မာတိကာသို့ ခုန်သွားရန်

သိပ္ပံပညာ

ဝီကီပီးဒီးယား မှ
အခြားကြည့်ရန်။ ရူပဗေဒ နှင့် သဘာဝသိပ္ပံ
ကျွန်ုပ်တို့ဝန်းကျင်ရှိ စကြဝဠာ၏ လည်ပတ်ပုံကို စနစ်တကျ လေ့လာခြင်းတိုင်းသည် သဘာဝစိုင်းယန့်စ် (Natural Science) ဖြစ်၏။ အဓိကကိုင်းကဏ္ဍ ၅ခု ရှိသည်၊ နက္ခတ္တဗေဒရူပဗေဒဓာတုဗေဒဇီဝဗေဒကမ္ဘာဂြိုဟ် စိုင်းယန့်စ် (Earth science)

သိပ္ပံပညာ(အင်္ဂလိပ်: Science)ဟူသည် ဧကလောက(Universe)၏ အကြောင်းကို စနစ်တကျ ခန့်မှန်းခြင်းများ၊ ရှင်းလင်း တွက်ချက်ခြင်းများ၊ စမ်းသပ် တီထွင်ခြင်းများ စသည့် အသိစုဆောင်းအသုံးချ လုပ်ငန်းရပ်များစွာကို ခြုံငုံညွှန်းဆိုခြင်း ဖြစ်သည်။[၁][၂][၃]

အရာခပ်သိမ်းမှန်သမျှကို စနစ်တကျ လက်တွေ့ ဆန်းစစ်လေ့လာသည့် ပညာတရပ်ဖြစ်သည်။ ထိုသို့ လေ့လာမှုပြုလုပ်သည့် ပညာရပ်ကို မြန်မာဘာသာစကားအားဖြင့် သိပ္ပံပညားဟု ခေါ်သည်။ သိပ္ပံပညာရပ်တွင် လက်တွေ့ သက်သေပြနိုင်မှသာ မှန်ကန်သည်ဟု ယူဆသည်။ ယခုလက်ရှိ အယူအဆထက် ပိုကောင်းသောအယူအဆ တွေ့ရှိချက်များ ပေါ်လာလျင်လည်း မူလအား ပယ်ဖျက်ကာ အယူအဆသစ်အား ချက်ချင်း လက်ခံနိုင်ကြသည်။

ဝေါဟာရ[ပြင်ဆင်ရန်]

Science (စိုင်းယန့်စ်) ဟူသည့် စကားလုံး၏ ဇာတ်မြစ်မှာ လက်တင်စကားသံ "scientia" ဖြစ်၍ "သိဖွယ်/သိခြင်း" ဟု အနက်ရ၏။ သိပ္ပံ သည် ပါဠိစာလုံး သိပ္ပ မှ ဆင်းသက်လာပြီး "လေ့ကျင့်သင်ယူရသော အတတ်ပညာ၊ စနစ်တကျလေ့လာစမ်းသပ် ဖော်ထုတ်ခြင်းဖြင့် ရရှိသော အတတ်ပညာ" ဟူ၍ ဖြစ်သည်။[၄]

ခြံငုံဖော်ပြချက်[ပြင်ဆင်ရန်]

သိပ္ပံပညာ ဟူသည် သဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ၎င်းတို့၏ အကြောင်းအကျိုးမှန်တို့ကို နည်းစနစ်ကျနစွာ လေ့လာအသုံးချရေး လုပ်ငန်းများ ဖြစ်၏။ သိပ္ပံပညာသည် နည်းစံနစ်ကျန၍ခိုင်မြဲတိကျရ၏။ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုတို့နှင့် သက်ဆိုင်သော နိယာမများကို လေ့လာရှာဖွေရာမှ တဖြည်းဖြည်းနှင့် စိုင်းယန့်စ်ပညာနယ်သည် ကျယ်ဝန်းသည်ထက် ကျယ်ဝန်းလာခြင်းသာဖြစ်သည်။ ယခုအခါတွင် ပညာရပ် ကိုင်းကဏ္ဍကွဲများ အဆင့်ဆင့်၊ အဖြာဖြာ ပါဝင်၍ ကိုင်းခွဲတစ်ခုစီသည်ပင် ကျယ်ဝန်းလှပြီ ဖြစ်သည်။

