သီပေါနယ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဤဆောင်းပါးသည် ရှမ်းပဒေသရာဇ်ပြည်နယ်များထဲမှ တစ်ခု အကြောင်း ဖြစ်သည်။ ယနေ့ခေတ် အုပ်ချုပ်ရေးနယ်မြေ အတွက် သီပေါမြို့နယ် ကို ကြည့်ပါ။ မြို့ အတွက် သီပေါမြို့ ကို ကြည့်ပါ။
သီပေါနယ်
ရှမ်းပဒေသရာဇ်ပြည်နယ်များ၏ ပြည်နယ်

၁၆ ရာစု–၁၉၅၉
သီပေါ၏ တည်နေရာ
ရှမ်းစော်ဘွားနယ်များထဲမှ သီပေါနယ်မြေပုံ
သမိုင်း
 •  ဘုရင့်နောင်မင်းတရား အချုပ်အခြာအာဏာ ကြေငြာခြင်း ၁၆ ရာစု
 •  နောက်ဆုံးစော်ဘွား နန်းစွန့်ခြင်း ၁၉၅၉
ဧရိယာ
 •  ၁၉၈၁ အိန္ဒိယ သန်းခေါင်စာရင်း ၈၁၈၈ km2 (၃၁၆၁ sq mi)
လူဦးရေ
 •  ၁၉၈၁ အိန္ဒိယ သန်းခေါင်စာရင်း ၂၀၀၀၀၀ 
သိပ်သည်းမှု ၂၄.၄ /km2  (၆၃.၃ /sq mi)
လက်ရှိ အစိတ်အပိုင်း မြန်မာနိုင်ငံ
တမ်းပလိတ်:1911

ရှမ်းစော်ဘွားများ အာဏာ မစွန့်လွှတ်မီ (၁၉၅၉ ခုနှစ်မတိုင်မီ) ကာလက သီပေါနယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်း၏ နယ်ကြီးတစ်နယ်ဖြစ်သည်။ ထိုနယ်ကြီးသည် ၄၅၉၁ စတုရန်းမိုင်ကျယ်ဝန်း၍ လူဦးရေ ၁ရ၉၉၆၄ ယောက်ရှိခဲ့သည်။ ထိုနယ်၏ နယ်နိမိတ်တို့မှာ မြောက်ဘက်တွင် ပတ္တမြားနယ်မြေ၊ မိုးမိတ်နယ်၊ တောင်ပိုင်နယ်တို့ရှိ၍ အရှေ့ဘက်တွင်မြောက်နှင့် တောင်သီန္နီနယ်တောင်ဘက်တွင် တောင်ပိုင်း ရှမ်းပြည်နယ်၏ နယ်များရှိပြီးလျှင် အနောက်ဘက်တွင် မန္တလေးခရိုင်ရှိလေသည်။

ဝေါဟာရရင်းမြစ်[ပြင်ဆင်ရန်]

မြန်မာမင်းများလက်ထက်က သီပေါနယ်သည် အုန်းပေါင်ပြည်ဟု ထင်ရှားခဲ့၍ နောင်အခါ အုန်းပေါင်သီပေါ ဟူ၍ ခေါ်တွင်လာခဲ့ရာမှ နောက်ဆုံးတွင် အုန်းပေါင်အမည် ပျောက်၍ သီပေါဟူသော အမည်သည်သာလျှင်တွင်၍ကျန်လေတော့သည်။

သမိုင်း[ပြင်ဆင်ရန်]

သီပေါနယ်၏ အစပိုင်းသမိုင်းကိုလေ့လာသည့်အခါ အုန်းပေါင်ပြည်ကို တကောင်းအဘိရာဇာ၏သားတော်ငယ် ကံရာဇာငယ်၏အဆက်အနွယ်ဖြစ်သော ဘိန္နကရာဇ်မင်းမျိုးတို့က စတင်တည်ထောင်သည်ဟု အုန်းပေါင်ရာဇဝင်၌ ဆိုသည်။ အုန်းပေါင်ရာဇဝင်အဆိုမှာ တကောင်းပြည့်ရှင် ဘိန္နကမင်း၏ ညီတော်ဘိန္နကရာဇ်သည် တရုတ်တို့ရန်ကြောင့် တကောင်းမှ ထွက်ပြေးလာပြီးနောက်တွင် မိုင်းမောပြည်ကို တည်ထောင်၍ ကမ္ဗောဇမိုင်းမောတိုင်းဟုခေါ်တွင်စေခဲ့ပြီးလျှင် ထိုမင်း၏ အဆက်အနွယ်တို့သည် မိုင်းမော၌ အစဉ်အဆက် စိုးမိုးခဲ့ကြသည်။

