ရာ၌ ရွှေကြက်ယက် ဘုန်းတော်ကြီးဦးမေဓာထံတွင် စာပေကျမ်းဂန်သင်ယူကာ တစ်ဝါနေလေသည်။

ဦးသီလသည် ခြောက်ဝါရပြီးသောအခါ ပဲခူးမြို့သို့ပြန်ကြွသွားကာ ကလျာဏီတောရ ဘုန်းတော်ကြီး ဦးဝဏ္ဏထံ၌ တစ်ဝါ၊ မန္တလေးမြို့သို့တက်၍ စစ်ကိုင်းဘက်ကူးပြီးလျှင် စစ်ကိုင်း ပိတောက်ချောင်တောင်ရိုး အရိယဝံသရေငုံတိုက်၌ တစ်ဝါ၊ မန္တလေးမြို့အရှေ့စလင်းတိုက်၌ တစ်ဝါအသီးသီးတွင် သီတင်းသုံး၍ စာပေသင်ယူသည်။ ၁၂၂၂ ခုနှစ်တွင်ရဟန်းဝါကိုးဝါအရ၌ ဦးသီလသည် ကောင်းစွာ မကျမ်းမာသဖြင့် ပဲခူးဘက်သို့စုန်ဆင်းလာပြီးလျှင် လာကမွတရွာ၊ ဈေးညောင်ပင်ရွာစသည်တို့၌ ခေတ္တ စီသိီတင်းသုံး၍ ပတ္တမြားစေတီ၊ ကျိုက်ပတိုင်ကုန်း တန်းဂူကုန်းတို့၌ အရညဝါသီတောမှီပုဂ္ဂိုလ်အဖြစ်ဖြင့် တောရဆောက်တည်နေတော်မူသည်။ ၁၂၂၆ ခုနှစ်တွင်ပဲခူးမြို့မှ ဂိုဏ်းအုပ်ဆရာတော်ကြီးဦးပုံ တောထွက်တော်မူသောအခါ ဦးသီလလည်းနောက်မှတပါတည်း လိုက်သွားလေသည်။

ဘုန်းကြီးဦးပုံသည် ကလျာဏီကျောင်းတိုက် တောင်ဘက်တွင် ကပ်လျက်ရှိသော သစ်စေးပင်လေးတိုင်စင်ကျောင်းငယ်၌ သီတင်းသုံးတော်မူသောအခါ ဦးသီလလည်း ထိုကျောင်းနှင့် မနီးမဝေး အနောက်ဘက်ကျောင်းငယ်တစ်ခု၌ သီတင်းသုံးနေထိုင်သည်။ ဝါကျွတ်လတ်သော် ပဲခူးမြို့အရှေ့ဟင်္သာကုန်းသို့ ရွှေ့ပြောင်း၍ တောကျောင်း၌ဘုန်းကြီး ဦးပုံနှင့်အတူ ဝါကပ်သည်။ ယင်းသို့ဖြင့်ဘုန်းကြီးဦးပုံမဟာနာယကပြု၍ တည်ထောင်သောတောရ ဂိုဏ်းတွင် ဘုန်းတော်ကြီး ဦးသီလသည် ဒုတိယနာယကဖြစ်လာလေသည်။ ပဲခူးတောရ ဂိုဏ်းကြီးသည် ရွှေကျင်ဆရာတော်ကြီးတည်ထောင်သော ရွှေကျင်ဂိုဏ်းနှင့်ဝိနည်းကိုပဓာနထား၍ သီးသန့်ခြင်း၊ ဂိုဏ်းတစ်ပါးနှင့်အဆက်အဆံမရှိခြင်းတို့၌ အယူသီလတူမျှ လေသည်။ ယင်းသို့ရွှေကျင်ဂိုဏ်းနှင့် ပဲခူးတောရဂိုဏ်းတို့ နှစ်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီးသောအခါ ဆရာတော်ဦးသီလပင် လျှင်ယင်းဂိုဏ်းကြီး၏ ဒုတိယနာယကဖြစ်တော်မူလေသည်။ ၁၂၂၈ ခုနှစ်ဝါလသီတင်းကျွတ်သောအခါဦးသီလသည် ဟင်္သာကုန်းမှ ဖဲခွာလေသည်။ ထို၁၅ ဝါရပြီးမှစ၍ ကျိုက်ဒေးယျုံ၊ လာကမွတ်၊ ဈေးညောင်ပင်၊ ကျိုက်ပတိုင်ကုန်းတန်း၊ ဂူကုန်း၊ ကလိ၊တပ်ကလေး၊ အဝိုင်း၊ ဘုရားကလေး၊ ဥက္ကံရွာကုန်းတောရ၊ ဒေးစွန်ပါပျဉ်ပုံတော၊ လှည်းဘီးကွဲ၊ အနောက်တောတန်း၊ ဒိုက်ဦး၊ ဖအောင်ဝဲ၊ ရွှေကျင်ခရွဲ၊ ဝမ်းပကော၊ ကျိုက်ထို၊ ကော့ကဒွတ်၊ ဘီးလင်း၊ ကျိုက်ကော်၊ သထုံ၊ဂေါ့၊ မုတ္တမတောင်ရိုး၊ မော်လမြိုင်၊ ဖားအံ၊ ဘီလူးကျွန်း၊ မုဒုံ၊ကျုံဒိုးကော့ကရိတ်စသည်တို့သို့အနှံ့ကြွ၍ သီတင်းသုံးကာ တောရဂိုဏ်းအနှံ့ ကြီးပွားလေသည်။