သိပ္ပံပညာရပ်များတွင် ရူပဗေဒဓာတုဗေဒနက္ခတ္တဗေဒ၊ စသည့် ပညာရပ်များ ပါဝင်သည်။ သာဓကအားဖြင့် ရူပဗေဒ သည် ဒြပ်သားစွမ်းအင်စက်ကွင်းအခြေခံ သက်ရောက်မှုကြီးများ စသည်တို့ကို သင်္ချာနှင့် လေ့လာခြင်း ဖြစ်သည်။ ထို့အပြင် ဘူမိဗေဒမနုဿဗေဒစသည့် စိုင်းယန့်စ်ပညာရပ်များလည်း ရှိသေး၏။ စက်မှုလက်မှုများ တိုးတက်လာသောအခါ သိပ္ပံပညာ၏နိယာမများကို စက်မှုလက်မှုတို့တွင် ယှဉ်တွဲအသုံးချခြင်းဖြင့် အသုံးချသိပ္ပံပညာဟူ၍ပညာသစ်တစ်ရပ် ပေါက်ဖွားလာပြန်လေသည်။ အသုံးချသိပ္ပံပညာတွင် အင်ဂျင်နီယာပညာ၊ ဆေးပညာ၊ စိုက်ပျိုးရေးပညာ၊ စသည်တို့ပါဝင်သည်။

သိပ္ပံပညာတွင် အကြောင်းအရာ တခုခုကို လေ့လာရာ၌၊ ထိုအကြောင်းအရာတစ်ခုနှင့် သက်ဆိုင်သမျှသော အကျိုးအကြောင်း အချက်အလက်တို့ကို ရှေးဦးစွာ စုဆောင်း၍၊ ၎င်းတို့ကို အခြေတည် စဉ်းစားပြီးလျှင် ဆီလျော်သည်တို့ကို သိလျာချက်အဖြစ် ဆုံးဖြတ်မှတ်ယူရ၏။ ထိုသိလျာချက်ကိုမှ တစ်ဖန် အတည်ဖြစ်စေရန် လက်တွေ့စမ်းသပ်မှုများ ထပ်တလဲလဲ ပြုလုပ်ပြီး ခိုင်လုံသောအကြောင်းအချက်တို့ ရရှိသောအခါတွင်မှ တိကျပြတ်သားသော ဆုံးဖြတ်ချက်ကို သုတအဖြစ် မှတ်တမ်းတင်ထားရသည်။ ဤသို့ နည်းစံနစ်ကျမှသာ သိပ္ပံပညာအစစ် ဖြစ်လာနိုင်ပေသည်။[၅]

တင်းကျပ်သော ယခုခတ်အမြင်တွင် သိပ္ပံပညာသည် သိပ္ပံနည်းလမ်းတကျ ကို အခြေခံ၍ ရရှိလာသော အသိပညာနှင့် သုသေသန မှ ရလာသော အသိပညာများကို စုစည်းထားခြင်းဟု မြင်သည်။ ဤတွင် ဖော်ပြသော သိပ္ပံပညာမှာ စမ်းသပ်ချက် သိပ္ပံပညာ (experimental science) ဟုခေါ်ပြီး လူသားတို့ လိုလားချက်အတွက် အသုံးပြုသော အသုံးချ သိပ္ပံ (applied science) လဲ ရှိသေးသည်။

သိပ္ပံပညာသည် စနစ်ကျသော သုသေသနများမှ နားလည်လာသည့် အသိပညာများ ဆက်ဆက်တိုးနေသော မပြီးဆုံးနိုင်သည့် ကြိုးပမ်းမှု့ပင်ဖြစ်သည်။ တမင် ထိမ်ချုပ်ထားသော လက်တွေ့ပြုရပ်များကို သုံး၍ စိုင်းယန့်စ်ပညာရှင်များသည် သဘာဝ သို့မဟုတ် လူမှု ဖြစ်စဉ်များကို တိုင်းတာပြီး ရလဒ်များကို သိမ်းစည်းကာ ထပ်မံ တွက်ချက်မှုများပြုပြီး မည်သို့ကြောင့်ဖြစ်ပျက်သည်ကို သီအိုရီများ သုံး၍ ရှင်းလင်းသည်။ ၎င်းတွင် အဆိုပြုချက် (hypothesis) များပါရှိပြီး၊ ၎င်းအဆိုပြုချက်ကို ထိမ်ချုပ်ထားသော လက်တွေ့ပြုရပ်များသုံး၍ စမ်းစစ်သည်။