တည်ထောင်ခြင်း[ပြင်ဆင်ရန်]

ထိုမင်း၏အဆက်အနွယ်တစ်ဦးဖြစ်သော စဝ်ခွန်ခမ်းနော် (စဝ်ခမ်းစော်)သည် အုန်းပေါင်မြို့ကို သာသနာ သက္ကရာဇ် ၄၈၅ ခုနှစ်တွင်တည်ခဲ့လေသည်။ စဝ်ခွန်ခမ်းနော်၏ သားတော်ကြီး စဝ်ခွန်ခမ်းကော်သည် ခမည်းတော်လွန်သည့်အခါ အုန်းပေါင်စော်ဘွားအဖြစ် အုပ်စိုးခဲ့လေသည်။ အုန်းပေါင်စော်ဘွားအစဉ်အဆက်တို့စိုးမိုးခဲ့ကြရာ မြန်မာမင်းတို့နှင့်လည်း အဆက်အဆံရှိခဲ့သည်။ မြန်မာမင်း တို့ကစစ်ကူတောင်းသည့်အခါ စစ်ကူပို့ပြီးလျှင် ကူညီသည်လည်းရှိ၍ အုန်းပေါင်စော်ဘွားနှင့်မြန်မာမင်းတို့အချင်းများကာ မြန်မာမင်း၏ပိုင်နက်ကို ဝင်ရောက်တိုက်ခိုက်သည်လည်း ရှိခဲ့သည်။

မြန်မာသက္ကရာဇ် ၈၈၈·၉ဝ၄ ခုတွင်အင်းဝတွင် စိုးမိုးခဲ့သော ရှမ်းမင်းသိုဟန်ဘွားသည် မြန်မာတို့အား နှိပ်စက်လွန်းသဖြင့် မင်းကြီးရန်နောင်ခေါင်းဆောင်သော မြန်မာတို့က လုပ်ကြံခဲ့သည်။ ထိုနောက်တွင်မြန်မာမှူးမတ်တို့က မင်းကြီးရန်နောင်အားမင်းပြုပါရန် တောင်းပန်ကြသော်လည်း မင်းကြီးရန်နောင်သည် ကိုယ်တိုင်မင်းမပြုဘဲ အုန်းပေါင်စော်ဘွား စဝ်ခွန်မှိုင်း(စဝ်ခုန်မှိုင်း)ကိုချီပင့်၍ အင်းဝတွင် မင်းပြုစေသည်။ အုန်းပေါင်စဝ်ခွန်မှိုင်းလွန်လျှင် သားတော်မိုးဗြဲနရပတိသည် အင်းဝထီးနန်းကိုဆက်ခံသည်။ ထိုမင်းလက်ထက် စစ်ကိုင် စည်သူကျော်ထင်နှင့်စစ်ထိုးကြရာ မိုးဗြဲနရပတိ အရေးမလှသောကြောင့် ပြည်မြို့တွင်ရောက်ရှိနေသော ဟံသာဝတီဆင်ဖြူများရှင်မင်းတရားထံ အလုံးအရင်းနှင့်တကွ ဝင်လေသည်။

ဘုရင့်နောင်မှ သိမ်းပိုက်ခြင်း[ပြင်ဆင်ရန်]

