သီရိဓမ္မ

ဝီကီပီးဒီးယား မှ
အဂ္ဂမဟာပဏ္ဍိတ ၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသီရိဓမ္မ
အဂ္ဂမဟာပဏ္ဍိတ ၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသီရိဓမ္မ
ဆရာတော် ဘဒ္ဒန္တသီရိဓမ္မ
မွေးသက္ကရာဇ် ၁၂၈၅ ခုနှစ် တပေါင်းလဆန်း ၃ ရက်(သောကြာနေ့)

ကွယ်လွန် ၁၃၇၃ ခုနှစ်၊ နယုန်လဆန်း၊ ဗုဒ္ဓဟူးနေ့
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ဗမာ
ပညာရေး ပရိယတ္တိစာပေများ
အလုပ်အကိုင် ဗုဒ္ဓဘာသာ အဖွဲ့ချုပ်ကြီး၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ
မွေးရပ်ဇာတိ စစ်ကိုင်းတိုင်းဒေကြီး မြင်းမူမြို့နယ်၊ ကန်ဖျားရွာ
မိဘ ဦးဝိုင်း+ဒေါ်စိန်ဥ

ဆရာတော်လောင်းလျာသည် စစ်ကိုင်းတိုင်းဒေကြီး မြင်းမူမြို့နယ်၊ ကန်ဖျားရွာ ခမည်းတော် ဦးဝိုင်း၊ မယ်တော် ဒေါ်စိန်ဥတို့မှ ၁၂၈၅ ခုနှစ် တပေါင်းလဆန်း ၃ ရက်(သောကြာနေ့)တွင် ဖွားမြင်သော သားရတနာဖြစ်သည်။

ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်လောင်းလျာသည် ၁၂၉၃ ခုနှစ် တပေါင်းလဆန်း ၁၃ ရက်၊ ကန်ဖျားရွာကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒိယကို ဥပဇ္ဈာယ်ပြု၍ မိဘဘိုးဘွားတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၀၄ ခုနှစ် တပေါင်းလပြည့်ကျော် ၅ ရက်(ကြာသပတေးနေ့) နံနက် ၈ နာရီ မိနစ် ၂၀ တွင် ခွက်ခွင်းကျောင်း ဆရာတော် ဘဒ္ဒန္တသောဏာဘိဝံသကို ဥပဇ္ဈာယ်ပြုလျက် ကန်ဖျားရွာ ကျောင်းခဏ္ဍသိမ်၌ မိဘနှစ်ပါးတို့၏ ပစ္စာယာနုဂ္ဂဟဖြင့် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ပရိယတ္တိစာပေ သင်ယူဆည်းပူးတော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒိယ၊ ဘဒ္ဒန္တဥက္ကံသ၊ ဘဒ္ဒန္တပဏ္ဍိတ၊ ခွက်ခွင်းကျောင်း ဘဒ္ဒန္တသောဏာဘိဝံသ၊ မန္တလေးမြို့ မဟာဝိသုဒ္ဒါရုံတိုက် ဘဒ္ဒန္တဇာနေယျဗုဒ္ဓိ၊ ဘဒ္ဒန္တသုဝဏ္ဏဇောတိဘိဝံသ၊ ဘဒ္ဒန္တအာနန္ဒပဏ္ဍိတာဘိဝံသ၊ ဘဒ္ဒန္တဝါသဝါဘိဝံသ၊ မစိုးရိမ်တိုက်သစ် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ ဘဒ္ဒန္တစန္ဒောဘာသာဘိဝံသစသော ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူတော်မူခဲ့သည်။

စာပေပို့ချခြင်းနှင့် သာသနာရေး အားပေးဆောင်ရွက်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်တွင် ကထိကအဖြစ် ၄ နှစ်၊ မဟာသိပ္ပံကျောင်းတွင် ၁၉၇၆ ခုနှစ်မှစ၍ ယနေ့ထိ ငယ်၊ လတ်၊ ကြီး စာဝါများကို ပို့ချလျက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကိုလည်း ၂၃ နှစ်တိုင် ဖွင့်လှစ်ခဲ့သည်။ ၁၃၄၂ ခုနှစ်မှ ၁၃၅၁ ခုနှစ်အထိ သင်္ဃန်းကျွန်းမြို့နယ် ဝိနည်းဓိုရ်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ရွှေကျင်)ဥက္ကဋ္ဌ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံစေတီ၊ ရန်မျိုးအောင် စေတီဂေါပကအဖွဲ့၊ တိပိဋကဓမ္မရက္ခိတအဖွဲ့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း(ရန်ကုန်) ဂေါပကအဖွဲ့၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေဥမင်ဓမ္မသုခတောရရိပ်သာကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်ကြီးတို့၏ ဩဝါဒါစရိယဆရာတော်၊ ၂၀၁၀ ခုနှစ်မှစ၍ နိုင်ငံတော် ဩဝါဒါစရိယဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့သည်။

ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူခြင်း[ပြင်ဆင်ရန်]

ဤသို့လျှင် သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက်တော်မူသော လဇ္ဇိပေသလ သိက္ခာကာမပရိယတ္တိဆေက၊ ပဋိပတ္တိမာမက စသော ဂုဏ်တို့နှင့် ပြည့်စုံတော်မူသော ဆရာတော်အား နိုင်ငံတော်အစိုးရက ၁၃၆၀(၁၉၉၉) ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲတံဆိပ်တော်မြတ်ကိုလည်းကောင်း၊ ၁၃၆၇(၂၀၀၆) ခုနှစ်တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲတံဆိပ်တော်ကိုလည်းကောင်း ဆက်ကပ် လှူဒါန်းပူဇော်ခဲ့သည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်ကြီးသည် သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၈၈)နှစ်၊ သိက္ခာတော် (၆၈)ဝါအရ (၁၃၇၃ ခုနှစ်၊ နယုန်လဆန်း ၆ ရက်) ဇွန်လ ၇ ရက်နေ့(အင်္ဂါနေ့) ည ၁၁ နာရီ ၃၅ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကြေးမုံသတင်းစာ(၁၃၇၃ ခုနှစ်၊ နယုန်လဆန်း၊ ဗုဒ္ဓဟူးနေ့၊ အင်္ဂလိပ်ရက်စွဲ-၁၅၊၆၊၂၀၁၁ ခုနှစ်၊ စာမျက်နှာ-၇)