သိပ္ပံပညာ အခြေခံ ကိုင်းခွဲများ[ပြင်ဆင်ရန်]

နှစ်ပင်လိမ် ဒီအန်အေ တည်ဆောက်ပုံ ပုံကြမ်း

စိုင်းယန့်စ် နယ်ပယ်များကို အဓိကအားဖြင့် (ဇီဝ ဖြစ်စဉ် စသည့်) သဘာဝ ဖြစ်ရပ်များကို လေ့လာသော သဘာဝသိပ္ပံ (natural sciences) နှင့် လူ့အတုံ့အမူ (behavior)များကို လေ့လာသော လူမှုရေးသိပ္ပံ (social sciences) ဟူ၍ နှစ်ခု ကွဲသည်။ ၎င်းနှစ်ခုစလုံးသည် လက်တွေ့ သိပ္ပံပညာဖြစ်သောကြောင့် လေ့လာတွေ့ရှိချက်များအပေါ်မှ စမ်းသပ်ခံနိုင်သော အသိပညာတွင် အခြေခံသည်။ သိပ္ပံပညာနှင့် ဆက်စပ်နေသော အသုံးချ သိပ္ပံပညာများဖြစ်သည့် အင်ဂျင်နီယာ နှင့် ဆေးပညာ တို့လည်း ရှိကြသည်။ ၎င်းအတွင်းမှာပင် ထပ်မံ၍ ခွဲခြားမှုများ ရှိသည်။

သိပ္ပံပညာ၏ တတိယ ကိုင်းခွဲဖြစ်သော မူရင်း သိပ္ပံပညာ ခေါ် သင်္ချာသည် သဘာဝသိပ္ပံပညာ၊ လူမှုရေးသိပ္ပံပညာ နှစ်ခုလုံးနှင့်ပင် တူညီမှုရှိသလို ကွဲပြားမှုများလည်းရှိသည်။ လက်တွေ့ သိပ္ပံပညာကဲ့သို့ ယျေဘုယကျမှုကို အခြေခံပြီး စနစ်ကြသော လေ့လာမှုများမှ ရရှိလာသော အသိပညာ ဖြစ်သည်မှာ တူညီကြသည်။ ကွာခြားချက်မှာ ဖြစ်ရပ်ကို သုံးသပ်ရာတွင် လက်တွေ့ ဖြစ်ရပ်ကို မသုံးပဲ မူလ အဆိုပြုချက် ကိုသာသုံးသည်။

သိပ္ပံနည်းကျ နည်းစဉ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သိပ္ပံနည်းကျ နည်းစဉ်
နေဘိုးအက်တန် ပုံစံ။ များစွာသော စိုင်းယန့်စ်အတွေး များကဲ့သို့ပင် အစပိုင်းတွင်ကျယ်ခဲ့ပြီး နောက်ပိုင်းတွင် လက်တွေ့ စမ်းသပ်မှုများဖြင့် အချို့အပိုင်းများကို ပယ်ခဲ့သည်။

စိုင်းယန့်စ်နည်းကျ နည်းစဉ်များသည် သဘာဝ ဖြစ်ရပ်များကို ပြန်လည်ပြုလုပ်နိုင်သော (reproducible) သက္ကာရများဖြင့် ရှင်းလင်းရန် ကြိုးစားပြီး အသုံးဝင်သော မှန်းဆခြင်းများလည်း ပြုလုပ်နိုင်သည်။ ၎င်းတို့ကို သဘာဝ ဖြစ်စဉ်များကို လေ့လာခြင်း၊ သို့မဟုတ် သဘာဝ ဖြစ်စဉ် ထိန်းချုပ်၍ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်၍ ဆန်းစစ်ခြင်းဖြစ်သည်။ ၎င်းနည်းစဉ်များသည်သည် စိုင်းယန့်စ် နှင့် နည်းပညာ နယ်ပယ်တို့တွင် ယထာဘူတ ကျကျ အဖြေရရန် အသုံးပြုသည်။