ဆင်ဖြူများရှင်မင်းတရားသည် အင်းဝကို သိမ်းယူခဲ့သောလည်း မိုးဗြဲနရပတိအား အင်းဝထီးနန်းကို ပြန်၍ မအပ်ဘဲ မိမိ၏ညီတော်သတိုးမင်းစောကိုမင်းပြုစေသည်။ နရပတိကိုမူ အကျဉ်းချထားရာ အုန်းပေါင်သို့ ထွက်ပြေးသည်။ ယင်းသည်ကိုအကြောင်းပြု၍ ဘုရင့်နောင်မင်းတရားသည် အုန်းပေါင်၊ သုံးဆယ်၊ မိုးမိတ်၊ မိုး ကောင်း၊ မိုးညှင်းတို့ကို ချီတက်သိမ်းပိုက်သည်။ မြန်မာသက္ကရာဇ် ၉၁၉ ခုနှစ်တွင်တစ်ကြိမ်ချီတက်၍ မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက်၊ မိုးဗြဲ၊ စံကား၊ နောင်မွန်တို့ကိုသိမ်းပိုက်ခဲ့လေသည်။

ယင်းသည်မှစ၍ အုန်းပေါင်သည် စိုးမိုးသူစော်ဘွားများကို မြန်မာမင်းများ၏ သဘောတူညီချက်အရသာလျှင် ခန့်ထားအုပ်ချုပ်စေရသည်။ မြန်မာသက္ကရာဇ် ၁ဝရ၆ ခုနှစ် စော်ဘွားကြီး စဝ်ဥက္ကာဇေယျလက်ထက်တွင် အုန်းပေါင်နယ်တစ်ဝှမ်း၌ မိုးခေါင်သဖြင့်ငတ်မွတ်ခေါင်းပါးခြင်း၊ အနာရောဂါကျရောက်၍ လူအသေအပျောက်များခြင်းတို့ကြောင့် စော်ဘွားကြီးသည် အုန်းပေါင်မြို့ကို စွန့်ခွာပြီးလျှင် ယင်း၏အရှေ့ယွန်းယွန်း၌ စံမြန်းရသည်။ ထိုမြို့သစ်ကို သီပေါ ဟုခေါ်တွင်ခဲ့လေ၍ နောင်ဆက်ခံစိုးစံသောစော်ဘွားတို့သည် အုန်းပေါင်သီပေါစော်ဘွားဟူသော ဘွဲ့ကိုခံယူခဲ့ကြရာမှ နောင်အခါ သီပေါစော်ဘွားဟူသော ဘွဲ့အမည်သည် ပို၍တွင်ကျယ်လာလေသည်။

ကုန်းဘောင်ခေတ်[ပြင်ဆင်ရန်]

သီပေါစော်ဘွားစဝ်ခွန်ပေါ်၏ လက်ထက်တွင် မိုးဗြဲသို့တိမ်းရှောင်နေသော ဦးရီးတော်စဝ်ကြာထွန်းသည် ပုဂံမင်းအား မင်းတုန်းမင်းသားက ခြားနားပုန်ကန်သည့် အရေးတော်တွင် မင်းတုန်းမင်းသား၏ဘက်မှ ဝင်ရောက်၍ စစ်ကူ ပေးခဲ့သည်။ ထိုကြောင့်မင်းတုန်းမင်းသား အထွတ်အထိပ်သို့ရောက်၍ သီပေါစော်ဘွားစဝ်ခွန်ပေါ်လည်း ကံကုန်သည့် အခါ စဝ်ကြာထွန်းကို သီပေါစော်ဘွားအဖြစ် ခန့်ထားခဲ့လေသည်။

မင်းတုန်းမင်း၏သားတော် မြင်ကွန်းနှင့် မြင်းခုံတိုင်တို့၏အရေးတော်ပေါ်သည့်အခါတွင်လည်း စဝ်ကြာထွန်း ကိုယ်တိုင်မိမိ၏တပ်များကိုကွပ်ကဲ၍ မင်းတရားကြီးဘက်မှ သွားရောက်ကူညီခဲ့လေသည်။ သီပေါမင်းလက်ထက်တွင်မူ စဝ်ကြာထွန်း၏ရိုက်ရာကို ဆက်ခံသောသားတော်စဝ်ကြာခိန်းအား ဘုရင်အမျက်တော် ရှိသဖြင့် စဝ်ကြာခိန်းသည်ရန်ကုန်သို့တိမ်းရှောင်ကာ ဗြိတိသျှအစိုးရထံခိုလှုံနေရသည်။ ထိုအတွင်းနောက်ပါ နှစ်ဦးကိုသတ်မှုဖြင့်အရေးယူခံရကာ နောက်ဆုံးတွင် ကရင်ပြည်နယ် (ယခု ကယားပြည်နယ်)၌ သွားရောက်ခိုလှုံ ခဲ့ရလေသည်။