ဆရာတော်သည်ရဟန်း ၁၂ဝါမှစ၍ ဓုတင်၁ဝပါး၊ ၁၁ပါး၊ ၁၂ပါး၊ ၁၃ပါး၊ ရံခါရသည်။ ပိဏ္ဍပါတ်ဓုတင် သပဒါနစာရိဓုတင်တို့ဖြင့်နေ့စဉ် ဆွမ်းခံ၏။ ဆွမ်းဘုဉ်းပေးသောအခါ ဧကာသနိတ်ပတ္တပိုဏ်ဓုတင် တစ်နေရာတည်း တစ်ခွက်တည်းဘုဉ်းပေးသည်။ သက်သတ်လွတ်သာအမြဲသုံးဆောင်သည်။ ဆရာတော်သည် အတည်တကျ တစ်နေရာတည်း တစ်ဆက်တည်း မနေလို၊ တစ်နေရာတွင်အများဆုံးနှစ်ဝါဆိုလေ့ရှိသည်။ ဆရာတော်၏ ကျောင်းသည်လည်း များသောအားဖြင့် ပိတ်မိုးကျောင်းတို့ ဖြစ်ကြသည်။ ထိုသို့ဆရာတော်သည် တစ်နေရာတည်းခန့်ခန့် ထည်ထည်ကျောင်းကြီးနှင့် အမြဲနေလေ့မရှိဘဲ အနှံ့သွားလာနေထိုင်သောကြောင့်လည်း တောရဂိုဏ်း ကြီးအရပ်ရပ်၌ ပျံ့နှံ့ခြင်းဖြစ်သည်။ ဆရာတော်သည် မိမိနှင့် တွေ့သမျှသော ရဟန်းတို့အား တောကျောင်းနေချင်အောင် ဟောလေ့ရှိသည်။ ဆရာတော်သည် လာဘ် သပ်ပကာ အလွန်ပေါသော်လည်း ရောက်ရာအရပ်ရှိ သံဃာတော်တို့အား အကုန်စွန့်လှူလေ့ရှိ၏။ ကိုယ်တော်တိုင်မူကား သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည် သားရေနွယ်တချပ်ဖြင့်ရောင့်ရဲတော်မူ၏။ ဘုန်းတော်ကြီးဦးသီလသည် ယင်းသို့ ကောင်းမြတ်သော အကျင့်သီလတန်ခိုးကြောင့် ဆင်မနင်းကျားမကိုက်သော ဂုဏ်ရှိတော်မူသည်ဟုဆိုကြသည်။

ဆရာတော်ဦးသီလသည် ဝိနည်းသိက္ခာအထူးတင်းကြပ်စွာစောင့်စည်းတော်မူ၍ ဘုန်းကြီးလှသည်။ ဆရာတော်သည် အကျင့်သီလကိုသာဂရုဓမ္မစိုက်ထုတ်သည်မဟုတ်၊ ပရိယတ္တိ သာသနာဖွံ့ဖြိုးမှုကိုလည်း အလွန်လိုလားတော်မူသည်။ ပဲခူးတောရဂိုဏ်းဝိနည်းစာပြန်ပွဲများကို ၁၂၃၃ ခုနှစ်မှစ၍ ကျင်းပခဲ့သည်။ သထုံမြို့ရှိဓမ္မိကာရာမစာသင်တိုက်၊ ညောင်လေးပင် တောရကျောင်း၊ ရန်ကုန်ကျိုက္ကဆံကျောင်းတိုက်၊ ညောင်တုန်း ရွှေဟင်္သာတောရတိုက်၊ ဖြူးမြို့ ရွှေကျင်တောင်ကျောင်း၊ မြောက်ကျောင်း စသည်တို့ကို ဦးစီးတည်ထောင်ပေးသည်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ မြို့ရွာများမှ ဘုန်းတော်ကြီးအားကြွရောက် ချီးမြှင့်ရန်ပင့်ဖိတ်တိုင်း ငြင်းဆိုသည်မရှိ။ တတ်နိုင်သမျှ ကြွရောက်ချီးမြှင့်သည်ချည်း ဖြစ်သည်။ ထို့ကြောင့်ပင် ဆရာတော်ပျံလွန်တော်မူသောအခါ နေရင်း ပဲခူးမြို့၌မဟုတ်ဘဲ ဇလွန်မြို့သို့ သိမ်သမုတ်သွားရင်း ဖြစ်ရလေသည်။


ဆရာတော်သည် ၁၂၆၉ ခုနှစ်ကဆုန်လဆုတ် ၄ ရက် တနင်းလာနေ့၊ (၂၉) ရက်၊ဧပြီလ၊ (၁၉၀၇) ခုနှစ်၊ နံနက်(၇)နာရီတွင် သက်တော် ရ၅ နှစ်၊ ဝါတော် ၅၅ ဝါတွင် ဘဝနတ်ထံပျံလွန်တော်မူသည်။(ကျမ်းကိုး။ မောင်ပန်းမွှေး၊ ရဟန္တာနှင့်ရဟန်းထူး၊ စာ-၁၆၂၊ ဓမ္မာစရိယ ဦးဌေးလှိုင်၊ စာ-၂၀၈-၂၄၄။ ဦးဇောတိပါလ၊ ဦးသီလ ထေရုပ္ပတ္တိ၊ ဝိဘာဝနီကျမ်းတွင် အပြည့်အစုံ ပါရှိသည်။)ထိုနှစ်တပို့တွဲလဆန်း ၃ ရက်နေ့တွင် သာဓုကီဠနသဘင်ဆင်ယင် ကျင်းပ ပြီးစီးလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)