သင်္ချာ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သင်္ချာ
နာမည်ကြီး Michelson–Morley experiment မှ အချက်အလက်များ

သင်္ချာသည် စိုင်းယန့်စ်တွင် အုတ်မြစ်၊ ဇာစ်မြစ် ဖြစ်သည်။ စိုင်းယန့်စ်တွင် သင်္ချာ၏ အရေးပါသော အချက်မှာ 'ပုံစံ' ထုတ်ခြင်းပင်ဖြစ်သည်။ လေ့လာတွေ့ရှိချက်၊ တိုင်းတာချက်များကို လေ့လာရန်တွင်လည်း သင်္ချာနည်းစဉ်များကို အသုံးပြုရန် မကြာခဏ လိုအပ်တတ်သည်။ ဂဏန်းသင်္ချာအက္ခရာသင်္ချာဂျီဩမေတြီ နှင့် ကဲကုလပ် တို့မှာ ရူပဗေဒ တွင် အမြဲသုံးသည်။ သင်္ချာ ကိုင်းကွဲ အားလုံးလိုလိုကို စိုင်းယန့်စ်တွင် သုံးသည်။ သင်္ချာစစ်စစ် (Pure Mathematics) များဖြစ်သော ကိန်းများ သီအိုရီ (Number Theory) နှင့် သဏ္ဍာန်ရင်းဗေဒ (Topology) တို့ပင် အသုံးရှိသည်။

ဒဿနပညာ[ပြင်ဆင်ရန်]

ဒဿနပညာ (philosophy of science) သည် သဘာဝကို အမှန်အတိုင်း နားလည်ရန်နှင့် နားလည်မှုများ မှန်မမှန် ဆုံးဖြတ်ရန် ကြိုးစားသည်။ သိပ္ပံနည်းကျ နည်းစဉ်ကို သုံး၍ပင်လျှင် သိပ္ပံပညာနှင့် သိပ္ပံပညာ မဟုတ်သည်ကို ခွဲခြားရန် ခက်ခဲသည်မှာ အသိပင်ဖြစ်သည်။ သိပ္ပံပညာ နှင့် သိပ္ပံပညာမဟုတ်သည် နှစ်ခုအကြား တိတိကျကျ ခွဲခြားနိုင်ရန် မှန်ကန်သော တွေးခေါ်မှု့များ ရှိရပေမည်။ ၎င်းနှင့်ပတ်သက်၍ များစွာသော အဆိုပြုချက်များ ရှိခဲ့ပြီး ယခုတွင် သိပ္ပံသမားများ အကြား အများအားဖြင့် သဘောတူညီမှုရှိပေသည်။ ဥပမာအားဖြင့် အများလက်ခံထားသည်မှာ သိပ္ပံဆိုင်ရာတွေးခေါ်မှု နှင့် သီအိုရီများသည် အခြားတစ်ယောက်မှ ပြန်လည် စမ်းသပ်နိုင်မှသာ ၎င်းတို့သည် အတည် ဖြစ်သည်။

သိပ္ပံနည်းကျ နည်းစဉ်နှင့် ပတ်သက်၍ ဒဿနပညာရှင်များတွင် အတွေးများစွာရှိသည်။ လက်တွေ့သမား (Methodological naturalism) များက သိပ္ပံနည်းကျ ဆန်းစစ်ရာတွင် မြင်တွေ့နိုင်သော (observable) ဖြစ်ရပ်များကို ရှင်းလင်းရာတွင် လက်တွေ့ကျကျ လေ့လာပြီး အခြားသူကလဲ ပြန်လည် စမ်းသပ်နိုင်မှသာ ဖြစ်ရမည်ဟု ဆိုသည်။ ထို့ကြောင့် လက်တွေ့သမားများက သဘာဝလွန် ဖြစ်ရပ်များ၊ အာဏာရ အဖွဲ့အစည်း၏ အဆိုပြုချက်များ၊ ဘက်လိုက်သော လေ့လာမှုများကို လက်မခံပေ။ အမှန်တရားသမားများ (critical rationalism) ကမူ လေ့လာမှုများတွင် ဘက်မလိုက်အောင် လုပ်၍မရ ထို့အပြင် သဘာဝလွန်ဟုပြောသည်မှာ မည်မျှလွန်လျှင် သဘာဝမှ လွန်သည်ခေါ်မည်မှာ တိကျမှုမရှိဟု ငြင်းဆိုသည်။ ထို့ကြောင့် အမှန်တရားသမားများက မှားကြောင်း ထောက်မပြနိုင်လျှင် အမှန်ဖြစ်သည် ဆိုသည်။ အမှန်တရားသမားသည် လက်တွေ့သမားများ တွေးခေါ်သည်နိုင်ထပ် ပိုမို ကျယ်ပြန့်သော နေရာများကိုပါ လေ့လာနိုင်ပြီး တချိုန်တည်းမှာပင် အာဏာပိုင်များကို ဖီဆန်သည်။ အမှန်တရားသမားများက သိပ္ပံပညာဆိုသည်မှာ လက်တွေ့ပြနိုင်မှုထက် အမှား မပါမှုက အရေးကြီးသည်ဟု ဆိုသည်။ တိုင်းတာမှုသမားများ (instrumentalism) ကမူ တိုင်းတာမှုများသည် အမှားအမှန်ထက် ဖြစ်ရပ်များကို ကြိုတင်တွက်ချက်ရန်သာ ဖြစ်သည်ဟု ဆိုသည်။