အင်္ဂလိပ်များမန္တလေးသို့ဝင်သည့်အခါ စဝ်ကြာခိန်းသည် သီပေါသို့ပြန်၍မိမိနယ်ကိုသိမ်းပိုက်သည်။ ခရစ် ၁၈၈ရခုနှစ်တွင် ရှမ်းစော်ဘွားများအနက် အင်္ဂလိပ်အစိုးရလက်အောက်သို့ ပထမဆုံးဝင်ရောက်ခဲ့သဖြင့် စဝ်ကြာခိန်းက သုံးဆယ်၊ မိုင်းတုံ၊ မိုင်းလုံနယ်များကိုပါ သီပေါနယ်အတွင်းသို့ ထည်းသွင်းခဲ့သည်ကို အင်္ဂလိပ်အစိုးရကလည်း သဘောတူခဲ့လေသည်။

ထိုနယ်ငယ်များကို သီပေါစော်ဘွားသည် မြန်မာပြည်မက မြို့ပိုင်အဆင့်အတန်းရှိသော အရာရှိများဖြင့် အုပ်ချုပ်စေသည်။ သီပေါနယ်ကို စော်ဘွားကြီးသည်အမတ်ချုပ်၊ အခွန်ဝန်၊ တရားသူကြီးသုံးဦးတို့၏ ဤကူအညီဖြင့် အုပ်ချုပ်ခဲ့သည်။ သီပေါနယ်တစ်ခုလုံးကို တိုက်နယ် ၆၇ ခုခွဲ၍ တိုက်နယ်တစ်ခုလျှင် သူကြီးအဆင့်အတန်းရှိသော ထမုံတစ်ယောက်စီ အုပ်ချုပ်စေသည်။ ထိုစော်ဘွားကြီးအား ဆက်ခံသောသားတော်စဝ်ခဲ၏ လက်ထက်တွင်လည်းကောင်း၊ စဝ်ခဲ၏သားတော်စဝ်အုံကြာလက်ထက်တွင်လည်းကောင်း ထိုစံနစ်အတိုင်းပင်အုပ်ချုပ်ခဲ့လေသည်။

ရှမ်းပြည်နယ်စော်ဘွားများအာဏာစွန့်လွှတ်ချိန် (၁၉၅၉ ခုနှစ်)တွင် သီပေါနယ်၏ နောက်ဆုံး စော်ဘွားမှာ စဝ်ကြာဆိုင်ဖြစ်သည်။ စဝ်ကြာဆိုင်သည် ၁၉၄၄ ခုနှစ်တွင် မိုင်းလုံမြို့စားအဖြစ်ဆောင်ရွက်ခဲ့သည်ဖြစ်၍ သီပေါစော်ဘွားကြီးလွန်သောအခါ ၁၉၄ရ ခုနှစ်တွင်သီပေါ နယ်လူထု၏ တင်မြှောက်ချက်အရ သီပေါစော်ဘွားအဖြစ် အုပ်ချုပ်ခဲ့လေသည်။

စော်ဘွားများ အာဏာစွန့်လွှတ်ပြီးနောက်တွင် ရှမ်းပြည်နယ်၌ အုပ်ချုပ်ရေးလွယ်ကူစေရန် နယ်မြေများပြန်လည်ပိုင်းခြားသတ်မှတ်သောအခါ သီပေါနယ်သည် ကျောက်မဲခရိုင်တွင်ပါဝင်၍ မြို့ပိုင်အုပ်ချုပ်သော နယ်တစ်နယ်ဖြစ်လာလေသည်။ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဥပဒေများကို ပြည်မတွင်ကျင့်သုံးသော ဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက်ရန် စီစဉ်လျက်ရှိလေသည်။

အုပ်ချုပ်ခဲ့သော မင်းများ[ပြင်ဆင်ရန်]

သီပေါနယ်ကို အုပ်ချုပ်ခဲ့သော စော်ဘွားများ၏ အမည်မှာ[၁]-

  • ၁၆၇၅ - ၁၇၀၂ Hso Wai Hpa
  • ၁၇၀၂ - ၁၇၁၄ Sao Okka Wara
  • ၁၇၁၄ - ၁၇၁၈ Sao Okka Seya
  • ၁၇၁၈ - ၁၇၂၂ Sao Sam Myo
  • ၁၇၂၂ - ၁၇၅၂ Sao Hkun Neng
  • ၁၇၅၂ - ၁၇၆၇ Sao Sawra Tawta
  • ၁၇၆၇ - ၁၇၈၈ Sao Myat San Te
  • ၁၇၈၈ - ၁၈၀၉ Sao Hswe Kya
  • ၁၈၀၉ - ၁၈၄၃ Sao Hkun Hkwi
  • ၁၈၄၃ - ၁၈၅၃ စဝ်ခွန်ပေါ်
  • ၁၈၅၃ - ၁၈၅၈ စဝ်ကြာထွန်း (d. ၁၈၆၆)
  • ၁၈၅၈ - ၁၈၆၆ Hkun Myat Thade
  • ၁၈၆၆ - ၈ မေ ၁၉၀၂ စဝ်ကြာခိန်း (deposed 1882-86) (d. ၁၉၀၂) (from Mar 1886, Sao Hkun Hseng)
  • ၈ မေ ၁၉၀၂ - မေ ၁၉၂၈ စဝ်ခဲ (b. ၁၈၇၂ - d. ၁၉၂၈) (from 2 Jan 1928, Sir Sao *Hke)
  • ၁၉၂၈ - ဇူလိုင် ၁၉၃၈ စဝ်အုံကြာ (b. ၁၈၉၃ - d. ၁၉၃၈)
  • ၁၉၃၈ - ၁၉၄၇ ဗြိတိသျှ အိန္ဒိယမှ အုပ်ချုပ်ခဲ့
  • ၁၉၄၇ - ၁၉၅၉ စဝ်ကြာဆိုင် (b. ၁၉၂၄ - d. ၁၉၆၂)

ပထဝီဝင်ဆိုင်ရာ[ပြင်ဆင်ရန်]

သီပေါနယ်တွင် သီပေါနယ်မှ၊ သုံးဆယ်၊ မိုင်းလုံနှင့် မိုင်းတုံဟူသော နယ်ငယ်လေးခုပါဝင်သည်။ သီပေါနယ်သည် ဂုတ်ထိပ်ချောက်ကြီးမှသည် သံလွင်မြစ်ကမ်းပေါ်ရှိ ကွမ်းလုံကူးတို့ဆိပ်တိုင်အောင် အရှေ့မှအနောက်ဘက်သို့တန်းလျက် ဖြစ်ပေါ်နေသော မြေလွှာပြတ်လွှဲကြောင်းတွင် တည်ရှိသဖြင့် ချိုင့်ဝှမ်းဖြစ်နေသည်။ ထိုကြောင့်သီပေါနယ်၏ မြေမျက်နှာပြင် တစ်ခုလုံးသည် ပျံ့ပျံ့ပျူးပျူးမရှိဘဲ တောင်စွယ် တောင်နှာမောင်းများလည်း များပြားလှပေသည်။ မြေနိမ့် မြေပြန့်ဟူ၍ သီပေါမြို့ပတ်ဝန်းကျင် ပြောင်ခေါင်းနှင့် နောင်ပိန်အနီးအနားရှိ မြစ်ဝှမ်းချောင်းဝှမ်းတို့၌သာ တွေ့ရလေသည်။