သိပ္ပံပညာ နှင့် မြန်မာ့ အမြင်[ပြင်ဆင်ရန်]

မြန်မာမှုနယ်တွင် တပည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား၊ စသည်တို့ရှိရာ ဆရာဝတ် တွင် အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟုပါရှိသည်။

၃၈ဖြာသောမင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပ အတတ်ပညာတို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာ တစ်ပါးဟု အဆိုရှိသည်။

ရုပ်ဝတ္တုပစ္စည်းတို့နှင့် စွမ်းအင်တို့၏ အခြေခံသဘောသဘာဝများကို စနစ်တကျ လက်တွေ့လေ့လာဆန်းစစ်ပြီး လူတို့အသုံးချရန် အသစ်အသစ်သော ရုပ်ဝတ္တုပစ္စည်းများ ဖန်တီးခြင်း၊ စွမ်းအင်များပြောင်းလဲထုတ်ဖော်ခြင်းနှင့် ထိုသို့ဖန်တီးထုတ်လုပ် နိုင်ရန် တိုးချဲ့လေ့လာခြင်းတို့ကို စိုင်းယန့်စ်ပညာ ဟု ခေါ်ဆိုခဲ့ကြဟန်တူသည်။

ရုပ်ဝတ္တုအသစ်ဖန်တီးရန်တိုက်ရိုက်အထောက်အကူမပြုသောအတွေးအခေါ်၊ ယဉ်ကျေးမှု စသော ပညာတို့ကို ရှေးအခါက သိပ္ပ ဟုခေါ်ဆိုလိုဟန်မတွေ့ရပေ။

ယခုအခါတွင်မူ လူမှုရေးသိပ္ပံ စသောဝေါဟာရအသုံးအနှုန်းများပါ ပေါ်ပေါက်သုံးစွဲလျက်ရှိကြပြီး တိကျသေချာသောနည်းစနစ်များဖြင့် လူဘောင်ဘဝအား ကောင်းကျိုးတစ်စုံတရာပြုပေးနိုင်သည့်ပညာအားလုံးကို သိပ္ပံပညာဟု ခေါ်လိုဟန်ရှိသည်။


အကိုးအကား[ပြင်ဆင်ရန်]

  1. "science"Merriam-Webster Online DictionaryMerriam-Webster, Inc2011-10-16 တွင် ပြန်စစ်ပြီး3 a: knowledge or a system of knowledge covering general truths or the operation of general laws especially as obtained and tested through scientific method b: such knowledge or such a system of knowledge concerned with the physical world and its phenomena
  2. Wilson၊ Edward (1999)။ Consilience: The Unity of Knowledge။ New York: Vintage။ ISBN 0-679-76867-X
  3. Fleck၊ Ludwik (1979)။ Trenn၊ Thaddeus J.; Merton၊ Robert K (eds.)။ Genesis and Development of a Scientific Fact။ Chicago: University of Chicago Press။ ISBN 0226253252
  4. ခရီးဆောင်မြန်မာအဘိဓာန်။ မြန်မာစာအဖွဲ့။ စက်တင်ဘာ ၁၉၉၉။
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)