ဒုဋ္ဌဝတီဟူ၍လည်းကောင်း၊မြစ်ငယ်ဟူ၍လည်းကောင်းခေါ်ဆိုကြသော နမ္မတူမြစ်သည်သီပေါနယ်အတွင်း ဖြတ်သန်း စီးဆင်းသွားရာ တောင်ဘက်နယ်နိမိတ်တွင် ပေ ၂ဝဝဝ ခန့် နက်သောကမ်းပါးစောက်ကြီးများကိုဖြစ်ပေါ်စေသည်။ နမ္မတူမြစ်သည် နေရာများစွာ၌ ရေစီးလျှင်မြန်၍ မြစ်အတွင်း၌ ကျောက်ဆောင်ကျောက်တန်းများရှိသဖြင့် အချို့ နေရာများတွင်သာ လှေများဖြင့်သွားလာနိုင်လေသည်။ သို့သော် သီပေါမြို့အထက်နားမှ သစ်များမျှောချရန်မူအသုံးဝင်လေသည်။ သီပေါနယ်၏ မြောက်ဘက်ပိုင်းသည် တောင်ကုန်း ထူထပ်၍ ပေ ၆ဝဝဝ ကျော်မြင့်သော နေရာများစွာရှိသည်။ မိုင်းလုံနယ်အတွင်းရှိ လွယ်ပန်တောင်ထွတ်သည် ပေ ၆၈၄၈ မြင့်၍၊ လွယ်ဆည်တောင်ထွတ်သည် ပေ ၆၂ရဝ မြင့် လေသည်။

ရာသီဥတု[ပြင်ဆင်ရန်]

သီပေါနယ်၏ မြေမျက်နှာပြင်သည်ဆိုခဲ့သည့်အတိုင်း မြေလွှာပြတ်လွှဲကြောင်းတွင် တည်ရှိ၍ ချိုင့်ဝှမ်းကဲ့သို့ရှိနေသဖြင့် သံလွင်မြစ်ဝှမ်းမှလွဲလျှင် ရှမ်းပြည်နယ်တွင် အပူအိုက်ဆုံးဒေသဖြစ်သည်။ ဧပြီလ အပူဆုံးအချိန်၌ ပျမ်းမျှ အပူချိန်ဖာရင်ဟိုက် ၉၆ ဒီဂရီအထိ တက်၍ ညဉ့်ဖက်တွင် ၆၅ ဒီဂရီအထိ ကျဆင်းတတ်ပြန်သည်။ ဆောင်းရာသီအခါ နေထွက်ပြီးနာရီအနည်းငယ်ကြာသည့်တိုင်အောင် မြူများဆိုင်းနေတတ်သည်။ သီပေါနယ်၏ မိုးရေချိန်ကိုအတိအကျ မသိရသော်လည်း မိုးရေချိန်လက်မ ၆ဝ ကျော်ရရှိသော လားရှိုးမြို့ထက် သီပေါမြို့က မိုးနည်းပါးသည်။ နွေရာသီ၌ အပူအအေးအလွန်ကွာခြားခြင်း၊ ဆောင်းရာသီ၍ မြူဆိုင်းတတ်ခြင်းကြောင့် သီပေါနယ်၏ ရာသီဥတုသည် ကျန်းမာရေးနှင့်မညီညွတ်ကြချေ။

စီးပွားရေး[ပြင်ဆင်ရန်]

သီပေါနယ်အတွင်း၌ နေထိုင်ကြသူအများစုမှာ ရှမ်းလူမျိုးများဖြစ်ပြီး သီပေါနယ်မရှိ၊ ကိုးတောင်ခရိုင်တွင် ပလောင်လူမျိုးများများပြား၍ မိုင်းလုံနယ်တောင်ကုန်းဒေသနှင့် မိုင်းတုံနယ်မြောက်ပိုင်း တောင်ကုန်းဒေသများ၌လည်း တွေ့ရသည်။ မိုင်းလုံနယ်ထဲတွင် တောင်သူရွာများ၊ ကချင် ရွာများလည်းရှိသည်။ သုံးဆယ်နယ်အတွင်း၌မူ ဓနုလူမျိုး များသည်လူများစုဖြစ်၍ မြန်မာလူမျိုးများလည်း အတော်အသင့် တွေ့ရသည်။ ဆန်စပါးစသော ကောက်ပဲသီးနှံစိုက် ပျိုးရေးသည် နယ်လူထု၏အဓိကလုပ်ငန်းဖြစ်လေသည်။

သီပေါနယ်တွင် အဓိကစိုက်ပျိုးလုပ်ကိုင်သော ကောက်ပဲသီးနှံမှာ ဆန်စပါးဖြစ်သည်။ ကုန်းမြင့်တောင်စောင်း များတွင်တောင်ယာစံနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်ကြ၍ မြစ်ဝှမ်း မြေနိမ့်မြေပြန့်များတွင် ကန်သင်းဖို့၍စိုက်ပျိုးကြသည်။ သီပေါနယ်၌ အခြားစိုက်ပျိုးလုပ်ကိုင်ကြသော ကောက်ပဲသီးနှံတို့မှာ နှမ်း၊ ဝါဂွမ်း၊ ချင်း၊ ကြက်သွန်၊ ပဲ အမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များဖြစ်လေသည်။

ဆေးပေါ့လိပ်လုပ်ငန်းတွင် အသုံးပြုရသော သနပ်ဖက် ရရှိသည့် သနပ်ခြံများကို သီပေါအနောက်ခရိုင်၏တောင်ဘက်နယ်စပ်များ၌တွေ့ရှိရ၍ အရှေ့ခရိုင်အတွင်း၌လည်း အနည်းအကျဉ်းရှိလေသည်။ သို့သော်သုံးဆယ်နယ်မှထွက်သော သနပ်ဖက်များကပို၍ အမျိုးအစားကောင်းလေသည်။ သီပေါမြို့၏အနောက်ဘက် ကိုးတောင်နှင့် မိုင်းလုံနယ်တောင်ကုန်းထူထပ်သောဒေသများတွင် ပလောင်လူမျိုးများသည် လက်ဖက်ပင်များကိုစိုက်ပျိုးလုပ်ကိုင်ကြ၍ သီပေါနယ်တွင် လက်ဖက်လုပ်ငန်းသည် အတော်အသင့် ဖွံ့ဖြိုးလေသည်။

သဘာဝသယံဇာတ[ပြင်ဆင်ရန်]

သီပေါနယ်အတွင်း ကျွန်းတောဧရိယာ ၁၈၁ စတုရန်းမိုင်ရှိခဲ့ရာ ကိုင်းကြီးသစ်တောကြိုးဝိုင်းသည် အကြီးဆုံးဖြစ်၍ ၁၂၁ စတုရန်းမိုင်ရှိသည်။ နမ္မတူကြိုးဝိုင်းသည် စတုရန်းမိုင် ၅ဝ ခန့်သာရှိသည်။ ဘုံဘေဘားမားထရိတ် ဒင်ကုမ္ပဏီသည် ထိုသစ်တောကြီးများမှ သစ်ထုတ်ရေးကို လုပ်ကိုင်ခဲ့ရာ အရွယ်သင့်ကျွန်းပင်များ အတော်နည်းပါးသွားခဲ့လေသည်။

မိုင်းတုံနယ်တွင် ထင်းရှူးတောကြီးများရှိ၍ ကိုးတောင်နှင့် မိုင်းလုံတောင်ကုန်းများတွင်လည်း ထင်းရှူးတော အနည်းငယ်တွေ့ရသည်။ သစ်ချ၊ ဝေသိန္ဒီနှင့်အင်ကြင်းပင်များလည်း ပေါက်ရောက်၍ သစ်စေးပင်များကို မိုင်းလုံတောင် ပိုင်း၌ များသောအားဖြင့်တွေ့ရလေသည်။

သီပေါနယ်၏ တွင်းထွက်သတ္တုများအနက် ကျောက်မီးသွေးကို သီပေါအရှေ့ခရိုင်နှင့်သီပေါမြို့၏ တောင်ဘက်ရှိ အရပ်ဒေသများတွင်လည်းကောင်း၊ သုံးဆယ်နယ်အတွင်း၌လည်းကောင်း၊ မိုင်းလုံမြို့ အနီးတွင်လည်းကောင်း တွေ့ရှိရ၍ အတော်အသင့် အသုံးပြုနိုင်သောအမျိုးအစားဖြစ်သည်။ ကြွပ်ခေါ် သတ္တု တစ်မျိုးကို မိုင်းလုံမြို့၏ မြောက်ဘက်၌တူးဖေါ်ရရှိသည်။ ဘော်ကြိုရွာအနီးတွင် ဆားတွင်းများရှိရာ ထိုဆားတွင်းများကို လွန်ခဲ့သောနှစ်ပေါင်း ၅ဝဝ ကျော် ၆ဝဝ နီးပါးခန့်မှစ၍ လုပ်ကိုင်ခဲ့သောလည်း ထွက်တုန်းထွက်ဆဲပင်ဖြစ်သည်။ သို့သော် ဘော်ကြိုဆားသည် အခါးအရသာပါသဖြင့် အခြားဆားများရနိုင်သောအရပ်ဒေသများတွင် ဘော်ကြိုဆား သည်အရောင်းမသွက်ပေ။

သီပေါနယ်၏ အခြားလုပ်ငန်းများမှာ အိမ်တွင်းမှု လုပ်ငန်းအနေဖြင့်လုပ်ကိုင်ကြသော ဖျင်ဖြူ ဖျင်နီယက်လုပ်ခြင်း၊ မိုင်းကိုင်စက္ကူပြုလုပ်ခြင်း၊ တောင်းများ၊ ခြင်းများ ရက်လုပ်ခြင်းစသည်တို့ဖြစ်ကြလေသည်။ကူးသန်းသွားလာရေးနှင့်သယ်ယူပို့ဆောင်ရေးတွင် မီးရထားလမ်းများနှင့်မော်တော်ကားလမ်းများကိုအသုံးပြုကြသည်။ မန္တလေး-လားရှိုး ရထားလမ်းသည် သီပေါနယ်ကို ဖြတ်သန်းသွားသည်။ မန္တလေးမှသီပေါအထိ မီးရထားလမ်းအားဖြင့် မိုင် ၁၃ဝ ကွာဝေးသည်။ မန္တလေး-လားရှိုး မော်တော်ကားလမ်းသည်လည်း သီပေါမြို့ကိုဖြတ်သန်း သွားရာ မန္တလေးမှသီပေါအထိ မော်တော်ကားလမ်းအားဖြင့် ၁၂၉ မိုင် ဝေးကွာလေသည်။ ဆိုခဲ့သောမီးရထားလမ်းနှင့် မော်တော်ကားလမ်းတို့ဖြင့် သီပေါနယ်သည်ပြည်မနှင့်ဆက်သွယ်ရလေသည်။ ထိုပြင်ရှမ်းပြည်မြောက်ပိုင်းနှင့်တောင်ပိုင်းကို ဆက်သွယ်ထားသော မော်တော်ကားလမ်းမှာ သီပေါ-လွိုင်လင် မော်တော်ကားလမ်း ၁၅ရ မိုင်နှင့်၊ သီပေါ-ကျေးသီးမန်စံ၊ ကျိုင်းတုံ-ယိုးဒယား နယ်စပ်မော်တော်ကားလမ်း ၃၈၂ မိုင်တို့ဖြစ်သည်။ သီပေါ- နမ္မတူ၄၂ မိုင်လမ်းခွဲလည်းရှိသေးသည်။

ယဉ်ကျေးမှုပွဲတော်များ[ပြင်ဆင်ရန်]

သီပေါနယ်တွင်ရှိသော ဘော်ကြိုဘုရားပွဲသည် ရှမ်းပြည်နယ် တစ်ခုလုံးတွင်သာမက မြန်မာပြည်မဘက်၌ ပါကျော်ကြားခဲ့သည်။ နှစ်စဉ်တပေါင်းလ၌ ကျင်းပသော ထိုဘုရားပွဲတော်၌ ယခင်ကလောင်းကစားပွဲများ အလွန်ကြီးကျယ်သည်ကိုအကြောင်းပြု၍ ကျော်ကြားခဲ့ခြင်းဖြစ်လေသည်။[၂]

ဆက်လက်ကြည်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Shan and Karenni States of Burma
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)